ဦးရုက္ခစိုးတယောက် ရန်ကုန်ရွှေမြို့တော်သို့ ရောက်ရှိကာ ကြားဖြတ်ရွေးကောက်ပွဲအကြို အခင်းအကျင်းများကို လှည့်လည် စနည်းနာလျက်ရှိလေသည်။
ဒီမိုကရေစီ လေဒီကြီးခရီးစဉ်များတွင် ပရိသတ်တို့ ကြက်ပျံမကျ စည်ကားမှု၊ တအိမ်တယောက် မတက်မနေရဟူသော ကြံ့ဖွတ်အမတ်များ၏ ရှေးမူမပျက် ဆင့်ခေါ်မှုများမှသည် ပြိုင်ဘက် အမတ်လောင်း အချင်းချင်း ပုဂ္ဂိုလ်ရေး ထိုးနှက်မှု၊ ဒီမို အမတ်လောင်း မဲဆွယ်ပွဲကို လေးခွနှင့်ချောင်း၍ သမလေသဖြင့် စတိတ်မန့် ထုတ်ရမှုအထိ ဒီမိုကရေစီနည်းကျကျ အခင်းအကျင်းကြီးကား ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ၁၀ ရက်သာလိုသော မြန်မာပြည်ဝယ် ဖြစ်ပေါ်လျက်ရှိပေသတည်း။
ရန်ကုန်မြို့တနေရာဝယ် ပြောင်းဖူးတဖူး ကိုင်မြှောက်ထားသော နောက်တော်ပါနှင့် ချီတက်လာသော နဖူးပြောင်ပြောင်၊ တိုက်ပုံနှင့်လူတဦးကို ဥက္ကလာတောင်ပိုင်းမြို့ တနေရာဝယ် ဦးရုက္ခစိုး လှမ်းတွေ့လေသည်။
ထို့ကြောင့် ဦးရုက္ခစိုးကား ဥက္ကလာတောင်ပိုင်း နတ်မင်းကြီးအား စုံစမ်းသမှု ပြုရလေတော့သည်။
ဦးရုက္ခစိုး ။ ။ သယ် … မြန်မာပြည် လူနေမှု အဆင့်အတန်း မြင့်နေပါကရောလား။ ပြောင်းဖူးသည်တောင်မှ တိုက်ပုံနဲ့ ပြောင်ဖူးသယ်ပေးမယ့် လူငှားနဲ့ပါကလား။ တယ်တိုးတက်နေပါပေါ့ ဥက္ကလာနတ်မင်းကြီးရဲ့။
ဥက္ကလာတောင်ပိုင်း နတ်မင်းကြီး ။ ။ ဖွတ် … စားတဲ့ ယာတော်ကွမ်းတောင် ထွက်ကျကုန်ပြီ။ ဘယ်ကလာ ပြောင်းဖူးသည် ရမှာတုန်း၊ ကျုပ်အပိုင်စား နယ်ထဲမှာ လမ်းတွေ တခြမ်းပဲရှိတာ ဒင်းလက်ချက်ပေါ့။ ခု ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မယ့် မြို့တော်ဝန်ဟောင်း ကြံ့ဖွတ်ပါတီကပေါ့ဗျ။ ဒင်း ရန်ကုန်မြို့ဝန်ဖြစ်စဉ်က သစ်ပင်တွေ ခုတ်ခုတ်ပစ်လို့ ကျုပ်တောင် စံနန်းခဏခဏ ပြောင်းခဲ့ရပါပေါ့လား။
ဦးရုက္ခစိုး ။ ။ သြော် မဲဆွယ်တဲ့ အနေနဲ့ ပြောင်းဖူး ဝေတယ်ထင်ပါ့၊ ကောင်းတာပေါ့ဗျာ။
ဥက္ကလာတောင်ပိုင်း နတ်မင်းကြီး ။ ။ မဟုတ်ပါဘူး၊ ချင်းမိုင် ဦးရုက္ခစိုးရဲ့၊ နတ်မျက်စိနဲ့ သေချာကြည့်ပါဦးဗျ။ ဒါ ယတြာဗျ၊ ယတြာ၊ ပြောင်းဖူးမှာ “မ” လို့ ရေးထားတယ်။ ပြောချင်တာက “မပြောင်းဘူး” ပေါ့ဗျာ။ မပြောင်းရရေးပေါ့။
ဦးရုက္ခစိုး ။ ။ ဒါဖြင့် လွဲပေတာပဲ ဥက္ကလာနတ်မင်းကြီးရဲ့။ ပြောင်းဖူးတို့မည်သည် “အပြုတ်” ခံရစမြဲကိုးဗျ။ ဒီပါတီတော့ ပြောင်းဖူးဆောင်မှ ခွက်ခွက်လန်အောင် “ပြုတ်” တော့မှာပဲဗျို့။
ပြောပြောဆိုဆို ဦးရုက္ခစိုးသည် ဟိုမှသည်မှ နာမ်သဘောနှင့် ဆက်လက်ရွေ့လျောနေရာ တနေရာအရောက်ဝယ် “ကောင်းတာကို ကောင်းတယ် မပြောတာ မကောင်းတာပဲ” စသဖြင့် ဗိုလ်သံမပျောက်သည့် အာဏာသံ ပါဏာသံကို နတ်နားကြားရလေ၏။
ဦးရုက္ခစိုးက စူးစမ်းအပ်သည်ရှိသော် ယမကာနှစ်ခွက်နှင့် တွေ့ဆုံမူးယစ်ခန်းလုပ်နေသော မျက်လုံးမှေးမှေး ဝဝအစ်အစ် ဂျာနယ်လစ်ကြီးတဦးနှင့် အဆီပြန်နေသော မျက်နှာတင်းတင်းနှင့် လူတဦးကို တွေ့ရှိရလေသည်။ သေချာကြည့်ရှုလိုက်သည်ရှိသော် ကြံ့ဖွတ်ပါတီခေါင်းဆောင်တဦးဖြစ်သူ စက်မှုဖျက်မှု ဝန်မင်းဟောင်း ဖြစ်တော့သကိုး။
ဂျာနယ်လစ် ။ ။ ပြိုင်ဘက် ဒီမိုကရေစီ လေဒီကြီးက ပြည်သူ့မေတ္တာ လှည့်လည် ခံယူနေတုန်း အဘတို့က ဘယ်သူကြိုးတုပ်ထားလို့ ငြိမ်နေတာတုန်း။
စက်မှုဖျက်မှု ဝန်ဟောင်း ။ ။ မငြိမ်ပါဘူး။ နေသာပြီး လူစုံတဲ့နေ့မှာ “မြန်မာ့နွေဦး” လုပ်မလို့ စီမံနေပါတယ်။ Image ကောင်းအောင် ပုံနှိပ်တိုက်ကောင်းကောင်းမှာလည်း အပ်ထားပါတယ်။ လူစည်တာကတော့ကွာ … ဟဲ … ဟဲ .. အရင်လို တအိမ်တယောက် မလာမနေရဆို ကွင်းလုံးတောင် လျှံသွားဦးမယ်။ မလုပ်ချင်သေးလို့ပါ … ဟဲ ဟဲ။
ဂလု … ဂလု … ဂွပ် (ဖန်ခွက်မော့သံ)။
ဂျာနယ်လစ် ။ ။ ဒါဆို အဘတို့ပါတီက မဲတွေ ရမယ် သေချာတယ်ပေါ့။
စက်မှုဖျက်မှု ဝန်ဟောင်း ။ ။ ကြိုတင်မဲတွေ ရှိပါတယ်လေ။
ဂျာနယ်လစ် ။ ။ ဒီမိုကရေစီ လေဒီကြီး မဲဆွယ်တဲ့အပေါ် ဘယ်လိုမြင်တုန်း။
စက်မှုဖျက်မှုဝန်ဟောင်းသည် ရုတ်ချည်း တင်းမာသော မျက်နှာထားဖြင့် –
စက်မှုဖျက်မှု ဝန်ဟောင်း ။ ။ သူဟာ ကျနော်တို့ ကောင်းတာကို ကောင်းတယ်လို့ မပြောတဲ့အတွက် ကောင်းတဲ့သူတွေကို ကောင်းတယ် မပြောနိုင်အောင်ဖြစ်နေတဲ့ မကောင်းတဲ့သူလို့ ကောင်းကောင်း ပြောလိုက်ချင်ပါတယ်။
နတ်တို့တန်ခိုးဖြင့် နားထောင်နေသော ဦးရုက္ခစိုးမှာ မြန်မာစကားကို မြန်မာလို နားမလည် ဖြစ်သွားကာ စိတ်ပျက်ပြီး ဆက်လက်ထွက်ခွာလာလေသည်။ ဤသို့ဖြင့် စာသင်ကျောင်းတခု အရိပ်သို့ ခိုကပ်ခိုက် “ခြစ်ချင်တာကို ခြစ်သွားပါ”၊ “ခြစ်ချင်တာကို ခြစ်သွားပါ” ဟူသော ထူးခြားသော အသံကို ကြားရလေ၏။ စနည်းနာထွက်လာသော ဦးရုက္ခစိုးလည်း လေ့လာသမှု ပြုရပြန်လေသည်။
ကြိုတင်မဲပေးပွဲဟူသော နဖူးစည်း စာတမ်းအောက်ဝယ် မျက်နှာငယ်လေးများနှင့် ထိုင်နေသော ဆရာလောင်း၊ ဆရာမလောင်းလေးများကို တွေ့ရသတတ်။ ရှေ့တွင်ကား ခန့်ခန့်ကြီး ထိုင်နေသော ဆရာကြီးတဦး၊ အခန်းပတ်လည်အတွင်းဝယ် များပြားသော အစောင့်အကြပ်များကို တွေရလေ၏။
ဆရာကြီး ။ ။ မဲပေးမယ့် စာအိတ်မှာ နာမည်ရေးထားတယ် … ဟဲ ဟဲ … ခြစ်ချင်တာကို ခြစ်သွားပါ၊ ခြစ်ချင်တာကို ခြစ်သွားပါ။
ကြိုတင်မဲပေးရမည့်သူများက တယောက်မျက်နှာ တယောက်ကြည့်ကာ အကြံအိုက်လျက် ရှိကြကုန်၏။ ဦရုက္ခစိုး၏ နတ်မျက်စိဝယ် သူတို့အားလုံးအတွေး၌ ဒေါင်းရုပ်ကလေး နံဘေးဝယ် အမှန်ကလေးများ ခြစ်လိုက်ကြသည်ကို မြင်ရသော်လည်း စာရွက်ပေါ်၌ကား ခြင်္သေဘေး၌သာ ကတုန်ကယင်ဖြင့် အမှန်ခြစ်လိုက်ကြသည်ကို တွေ့ရလေတော့၏။
လွတ်လပ်၍ တရားနည်းကျသော ကြိုတင်မဲပေးပွဲကြီးပါတကားဟု သံဝေဂရလျက် ဦးရုက္ခစိုးသည် နောက်ကြောင်းလှည့် ပြန်မည်ရှိသော် ဟိုတယ်တခုရှေ့ဝယ် ရဲတွေ စစ်သားတွေ ယောက်ယက်ခတ်မြင်ရသဖြင့် စပ်စုရပြန်ချေသည်။
ဤတကြိမ်၌ကား ဆိုင်ရာနတ်မင်းတို့ကို အပူမကပ်တော့ပြီဟု ကိုယ်ထင်ပြလျက် ဒေါင်းရုပ်တွေ အများကြီးပါသော ဂျာနယ်ကို ဖတ်ရှုနေသည့် ဆိုက္ကားဆရာထံ ချဉ်းကပ်မေးမြန်းလေသည်။
ဦးရုက္ခစိုး ။ ။ ဒီမယ် မောင်မင်းဆိုက္ကားဆရာရဲ့၊ ရဲတွေ လူတွေ ယောက်ယက်ခတ်လို့ပါလား။ ဘာဖြစ်သတုန်း။
ဦးရုက္ခစိုး ။ ။ သြော် ဇာတ်ပွဲနားလို့ နတ်ဝတ်နတ်စားနဲ့ အစာကြေဆေးလိုက်ရောင်းနေတဲ့ လူရွှင်တော်ကြီးထင်ပါ့။ အဲဒီဘက် မသွားနဲ့ဗျို့၊ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့လာလို့ဆိုပြီး နိုင်ငံခြားသားကို ဟိုတယ်မှာ ခြေချုပ်ချထားတာဗျ။
ဇာတ်ပွဲမှ အစာကြေဆေးရောင်းသူဟု ဆိုက္ကားဆရာက ထင်နေသဖြင့် အောင့်သက်သက် ဖြစ်သော်ငြားလည်း ဦးရုက္ခစိုးသည် သတင်းကို ပိုစိတ်ဝင်စားသည်ဖြစ်၍ ဆက်လက် စပ်စုရလေသည်။
ဦးရုက္ခစိုး ။ ။ ဟ … အစိုးရက မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ် ပြောထားပြီး လာကြည့်မယ့်သူကို လက်မခံဘူးလားကွ။
ဆိုက္ကားဆရာ ။ ။ သူတို့ ဖရီးအန် ဖဲက ဦးလေးသိတဲ့ အတိုင်းပဲလေ။ ခုတောင် ဒီလောက် မဲစာရင်းတွေ ပျောက်နေတာကိုး။ ကျနော်နဲ့ ကျနော့်မိန်းမ မဲစာရင်းထဲ မပါဘူးဗျ။ ကျနော့်သား ၄ နှစ်ကောင်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်ကဆုံးတဲ့ ယောက္ခမကျတော့ မဲစာရင်းထဲ ပါတယ်ဗျ။
ဦးရုက္ခစိုး ။ ။ ဟေ … ဟုတ်သလားကွ။
ထို့နောက် ဦးရုက္ခစိုးကား ရွေးကောက်ပွဲ စောင့်ကြည့်ရန် ဝင်လာသည့် နိုင်ငံခြားသားကို ခြေချုပ်ချထားရာ ဟိုတယ် အနီး တိုးကပ်လာခဲ့လေသည်။
“သြော် … ကြားဖြတ်ရွေးကောက်ပွဲလည်း တဖြည်းဖြည်းနဲ့ ကြားက ဖြတ်လုတဲ့ ရွေးကောက်ပွဲ ဖြစ်တော့မှာပါကလား” ဟု ရေရွတ်မိလိုက်လေ၏။ ထိုစဉ် နောက်နားဆီမှာ “ဟ … ဒီမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်သူတယောက် ရောက်နေတယ်ဟေ့” ဟူသော အော်ဟစ်သံကြား၍ လှည့်ကြည့်လိုက်ရာ အက်စ်ဘီဟု အများခေါ်ကြသည့် အရပ်ဝတ်နှင့် “အရမ်းဖမ်း ရဲအဖွဲ့” တဦးကို တွေ့လိုက်ရလေသည်။
အမှန်တကယ်လည်း ဦးရုက္ခစိုးသည် ကြားဖြတ်ရွေးကောက်ပွဲ စနည်းနာရန် ရောက်ရှိနေခြင်း ဖြစ်ပေရာ မိတ်ဆွေများဖြစ်သော ရန်ကုန်နတ်မင်း၊ စည်ပင်သာယာစောင့် ဘိုးဘိုးကြီးတို့ကိုပင် နှုတ်မဆက်နိုင်တော့ဘဲ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ချင်းမိုင်မြို့ ဒွိုင်ဆူးထက်တောင်ပေါ်ရှိ စံရာဘုံနန်းသို့ အပြေးကလေး မြန်းရလေတော့သတည်း။
“ဘာလဲဟဲ့ … ကြားဖြတ်ရွေးကောက်ပွဲ … ဘာလဲဟဲ့ … ကြားက ဖြတ်လုတဲ့ ရွေးကောက်ပွဲ”
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။