လွှတ်တော် ကိုယ်စားလှယ်များနဲ့ လွှတ်တော်အား ပြင်းထန်စွာ ဝေဖန် ပြောဆိုခဲ့တဲ့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှှိုင်အနေနဲ့ မိမိအမှား အတွက်တနည်းနည်းနဲ့ တောင်းပန် ရလိမ့်မယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။
ဝန်ကြီး ဦးမြင့်လှှိုင်က သူ့ဌာနရဲ့ ဘတ်ဂျက်ငွေတွေကို ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက Hot News ဂျာနယ်ရဲ့မေးမြန်းချက်အပေါ် ဖြေဆိုခဲ့ရာမှာ “လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ၁၀ တန်း မအောင်ဘဲ လာထိုင်နေတယ်၊ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆို နှိပ်၊ ဘာမှ မသိ၊ ဘာမှ နားမလည်၊ ရမ်းပြီးလုပ်တာ” လို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေဖန်သွားပါတယ်။
အဲဒီလို ဝေဖန်မှုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခ) ခင်မောင်ရီ က “ပြည်ထောင်စုအဆင့် ဝန်ကြီးတယောက်ရဲ့ ပြောစကားဖြစ်လို့ အစိုးရတဖွဲ့လုံးကို ကိုယ်စားပြုသွားတယ်။ သူပြောတဲ့ စကားတွေထဲမှာ ကြမ်းတမ်းတဲ့ စကားတွေပါနေတော့ မြန်မာ အစိုးရတဖွဲ့လုံးဟာလည်းပဲ ကြမ်းတမ်းတဲ့အစိုးရ ဖြစ်သွားတယ်” လို့ မှတ်ချက်ပေးပါတယ်။
ဦးမြင့်လှှိုင်ရဲ့ ပြောဆိုမှု အမှားအတွက် ဝန်ချတောင်းပန်ဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော် အခွင့်အရေး ကော်မတီကို တိုင်ကြားထားပြီး တနည်းနည်းနဲ့ ဝန်ချတောင်းပန်မှု မပြုဘူးဆိုရင် လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းခံရမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ပေးခြင်းကို ခံရမှာ ဖြစ်ပါတယ်။
“ဒီဝန်ကြီး တယောက်ကို အရေးယူမှု မရှိဘူးဆိုရင် နောက်လူတွေလည်းပဲ လွှတ်တော်ကို စော်ကားတာ၊ ပုတ်ခတ်တာတွေ ဖြစ်လာဦးမှာပါ။ ဦးမြင့်လှှိုင်က လွှတ်တော်ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ လွှတ်တော်တခုလုံးကိုလည်းပဲ ဘုန်းကြီးရူးနဲ့ လှေလူးလို့ ပြောဆိုသေးတယ်” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဆိုပါတယ်။
လယ်ဆည်ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဆည်တမံ၊ ရေကာတာ စီမံကိန်းကြီးတွေ၊ ရေလွှဲဆည် စီမံကိန်းတွေစတဲ့ စီမံကိန်းကြီး ၄၇ ခုဟာ ပြည်သူတွေအဖို့ အကျိုးအမြတ်နည်းပါးတဲ့အတွက် ဆိုင်းငံ့ခြင်း၊ ရပ်တန့်ထား ခြင်းပြုလုပ်ပေးဖို့ ပြည်သူ့ လွှတ်တော် ငွေစာရင်းကော်မတီရဲ့ ဥက္ကဋ္ဌနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဖြစ်သူ ဦးသူရိန်ဇော်က အဆို တင်သွင်းခဲ့တာပါ။
ကြံ့ခိုင်ရေးပါတီဝင်များ၊ အတိုက်အခံပါတီဝင်များ၊ တပ်မတော်သား စတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုနဲ့ စီမံကိန်းတွေရဲ့ ဘတ်ဂျက်ကို ဖြတ်တောက်ခဲ့တာဖြစ်တယ်။ ဝန်ကြီး ဦးမြင့်လှှိုင်က “ဘဏ္ဍာငွေ မရှိရင် ကျနော်လည်း အလုပ်သက်တာတယ်၊ ဝန်ထမ်းတွေလည်းပဲ အလုပ်သက်သာတယ်။ နေရာတကာမှာ နဂ္ဂတစ် ဆိုက်က လုပ်နေလို့မရဘူး” လို့ အင်တာဗျူးမှာ ပြောထားပါတယ်။
ဗဟိုအစိုးရ ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်အသုံးစရိတ်တွေ လျှော့ချဖို့ ဆုံးဖြတ် အတည်ပြုချက်ကို ပြည်ထောင်စု လွှတ်တော်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အတည်ပြုပေးခဲ့အပြီး အစိုးရ ဝန်ကြီးတချို့ရဲ့ မကျေမနပ် ပေါက်ကွဲသံတွေဟာ လွှတ်တော်ထဲမှာရော ပြင်ပမှာပါ ထွက်ပေါ်ခဲ့ကြတယ်လို့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။
မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်က စီမံကိန်းများအတွက် ဘတ်ဂျက်ကိုလည်း ရာနှှုန်းပြည့် ဖြတ်တောက်ဖို့ အဆိုတင်ခဲ့စဉ်က ဝန်ကြီးဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက “ဒီစီမံကိန်းတွေဟာ တရုတ် အထူးချေးငွေ စီမံကိန်းတွေ ဖြစ်တယ်၊ စာချုပ်တွေလည်း ချုပ်ပြီးပြီ။ ဒါကြောင့် ဆိုင်းငံ့ထားဖို့ မဖြစ်နိုင်ဘူး” လို့ အတိအလင်း ကန့်ကွက်ခဲ့ပါတယ်။
ဦးမြင့်လှှိုင်ဟာ ဒု ဗိုလ်ချုပ်ကြီး အဖြစ်နဲ့ အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ရွေးကောက်ခံခဲ့ရတဲ့ ကိုယ်စားလှယ်ကနေ ဗဟိုအစိုးရဝန်ကြီး ဖြစ်လာခဲ့သူပါ။ လွှတ်တော်တခုလုံးကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့တဲ့ ဦးမြင့်လှှိုင်ကို ဝန်ချတောင်းပေးဖို့၊ မတောင်းပန်ပါက ဝန်ကြီးအဖြစ်မှ ရပ်စဲပေးဖို့ လွှတ်တော်က ဆောင်ရွက်သွားမယ်လို့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးဝင်းဦး၊ ဦးအေးမောက်၊ ဦးဝင်းသန်း စသူတွေကလည်း ဦးမြင့်လှှိုင်ရဲ့ ပြောဆိုမှုဟာ ပါတီတခုလုံးကို ထိခိုက်စေပြီး ပြည်သူတွေရဲ့ အထင်လွဲမှားမှု ဖြစ်စေတဲ့အတွက် ဦးမြင့်လှှိုင်ကို ထိရောက်စွာ အရေးယူပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့အထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။
ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးဝင်းဦးက “လွှတ်တော်ထဲမှာ အများစုက ကျနော်တို့ပါတီက လူတွေပါ။ ပြည်သူ့ ကိုယ်စားလှယ်တွေကို အယုံအကြည် ပျက်အောင် လုပ်တာလည်းပဲ လွှတ်တော်ကို သိက္ခာကျသလို နိုင်ငံလည်းသိက္ခာကျတယ်။ ကျနော်တို့ ပါတီလည်း သိက္ခာကျတယ်” လို့ VOA မြန်မာပိုင်းကို ပြောဆိုခဲ့ပါတယ်။
အစိုးရဝန်ကြီး တချို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်နေပေမယ့် တချို့ကတော့ ရှေ့ဆက်မသွားချင်ဘဲ သဘောထား တင်းမာမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစိုးရအဖွဲ့ထဲက တချို့ကို ခေါင်းမာဂိုဏ်းသားတွေလို့ သတ်မှတ်ပေမယ့် ဦးမြင့်လှှိုင်ကို အပျော့ဂိုဏ်းသားလို့ သတ်မှတ်တာ ခံခဲ့ရသူလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
လွှတ်တော်နဲ့ အစိုးရအဖွဲ့အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ တချို့က ပြောဆိုကြသလို ကြံ့ခိုင်ရေးပါတီဝင် အချင်းချင်း ဇာတ်တိုက် မျက်လှည့် ပြနေတာပါလို့လည်း တချို့က ဆိုပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဝန်ထမ်း လစာတွေ တိုးပေးဖို့ အဆိုပြုတာကို သမ္မတ ဦးသိန်းစိန် အစိုးရက ပယ်ချတာ ခံခဲ့ရတယ်။ ပယ်ချပြီး မကြာခင်မှာပဲ လစာငွေ ကျပ် ၃ သောင်း ပိုမို ခံစားခွင့်ပေးတယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။
ထိုင်ဆိုထိုင် ထိဆိုထ လက်ညှိးထောင် ခေါင်းညှိတ်တဲ့ လွှတ်တော်လို့ ဝန်ကြီး ဦးမြင့်လှှိုင်က ဆိုပေမယ့် ပြည်ထောင်စု လွှတ်တော် နာယကနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကတော့ အဲဒီလို မဟုတ်ပါဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ လွှတ်တော်က လက်ညှိးထောင်၊ ခေါင်းညိတ်တဲ့ အဆင့်မဟုတ်ပါဘူး။ အဲဒီလိုအဆင့်သာ ဖြစ်နေမယ်ဆိုရင် ဘတ်ဂျက်ကိစ္စတွေ ဒီလောက် အချိန်ကြာကြာ ဆွေးနွေးနေရမှာ မဟုတ်ပါဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
ဝန်ကြီးဌာနတွေရဲ့ မလိုအပ်တဲ့ ဘတ်ဂျက်တွေကို ဖြတ်တောက်တာဟာ ဝန်ထမ်းတွေလစာ တိုးပေးဖို့၊ ပြည်သူတွေအတွက်
တခြား အရေးတကြီး လိုအပ်တဲ့နေရာတွေမှာ ခွဲဝေသုံးစွဲဖို့ ဖြစ်တယ်လို့ လွှတ်တော်က ဆိုသလို ဝန်ကြီးတွေကတော့ သူတို့ရဲ့ လုပ်ငန်းတွေကို တားဆီးဟန့်တားရာ ရောက်တယ်၊ စီမံကိန်းတွေ မလုပ်ရရင် ပြည်သူတွေ နစ်နာတယ်လို့ ဆိုကြပါတယ်။
ဦးခိုင်မောင်ရည်က “ဘတ်ဂျက်ဖြတ်လို့ ပြည်သူတွေ နစ်နာတယ်ဆိုတာ မှားပါတယ်။ ဘတ်ဂျက် ဖြတ်တဲ့ စီမံကိန်းတွေဟာ ပြည်သူအတွက် အကျိုးပြု မပြု ဆိုတာကို လွှတ်တော်က သေချာစိစစ်ပြီးမှ ဖြတ်တောက်တာပါ” လို့ ပြောပါတယ်။
ဘတ်ဂျက် ဖြတ်တောက်ခံရတဲ့ ဝန်ကြီးဌာနတွေထဲမှာ လယ်ဆည်၊ မြန်မာ့ စက်မှုဖွံ့ဖြိုးရေး၊ မီးရထား၊ လျှပ်စစ် (၁) (၂ )၊ ပြန်ကြားရေး၊ နိုင်ငံတော် သမ္မတရုံး၊ အားကစား၊ စက်မှုဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနတွေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ ဖြစ်ပါတယ်။ အဲဒီဘတ်ဂျက် ဖြတ်တောက်မှုတွေကြောင့် အစိုးရဌာနတွေရဲ့ လုပ်ငန်းလည်ပတ်မှု နှေးကွေးမှု မရှိဘူးလို့ သိရပါတယ်။
ဘတ်ဂျက်ဖြတ်ဖို့ လွှတ်တော်မှာ စတင်ဆွေးနွေးစဉ် ဦးမြင့်လှှိုင်က “ဖြတ်သင့်လို့ ဖြတ်တာဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ် နာခံပါ့မယ်။ ကိုယ်စားလှယ်တော်ကြီးတွေကိုလည်း လေးစားပါတယ်။ ကျနော် လခလည်း မယူပါဘူး၊ လယ်ထဲ ထည့်သုံးမှာပါ။ ကျနော့်ရဲ့ဆွေစဉ်မျိုးဆက် လစာတွေလည်းပဲ လယ်ယာမြေထဲပဲ အသုံးပြုမှာပါ” လို့ လွှတ်တော်မှာ ယဉ်ကျေးတဲ့ စကားတွေနဲ့ ပြောဆိုခဲ့တယ်လို့ ဦးခိုင်မောင်ရည်က ဆိုပါတယ်။
ဒါ့အပြင် ဦးမြင့်လှှိုင်က“ ရှေးခေတ်က ဘုရားကျွန်အဖြစ် ခံယူခဲ့တဲ့သူ ရှိသလိုပါပဲ။ ကျနော့်ကိုယ် ကျနော်လည်း လယ်ကျွန်အဖြစ် ခံယူပါ့မယ်” လို့ လွှတ်တော်မှာ ဆိုခဲ့ကြောင်း သိရတယ်။
အဲဒီအတွက် အမှတ်ကောင်းတွေ ရရှိနေတဲ့ အချိန်မှာပဲ အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ပြောလိုက်တော့ ပြည်သူနဲ့ လွှတ်တော် မျက်နှာ မကြည့်တော့တဲ့အပြင် အစိုးရဝန်ကြီးတွေအပေါ် ယုံကြည်မှုမဲ့စေကြောင်း၊ လယ်ဆည်ဌာနရဲ့ အောင်မြင်မှုမရှိတဲ့ စီမံကိန်း အများအပြားကြောင့် ဘဏ္ဍာငွေ အများအပြား ဆုံးရှှုံးနေခဲ့တဲ့အတွက် ကိုယ်စားလှယ်တွေ အားလုံးပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့အကြောင်း ကိုယ်စားလှယ်တွေက ပြောတယ်။
လွှတ်တော်ရဲ့ ပြောဆိုမှုနဲ့ လုပ်ရပ်ဟာ ဖွဲ့စည်းပုံနဲ့ ကိုက်ညီပါက တရားဝင် ဖြစ်သကဲ့သို့ အစိုးရဝန်ကြီးတွေရဲ့ ပြောစကား လုပ်ရပ်တို့သည်လည်း ဖွဲ့စည်းပုံအတိုင်း ဖြစ်ပါက တရားဝင်ဖြစ်၍ တချို့ကိစ္စတို့ကို စဉ်းစားပေးရန် လိုအပ်တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုပါတယ်။
ငွေလုံး၊ ငွေရင်း မြှုပ်နှံပြီး စက်ရုံအလုပ်ရုံများ တည်ဆောက်ကာ ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးပေးမှုမျိုးကို တခြား နိုင်ငံများကဲ့သို့ လုပ်ဆောင်ဖို့ ဘဏ္ဍာငွေတောင်းဆိုပါက ခွင့်ပြုပေးဖို့ စဉ်းစားပေးသင့်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံဝန်းကျင်ရှိနေပြီး၊ ရသုံးမှန်းခြေငွေစာရင်းကိုလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘတ်ဂျက် ဖြတ်တောက်မှုတွေဟာ လိုငွေပြမှု နည်းပါးရေးနဲ့ ပြည်ပကြွေးမြီ လျှော့ချရေးကိုလည်း ဦးတည်လုပ်ဆောင်တာလို့ သိရပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက် ရရှိမှု လျာထားငွေ ကျပ် ၁၀၅၂၂ ဒသမ ၇၈၇ ဘီလီယံ ရှိပြီးတော့ အသုံးစရိတ် လျာထားငွေကတော့ ကျပ် ၁၃၀၄၀ ဒသမ ၆၇၅ ဘီလီယံ ဖြစ်ပါတယ်။ လိုငွေပြမှု ငွေက ကျပ် ဘီလီယံ ၂၀၀၀ ကျော် ရှိတယ်လို့ လွှတ်တော်က ကြေညာခဲ့တယ်။
မိမိတို့ဌာနတွေရဲ့ ဝင်ငွေ၊ သုံးငွေကို ပြည်သူကို ကြေညာပေးစရာ မလိုခဲ့တဲ့ အစိုးရဝန်ကြီးတွေဟာ လွှတ်တော် အသီးသီး ပေါ်ပေါက်ခဲ့အပြီးမှာတော့ မိမိတို့ စိတ်ကြိုက် လုပ်ပိုင်ခွင့်တွေ မရတော့ပါဘူး။ သူတို့ရဲ့ အဆိုပြုချက်တွေ၊ လုပ်ငန်းတချို့ကို လွှတ်တော်က စိစစ်တာ၊ ကန့်သတ်တာတွေ လုပ်တဲ့အခါမှာတော့ မကျေနပ်တဲ့ အသံတွေ၊ ဒေါသသံတွေ ထွက်ပေါ်လာခဲ့ပြီး လွှတ်တော်အပေါ် ဝေဖန်မှုတွေ ဖြစ်လာပါတော့တယ်။