ယခုတလော ချင်းမိုင် ရာသီဥတုက ပူလောင်လာသည်။ နွေမိန် တပေါင်းက နေရှိန်မကောင်းသော်လည်း အပူရှိန်က ကောင်းလာ သည်။ ယခင်ရက်များက ချင်းမိုင်ကောင်းကင်၌အုံ့မှိုင်းနေသည့် မီးခိုးမြူများမှာ ပြယ်ခါစမျှသာရှိသေး အပူဒီဂရီက မြင့်တက်လာခြင်း ဖြစ်သည်။
ညခင်း ဆည်းဆာများမှာလည်း အပူရှိန်ကြောင့် အအိပ်အနေ နည်းရသည့်အတွက် ဦးနှောက်က အတွေးများဖြင့် အလုပ်ရှုပ်နေမိပြန် သည်။
“ကျွနု်ပ် တွေးသည် ထို့ကြောင့် ကျွနု်ပ် ရှိသည်”ဆိုလား ဘာလား အဲသည် စကားတခုကိုလည်း မဆီမဆိုင် သတိရလိုက်မိသေး သည်။
ဂျာနယ်လစ် သတင်းသမားတဦး အနေနှင့်လည်း တွေးရမည်၊ ရေးရမည်၊ မေးမြန်းရမည်၊ ဝေဖန် သုံးသပ်ရမည်၊ စိစစ် ဆုံးဖြတ်ရ မည်၊ သို့ဆိုလျှင် အတွေးရှင်းမှ ဖြစ်မည်၊ အတွေးရှင်းမှ အရေးလည်း ရှင်းမည် မဟုတ်ပါလား…..။
လာမည့် ရက်ပိုင်းအတွင်းလည်း ကြားကဖြတ်လုမယ့် ရွေးကောက်ပွဲလား…ကြားဖြတ်ရွေးကောက်ပွဲလား… ကျင်းပ ဦးတော့ မည်၊ သတင်းထောက်များ၊ လေ့လာသူများ အတွက် အလုပ်များဦးမည်။
ဖိုးရှုပ် တယောက် ထိုသို့ပင် ရောက်တတ် ရာရာ တောင်စဉ်ရေမရ တွေးတောနေရာမှ ရုတ်တရက် သတိရလိုက်မိသောကြောင့် လက်ကိုင်ဖုန်းဖြင့် ကြွက်စုတ်ကို လှမ်းဆက်လိုက်မိသည်။
ဖိုးရှုပ်။ ။ ဟယ် လို…ဟယ် လို…ဟယ် လို…
အတန်ကြာမှ ကြွက်စုတ် က အိပ်ချင်မူးတူး အသံဖြင့် ပြန်ဖြေလာသည်။
ကြွက်စုတ်။ ။ ဒီ အချိန်ကြီး ဘာလဲကွာ…ဖိုးရှုပ်…
ဖိုးရှုပ်။ ။ မင်းကလည်း စိတ်ချည်းပဲ…ငါ သိချင်တာ တခုရှိလို့ပါကွ…
ကြွက်စုတ်။ ။ ပြောကွာ…ပြော…ပြော…အိပ်ရေးက ပျက်ဦးတော့မှာပဲ…
ဖိုးရှုပ်။ ။ ဟိုကွာ….ဝန်ကြီးဌာနတွေ ဖွတ် သဘင်…အဲ လွှတ်သဘင်ထဲမှာ ဘတ်ဂျက်ဖြတ်ခံရတာ ဘယ်ရက်လောက် ရှိမလဲ…
ကြွက်စုတ်။ ။ ဘုရားဆူး ဂျာနယ်လစ်…ကိုယ့်ဘာကိုယ်တော့ မှတ်လဲမထား…ရီဆာ့ချ် လည်း မလုပ်…သောက်ပြင်း…ငါ သိ သလောက်တော့…အဲဒီ ဘတ်ငွေ ဆိုလား…မင်းပြောတဲ့ ဘတ်ဂျက်ဆိုလား အဲဒါ က ဒီလလယ်လောက်မှာ ဖြစ်တာ…ကျန်တာ မင်းဟာမင်း ဆက်ရှာတော့…ငါ တော့ အိပ်တော့မယ်…
ဖိုးရှုပ်။ ။ နေ နေပါဦးကွ…အအိပ်ကလည်း မက်ပါ့ကွာ…ခုမှ ၁၂ နာရီလောက်ပဲ ရှိသေး…နေပူတော် သွားတုန်းကတော့ ကာရာအို ကေ ဆိုင်မှာ မိုးအလင်းပဲ…အဲဒီ ဝန်ကြီးဌာနတွေ ထဲမှာ လယ်စိုက်တဲ့ ဝန်ကြီးရဲ့ ဌာနလည်း ပါတယ် မှုတ်လား…
ကြွက်စုတ်။ ။ အေးဟုတ်တယ်…လယ်စိုက်ရုံတင် မဟုတ်ဘူး…၊ လယ်ကျွန်ပါခံမယ် ဆိုတဲ့ လယ်ကျွန် ဝန်ကြီး…အဲဒီ လွှတ်သဘင် မှာ သူ့ဌာန အသုံးစရိတ်ဖြတ်တာကို အောင့်သီးအောင့်သက်နဲ့ ပြောတယ်လေ…ငါတောင် မှတ်မိသေး…ရှေးတုန်းက ဘုရားကျွန် ဆိုတာမျိုး အခု သူကလည်း လယ်ကျွန် အဖြစ်ခံယူမယ်တဲ့…သူ့ လစာရော…သူ့ ဆွေစဉ် မျိုးဆက် လာစာတွေရော လယ်မြေထဲ ထည့် လိုက်မယ်…တဲ့…နေပါဦး မင်းက အဲဒါ ဘာဖြစ်လို့ မေးရတာလဲ…
ဖိုးရှုပ်။ ။ ဘာဖြစ်ရမှာလဲကွ…မင်းတယောက်ပဲ မသိတာ…တလောကလုံး ဗြောင်းဆန်နေအောင်ကို ပွထ နေတာ…ဖေ့စ် ဘုတ် တွေရော…အီးမေးလ်ထဲရော…သတင်းတွေထဲရောပဲ….အဲဒီ လယ်ကျွန် ဝန်ကြီးက ဗျူးတခုမှာ ပြောလိုက်တဲ့ စကားကြောင့်…
ဤနေရာတွင် အကွက်ဆိုက်လာ၍ ဖိုးရှုပ်က ကြွက်စုတ်ကို ခတ်ဆတ်ဆတ် ပြန်ငေါက်လိုက်ခြင်း ဖြစ်သည်။ ရုတ်တရက် ကြွက်စုတ် လက်ကိုင် ဖုန်းဘက်မှ အသံရပ်သွားသောကြောင့် ဖိုးရှုပ်က ဟယ်လို လုပ်လိုက်မှ အသံ ထွက်လာသည်။
ကြွက်စုတ်။ ။ ဟေ…သူက ဘယ်ဗျူးမှာ ဘယ်လို ပြောလိုက်လို့ ဘာတွေ ဖြစ်သွားတာလဲ…အဲဒီတော့ရော ဘာဖြစ်လဲ…
ဖိုးရှုပ်။ ။ အင်…သူ့ကျတော့…သတင်းထောက် ထက်တောင် ဆိုးသေး…မေးပုံက ရိုက်ပေါက်…အဲဒီ လယ်ကျွန် ဝန်ကြီးက ဟို ပူစပ် ပူလောင် ဂျာနယ် ဆိုလား…အပူတပြင်း ဂျာနယ် ဆိုလား…ဗျူး မှာ…လွှတ်သဘင် အမတ်တွေကတဲ့…ဘာစာမှ တတ်တာ မဟုတ်ဘူးတဲ့…သူများ ခိုင်းတာပဲ လုပ်တတ်တာတဲ့…
ကြွက်စုတ်။ ။ သူက ဘာသဘောနဲ့ အဲဒီလို ပြောရတာလဲ…
ဖိုးရှုပ်။ ။ ဆိုလိုတာက အဲဒီ လွှတ်သဘင်တခုလုံးက အမတ်တွေက ပုတ်သင်ညိုတွေလို ခေါင်းပဲ ညိတ်တတ်တယ်ပေါ့… လက်ညှိုးထောင် ခေါင်းညိတ်တွေလို့ ပြောတာ….အဲဒီမှာ သူတို့ တပါတီတည်း ကြံ့ဖွတ် အမတ်တွေပါ ဒေါသူပုန် ထကုန်ပြီး တောင်းပန် ရင် တောင်းပန် မဟုတ်လို့က တရားစွဲမယ်…. အယုံအကြည် မရှိ အဆို တင်သွင်းပြီး ရာထူးက ပြုတ်ထွက်သွားအောင်ကို လုပ်ပစ်မယ်… ဘာညာတွေ ဖြစ်ကုန်ကြတာ…ဇာတ်လမ်းကတော့ မသန်း ဆိုသလို ပဲပေါ့ကွာ…
ကြွက်စုတ်။ ။ သြော် ဒီလိုကိုး…အဲဒီလောက်ကြီးဆိုတော့ လယ်ကျွန် ဝန်ကြီးက လူကျွံဘော ဖြစ်ပြီး ပင်နယ်လ်တီတောင် ပေးရ မယ့် အဆင့်…ပစ်ဒဏ်ဘော ထိတဲ့ သဘော…အနီကတ်တောင် ပြသင့်တယ်…
ဖိုးရှုပ်။ ။ အဲဒါနဲ့တင် မပြီးသေးဘူး မောင်ရင် လယ်ကျွန် ဝန်ကြီးက ဘုန်းကြီးရူးနဲ့ လှေလူးတွေ့ တာဆိုပြီးတော့လည်း ဗျူးမှာ ပြောတဲ့အထဲ ပါသေးသဗျ…ကြံ့ဖွတ် အမတ်တွေကိုယ်တိုင်က ပါတီပါ သိက္ခာကျတယ်…ဘာညာ ဆိုပြီးဖြစ်တာ…
ကြွက်စုတ်။ ။ အေး ဟုတ်တာပေါ့…လွှတ်သဘင်ထဲ ကြံ့ဖွတ် အမတ်က အများဆုံးလေ…ဖွတ်သဘင်လို့တောင် သမုတ်လို့ ရသေး… နိုင်ငံတော် ဦးဆောင်မှု အပိုင်းက လူကြီး တယောက်အနေနဲ့ အခုလိုကို မထင်ရဘူးနော်…အင်း လေ အရင်တုန်းက ဒင်းက လေကြောင်းရန် ကာကွယ်ရေး တာဝန်ယူဖူးတယ် ဆိုလား…အဲဒီတော့ သူ့လေပြင်းအားက အတိုင်းထက် အလွန်တွေ ဖြစ် ကုန်မှာပေါ့ကွာ…
ဖိုးရှုပ်နှင့် ကြွက်စုတ်မှာ ဖုန်း စကားပြောရင်း တဖြည်းဖြည်း အတိုင်အဖောက် ညီလာကြသည်။ ထိုစဉ် ရုတ်တရက် သူတို့ နှစ်ဦးလုံး ၏ ဖုန်းများတွင် တုန်ခါသွားပြီးနောက် အသံတသံ ပေါ်လာ၍ နားထောင်လိုက်ကြရာ ဦးရုက္ခစိုး ဖြစ်နေသည်။
ရုက္ခစိုး။ ။ အေး…ကွ အခုတလော အစိုးရဝန်မင်းများက အောင့်လုံးတွေ အောင့် မထားနိုင်ကြတော့ဘူး ထင်တယ်…နောက် ဝန်မင်း တဦးရဲ့ ဗျူးချက်လည်း ရှိသေးတယ်လေ…လျှပ်ပေါ်လော်လီ ဂျာနယ် ဆိုလား….အဲဒီမှာ ဗျူးထားတာ… ငြိမ်းချမ်းရေး ဝန်မင်းတဦးကိုကွာ…
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး ဘယ်ကနေ ဝင်ပြောနေတာလဲဗျ…အဲဒီ ဗျူးကို ကျနော်လည်း ဖတ်ရသဗျ…ဒီမိုကရေစီ မိခင်ကြီးကို ပုတ်ပုတ် ခတ်ခတ်တွေ ဝေဖန်ထားတာတွေလေ…ဟို အရင် စစ်တပ်အစိုးရတုန်းက ပြည်ပအားကိုး ပုဆိန်ရိုး ဆိုတဲ့လေသံမျိုးလည်းပါတယ်…လူထု ထောက်ခံမှုကို အကြံအဖန်လုပ် ချူယူတဲ့ ပုံစံမျိုး…ခြိမ်းခြောက်သလိုလို သတိပေးသလိုလိုတွေလည်း ပါသေး…
ရုက္ခစိုး။ ။ ဒါပေမယ့် လွှတ်သဘင် နာယကကြီးကတော့ လက်ညှိုးထောင် ခေါင်းညိတ်မဟုတ်…အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဟာ အရေးကြီးဆုံး ဘာညာ ပြောပြန်ရော ကွ… တချို့တွေ ပြောဆိုနေကြသလို ဝန်မင်းတွေ အားလုံးက ကြံ့ဖွတ် တပါတည်း က ဆိုတော့ အချင်းချင်း ဇာတ်တိုက် ကပြပြီး လူအများ မျက်စိလည်အောင် လုပ်နေတာလားများ ဆိုပြီး သံသယ ဖြစ်လာတယ်…
ကြွက်စုတ်။ ။ ဒါဆိုရင်ဗျာ…အစိုးရ အဖွဲ့ရော ဝန်မင်းများရော အမတ်မင်းများရော တခါတည်း တစုတစည်းတည်း ပေါင်းပြီး “စိန်မဟာ မျက်လှည့် သဘင်ကြီး”လို့သာ ခေါ်လိုက်ကြပေတော့…ကျနော်တော့ အိပ်ပြီ…
ဦးရုက္ခစိုး စကားအဆုံးတွင် ကြွက်စုတ်က ရုတ်တရက်ဝင်ပြောပြီး ဖုန်းကို ပိတ်လိုက်သဖြင့် ဖုန်း စကားဝိုင်းလည်း ရပ်ဆိုင်းသွား လေ တော့သည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။