မနက် ငါးနာရီကျော် အချိန်သာ ရှိသေးတာမို့ ပတ်ဝန်းကျင်မှာ အမှောင်ထု အနည်းငယ် ကြီးစိုးနေဆဲ။ သာမန် ကျေးလက် တောရွာလေး တခုမှာဆိုရင် ဒီအချိန်က တိတ်ဆိတ်ငြိမ်သက်နေရမှာ ဖြစ်ပေမယ့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာရှိတဲ့ ဝါးသင်္ခ ကျေးရွာကလေးမှာတော့ လူရာပေါင်းများစွာ ပျားပန်းခတ်လှုပ်ရှားနေကြပြီ။
ဝေးလံခေါင်သီလှတဲ့ တောရွာကလေးမှာ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေ၊ ခေတ်မီ မော်တော်ကားကောင်းတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်။ အများစုသော လူစုလူဝေးကတော့ ဝါးသင်္ခကျေးရွာ အလယ်ခေါင်မှာရှိတဲ့ ပန်းရောင်သုတ်ထားတဲ့ နှစ်ထပ်အိမ် ကလေးရှေ့မှာ စုရုံးနေကြပြီး သူတို့အားလုံးက နှစ်ထပ်အိမ်ကလေးဆီကိုပဲ ဂရုတစိုက် ကြည့်နေကြတယ်။
သူတို့လက်တွေထဲမှာတော့ နောက်ဆုံးပေါ် ကင်မရာတွေ၊ ဗီဒီယိုကင်မရာတွေ၊ မိုဘိုင်းလ်ဖုန်းတွေကိုယ်စီနဲ့ တစုံတဦးကို မျှော်လင့်စောင့်ဆိုင်းနေကြတယ်။ သူတို့အားလုံးမျက်နှာမှာ စောင့်ဆိုင်းရမှုအတွက် စိတ်မရှည်ကြတဲ့ အသွင်အပြင်မျိုးတွေ တွေ့မြင်နေရတယ်။
အဲဒီနှစ်ထပ်အိမ်ကလေးရှေ့မှာပဲ ကရင်ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေကအစ ကလေးငယ်တွေအဆုံး အရွယ်ပေါင်းစုံသော လူတွေက လူးလာခေါက်ပြန် သွားလာနေကြတယ်။ ဒါပေမယ့် သူတို့မျက်နှာမှာ အပြုံးတွေ ကိုယ်စီရှိနေတယ်။
နီညိုရောင်ဝမ်းဆက် ရင်ဖုံးအကျႌနဲ့ ထမီဝတ်ဆင်ထားတဲ့ အမျိုးသမီးတဦး နှစ်ထပ်အိမ်ထဲက ထွက်လာတယ်ဆိုရင်ပဲ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ပြေးသူက ပြေး၊ တိုးသူက တိုးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ လူတွေအားလုံး တည်ငြိမ်မှုမရှိတော့ဘဲ ဝရုန်းသုန်းကားဖြစ်နေကြတယ်။
သူတို့အားလုံးက အဲဒီအမျိုးသမီးကိုပဲ အာရုံစိုက်နေကြတဲ့အတွက် ခြေလှမ်းမှား လဲကျသူက လဲကျဖြစ်နေကြတယ်။ အဲဒီအမျိုးသမီးကတော့ “အမေစု” လို့ ပြည်သူတွေ အမြတ်တနိုးခေါ်ကြတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။
ကော့မှူးမြို့နယ်က ဝင်ရောက်အရွေးချယ်ခံမယ့် NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ ဧပြီလ ၁ ရက်နေ့ ကော့မှူးဝါးသင်္ခကျေးရွာမှာ လာရောက်နေထိုင်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲသတင်း ရယူကြတဲ့ နိုင်ငံတကာ သတင်းထောက်တွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေကလည်း အရိပ်ပမာ ဒေါ်အောင်ဆန်းစုကြည်နောက်က ထပ်ကြပ်လိုက်လို့ သတင်းရယူပေးပို့နေ ကြတယ်။
“နည်းနည်းလောက် ဖယ်ပေးပါ။ အမေ့ကား သွားလို့ရအောင် ဖယ်ပေးကြပါ” ဆိုတဲ့ NLD လုံခြုံရေးအဖွဲ့ဝင်လူငယ်တွေရဲ့ အသံက လူအုပ်ကြားထဲမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါတဲ့ ၉ဂ/၇၄၇၄ ပါဂျဲရိုး ကားနောက်ကို လူအုပ်ကြီးက ပြေးလိုက်နေကြတယ်။
သတင်းထောက်တွေက သတင်းရယူဖို့ လိုက်ကြတာဖြစ်ပေမယ့် ဒေသခံရွာခံလူထုကတော့ သူတို့ရဲ့ ရွာမှာ ဒုက္ခခံလာရောက်နေထိုင် ရွေးကောက်ပွဲဝင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
“အမေစုကို မဲပေးခဲ့ပြီးပြီ။ မဲရုံစဖွင့်ဖွင့်ချင်း သွားပေးလိုက်တယ်” လို့ ဆိုလိုက်သူက အသက် ၂၇ နှစ်အရွယ် ကရင်တိုင်းရင်းသားတဦးပါ။
ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုတဲ့ ဝါးသင်္ခကျေးရွာရဲ့ မထည်ဝါတဲ့ စာသင်ကျောင်း မဲရုံကလေးမှာတော့ မဲပေးသူတွေနဲ့ စည်ကားနေပြီ။ မဲရုံပရဝုဏ် ခြံစည်းရိုးဘေးမှတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံ ရိုက်ဖို့ ကြိုးစားနေတဲ့ ပြည်တွင်းပြည်ပ သတင်းထောက်နဲ့ ပြည့်နှက်နေတယ်။
မဲရုံအတွင်းမှာ လှည့်လည်ကြည့်ရှုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တည်ငြိမ်မှုအပြည့်နဲ့ မဲရုံအတွင်းကို စေ့စေ့စပ်စပ် လိုက်လံကြည့်ရှုနေတယ်။
မဲလာပေးသူတိုင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အပြုံးနဲ့ နှုတ်ဆက်ပြီး “ကျေးဇူးတင်ပါတယ်” လို့ ချိုချိုသာသာ ပြောဆိုတယ်။ ဘယ်သ့ူကို မဲပေးတယ်ဆိုတာ သူ မသိပေမယ့် မဲပေးသူတိုင်းကို သူက လေးလေးစားစား ရှိလှတယ်။
ဝါးသင်္ခကျေးရွာက ထွက်ခွာရာ လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်ကို လူတွေက အပြုံးမျက်နှာတွေနဲ့ လက်ပြနှုတ်ဆက်ကြတယ်။ တချို့လူတွေက လက်မကတွေ ထောင်ပြကြတယ်။ အားလုံးသော ဒေသခံတွေရဲ့ မျက်နှာတွေက တစုံတခုကို ကျေနပ်နေကြပုံပါပဲ။
ဒေါ်အောင်ဆန်းစုကြည်က ညောင်ထောက်၊ ငှက်အော်စမ်း၊ ချောင်ကော်ခြံ၊ နတ်စင်ကုန်း ကျေးရွာတွေက မဲရုံတွေကို လှည့်လည်ကြည့်ရှုပြီး နေ့လည် ၁၂ နာရီမထိုးခင် ကော့မှူးမြို့နယ်ကနေ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားတယ်။
ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာသွားပြီဖြစ်ပေမယ့် ကော့မှူးမြို့ပေါ်မှာတော့ လမ်းဘေး လက်ဘက်ရည်ဆိုင်တွေ၊ အအေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ လမ်းဘေးခုံတန်းဘေးတွေမှာ လူတွေ ပြည့်နှက်နေတယ်။
သူတို့အားလုံးက မဲပေးခဲ့ကြတဲ့ အတွေ့အကြုံတွေကို ပြန်လည်ပြောဆိုနေကြသလို မဲစာရွက်တွေမှာ ဖယောင်းသုတ်လို့ NLD ကို မဲပေးဖို့ အမှန်ခြစ်လို့ မရတဲ့အကြောင်း ပြောဆိုနေကြတယ်။
“ပြည်တော်သာ ၁ ရပ်ကွက် မဲရုံမှာ မဲပေးတဲ့ မဲဆန္ဒရှင် ဒေါ်ကြည်အေးက NLD မဲပေးဖို့ အမှန်ခြစ်တာ ဖယောင်းသုတ်ထားလို့ ခြစ်မရဘူး။ အဲဒါ မဲရုံမှူးက မဲစာရွက်လဲမပေးလို့ ပြဿနာတက်ကြတယ်။ တခြားမဲရုံတွေမှာလည်း မဲစာရင်း မပါတာ၊ ပြဿနာမျိုးစုံ တက်နေကြတယ်။ အားလုံးက ဒီနေ့ ဘာမှ မလုပ်ကြဘူး။ ရွေးကောက်ပွဲအကြောင်းပဲ ပြောကြဆိုကြ လုပ်ကြတယ်” လို့ ပြည်တော်သာ ၁ ရပ်ကွက်ထိပ်ရှိ စားသောက်ဆိုင်တခုမှ ဒေသခံတဦးက ပြောတယ်။
တချို့သော လက်ဖက်ရည်ဆိုင်များမှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ CNN နဲ့ BBC စတဲ့ ရုပ်သံ သတင်းလိုင်းများကို တိုက်ရိုက် ကြည့်ရှုနေကြတယ်။ ကော့မှူးတမြို့နယ်လုံး အိမ်တွင်းပုန်းသူ မရှိလို့ ဆိုရလောက်အောင်ပဲ နေ့လယ် ခြစ်ခြစ်တောက် နေရောင်အောက်မှာ လူတွေ သွားလာလှုပ်ရှားနေကြတယ်။
ညနေ ၄ နာရီ မဲရုံများ စတင်ပိတ်သိမ်းလိုက်ပြီး မဲတွေ စတင်ရေတွက်ချိန်မှာတော့ ကော့မှူးမြို့ လမ်းမတွေပေါ်မှာ လူသွားလူလာ ကင်းမဲ့သွားပြီး အများစုက မဲရုံတွေရဲ့ ပတ်ဝန်းကျင်နားတွေမှာ သွားရောက် စုဝေးနေကြတယ်။
“ဟေး … နိုင်ပြီ” ဆိုတဲ့ ကျယ်လောင်မြည်ဟီးတဲ့ အသံကြီးတွေက မဲရုံတွေရဲ့ ပတ်ဝန်းကျင်နေရာတွေက ပေါ်ထွက်လာပြီ။ ကော့မှူးတမြို့နယ်လုံးရဲ့ အနိုင်အရှုံးရလဒ်တွေ မသိရှိရသေးပေမယ့် မဲရုံတရုံ ချင်းစီအလိုက် မဲရလဒ်တွေ ထွက်ပေါ်လာလို့ လူတွေရဲ့ အားရကျေနပ် အော်ဟစ်သံတွေ ဆူဆူညံညံ ထွက်ပေါ်လာတယ်။
ကော့မှူးမြို့အဝင် ကားလမ်းမကြီးဘေး ဝဲယာတွေမှာ ကသူတွေက၊ ခုန်သူတွေက ခုန်၊ အော်တဲ့သူတွေက အော်၊ တမြို့လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပြီဆိုတဲ့ သတင်းတွေက မဲရေတွက်ပြီးတဲ့ မဲရုံတိုင်းဆီက ထွက်ပေါ်နေတယ်။
လမ်းမတွေပေါ်မှာ ခွပ်ဒေါင်းအလံ လွှင့်ထူထားတဲ့ကားတွေ၊ ဆိုင်ကယ်တွေကလည်း လူးလာခေါက်ပြန် မောင်းနှင်နေကြပြီ။ ကလေးငယ်တွေကအစ သက်ကြီးရွယ်အို အဘိုးအဘွားတွေအထိ ခွပ်ဒေါင်းအလံငယ်လေးတွေ ကိုင် ဝှေ့ယမ်းနေကြတယ်။
တချို့ လက်ဖက်ရည်ဆိုင်တွေက ရေပန်းစားနေတဲ့ “အမေဒေါ်စု ပြန်လာပြီ” ဆိုတဲ့ သီချင်းကို အသံကုန်မြှင့် ဖွင့်ထားကြတယ်။
ကော့မှူးမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးရှေ့မှာတော့ လူဝင်လို့မရအောင် တားဆီးထားတဲ့ ဝါးလုံးတွေရှိနေပြီး ရုံးတွင်းမှာလည်း လူတွေ ငြိမ်သက်နေတယ်။
“ကော့မှူးမှသည် ဒီမိုကရေစီသို့” ဆိုတဲ့ စာတန်းကိုင်ဆောင်ထားတဲ့ အမျိုးသမီးကြီးတဦးက သူရဲ့လက်မကို ထောင်လို့ ဝင့်ဝင့်ကြွားကြွားပုံစံ လူတိုင်းကို လုပ်ပြနေတယ်။ သူ့မျက်ဝန်းဆီက မျက်ရည်တွေကျနေပေမယ့် သူ့နှုတ်ခမ်းတွေက ပြုံးနေတယ်။
ကလေးတွေအားလုံးကလည်း “အမေစု နိုင်ပြီ” ဆိုပြီး ကခုန်နေကြတယ်။ နိုင်ငံရေးဆိုတာ ဘာမှန်းသိနိုင်တဲ့ အရွယ်မဟုတ်ပေမယ့် လူကြီးတွေရဲ့အပျော်က သူတို့ဆီကို ကူးစက်သွားပုံရတယ်။
ညဉ့်နက်လာတဲ့အမျှ ကော့မှူးလမ်းကြီးပေါ်မှာ ခွပ်ဒေါင်းနဖူးစည်းစီးထားတဲ့ အရွယ်စုံ လူပေါင်းမြောက်များစွာ ထွက်လာကြတယ်။
“ဒို့ ကော့မှူးက ရာဇဝင်မှာ စာတင်နိုင်ခဲ့ပြီ။ ကော့မှူးရဲ့သမိုင်း ဘယ်တော့မှ မရိုင်းဘူး” လို့ ပြောဆိုသူက အသက် ၆၀ ကျော်အရွယ် ကော့မှူးဒေသခံအဘိုးတဦးပါ။
ကော့မှူးဒေသခံတွေကြားမှာ လက်မ ထောင်ပြတာက ဖက်ရှင်တခုအလား တွင်တွင်ကျယ်ကျယ် တွေ့နေရတယ်။
မိုးချုပ်လာပြီဖြစ်ပေမယ့် နီနီရဲရဲ ခွပ်ဒေါင်းအလံတွေက ကော့မှူးမြို့တခွင်လုံးမှာ လွင့်ပျံနေဆဲ။
“အမေစု နိုင်ပြီ” ဆိုတဲ့ ကြွေးကြော်သံတွေက ညသန်းခေါင်ယံအချိန်အထိ ကော့မှူးမြို့တခွင်မှာ မြည်ဟည်းနေဆဲ။