ဧပရယ်ဖူးလ် ကြားဖြတ်ရွေးကောက်ပွဲကြီးကား ခွပ်ဒေါင်းပါတီကို အပြတ်အသတ် အနိုင်ပေးခြင်းအားဖြင့် အရူးလုပ်လိုက်ချေပြီ။ ဝိဉာဉ်များ၏ မဲပေးသံ၊ ဖယောင်းခြစ်သံ၊ မဲစာရင်းထဲမပါ မဲမပေးရ၍ ပူညံသံတို့နှင့် ပြီးဆုံးခြင်း တိုင်လေပြီ။
အာဏာလက်ကိုင် ခြင်္သေပါတီကား ခွပ်ဒေါင်းမပြိုင်နိုင်သော တနယ်မှာသာလျှင် ကပ်၍ ဘဲဥကွဲရုံ နိုင်လေသတတ်။ ခွပ်ဒေါင်းက သိမ်းကြုံး နိုင်လိုက်သဖြင့် နိုင်ငံတကာမှ (ပေါက်ဖော်ကြီးမှ အပ) ကောင်းလှေ့တည်းဟု ချီးကျူးကြလေ၏။
သို့သော် နေပူတော်၌ကား ဝမ်းသာအယ်လဲ မရှိနိုင် ဖြစ်လေသည်။ ၂၀၁၀ တွင် ခြင်္သေပါတီမှ ဝင်ပြိုင်ပြီး သမ္မတများနှင့် ဝန်ကြီးဝန်ငယ်များ ပေါ်ထွက်ခဲ့ရာ သီရိ လေးပြင်လေးရပ်ဝယ် ယခုကြားဖြတ်၌ ခွက်ခွက်လန်ရှုံးရကား ခြင်္သေပါတီ ခေါင်းဆောင်များ မျက်နှာ ဘယ်နားဝှက်ရမှန်းမသိ ဖြစ်နေလေသည်။
ထိုကဲ့သို့ရှိစဉ် အမှာတော်ဆင့်သဖြင့် နိုင်ငံတော် ထာဝရ အကြီးအကဲ၊ နိုင်ငံတော် သေနာပတိ (ငြိမ်း) ထံ ကေသရာဇာဟူသော ခြင်္သေမာန်ကို မထူနိုင်သည်ဖြစ်၍ အမြီးကုပ်သော အမူအရာနှင့် ခြင်္သေပါတီ ခေါင်းခေါင်များ အခစား ဝင်ကြရလေသည်။
နိုင်ငံတော် သေနာပတိ ။ ။ မင်းတို့ တယ်ညံ့ကြပါလား … ဟင်။ သူတို့ မပြိုင်နိုင်တဲ့ နေရာကြမှပဲ မနိုင်ချင့် နိုင်ချင် နိုင်ရတယ်လို့။ မင်းတို့ပြောတော့ အကုန်နိုင်မှာပါဆို။ ၂၀၁၅ မှာ ဘယ့်နှယ့် လုပ်ကြမတုန်း။
ခြင်္သေပါတီ အတွင်းရေးမူး၊ ခြင်္သေပါတီ တာဝန်ချန်တို့မှာ ခေါင်းမဖောင်နိုင်ဘဲ ရှိပြီး တိရိစ္ဆာန်ရုံက ခြင်္သေအမြီးသာ ပြေးဆွဲလိုက်ချင်ရဲ့ဟု စိတ်ကူးပေါက်လျက်ရှိကြလေသည်။
နိုင်ငံတော် သေနာပတိ ။ ။ နေပြည်တော် လေး သီရိစလုံး ရှုံးရတယ်လို့။ မင်းတို့က သေနတ်ခါးမချိတ်တာနဲ့ တပြိုက်နက် ဘာမှ မလုပ်တတ်တော့ပါလား။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ချိမယ် … အဲလေ အင်အားရှိမယ်ကွ။ ဟေ့ … ကာချုပ် ဗိုလ်ချုပ်ပုကလေးကို ရာထူးတိုးပေးလိုက်ကြကွာ၊ တပ်မတော် အင်အားရှိသွားအောင်။
ခြင်္သေပါတီပါတီ ခေါင်းဆောင်များ၊ ဝန်မင်းများ တယောက်မျက်နှာ တယောက်ကြည့်ရင်း ဖြေရခက်နေကြသည်။
စစ်ရာထူးခန့်ဝန်မင်း ။ ။ သူ့အထက်မှာ အဘတို့ ရာထူးတွေပဲ ရှိတော့တာ ဆိုတော့ … ဆိုတော့ …
နိုင်ငံတော် သေနာပတိ ။ ။ အာ … ဒါဖြင့် ဒု နိုင်ငံတော် သေနာပတိ ရာထူးခန့်လိုက်ကွာ။ သူက လူပုသလောက် စိတ်တို … အဲ စိတ်ပြတ်တယ်ကွ။ မင်းတို့ သမ္မတ စကားတောင် သုံးခွက် တခွက်တင် ကျိုပြီးမှ နားထောင်တာ မဟုတ်လား။
ဤသို့ဖြင့် နောက်တနေ့ အစိုးရဂေဇက် သတင်းစာဝယ် ကာချုပ်၏ အမည်ရှေ့မှ “ဒု နိုင်ငံတော် သေနာပတိ” ဟူသော ရာထူးအမည် ပါလာလေတော့သည်။ ဒု နိုင်ငံတော် သေနာပတိ ဆိုလျှင် သူ့အပေါ်က “နိုင်ငံတော် သေနာပတိ” က အရင် အဟောင်းပေပဲလားဟူသော သို့လောသို့လောများသည်လည်း ပေါ်ပေါက်လာလေတော့၏။
အဆက်အသွယ် ပြတ်တောက်နေသော နိုင်ငံတော် သေနာပတိ (ငြိမ်း) ထံ ဖုန်းခေါ်ရန် ဦးရုက္ခစိုး သတိရလေသည်။ ဟယ်လို … ဟယ်လို … ဟု နှစ်ဖက် အပြန်အလှန် လည်ချောင်းနာအောင် အသံစမ်းပြီးနောက် ချင်းမိုင်နှင့် နေပူတော်တို့ အဆက်အသွယ် ရကြလေသည်။
ဦးရုက္ခစိုး ။ ။ မတွေ့တာကြာပြီပဲဗျ။ ဘယ်နှယ့်တုန်း နိုင်ငံတော် သေနာပတိရဲ့။
နိုင်ငံတော် သေနာပတိ ။ ။ ဒီကောင်တွေကို ထားခဲ့ရတာ စိတ်တယ်မဖြောင့်ပါဘူး ဦးရုက္ခစိုးရယ်။ အခု ခြင်္သေက ခွပ်ဒေါင်းဆိတ်တာ ခံနေရတယ်ဗျ။
ဦးရုက္ခစိုး ။ ။ လွှတ်သဘင်မှာ ခြင်္သေတွေ စီးထားတာပဲ နိုင်ငံတော် သေနာပတိရဲ့။ ဒီလောက်နဲ့တော့ စာမဖွဲ့လောက်ဘူး မဟုတ်လား။
ဦးရုက္ခစိုးကား နိုင်ငံတော် သေနာပတိကို သွေးတိုးစမ်းလျက် ရှိလေသည်။
နိုင်ငံတော် သေနာပတိ ။ ။ ကျုပ်လက်ထက်မှာ ၉ ဒဿမ ၉၉၉၉၉ နဲ့ နိုင်ခဲ့သမျှ ဒင်းတို့ လက်ထက်ကျမှ ဘဲဥတောင် မကွဲချင်ကွဲချင်ဗျ။
ဦးရုက္ခစိုး ။ ။ မပူပါနဲ့ နိုင်ငံတော် သေနာပတိရယ်။ နေရာကလေး ၄၀ ကျော်ပေးလိုက်မယ့် ပြန်ရမှာ အများကြီးပါ။ ခုပဲ အီးယူက ဆန်ရှင်တွေ ဖြုတ်ပြီး လာဖို့ အိတ်ပြင်နေကြပြီ မဟုတ်လား။ အမေရိကန်ကလည်း လျှော့ချင်ချင်ပဲ မဟုတ်လား။
နိုင်ငံတော် သေနာပတိ ။ ။ ဦးရုက္ခစိုးရဲ့ … ပထဝီနိုင်ငံရေး၊ သမိုင်းနိုင်ငံရေး၊ အုတ်ကျင်းနိုင်ငံရေး … အဲလေ ဒါတွေက ရှိတယ်ဗျ။ ပြည်ပအားကိုး ဒေါ်လာရိုး ဖြစ်သွားမယ်။ ယွမ်လည်း မဆိုးပါဘူးဗျာ။ ပေါက်ဖော်ကြီးနဲ့ ခွာပြဲလို့ မဖြစ်ဘူးဗျ။ ဘဲလန့် လုပ်ရမယ်။
ဦးရုက္ခစိုးကား အကွက်ဆိုက်သဖြင့် သတင်းနှိုက်လေပြီ။
ဦးရုက္ခစိုး ။ ။ ဒါဖြင့် ရပ်ထားတဲ့ ဧရာဝတီမြစ်ဆုံဘက်မှာ ကားတွေ တဝုန်းဝုန်း၊ ယန္တယားတွေ တဂျုန်းဂျုန်း ပြန်ကြားနေရတော့ နိုင်ငံတော် သေနာပတိ လက်ချက်ထင်ပါရဲ့ဗျာ။
နိုင်ငံတော် သေနာပတိ ။ ။ ပေါက်ဖော်ကြီးက ဘယ်လောက် ကောင်းခဲ့သလဲဗျ။ သူတို့ ချောင်းလေး မြောင်းလေး ပိတ်ချင် တူးချင်တာ တူးပါစေ။ ဦးရုက္ခစိုး … ကြည့် … ကျုပ်က နည်းနည်း မျက်နှာလွှဲတာနဲ့ ဒီမိုကရေစီ ဗန်းပြပြီးလုပ်နေကြတာ တိုင်းပြည်ဟာ ဂျောက်ထဲ ပြန်ကျတော့မယ်ဗျ။ ကြည့် … အခု။ ကျုပ်ချခဲ့တဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ဘတ်ဂျက်ကြောင့်ဆိုပြီး ရပ်ထားပြီ။ ကျုပ်လက်ထက်မှာ တံတားကြီးတွေ၊ တက္ကသိုလ်ကြီးတွေ … တနိုင်ငံလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်စည်ပင် သာယာ ဝပြော ထွန်းကား ….
“တီ … တီ … တီ … တီ”
ဖုန်းလိုင်းများရော လျှပ်စစ်မီးလိုင်းများပါ နေပူတော်တွင် ရုတ်တရက် ပျက်သွားလေပြီ။ ပြန်လည် စတင်တော့မည့် အရင်ကတည်းက မမှန်သော အလှည့်ကျ လျှပ်စစ်မီးမေးစနစ် မှားယွင်းခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
နိုင်ငံတော် သေနာပတိကား ဒေါသူပုန်ထလျက် လျှပ်စစ်ဝန်၊ ဆက်သွယ်ရေးဝန်တို့ကို အော်ဟစ်ငေါက်ငန်းမည်ဟု ကြံဆဲမှာပင် ယိုယွင်းသော ခန္ဓာကိုယ် အတ္တဘောက ဒေါသကို မလိုက်နိုင်သည်ဖြစ်၍ အမောဖောက်လာသဖြင့် ဆေးရုံသို့ ပို့ရလေတော့သည်။
ဦးရုက္ခစိုးကား “သြော် … ကိုယ့်ကိုယ်ကိုယ်ဖျက် တနိုင်ငံလုံးလည်း သံချေးတက်နေပြီ။ ခုထိ မကျွတ်ရှာသေးသည့် နိုင်ငံတော် သေနာပတိပေတကား” ဟု ရေရွတ်ကာ သံဝေဂယူနေလေတော့သတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။