ကျော်ကြားသူတွေရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေက နိုင်ငံတကာဖက်ရှင်လောကကို လွှမ်းမိုးနေတာမှာ နာမည်ကျော် သရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေရဲ့ ဖက်ရှင်တွေသာမက နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ ဇနီးတွေ၊ နိုင်ငံ့အကြီးအကဲ အမျိုးသမီးတွေရဲ့ ဖက်ရှင်တွေဟာလည်း ဖက်ရှင်ချစ်သူ အမျိုးသမီးထုတွေကို ကိုင်လှုပ်နေတာပါ။

အမေရိကန်နိုင်ငံမှာကတော့ အိုဘားမား သမ္မတဖြစ်လာပြီးတဲ့နောက် သူ့ဇနီး မစ်ရှဲလ်အိုဘားမားရဲ့ ဖက်ရှင်တွေဟာ သရုပ်ဆောင်၊ မော်ဒယ်လ်တွေရဲ့ ဖက်ရှင်တွေကို တမဟုတ်ချည်း ကျော်လွှားသွားပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ နိုင်ငံရေးကျော်ကြားမှုကိုတောင် လွှမ်းမိုးသွားပြီး ရေပန်းစားထင်ရှား ပြောစမှတ်များရလေတယ်လို့ ဖက်ရှင်လောကက သတ်မှတ်ထားပါတယ်။
ဘယ်ပွဲမှာတော့ မစ်ရှဲလ်အိုဘားမားက ဘယ်လိုဒီဇိုင်း၊ ဘာအရောင်ကို ဝတ်တာမှာ ဘယ်လို ကျက်သရေရှိလိုက်တာ ဆိုတာမျိုးတွေကလည်း သူတို့ ဖက်ရှင်လောကမှာ ပွက်လောညံလေ့ရှိတဲ့ လူစိတ်ဝင်စားမှုအခံရဆုံး သတင်းပါပဲ။
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူဝတ်လေသမျှ ပွဲတက်ဂါဝန်ရှည်ကြီးတွေ၊ ပေါ့ပေါ့ပါးပါး ဝတ်စုံတွေနဲ့ အဝတ်အစားတွေ၊ စမတ်ကျတဲ့ အလုပ်ခွင်တက် ဝတ်စုံတွေအားလုံးလိုလိုကို မျက်လုံးဒေါက်ထောက်ကြည့်ခံရ၊ အတုယူခံရ၊ ဖက်ရှင်ချစ်သူတွေ မျက်စိကျရတာချည်းပါ။ သူဟာ တက်သစ်စ ဒီဇိုင်နာတွေ ချုပ်လုပ်ထားတဲ့ ဝတ်စုံတွေကို ရံဖန်ရံခါ ဝတ်ဆင်လေ့ရှိပြီး တက်သစ်စတွေကို ပွဲထုတ်တတ်တယ်လို့လည်း နာမည်ကြီးပါသေးတယ်။
ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ စမတ်ကျတဲ့ ဝတ်စားဆင်ယင်မှုကလည်း လုပ်ငန်းခွင်တွင်း အမျိုးသမီးထုအတွက် အတုယူအားကျစရာ ဟန်ပန်ကျလှတဲ့ ဆင်ယင်မှုတွေပါ။
အင်္ဂလန်နိုင်ငံမှာဆိုရင်လည်း ဝန်ကြီးချုပ် ဒေးဗစ်ကမ်းမရွန်းရဲ့ ဇနီးသည် စမန်သာ ကမ်းမရွန်းရဲ့ ဖက်ရှင်၊ ပြင်သစ်မှာဆိုရင်တော့ သမ္မတ ဆာကိုဇီရဲ့ ဇနီးသည် ကာရ်လာ ဘရူနီဆာကိုဇီရဲ့ ဖက်ရှင် စသဖြင့်ပေါ့။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ငယ်ရွယ်တဲ့ အမျိုးသမီး ဝန်ကြီးချုပ် ယင့်လတ်ရှင်နာဝတ်ရဲ့ ဖက်ရှင်ဟာ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုထက်ကို လူပြောများတဲ့ အကြောင်းတခုဖြစ်သလို သူ့ဝတ်စားဆင်ယင်မှုဟာ ကျော့ရှင်းတယ်၊ ခန့်ထည်တယ်ဆိုပြီး သူဝတ်သမျှကို ဖက်ရှင်လောကက တခုတ်တရ စောင့်ကြည့်ကြရတဲ့အထိပါ။
သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်း ရိုက်ထားတဲ့ The Lady ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုး နဲ့ ဆင်တူတဲ့ ဝန်ကြီးချုပ်ရယ်လို့တောင် မှတ်ချက်ပေးခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တဲ့ အချိန်မှာ အရှေ့တောင်အာရှက နိုင်ငံရေးအရထင်ရှားတဲ့ အမျိုးသမီး ၂ ယောက်ရဲ့တွေ့ဆုံမှုကို စိတ်ဝင်စားမှုများခဲ့သလို၊ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကလည်း လူအများ ဂရုစိုက်ခံရတဲ့ သတင်းတခုပါပဲ။
သူတို့နိုင်ငံက First Lady တွေရဲ့ ဖက်ရှင်တွေအကြောင်း ပြောတဲ့အခါ၊ များသောအားဖြင့် ကတော့ ကမ္ဘာကျော် ဒီဇိုင်နာတွေ၊ ဖက်ရှင်ဂုရုကြီးတွေရဲ့လက်ရာ တန်ဖိုးမြင့် အဝတ်အစားတွေပါပဲ။ ဘယ်သူကတော့ ဘယ်ဒီဇိုင်နာကြီးရဲ့ ဝတ်စုံနဲ့ လှနေလိုက်တာ ဆိုတာမျိုးပါ။ First Lady ရဲ့ ဖက်ရှင်လို့ ဆိုလိုက်တာနဲ့ ကမ္ဘာကျော် ဒီဇိုင်နာတွေရဲ့လက်ရာ၊ ဒီဇိုင်နာတွေရဲ့ နာမည်ကိုပဲ ပြေးမြင်ကြတာပါ။
ကျမတို့ မြန်မာနိုင်ငံသားတွေ အတွက်ကတော့ စံပြပုဂ္ဂိုလ်၊ မြန်မာနိုင်ငံသားတွေရဲ့ အိုင်ကွန် (Icon) ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင်၊ ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဝတ်စုံတွေလို့များ ပြောလိုက်ရင် တန်ဖိုးကြီးတဲ့ လွန်းရာကျော် ကြိုးကြီးချိတ်၊ ပိုးထမီ၊ ပိုးအကျႌ၊ ဘော်ကျယ်တွေထိုးထားတဲ့ ခန့်ခန့်ထည်ထည် အဝတ်အထည်တွေကို ဘယ်သူမှ တွေးမြင်မိမှာ မဟုတ်ပါဘူး။
ကိန်းကြီးခန်းကြီးမနိုင်၊ ကမ္ဘာကျော်တွေရဲ့ လက်ရာတွေမဟုတ်တဲ့ ရိုးရှင်းတဲ့၊ အလွှာစုံက ဝတ်နိုင်တဲ့ ပြည်တွင်းဖြစ် ချည်ထည်လေးတွေကို လုံချည်ရဲ့အရောင်၊ အဆင်နဲ့လိုက်ဖက်တဲ့ ချည်သား ဒါမှမဟုတ် ပိတ်ဖောက်ဇာကို ရင်ဖုံး၊ ရင်စေ့ချုပ်လို့ သပ်သပ်ရပ်ရပ် ဆင်မြန်းလေ့ရှိတဲ့ သူ့ရဲ့ပုံရိပ်ကိုသာ ကျမတို့ မျက်စိထဲမှာ အင်မတန်မှ စမတ်ကျ၊ အင်မတန်မှ ကျက်သရေရှိတဲ့ ဖက်ရှင်အဖြစ် တွေးမြင်ကြတာပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်တဲ့သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ၊ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်၊ နိုင်ငံအတွက် မီးရှူးတန်ဆောင် စသဖြင့် စသဖြင့် နိုင်ငံရေးအရ နာမည်ကျော်ကြား၊ လူစိတ်ဝင်စားမှုခံပြီး သူပြောတဲ့စကားတွေဟာ မြန်မာနိုင်ငံသားတွေအပေါ် လွှမ်းမိုးမှုရှိသလို တဖက်မှာလည်း သူ့ရဲ့ ရိုးရှင်းတဲ့ဝတ်စုံ၊ အဆင်အယင်နဲ့ တခါနဲ့တခါ မထပ်တဲ့ ဝတ်စုံဖက်ရှင်တွေဟာလည်း မြန်မာအမျိုးသမီးထု ကြီးငယ်မဟူအပေါ် လွှမ်းမိုးရိုက်ခတ်နေတာပါ။ သူ့ကို ချစ်ခင်လွန်းတဲ့သူတွေက ဒီနေ့တော့ဖြင့် သူ ဘာပန်းပန်တယ်ဆိုတာအထိ စိတ်ဝင်တစား စောင့်ကြည့်ကြတဲ့အထိပါ။
၁၉၉၀ ပြည့်နှစ်တွေတုန်းကဆိုရင် ကျမတို့ရဲ့ အဒေါ်တွေ၊ အစ်မတွေဟာ မြန်မာအကျႌလေးတွေချုပ်ရင် စက်ချုပ်ဆိုင်ကို “အောင်ဆန်းစုကြည် ရင်ဖုံးလေး ချုပ်ပေးပါနော်”၊ “ရင်စေ့အကျႌကို အောင်ဆန်းစုကြည် လည်ပင်းပုံလေး ချုပ်ပေးပါနော်” ဆိုပြီး ချုပ်ခိုင်းကြလို့ ခေတ်စားခဲ့ပါသေးတယ်။
သူအခုနောက်ဆုံး နေအိမ်အကျယ်ချုပ်က ပြန်မလွတ်ခင်၊ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက ရေကူးဝင်ခဲ့လို့ အမှုရင်ဆိုင်နေရတုန်းကနဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံတဲ့အချိန်၊ သူ့ပုံတွေ ဂျာနယ်တချို့မှာ ပါလာခဲ့တုန်းကဆိုရင်လည်း သူဝတ်ခဲ့တဲ့ လုံချည်အဆင်လေးတွေကို အောင်ဆန်းစုကြည်ဆင် ဆိုပြီး မြန်မာဝတ်စုံမြတ်နိုးတဲ့ အမျိုးသမီးတွေအကြား တခေတ်ဆန်းခဲ့ပါသေးတယ်။
နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတဲ့နေ့မှာဆိုရင်လည်း ဗေဒါရောင်လေးဝတ်ထားတဲ့ သူမ ဘယ်လောက်တောင် ကျက်သရေ ရှိသလဲနော်ဆိုပြီး ပြောဆိုကြသလို နောက်နေ့၊ နောက်နေ့တွေမှာလည်း “ဒီနေ့တော့ နက်ပြာရောင်လေးဝတ်တယ်၊ နောက်နေ့တော့ ဘာအရောင်လေးဝတ်မလဲ မသိဘူးနော်” တီးတိုး သဖန်းပိုးထိုးကြရတာလည်း အမောပါ။
လူထုနဲ့ ထိတွေ့မှုတွေ တစ တစ များလာရာကနေ ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် နယ်လှည့်စည်းရုံးရေး ခရီးတွေများလာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသွေးအရောင်စုံ၊ ဒီဇိုင်းစုံ မြန်မာဝတ်စုံဖက်ရှင်ဟာ အရွယ်စုံ၊ အလွှာစုံ မြန်မာအမျိုးသမီးထုက အတုယူ လိုက်ဝတ်ကြတဲ့အထိ လွှမ်းမိုးလို့လာပါတယ်။
မစ္စ ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံတုန်းကဝတ်တဲ့ စိမ်းပြာရောင်ဝတ်စုံ၊ အဖြူရောင်အကျႌနဲ့ အနက်ပေါ် အဖြူပွင့်တွေ ဖောက်ထားတဲ့ လုံချည်၊ ဧရာဝတီတိုင်း ခရီးစဉ်နောက်ပိုင်း သူဝတ်ဆင်တဲ့ ကြက်သွေးရင့်ရောင် ဝမ်းဆက်နဲ့ ပုသိမ်ထီးနီနီ၊ ကျောက်စိမ်းရောင်အကျႌဝတ်စုံနဲ့ ပုသိမ်ထီး အစိမ်းရောင်၊ မိုးပြာရောင်ဝမ်းဆက်၊ ကျေးဥရောင်ဝတ်စုံ၊ ပန်းနုရောင်၊ ပန်းခရမ်းရောင်ဝတ်စုံ၊ ပင်နီရင်ဖုံးနဲ့ ယောထမီအညိုရောင် ဝတ်စုံ စတာတွေဟာ မြန်မာအမျိုးသမီးထုတွေ မျက်စေ့ထဲစွဲနေတဲ့ လူထုခေါင်းဆောင်ရဲ့ ဖက်ရှင်ပါပဲ။
“အန်တီကတော့ ဟီလာရီကလင်တန်လာတုန်းက ဒေါ်စုဝတ်တဲ့ စိမ်းပြာရောင် ဝတ်စုံလေးကို သဘောကျတယ်။ သူတို့တိုင်းပြည်မှာတော့ ဟီလာရီက စမတ်ကျချင်ကျမယ်။ အန်တီမျက်စေ့ထဲမှာတော့ ဟီလာရီတို့၊ မီရှယ်လ်အိုဘားမားတို့ စမတ်ကျတယ်ဆိုတာက ဒေါ်စုကို ဘယ်မီမှာတုန်း” လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတယောက်က ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမှန်သညာတခုလို ဖြစ်နေတဲ့ ပင်နီအကျႌတွေဟာလည်း ကျားမ အရွယ်မရွေးတို့အကြား ရေပန်းစားလာနေတဲ့ ဖက်ရှင်တခုပါပဲ။
“မိန်းကလေးဆို ပင်နီအကျႌရင်ဖုံး၊ ရင်စေ့လေးတွေ တော်တော်များများ ဝတ်ကြတယ်။ ဒီဇိုင်းစုံပေါ့။ ယောကျာ်လေးတွေဆိုလည်း ပင်နီတိုက်ပုံအပြင် ပင်နီနဲ့ချုပ်တဲ့ ရှပ်အကျႌလက်တို၊ လက်ရှည်တွေဝတ်ကြတယ်။ ပိတ်ဝယ်ပြီး ချုပ်တာရှိသလို ချုပ်ပြီးသားတွေ ဝယ်တာလည်း ရှိတယ်။ အရင်ကဆို ပင်နီထည်က သိပ်ရောင်းရတာ မဟုတ်ဘူး။ အခုကျတော့ လက်မလည်ဘူး ရောင်းနေရတယ်” လို့ ဗိုလ်ချုပ်ဈေးက အထည်ဆိုင်ပိုင်ရှင်တယောက်က ပြောပြပါတယ်။
ရန်ကုန်က စက်ချုပ်ဆိုင်တချို့မှာဆိုရင် သူ့ပုံပါတဲ့ ဂျာနယ်တွေကိုပြပြီး ပုံပါဝတ်စုံဒီဇိုင်းတွေကို ချုပ်ပေးဖို့ လာအပ်တဲ့သူတွေ များလာတယ်လို့ ဆိုပါတယ်။
“အစ်မတို့ဆီမှာ အမေစုပုံတွေကို စုထားရတယ်။ တချို့က အမေစုဘယ်တုန်းက ဝတ်တဲ့ဒီဇိုင်းပုံလေး ချုပ်ပေးပါဆို ရှာရတယ်။ အရင်ကတော့ မြန်မာဝတ်စုံဆိုရင် ပွဲနေပွဲထိုင်၊ အလှူဝတ်ဖို့တို့လောက် လာချုပ်ကြတာ။ အခုကတော့ သာမန်ဝတ်ဖို့ မြန်မာထည်လေးတွေ တော်တော်များများ ပြန်ချုပ်နေရတယ်” လို့ စမ်းချောင်းမြို့နယ်က အထည်ချုပ်ဆိုင်တခုက ပြောပြပါတယ်။

ကုမ္ပဏီဝန်ထမ်းတယောက်ဖြစ်တဲ့ အသက် ၂၀ အရွယ် ယုယုက “အရင်တုန်းကတော့ ထမီတွေဘာတွေ သိပ်မဝတ်ဖြစ်ဘူး။ ဘုန်းကြီးကျောင်းသွား၊ အလှူသွားတာလောက်ပဲ ဝတ်ဖြစ်တာ။ အလုပ်ကလည်း ယူနီဖောင်း စကပ်လေးတွေ ဝတ်ရတာကိုး။ အခု အမေစု ဝတ်တာလေးတွေက ရိုးရိုးလေးနဲ့ သိပ်လှတော့ သမီးလည်းဝတ်ဖို့ ၃ စုံ သွားချုပ်ထားတယ်” လို့ ပြောပြပါတယ်။
နိုင်ငံအရပ်ရပ်က ဖက်ရှင်ရေစီးကြောင်းတွေ မြန်မာပြည်ထဲကို အရပ်ရပ်က စီးဝင်လာလို့ မြန်မာအမျိုးသမီးငယ်တွေရဲ့ ဖက်ရှင်လောကမှာ စကပ်တို၊ ဂါဝန်တိုတို၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ တီရှပ်တွေရဲ့ကြား မြန်မာဆန်တဲ့ ဝတ်စုံလေးတွေ တိမ်မြုပ်နေရတယ်၊ ပြည်တွင်းက ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက ကြော်ငြာတွေမှာဆိုရင် ကိုယ်ဟန်ပြသူတွေ၊ သရုပ်ဆောင်တွေရဲ့ အနောက်တိုင်းဖက်ရှင်တွေကပဲ လွှမ်းမိုးနေတယ်လို့ ရိုးရာဓလေ့မြတ်နိုးသူတွေက ဆိုပါတယ်။
“မြို့ထဲသွားလိုက်ရင် ကောင်မလေးတွေ ဝတ်ထားကြတာ၊ ပင်လယ်ကမ်းခြေနား ရောက်နေသလား မှတ်ရတယ်။ အတိုတွေ၊ အပြတ်တွေနဲ့လေ။ အခုက ရာသီဥတုက ပူလာတော့ ပိုဆိုးတယ်။ မြန်မာဝတ်စုံ ဝတ်တာဆိုလို့ အမျိုးသမီးကြီးတွေပဲ ရှိတော့တယ်။ နောင်ဆို ထိုင်းနိုင်ငံလိုမျိုး ထမီဝတ်တဲ့အမျိုးသမီးတွေ ပျောက်သွားမလားပဲ။ အမေစုက ရှေ့က ဝတ်ပြနေတာ ဘယ်လောက် ကျက်သရေရှိထားလဲ။ မြန်မာမလေးတွေ အတုယူသင့်တယ်” လို့ ဂရပ်ဖစ်ဒီဇိုင်နာတယောက်က ပြောပါတယ်။
ရန်ကုန်က နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတယောက်ကလည်း “ဖက်ရှင်စီးကြောင်းအရ ပြောင်းလဲနေတယ်ဆိုပေမယ့် မြန်မာမလေးတွေ မြန်မာလိုဝတ်ပြီး လှနေတာက ပိုကောင်းတာပေါ့။ အန်တီစု ဝတ်တာတွေဆိုရင် သာမန် ချည်ထည်လေးတွေနဲ့ပဲ ကျက်သရေရှိတယ်။ ချည်ထည်လေးတွေဆိုတော့ မြန်မာ့ရာသီဥတုနဲ့လည်း ကိုက်ညီတယ်။ ဖက်ရှင်စီးကြောင်း ဘယ်လိုပဲပြောင်းပြောင်း ရိုးရာယဉ်ကျေးမှုကတော့ မပျောက်သင့်ဘူးပေါ့” လို့ ပြောပြပါတယ်။
ဘယ်သူတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီဝတ်စုံလေးတွေ ချုပ်ပေးနေလဲ၊ ဘယ်သူတွေက ဒီဇိုင်းထွင်ပေးနေလဲဆိုတာကို ဖက်ရှင်ချစ်သူတွေက စိတ်ဝင်တစား သိချင်နေကြတာပါ။
ရန်ကုန်က နာမည်ကြီး ဒီဇိုင်နာ အသိုင်းအဝိုင်းထဲမှာကတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ချုပ်ပေးနေတယ်ဆိုတာ မရှိသေးပါဘူး။ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဈေးက အထည်တွေ ဝယ်လေ့ရှိကြောင်း၊ တချို့သော အထည်တွေကတော့ သူ့ကို ချစ်မြတ်နိုးတဲ့သူတွေက လက်ဆောင်အဖြစ် ပေးတာတွေရှိကြောင်းနဲ့ သူဝတ်မယ့် အကျႌတွေအတွက် ဒီဇိုင်းကို သူကိုယ်တိုင် ထွင်တယ်ဆိုတာပါပဲ။
သူ့ရဲ့ နေအိမ်ခြံဝင်းထဲမှာ ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက်တယောက်က ဒီဝတ်စုံလေးတွေရဲ့ ဒီဇိုင်နာအကြောင်းမေးတာမှာ ဒေါ်အောင်ဆန်းစုကြည်က “အဝတ်အစားက ကျမဖြစ်သလို ဝတ်တာပါပဲ” လို့ ဖြေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဝတ်လေ့ဝတ်ထရှိတဲ့ ပြည်တွင်းဖြစ် ချည်လုံချည်လေးတွေဟာ ကျပ် ၄၀၀၀ ကနေ ကျပ်တသောင်းခွဲ ဝန်းကျင်ပဲရှိပါတယ်။ လုံချည်လေးတွေနဲ့ အလိုက်ဝတ်မယ့် အကျႌအတွက် ချည်ထည်ပိတ်စဖိုးကလည်း အမျိုးအစားအလိုက် တကိုက် ၅ ထောင်ကနေ တသောင်းခွဲ ဝန်းကျင်အထည်တွေပါပဲ။
အိမ်နီးချင်းနိုင်ငံက ယင့်လတ်၊ အမေရိကန်က မီရှဲလ်အိုဘားမား၊ အင်္ဂလန်က ဆမန်သာ ကမ်းမရွန်းတို့ ဖက်ရှင်ကျပါတယ်လို့ ချီးမွမ်းခံရတဲ့ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာကြီးတွေရဲ့ လက်ရာတွေလိုမျိုး တန်ဖိုးကြီးအထည်တွေ မဟုတ်ပေမယ့် မြန်မာတို့ရဲ့ ဖက်ရှင်မျက်စေ့ထဲမှာ ထိုထိုသော ကမ္ဘာ့ဖက်ရှင်လောကရဲ့ ဝိုင်းချီးမွမ်းခံရတဲ့ အမျိုးသမီးတွေထက်ကို တင့်တယ်လှပနေတာပါ။
ကမ္ဘာကျော်ဒီဇိုင်နာတွေရဲ့ တန်ဖိုးမြင့် အဝတ်အစားတွေနဲ့ ဆင်ယင်တာ မဟုတ်၊ ဒီဇိုင်နာရယ်လို့ သီးသီးသန့်သန့် မရှိ၊ တိုင်းရေးပြည်ရာတွေနဲ့သာ လုံးပန်းနေတဲ့သူတယောက်ရဲ့ ပြည်တွင်းဖြစ် သာမန်ချည်ထည်တွေနဲ့ပဲ ကျက်သရေရှိရှိ ရိုးရှင်းလှပနေတဲ့ “ဖြစ်သလို ဖက်ရှင်” တခုဟာ နိုင်ငံတခုက အမျိုးသမီးထုအပေါ် သက်ရောက်မှုရှိနေတယ်၊ နိုင်ငံတဝှမ်း ရေပန်းစား ပြောစမှတ်ပြုနေရတဲ့ ဖက်ရှင်ဖြစ်နေတယ်ဆိုတာကို အနောက်နိုင်ငံတွေက ဖက်ရှင်ဂုရုကြီးတွေက ဘယ်လိုများ မှတ်ချက်ပေးကြမှာပါလိမ့်နော်။