ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ လတ်တလော ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကို တက်လာကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ ရုပ်သိမ်းပေးဖို့ အနောက်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
ဒီတောင်းဆိုချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် အများစုအနိုင်ရခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ ကြိုဆိုတုန့်ပြန်တာတွေအပြီးမှာ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တာပါ။

ဒဏ်ခတ်ပိတ်ဆို့မှုတွေ မြန်မာပြည်အပေါ် ချမှတ်ထားမှုတွေ ရုပ်သိမ်းသွားဖို့ အာဆီယံခေါင်းဆောင်များက ထိပ်သီးအစည်းအဝေးပွဲမှာ တညီတညွတ်တည်း တောင်းဆိုခဲ့ကြတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ယနေ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် ကြိုဆိုကြပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ နေပြည်တော်အစိုးရကို အပြုသဘောဆောင် တုန့်ပြန်ရင်း ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်လာမှုကို ထောက်ခံပံ့ပိုးဖို့ ခြေလှမ်းတွေ ပြင်လာကြပါတယ်။
အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန်းက နေပြည်တော်ရဲ့ အပြုသဘော တိုးတက်ဖြစ်ထွန်းမှုတိုင်းကို အမေရိကန်ကလည်း အပြုသဘောနဲ့ တုန့်ပြန်မှာဖြစ်တယ်လို့ အိုဘားမားအစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ လတ်တလေ ာမူဝါဒကို ထပ်မံအတည်ပြု ပြောကြားပါတယ်။ ပိတ်ဆို့မှုရုပ်သိမ်းရေးအပေါ် ဩဇာကြီးတဲ့ အမေရိကန် ကွန်ဂရက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုက စိတ်ဝင်တစား ဖြစ်နေစေပါတယ်။
လူအများလေးစားပြီး နိုင်ငံရေးဩဇာရှိတဲ့ အမေရိကန် အမျိုးသမီး ဒီမိုကရက်ခေါင်းဆောင် နန်စီပီလိုစီက ဒေါ်အောင်ဆန်းစုကြည် မြန်မာ့လွှတ်တော်ထဲ ရောက်လာတာဟာ မြန်မာပြည်သူတွေအတွက် ပိုတောက်ပတဲ့ အနာဂတ်ဆီ သွားရာလမ်းမှာ ကောင်းမွန်တဲ့အဆင့်တခုလို့ ဆိုလိုက်ပါတယ်။ မြန်မာ့အရေး ဦးဆောင်ခဲ့ကြတဲ့ ရီပတ်ဘလီကန် အမတ်တွေကလည်း အိုဘားမားရဲ့ မြန်မာပြည်ပေါ်လစီကို ထောက်ခံထားပါသေးတယ်။
နိုင်ငံရေးဩဇာကြီးတဲ့ ရီပတ်ဘလီကန်ခေါင်းဆောင် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက “မြန်မာပြည်အပေါ် ပြစ်ဒဏ်ခတ်မှု လျှော့ချရေး စတင်ဖို့ နိုင်ငံတကာမိတ်ဆွေများနဲ့ အမေရိကန်ပြည်ထောင်စုဟာ စဆွေးနွေးလုပ်ကိုင်သင့်ပါပြီ။ ဒီကိစ္စဟာ တဆင့်ခြင်း မှန်မှန် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ပါ။ အမေရိကန် ကွန်ဂရက်အနေနဲ့လည်း အရေးပါတဲ့ လုပ်ဆောင်ချက်တွေကို အကောင်အထည် ဖော်သွားပါမယ်” လို့ မနေ့က ထုတ်ပြောခဲ့ပါတယ်။
ဧရာဝတီက မိတ္တူရရှိထားပြီး မတ် ၂၈ ရက် နေ့စွဲထိုးထားတဲ့ အမေရိကန်ကွန်ဂရက် သုတေသနလုပ်ငန်း (CRS) အဖွဲ့ရဲ့ အစီရင်ခံစာမှာ အတိုက်အခံ နိုင်ငံရေးပါတီများ အထူးသဖြင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တခြားမိတ်ဆွေနိုင်ငံများနဲ့ ဥရောပသမဂ္ဂတို့ရဲ့ သဘောထား တုန့်ပြန်ချက်များက အမေရိကန် သဘောထားအပေါ် ဩဇာသက်ရောက်မယ်လို့ ဖော်ပြထားပါတယ်။
သမ္မတ အိုဘားမား အနေနဲ့လည်း ပိတ်ဆို့ဒဏ်ခတ်မှု အတော်များများ ဖယ်ရှားပေးနိုင်တဲ့အပြင် ကွန်ဂရက်ကို ဥပဒေ ပြင်ဆင်ပြဌာန်းပေးဖို့ အိမ်ဖြူတော်အနေနဲ့ တောင်းဆိုနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ကွန်ဂရက်အနေနဲ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ပြောင်းလဲသင့်သည်များကို ပြောင်းလဲရန် ကြားနာပွဲတွေကို လုပ်နိုင်ပါတယ်။
ဒဏ်ခတ်မှုရုပ်သိမ်းရေးကို အမေရိကန်တွေထက် ဥရောပသမဂ္ဂက ခပ်မြန်မြန် ပိုဆောင်ရွက်မယ့်ပုံပေါက်ပါတယ်။ ဧပြီ ၂၃ ရက် ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ချမှတ်မှုတစုံတရာ ပေါ်ထွက်လာနိုင်ပါတယ်။
သတင်းများအဆိုအရ ဗြိတိန်နဲ့ စကင်ဒီနေးဗီးယားနိုင်ငံတွေက စစ်လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ဆဲ ပုဂ္ဂိုလ်တဦးချင်းအပေါ် အရေးယူဒဏ်ခတ်မှုကို ဆက်ထိန်းထားချင်နေကြသလို ဂျာမန်၊ ပြင်သစ်တို့လို ပိတ်ဆို့မှုတွေ ခပ်မြန်မြန် ရုပ်သိမ်းချင်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒါကြောင့် အားလုံး သဘောတူညီမယ့် အဖြေတခုကို ရှာဖို့ အကြေအလည် ဆွေးနွေးနေကြရပြီလို့ သိရပါတယ်။
လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ ကျောက်မျက်သယံဇာတများ တင်သွင်းမှု ပိတ်ပင်ခြင်း၊ လူ ၅၀၀ နဲ့ စီးပွားရေးလုပ်ငန်း ၉၀၀ တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားခြင်း အပါအဝင် မြန်မာပြည်ဆိုင်ရာ ပြစ်ဒဏ်ခတ်မှုတွေအပေါ် နှစ်စဉ် ဆွေးနွေးချမှတ်မှုကို ဧပြီလကုန်တိုင်း လုပ်လာခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ထောက်ခံ အသိအမှတ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီလမှာ သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင် ၈၇ ဦးကို ပြည်ဝင်ခွင့်ပိတ်ပင်ထားတာ ဥရောပသမဂ္ဂက ဖြုတ်သိမ်းလိုက်ပါတယ်။
“နိုင်ငံရေးအရ ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို မြင်တွေ့လာနေတဲ့ တချိန်တည်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လွှတ်ဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေး ကျနော်တို့ ဆက်လက်တိုက်တွန်းသွားဖို့ ရှိပါတယ်” လို့ ဥရောပ အကြီးတန်းသံတမန်တဦးက AFP သတင်းဌာနကို ပြောပါတယ်။
လေ့လာသုံးသပ်သူတွေရဲ့ အဆိုအရ မြန်မာနိုင်ငံသားများ ဘဝဖွံ့ဖြိုးတိုးတက်စေရေး ရှေးရှုတဲ့ အရေးယူရုပ်သိမ်းမှုတွေ စတင်လုပ်ဆောင်လာနိုင်ပြီး စစ်အစိုးရအဖွဲ့ဝင်ဟောင်းများနဲ့ သူတို့ရဲ့ စီးပွားဖက်တွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးက နောက်ဆုံးမှ လာဖို့ အနေအထားရှိကြောင်း သိရပါတယ်။
တကယ်လို့ ပြစ်ဒဏ်ခတ်မှုတွေ လျှော့သွားရင် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက ပုံမှန်ကူးသန်းရောင်းဝယ်မှု ပြန်လည်စတင်လာမှာမို့ အာရှစီးပွားရေးသမားများ အထူးသဖြင့် တရုတ်က နေရာယူ လွှမ်းမိုးထားတဲ့ မြန်မာ့စီးပွားရေးအတွက် အလားအလာကောင်းတွေ ပိုမိုဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။
ဒါပေမယ့် ဥပဒေစိုးမိုးမှု အားနည်းခြင်း၊ ဆင်းရဲစုတ်ပြတ်နေတဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ၊ အလုပ်မတွင်တဲ့ စီးပွားရေးစနစ်တွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာပြည်ကို ခုန်ဝင်ဖို့ တွန့်နေကြတုန်းလို့ စီးပွားရေးကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။
“မြန်မာ့စီးပွားရေး ပြသနာတွေဟာ ဒဏ်ခတ်ပိတ်ဆို့တာတွေကြောင့် ဖြစ်လာခဲ့တာ မဟုတ်ဘူး။ သယံဇာတ တူးဖော်ရေးကလွဲလို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာဆီမလာတာ ဒဏ်ခတ်မှုကြောင့် မဟုတ်ခဲ့ဘူး။ ထိုင်း၊ တရုတ်နဲ့ စင်ကာပူတို့ဟာ တခြားကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့တာပဲ။ တကယ်က စစ်အစိုးရအဆက်ဆက် စီမံခန့်ခွဲမှုအလွဲတွေကြောင့် သူတို့ဝင်မလာခဲ့တာဖြစ်တယ်” လို့ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်က ကောက်ချက်ချပါတယ်။
နေပြည်တော်အစိုးရကတော့ လတ်တလော ပြဌာန်းခဲ့ပြီဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ မြန်မာကျပ်ငွေ လဲလှယ်ရေး နှုန်းထားပြင်ဆင်မှုတို့လို အခြေခံကျတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပြစ်ဒဏ်ခတ်မှု လျှော့ချမှာကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လူထုဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်လာဖို့ မျှော်လင့်နေပါတယ်။