မကြာခင်က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပြတ်အသတ် နိုင်ခဲ့တာကြောင့် မြန်မာပြည် ပြောင်းနေပြီလို့ ကမ္ဘာ့အသိုင်း အဝိုင်းက အသိအမှတ်ပြု ချီးမွမ်းသံတွေ ညံနေစဉ်မှာပဲ သူတို့ကို မေ့ထားခဲ့ကြပြီလားလို့ ခံစားတွေးမြင်နေသူတွေ သံတိုင်တွေ နောက်ကွယ်မှာ အများကြီး ကျန်ရှိနေသေးပါတယ်။
သူတို့တွေထဲမှာ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကတည်းက ထောင်ကျနေခဲ့တဲ့ ကိုအေးအောင် တယောက်လည်း အပါအဝင်ပါ။ ဇန်နဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသားတွေ နောက်ဆုံးတခေါက် ထပ်လွတ်လာခဲ့တုန်းက သားဖြစ်သူ လွတ်လာမလားရယ်လို့ မျှော်လင့်ခဲ့ပေမယ့် လွတ်မလာခဲ့ဘူးလို့ ဖခင် ဦးသောင်းစိန်နဲ့ မိခင် ဒေါ်စန်းမြင့်တို့က ပြောပြကြတယ်။
အိမ်ရဲ့ ဧည့်ခန်းနံရံပေါ်မှာ ၁၉၉၅ ခုနှစ်မှာ စာစီစာကုံးဆုရလို့ ဒေါ်အောင်ဆန်းစုကြည်က ကိုအေးအောင်ကို ဆုပေးနေတဲ့ မှတ်တမ်းဓာတ်ပုံလေးက ချိတ်ဆွဲလျက်သား။
ကိုအေးအောင်ရဲ့ မိသားစုဟာ ရန်ကုန်မြို့မှာ ဘဝရပ်တည်ရေးအတွက် အိမ်ဆိုင်လေးဖွင့်ပြီး ရုန်းကန်နေကြသူတွေပါ။ မိသားစု ခံစားနေနေရတဲ့ ဝေဒနာအပူမီးတွေကို ဘယ်သူကမှ သတိလည်း မထားမိကြဘူးလို့ ထောင်ဒဏ် စုစုပေါင်း ၅၉ နှစ် ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအေးအောင်ရဲ့ အသက် ၆၀ ကျော်အရွယ် အရွယ်မိဘများက ပြောပါတယ်။
“သူ ဘာကြောင့် လွတ်မလာတာလဲဆိုတာ ဘယ်သူမှ ကျနော်တို့ကို ရှင်းမပြခဲ့ပါဘူး။ ကျနော်တို့ ဘာမှ မသိရဘူး” လို့ ဦးသောင်းစိန်က ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီး ၁၈ လ ကြာမှာ ကိုမင်းကိုနိုင်၊ ဦးဂမ္ဘီရ အစရှိတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာခဲ့ပါတယ်။
“ခေါင်းဆောင်တွေ ပြန်လွတ်လာတော့ ကျန်သူတွေကို ကမ္ဘာကြီးက မေ့သွားတယ်” လို့ ဦးသောင်းစိန်က ပြောတဲ့အချိန် အနားက ဇနီးသည်၊ ကိုအေးအောင်ရဲ့မိခင်ဖြစ်သူက မျက်ရည်တွေ သုတ်လို့။
ကိုအေးအောင်ဟာ အသက် ၂၂ နှစ် အရွယ်၊ ၁၉၉၈ ခုနှစ်က ရာဇဝတ်ပြစ်မှုများစွာနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် စုစုပေါင်း ၅၉ နှစ် ချမှတ်ခံထားရတာ အခုဆိုရင် စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်မှာ ရှိနေပါတယ်။ မိနစ် ၂၀ လောက် စကားပြောခွင့်ရကြဖို့ ကုန်းလမ်းနဲ့ ၂ ရက်လောက် အဆင့်ဆင့် ခရီးနှင်ရတဲ့ သားဖြစ်သူရှိရာ အကျဉ်းထောင်ရှိရာကို မိသားစု တနှစ်မှ ၂ ခေါက်လောက်ပဲ အရင်က သွားနိုင်ခဲ့တာပါ။ အခုတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ လမ်းစရိတ် ကူညီမှုကြောင့် အခုဆို ၂ လ တခေါက် သွားနိုင်နေပါပြီ။ လွန်ခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကပဲ ကိုအေးအောင်ကို မိခင်ဖြစ်သူဟာ နှစ်ပေါင်း ၁၄ နှစ်အတွင် ပထမဆုံး အကြိမ် သားဖြစ်သူကို ပွေ့ဖက်ခွင့် ရခဲ့ပါတယ်။
“ဒီနှစ်ဆန်း ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာပေးတော့ ကျမတို့လည်း သားလွတ်လာမလားလို့ မျှော်မိတယ်။ တကယ်ဖြစ်လာတာက အဲဒီ ထောင်ထဲမှာ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဆိုလို့ သားတယောက်တည်း။ ကျမတို့ အရုပ်ကြိုးပြတ် လဲကျ မသွားအောင် မနည်းထိန်းနေရတယ်။ မလွယ်ပါဘူးရှင်” လို့ ကိုအေးအောင်ရဲ့ မိခင်က ပြောပါတယ်။
အဲဒီတုန်းက ကိုအေးအောင် မလွတ်လာတော့ အစိုးရ စွပ်စွဲထားတဲ့အတိုင်း သာမန် ရာဇဝတ်မှုနဲ့ ထောင်ကျနေတယ်လို့ အိမ်နီးချင်းတွေက ထင်ခဲ့ကြလို့ နားလည်အောင် တော်တော် ရှင်းပြခဲ့ရသေးတယ်လို့လည်း ဆိုတယ်။
ကိုအေးအောင်နဲ့ အတူ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ်ကျခံခဲ့ရကာ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ တောင်ကြီးထောင်က လွတ်လာတဲ့ ကိုစန်းဇော်ထွေး ဆိုရင် လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာပေမယ့် သူငယ်ချင်း ကိုအေးအောင်က ထောင်ထဲမှာ ကျန်နေဆဲဖြစ်တာကြောင့် သူလွတ်လာတာကိုတောင် မပျော်နိုင်ဘဲ စိတ်ထိခိုက်နေပါတယ်။
“လွတ်ဖို့က လူဘယ်လောက်သိလဲ ဆိုတဲ့အပေါ် မူတည်တယ်လေ။ နိုင်ငံရေး အကျဉ်းသားတွေအတွက် နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံစိုက်မှုရရင် ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတာပဲ။ ဒါပေမယ့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရှိတဲ့ အကျဉ်းသားဆို မေ့နေကြရောပဲ” လို့ ကိုစန်းဇော်ထွေးက ပြောပါတယ်။
အလားတူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးမြင့်အေးရဲ့ မိသားစုကလည်း သူတို့ရဲ့ မျှော်လင့်ချက်တွေကို အရှုံးမပေးသေးပါဘူး။ ဦးမြင့်အေးဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးကို တက်တက်ကြွကြွ လုပ်ဆောင်လာခဲ့တာ အခုဆို အသက် ၆၁ နှစ် ရှိနေပါပြီ။ ၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းအပြီးမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေး စောင့်ရှောက်ဖို့ စည်းရုံး ကြိုးစားနေစဉ်မှာပဲ သူ့ကို ဗုံးခွဲတရားခံတဦးအဖြစ် စွပ်စွဲဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းကတော့ ယခင်စစ်အစိုးရရဲ့ စွပ်စွဲမှုကို လက်မခံကြောင်းနဲ့ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ ခင်ပွန်းဖြစ်သူ လွတ်လာခဲ့မယ်လို့ မျှော်လင့်ခဲ့သေးကြောင်း ဆိုပါတယ်။ “မကြာခင်မှာ သူလွတ်လာမယ်လို့ မျှော်နေဆဲပါ” လို့ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်။
ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်အပေါ်မှာ သဘောကွဲနေကြပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကတော့ နိုင်ငံရေးအကျဉ်းသား ၈၀၀ ကျော်လောက် ကျန်ရှိနေပြီး ၄၀၀ လောက်ဟာ ဘယ်ထောင်မှာ ဘာပြစ်မှုနဲ့ ထောင်ဒဏ် ဘယ်လောက်ကျခံနေရတယ်ဆိုတာကို အခိုင်အမာပြောနိုင်ကြောင်း၊ ကျန်သူတွေကို စုံစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူများတွေကတော့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၃၀၀ လို့ ပြောဆိုနေကြပါတယ်။
NLD ခေါင်းဆောင်တဦးလည်းဖြစ်၊ အကျဉ်းထောင်ထဲမှာ ၁၉ နှစ် ကျော် နေခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်သူ ဦးဝင်းတင်ကတော့ “နိုင်ငံရေး အကျဉ်းသားတွေ အများကြီးရှိနေဆဲပါ။ အစိုးရတော့ သူတို့ အကုန်လွှတ်လိုက်ပြီလို့ ပြောနေတယ်။ ဒါပေမယ့် ဒါဟာ အမှန်မဟုတ်ဘူးဗျ” လို့ ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ အနောက်တိုင်း သံတမန်တဦးကလည်း သံရုံးတွေအနေနဲ့ အကြမ်းဖျင်း ခန့်မှန်းစာရင်းပြုစုထားတာ ရှိကြောင်းနဲ့ မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မရုပ်သိမ်းခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ထပ်ခါတလဲလဲ ဖိအားပေး ပြောဆိုနေတယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးရေး ရန်ကုန်မှာ စုဖွဲ့ထားတဲ့ အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုခင်ဇော်ကတော့ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား ခန့်မှန်းခြေ ၃၄၅ ဦးကနေ ၆၁၉ ဦး ရှိတယ်လို့ ပြောပါတယ်။
“ပြန်လွတ်လာသူ တော်တော်များများနဲ့ ကျနော်တို့ လိုက်တွေ့ပြီး စကား ပြောဖြစ်တယ်။ ဒါပေမယ့် တချို့က မပြောရဲဘူး” လို့ ကိုခင်ဇော်က ဆိုတယ်။
နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့ ပြောဆိုချက်များကလည်း ရှုပ်ထွေးနေပါတယ်။ ဇန်နဝါရီလ ၁၃ ရက်က လွတ်ငြိမ်းချမ်းသာ အမိန့်ထုတ်ပြန်ပြီး အာဏာပိုင်တွေက ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား မရှိကြောင်း ပြောနေချိန်မှာ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက “နိုင်ငံရေး” အကျဉ်းသားလို့ စာရင်းဝင်သူ ၁၂၈ ဦးဟာ “အကြမ်းဖက် ဗုံးဖောက်ခွဲမှုတွေလို ရာဇဝတ်ပြစ်မှုကြီးတွေကို ကျူးလွန်တဲ့အထဲမှာ ပါဝင်သူတွေဖြစ်တယ်” လို့ ဆိုပါတယ်။
အနောက်တိုင်း သံတမန်တဦးက ဒီအမှုတွေဟာ တကယ်မမှန်လို့ စိုးရိမ်မှုတွေ ရှိနေကြောင်း ပြောပါတယ်။
ကလေး ၂ ဦးရဲ့ ဖခင်လည်းဖြစ်၊ အင်ဂျင်နီယာတဦးလည်းဖြစ်တဲ့ ကိုဖြိုးဝေအောင်ရဲ့ မိသားစုကလည်း နိုင်ငံတကာက ဆက်လက် ကြိုးစားပေးလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက အများစု အနိုင်ရလိုက်ပြီး ပါလီမန်မှာ ဝင်ရတော့မယ်ဆိုတော့ ကိုဖြိုးဝေအောင် ပြန်လွတ်ရေး မျှော်လင့်ချက်ထားနေကြပါတယ်။
လူ ၁၀ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် X2O သင်္ကြန်ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု တရားခံ တဦးအဖြစ် ခိုင်မာတဲ့ အထောက်အထား မရှိဘဲ ယခင် အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးထောင်ချ အရေးယူခဲ့တာကြောင့် တရားရေးဆိုင်ရာ အဂတိလိုက်စားမှုကြီးတခုလို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေက ယူဆနေကြပြီး ကိုဖြိုးဝေအောင် လွတ်မြောက်ရေး ကြိုးစားနေကြပါတယ်။
ကိုဖြိုးဝေအောင်ရဲ့ အမှုကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူးကလည်း ထုတ်ဖော်ပြောဆိုနေပါတယ်။
အစ်ကိုဖြစ်သူ ဒေါက်တာ ထက်ဖြိုးအောင်က အာဏာပိုင်တွေဟာ ကိုဖြိုးဝေအောင်ကို ဗုံးကွဲမှုနဲ့ပတ်သက်တဲ့ အထောက်အထား ဘာတခုမှ မရှိဘဲ နှိပ်စက်ညှဉ်းပမ်းပြီး မတရား ထွက်ဆိုချက်တွေနဲ့ အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်လိုက်တာလို့ ဆိုပါတယ်။ “သူတို့ သူ့ကို လျှို့ဝှက်စစ်ကြောရေးစခန်းကို ခေါ်သွားပြီး သူ့ကို ဝန်ခံလာအောင်လို့ ရိုက်နှက် ညဉ်းပမ်းခဲ့ကြတယ်” လို့ ဒေါက်တာ ထက်ဖြိုးအောင်က ပြောပါတယ်။
ကိုဖြိုးဝေအောင် အမှုကို အင်းစိန်ထောင်ထဲမှာပဲ ၁၈ လကြာ တခါးပိတ် အကျဉ်းရုံး တရားစီရင်ခဲ့ကြတာပါ။ အမှုက မပြတ်သေးပါဘူး။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပြောတာက ကိုဖြိုးဝေအောင်ဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတယောက် မဟုတ်ပေမယ့် လှုပ်ရှားမှုတချို့မှာ ပါဖူးကြောင်း၊ ပြည်ပအတိုက်အခံ အုပ်စုတွေနဲ့ အဆက်အသွယ်ရှိကြောင်း ပြောကြပါတယ်။
ကိုဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက ကလေးတွေကို သူတို့ရဲ့ ဖခင် ဘယ်လို ဖြစ်ပျက် ရင်ဆိုင်နေရတယ်ဆိုတာကို ယခင်က မပြောခဲ့ကြောင်း၊ ဒါပေမယ့် မကြာသေးခင်က အသက် ၈ နှစ်အရွယ် သမီးက ဖခင်အကြောင်းကို မေးမြန်းလာကြောင်း ပြောပါတယ်။
မဌေးဌေး ပြောတာက “သူတို့အဖေကို မကောင်းတဲ့ရဲတွေ ဖမ်းသွားတယ်လို့ အခုတော့ ကျမ ပြောလိုက်ပြီ” တဲ့။
(လန်ဒန်အခြေစိုက် The Independent သတင်းစာပါ ဆောင်းပါးရှင် Brian Rex ရဲ့ Still in the grip of Burma’s tyrants ကို တိုက်ရိုက် ဘာသာပြန်ဆိုသည်)