အခု ဧပြီလ ဘဏ္ဍာရေးနှစ်ကစပြီး မြန်မာကျပ်ငွေကို နှုန်းရှင်အဖြစ် တရားဝင်သတ်မှတ် ကျင့်သုံးပါပြီ။ အဲဒီ အစီအစဉ်ကြောင့် ငွေကြေးလဲလှယ်မှုနှုန်းထား အမျိုးမျိုးဖြစ်နေမှုကို တရားဝင်ဆုံးခန်းတိုင်သွားပါပြီ။ ၂၀၁၃-၁၄ ခုနှစ်အတွင်း တရားမဝင် ငွေကြေးဈေးကွက် လုံးလုံးလျားလျား ပျောက်ကွယ် သွားစေရေးအတွက် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာကျပ်ငွေကို အမေရိကန် တဒေါ်လာ ၈. ၅ နဲ့ ညီမျှတဲ့ တန်ဖိုးရှိကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှာ ချိတ်ဆက်ထားမှုဟာ အခု ၃၅ နှစ်အကြာမှာ ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ IMF ရဲ့ အကြံဉာဏ်နဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်က နိုင်ငံပိုင်ဘဏ် ၃ ဘဏ်နဲ့ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်ကို ငွေကြေးရောင်းဝယ်ခွင့် လိုင်စင်ပေးပြီး လေလံဈေးကွက် ဖန်တီးပေးပါတယ်။ သတင်းထုတ်ပြန်ချက်အရ လက်လီဈေးကွက်မှာ ဈေးကွက်ပြဌာန်းနှုန်း ရဲ့ ဝ.၈ ရာခိုင်နှုန်း အတက်အကျခံစေပြီး လက်ကားဈေးက ဝ.၃ ရာခိုင်နှုန်း အယိမ်းအလှုပ်ခံမယ်လို့ သိရပါတယ်။ လက်လီဈေးကွက်ဆိုတာ လိုင်စင်ရဘဏ်တွေနဲ့ ဈေးဝယ်သူများအကြား အရောင်းအဝယ်ကို ရည်ရွယ်ပြီး လက်ကားဈေးက ဗဟိုဘဏ်နဲ့ လိုင်စင်ရဘဏ်များကြား အရောင်းအဝယ်ကို ပြောတာပါ။
“လက်ရှိပေါက်ဈေး ၈၁၈ ကျပ်ရဲ့ ဝ.၈ ရာခိုင်နှုန်းဆိုတာက ၆.၅၄၄ ကျပ်ပေါ့။ ၇ ကျပ်ပဲ ထားပါတော့။ ရောင်းဈေး၊ ဝယ်ဈေးကို ခုနစ်ကျပ်ခွာ ရောင်း၊ ဝယ်လုပ်ခွင့်ပြုတယ်။ အဲဒီတော့ ဘဏ်တွေက ဒေါ်လာရောင်းတဲ့သူတွေဆီက ဗဟိုဘဏ် သတ်မှတ်ဈေးထက် ခုနစ်ကျပ်လျော့ပြီးတော့ ဝယ်တယ်။ ဘဏ်မှာ ဒေါ်လာလာဝယ်တဲ့သူတွေကို ဗဟိုဘဏ် သတ်မှတ်ဈေးထက် ခုနစ်ကျပ်တိုးပြီးတော့ ရောင်းတယ်။ အဲဒီတော့ ငွေလဲဈေးနှုန်းက ကိုယ်က ဒေါ်လာသွားရောင်းရင် တဒေါ်လာ ၈၁၁ ကျပ်၊ ကိုယ်က ဒေါ်လာသွားဝယ်မယ်ဆိုရင် ၈၂၅ ကျပ်။ အဲဒီဈေးနှုန်းက ဘဏ်တွေက တရားဝင်ဖြစ်လာတဲ့ ရောင်းဈေး၊ ဝယ်ဈေး ငွေလဲနှုန်းပဲ” လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။
မြန်မာနိုင်ငံ ငွေကြေးလဲလှယ်နှုန်းစနစ်ဟာ ဈေးကွက်ကို လွတ်လပ်စွာ ပြဌာန်းခွင့်ပေးခဲ့တာမဟုတ်ဘဲ အပြင် ဈေးကွက်မှာ ပေါက်နေတဲ့နှုန်းနဲ့ အနီးစပ်ဆုံး သတ်မှတ်ပြဌာန်း ရောင်းဝယ်ခွင့်နဲ့ လိုအပ်ရင် ဈေးကွက်ကို ဝင်ရောက်စွပ်ဖက်ခွင့် ဗဟိုဘဏ်က ဆက်ကိုင်ထားပါတယ်။ ဒါကလည်း မြန်မာပြည်ထဲ နိုင်ငံခြားက ဝင်လာမယ့် အလုံးအရင်းသော အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်ခဲ့ရင် ကြုံလာရမယ့် အခက်အခဲတွေကနေ သက်သာစေရအောင်လို့လို့ ရန်ကုန်မှာ မကြာသေးခင်က ဖတ်ခဲ့တဲ့ စာတမ်းမှာ နိုဗဲလ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂလဇ်က ဆိုထားပါတယ်။
မြန်မာ့ငွေကြေးစနစ် ပြုပြင်ပြောင်းလဲမှုကြောင့် ဗျူရိုကရေစီလျော့ကျသွားမယ်၊ ဈေးကွက် လွတ်လပ်ခွင့် ပိုရလာမယ်၊ ၈ ကျပ်နှုန်းနဲ့ ဗန်းပြပြီး ခြစားနေတာတွေကိုလည်း ကာကွယ်သွားနိုင်လိမ့်မယ်၊ တကယ်လည်း ဈေးကွက်ပြဌာန်းချက် နှုန်းထားအတိုင်း စီးပွားရေးလုပ်ငန်းတွေက အလုပ်ဖြစ်နေကြတာ နှစ်ပေါင်းကြာနေပြီဖြစ်လို့ အဲဒီအတိုင်း တရားဝင်ပြောင်းလိုက်တာ လက်တွေ့ပိုကျလို့ ကောင်းတယ်လို့ စီးပွားရေးသမားတွေနဲ့ ပညာရှင်တွေက ကြိုဆိုကြပါတယ်။
“အရေးကြီးတဲ့ကိစ္စက ဘာဖြစ်လာနိုင်လဲဆိုတော့ အစိုးရရဲ့ ဘဏ္ဍာငွေစာရင်းတွေကို ဘယ်လိုမျိုး ပွင့်လင်းမြင်သာအောင် လုပ်မယ်၊ တာဝန်ခံမှု ရှိအောင်လုပ်မယ် ဆိုတာပဲ။ အကယ်၍ နှုန်းရှင်နဲ့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများရဲ့ နိုင်ငံခြားဝင်ငွေကို အထူးသဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ရရှိလာမယ့် နိုင်ငံခြားဝင်ငွေတွေ စနစ်တကျ မှတ်တမ်းတင်နိုင်ရင်တော့ နိုင်ငံအတွက် အင်မတန် အကျိုးရှိမယ်” လို့ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်က ပြောပြပါတယ်။
သိကြတဲ့အတိုင်း သဘာဝအရင်းအမြစ် အများစုကို ထိုင်း နဲ့ တရုတ်နိုင်ငံတို့က ဝယ်ယူကြပါတယ်။ ၂၀၁၃ ကစပြီး သဘာဝဓာတ်ငွေ့ ရောင်းချမှုနှုန်း သိသိသာသာ မြင့်တက်လာဖို့ရှိပါတယ်။ ဘင်္ဂလားပင်လယ်အော် ရွှေ ဓာတ်ငွေ့သိုက်ကနေ တရုတ်နိုင်ငံက နှစ်စဉ် ၆ဘီလီယံ ကုဗမီတာ ဝယ်ယူတော့မှာကြောင့် ဖြစ်ပါတယ်။
ထင်တိုင်းကြဲနိုင်ခွင့်ရှိခဲ့တဲ့ စစ်အုပ်ချုပ်ရေး စနစ်အောက်မှာတောင် မြန်မာနိုင်ငံရဲ့တရားဝင် နိုင်ငံခြားအရန်ငွေဟာ ၂၀၁၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံအထိ ခုန်တက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒေါ်လာသန်း ၂၀၀ သာ ရှိခဲ့တာလို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်ရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။ အဲဒီလို အရန်ငွေ အဆမတန် မြင့်တက်သွားရခြင်းဟာ သဘာဝဓာတ်ငွေ့ ရောင်းချလို့ရတဲ့ ငွေတွေကြောင့် ဖြစ်ပါတယ်။ ကမ်းလွန်သဘာဝဓာတ်ငွေ့နဲ့ တခြားသဘာ၀ အရင်းအမြစ်များ ရောင်းချခြင်းမှ ရရှိတဲ့ ဘီလီယံချီသော ဒေါ်လာငွေများ ငွေလဲနှုန်းစနစ်ဟောင်းအောက်မှာ အေးဓားပြတိုက်ခံ လိုက်ရတယ်လို့ လေ့လာသူအများစုက ယုံကြည်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ နေပြည်တော်အစိုးရသစ် ဖွဲ့ပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး အထက်မှာ ပြောသလို မြန်မာ့ငွေကြေးစနစ် ပြုပြင်ပြောင်းလဲရေးတွေ IMF နဲ့ တိုင်ပင်လုပ်နေရာမှာ လာမယ့် ၂၀၁၅ ခုနှစ် အာဆီယံဒေသ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်အတွင်း မြန်မာနိုင်ငံပါလာမှာနဲ့ တပြိုင်တည်း စတော့ဈေးကွက်နဲ့ ငွေကြေး စာချုပ်ရောင်းဝယ်ရေးဆိုင်ရာ ဈေးကွက်ဖွင့်နိုင်ရေး လုပ်နေတယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးမောင်မောင်ဝင်းက ဝေါလ်စထရိဂျာနယ်ကို ပြောပါတယ်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ အပြောင်းအလဲများကို စလုပ်ဆောင်နေကြောင်း၊ နိုင်ငံတွင်းသို့ နိုင်ငံခြားဘဏ်များ ဝင်ရောက်ခွင့် ပြုရေးစဉ်းစားလျက်ရှိနေကြောင်း ဦးမောင်မောင်ဝင်းက အင်္ဂါနေ့မှာ ပြောလိုက်တာ ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်အနေဖြင့် ပုဂ္ဂလိက ဘဏ်များ ပြန်ခိုင်မာလာစေရန်နဲ့ ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့်များ ပိုမိုရရှိစေရေးတို့အတွက် လွှတ်တော်က ဥပဒေသစ်တခုကို ပြဌာန်းခဲ့ကြောင်း၊ နိုင်ငံခြား ဘဏ် ၁၆ ခုမှ ရုံးခွဲများ လာရောက်ရန်ရှိပြီး မြန်မာပုဂ္ဂလိကဘဏ်များ အနေနဲ့လည်း ဖက်စပ် လုပ်ပိုင်ခွင့် ရလာမယ်လို့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဒီမူဝါဒ ဘယ်လို အကောင်အထည်ဖော်မလဲ၊ ဘယ်လောက်ရေရှည်ခံမလဲ ဆိုတဲ့မေးခွန်းတွေတော့ နောက်ဆက်တွဲ ပေါ်လာပါတယ်။ ယခင်က မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိခဲ့ပြီး ငွေကြေးဆိုင်ရာ မူဝါဒကိစ္စများနဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့် အပြည့်အ၀ မရှိခဲ့ဘဲ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို တောင်းခံရတဲ့စနစ်သာ ကျင့်သုံးဖြစ်ခဲ့ပါတယ်။ ယခင်အစိုးရများ လက်ထက်က အစိုးရအသုံးစရိတ် လိုအပ်ချက်များ ရှိလာပါက ငွေစက္ကူ ရိုက်ထုတ်သုံးစွဲခြင်းများနဲ့ အခြား စီမံခန့်ခွဲမှု အားနည်းချက်တို့က ငွေကြေးဖောင်းပွမှုကို မီးထိုးပေးခဲ့တယ်လို့ စီးပွားရေး ပညာရှင်များက ထောက်ပြထားကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း သမိုင်းကလည်း နာမည်မကောင်းခဲ့လေတော့ လူအများ သံသယကြီးတာ အပြစ်မဆိုသာပါဘူး။ ၁၉၆၂ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းအပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီထောင်ကာ ပုဂ္ဂလိကပိုင် နိုင်ငံခြားနဲ့ ပြည်တွင်း ဘဏ်များအားလုံး ပြည်သူပိုင် အမည်တပ် သိမ်းပိုက်ခဲ့ပါတယ်။ ၁၉၉၂ ခု ပုဂ္ဂလိကဘဏ်တွေ တည်ထောင်ခွင့်ပြုကာ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများ ပေးဖွင့်ခဲ့ပေမယ့် အလုပ်မတွင်တဲ့ စစ်ဘက် အုပ်ချုပ်ရေးစနစ်၊ မှောင်ခို မူးယစ်ဆေး ရောင်းဝယ်ရေးက ရတဲ့ငွေမည်းလျော်ဖွပ်မှု၊ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် မြန်မာ့ငွေကြေးစနစ် ဒုံရင်းဘဝက မတက်နိုင်ခဲ့ပါဘူး။ ၂၀၀၃ မှာတော့ ပွင့်လင်းလွတ်လပ်မှု တာဝန်ယူမှု ကင်းမဲ့ခဲ့တဲ့ မြန်မာ့ဘဏ်စနစ် ပြိုလဲခဲ့ပြီး ပုဂ္ဂလိကဘဏ် ၃ ဘဏ်ကို အစိုးရက ပိတ်ပစ်ခဲ့ပါတယ်။
ယခုအခါမှာတော့ ဗဟိုဘဏ်အနေနဲ့ IMF နဲ့အနီးကပ် လက်တွဲ လုပ်ဆောင်နေကြောင်း၊ ထိုင်းနိုင်ငံ ဗဟိုဘဏ်အပါအဝင် တခြားဘဏ်ကြီးများနဲ့လည်း နေ့စဉ် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစီးဆင်းမှုဆိုင်ရာ သတင်းအချက် အလက်များကို အတူ ပူးပေါင်းလုပ်ကိုင်နေကြောင်း ဦးမောင်မောင်ဝင်းက ဆိုပါတယ်။ မကြာသေးမီကပဲ ဘဏ်ကဒ်စနစ်နဲ့ ငွေ ထုတ်ယူနိုင်တဲ့ ATM စနစ်များကို စတင် အကောင် အထည်ဖော်ခဲ့ကြောင်း၊ စီးပွားရေး ဒဏ်ခတ်မှုများ ရုပ်သိမ်းလျှင် နိုင်ငံတကာ အကြွေးဝယ်ကဒ်များ သုံးစွဲနိုင်ဖို့ ဖြစ်လာနိုင်ကြောင်း ပြောပါသေးတယ်။
သတင်းတွေအရ Standard Chartered နဲ့ စင်ကာပူက United Overseas Bank (UOB) တို့လို နိုင်ငံတကာ ဘဏ်ကြီးတွေအနေနဲ့လည်း မြန်မာပြည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ UOB က ငွေကြေးလွှဲပြောင်းမှုဌာန အုပ်ချုပ်ရေးဆိုင်ရာ ဒါရိုက်တာ စိုလေးဟွားက မြန်မာ့အပြောင်းအလဲကို အခွင့်အရေးတရပ်လို့ မြင်ကြောင်း၊ မြန်မာဘဏ်လုပ်သားများကို ငွေကြေးအရောင်းအဝယ်နဲ့ မရေရာမှုများအား စီမံခန့်ခွဲခြင်းတွေကို ကူညီသင်ကြား ပေးနေတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ရိုက်တာရဲ့ အဆိုအရ နိုင်ငံတကာဘဏ်ကြီးတွေ အတော်များများ မြန်မာပြည်ကို ပြန်ဝင်ကြပြီး ရုံးဖွင့်ဖို့ ပြင်နေကြောင်း သိရပါတယ်။
မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ရင်းနှီးမြုပ်နံှမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လျှော့ချပေးမှာမို့လည်း ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဈေးကွက်အတွက် အလားအလာကောင်းတွေ ရှိလာပါတယ်။ အမေရိကန် အစိုးရအရာရှိများကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းပို့ချက်အရ လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေ ဒဏ်ခတ်မှုလျှော့ချတာကနေ အကျိုးခံစားကြရဖို့ရှိကြောင်းသိရပါတယ်။
ဒါပေမဲ့ မြန်မာကျပ်ငွေ ကမ္ဘာ့ငွေကြေးဈေးကွက်ထဲ ပြန်ဝင်လာရေး အထူးသဖြင့် နိုင်ငံခြားဘဏ်တွေ မြန်မာ့ငွေကြေးဈေးကွက်မှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်စေရေး ဖြေရှင်းစရာ အခက်အခဲများစွာ ကျန်နေပါသေးတယ်။ ဩစတြေးလျ စီးပွါးရေးပညာရှင် ရှောင်တာနယ် လတ်တလော ပြုစုထားတဲ့ လေ့လာချက်မှာ ငွေဖောင်းပွမှုနှုန်းထက် နိမ့်တဲ့ စပေါ်တင်နှုန်း သတ်မှတ်ထားခြင်း၊ အာမခံမဲ့ အကြွေးပေးမှုကို ပိတ်ပင်ထားခြင်း၊ လယ်သမားများကို ပုဂ္ဂလိကဘဏ်များက ငွေမချေးရခြင်းနဲ့ ရှုပ်ထွေးတဲ့ အတိုးနှုန်းသတ်မှတ်မှုတွေလို အစိုးရရဲ့ စည်းကမ်းသတ်မှတ်ချက်တွေက အတားအဆီးတွေ ဖြစ်နေစေတုန်းလို့ ထောက်ပြထားပါတယ်။
ပေါ်ထွန်းစ ကမ္ဘာ့ငွေကြေးဈေးကွက်သစ်တွေကို ရင်းနှီးမြှုပ်နှံမှုနဲ့ အကြံဉာဏ်တွေပေးကြတဲ့ အနောက်နိုင်ငံ ဘဏ်အရာရှိတွေက မြန်မာနိုင်ငံရဲ့ အနေအထားဟာ ထိုင်ဝမ်၊ တောင်ကိုရီးယားတို့လို ငွေကြေးစနစ် အပြောင်းအလဲနဲ့ မတူကြောင်း၊ ကမ္ဘာ့ငွေကြေးစနစ်နဲ့ ပြန်ချိတ်ဆက်ချိန်မှာ ယင်းနိုင်ငံတွေရဲ့ ငွေကြေးဈေးကွက်နဲ့ ဘဏ်များ အားကောင်းမောင်းသန် အဆင်သင့်ရှိနေခဲ့သော်လည်း မြန်မာနိုင်ငံမှာတော့ အလွန်နိမ့်ကျသော အဆင့်မှ ပြန်စရမှာဖြစ်ကြောင်း ထောက်ပြကြပါတယ်။ “ရင်းနှီးမြှုပ်နှံသူတွေဘက်က အဆင်သင့်ပါပဲ။
မြန်မာတွေဘက်က အဆင်သင့် မဖြစ်သေးဘူး” လို့ ကမ္ဘာ့ငွေကြေးဈေးကွက်သစ်တွေကို ရင်းနှီးမြှုပ်နှံမှုနဲ့ အကြံဉာဏ်တွေပေးကြတဲ့ လန်ဒန်အခြေစိုက် Exotix ဘဏ်ရဲ့ စီးပွားရေးပညာရှင်ချုပ် စတူးဝဒ်ကူဗာဟောက်က ဝေါလ်စထရိဂျာနယ်ကို ပြောပါတယ်။
ဒီလို မြန်မာ့ငွေကြေးစနစ် အပြောင်းအလဲကို ဒေသတွင်းနဲ့ နိုင်ငံတကာက စိတ်ဝင်တစား ဖြစ်နေပေမယ့် အစိုးရရဲ့ တရားဝင်ငွေလဲဈေးကွက်ဆိုတာ အလုပ်ဖြစ်တယ်ဆိုရုံသာရှိပြီး အမှန်တကယ် အလုပ်ဖြစ်မှုမှာ ပြင်ပမှောင်ခိုဈေးကွက်ကို မမီကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းက ပြောကြပါတယ်။
“အစိုးရရဲ့ တရားဝင်ငွေလဲဈေးကွက်က ရန်ကုန်မြို့မှာပဲ တွင်တွင်ကျယ်ကျယ် ရှိနေတာ။ ပြင်ပမှောင်ခိုငွေလဲ ဈေးကွက်က တရုတ်-မြန်မာ နယ်စပ်၊ ထိုင်း-မြန်မာနယ်စပ် တွေအပါအဝင် တကယ်ကို ကုန်သွယ်ရေး၊ စီးပွားရေးလုပ်နေတဲ့ နေရာတိုင်းမှာရှိနေတယ်။ အဲဒီတော့ ပြင်ပမှောင်ခိုဈေးကွက်ရဲ့ ကျယ်ပြန့်မှုကို အစိုးရ ငွေလဲဈေးကွက်က လိုက်မမီဘူး” လို့ ရန်ကုန်ရွှေကုန်သည်တဦးက ဧရာဝတီကို ပြောပါတယ်။
လမ်းပေါ်က ဈေးကွက်ကို အစိုးရက ဘယ်လိုမှ ထိန်းချုပ်မရဘူးဆိုတာ အားလုံးမျက်မြင်ပါပဲ။ ဘဏ်တွေပိတ်ချိန် ညနေ သုံးနာရီထိုးပြီဆိုတာနဲ့ အပြင် ငွေလှဲနှုန်းက တဒေါ်လာ ၇၈၀ ကျပ် ချက်ခြင်း ခုန်တက်သွားပါတယ်။ ငွေကြေးလဲလှယ်နှုန်း အပြောင်းအလဲကို သိနေတဲ့ နိုင်ငံခြားသားတွေနဲ့ မြန်မာတွေအတွက် စိတ်အနှောက်အယှက် ဖြစ်စရာပေါ့။ ငွေကြေးဆိုင်ရာ အပြောင်းအလဲကို မသိဘူးလားလို့ အပြင်ဈေးကွက်က ငွေဝယ်ရောင်းတွေကို မေးကြည့်တော့ တချို့က အကြမ်းအားဖြင့် သိတယ်၊ တချို့က နားမလည်ဘူး။ တယောက်ကဆို ပြောဆိုနေရင်း ထအော်လိုက်တယ်။ “ဘဏ်တွေ ပိတ်ပြီ၊ ဘဏ်တွေ ပိတ်ပြီ” တဲ့။
ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်း ပါဝင် သတင်းပေးပို့သည်။