သင်္ကြန်ရက် မစမီ၊ သင်္ကြန်တွင်းနှင့် သင်္ကြန်ကာလအဆုံး အပြင်လောကရော အင်တာနက် လောကပါ ပွဲဆူလှသည်။ ရာသီဥတုက ပူလောင်အိုက်စပ်၊ လူတွေတရုန်းရုန်းနှင့်ပျော်ပိုက်ခြင်းငှာ မထိုက်သဖြင့် ဦးရုက္ခစိုးကား သီတင်းသီလဥပုသ်ကို မြဲသည့်နည်းတူ အင်တာနက်ရှေ့၌လည်း ကျောက်ချနေမိလေသည်။
“ဟေ့ … ကောင်မလေးကို လွှတ်လိုက်” ဟူသော ဟီးရိုး ဇာတ်လမ်းဆန်ဆန် စုံထောက်မင်းကြီး၏ ဟိတ်တလုံးနှင့် ပွခဲ့သော သတင်း သည် သူကိုယ်တိုင် လူဆိုးကြီး ဖြစ်နေရကား ဒုလ္လဘရဟန်းခံလိုက်ခြင်းဖြင့် အီလည်လည် ပြီးသွားသည်။ ဇာတ်ညွှန်းရေးသူကလည်း သူရေးတုန်းက “ဤ” ဖြစ်ပြီး သတင်းစာက “ကျွဲ” လုပ်ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးချက်ကို သူက အသံမဖမ်းခဲ့ရဘဲ ဦးပဇ္ဈင်းလူထွက် တဖြစ်လဲ စုံထောက်မင်းကြီးကသာ အသံဖမ်းထားလိုက်ကြောင်းဖြင့် ဝန်ခံလိုက်ရလေတော့၏။ စုံထောက်မင်းကြီးကား ဉာဉ်မပျောက်သေးပေတကားဟု ဦးရုက္ခစိုး ညည်းတွားမိပေသည်။
သင်္ကြန်မတိုင်မီကလေးက ဒီမိုကရေစီ မိခင်ကြီး၏ ပါတီကို သီချင်းဆို၍ ကူညီမိသဖြင့် ခွက်ခွက်လန် ခြင်္သေပါတီက မည်သို့ လုပ်လိုက်သည်မသိ၊ အဆိုတော်များ စင်ပေါ်မတက်ရ ဖြစ်ကုန်သည်ကလည်း လူပြောများလေ၏။
သင်္ကြန်တွင်း တိုင်လုံးပွတ်အက၊ ဓာတ်တိုင်ဖက်အက၊ စင်ပေါ်တက်ကာ ဘောင်းဘီတိုတို စကတ်တိုတိုနှင့် ကရာတေးသိုင်းအက၊ သွေးပူလေ့ကျင့်ခန်း လုပ်သကဲ့သို့ ကော့ကော်ကန်ကား အက ဓာတ်ပုံတို့ကား ဓာတ်ပုံဆရာတို့၏ ထူးသောဝီရိယဖြင့် မုခစာအုပ်ဝယ် ဗွက်ထနေလေ၏။
ဒီမိုကရေစီဆိုတာ ဒါလားဟု ညည်းသူ ညည်း၏။ ဤပုံတွေ အင်တာနက်ပေါ် မတင်သင့်ဟု ဆိုသူဆို၏။ နောင်အရှက်ရပြီး ဆင်ခြင်အောင် တင်ရမည်ဟု ပြောသူပြော၏။ ဤသို့အားဖြင့် “ယဉ်ကျေးမှုများ လှုပ်ချွတ်မိခြင်း” ဟူသော ရေးသားဆွေးနွေးမှုများ ပေါ်ပေါက်လာဦးလတ္တံ့ဟု ဦးရုက္ခစိုး ဟောကိန်းထုတ်မိလေသည်။
ရေလောင်းရေပက် မူးချက်ကယ် လန်နေသော ဤသင်္ကြန်ကာလဝယ် လျှပ်စစ်မီးပိုနေသဖြင့် ရောင်းစားထားပါသည်ဟု ကြေညာပြီး တိုင်းပြည်ကို စောစောအိပ်အောင် မီးမှိတ်ထားပေးလေသော စေတနာကို အသိအမှတ်မပြုသည်ဖြစ်၍ လျှပ်စစ်ဝန်ကို ဖြုတ်ပေးပါဟု တောင်းဆိုသူကလည်း ဆို၏။ ဟိုးအရင် ၁၅ သိန်းတန်ဖုန်းကို ၅ သိန်းနှင့်ရောင်းသော်လည်း ၅ ထောင်ရမှ ဝယ်မည်ဟု ၅ ထောင်ကမ်ပိန်းလုပ်နေသဖြင့် ဆက်သွယ်ရေးမင်းကြီးမှာလည်း ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိ တိမ်းရှောင်နေရဟန် တူလေသည်။
ဒီမိုကရေစီခေတ်၌ လူတွေသည် ငုံ့မခံကြတော့ပါကလားဟု ဦးရုက္ခစိုးကား တွေးတော အားတက်မိလေသည်။ ဒီမိုကရေစီခေတ်ဦးဝယ် လူတွေက အဝေဖန်လည်း အလွန်သွက်လက်ကြပေသည်ဟု ဦးရုက္ခစိုး ကောက်ချက်ချမိ၏။ ဥပမာတခုပဲ ကြည့်ကြစို့ …။ ကျန်းမာရေးအားဖြင့် အဖြစ်မှ အပျက်သို့ ရွေ့လျောနေသည်ဟု ဆိုကြလေသော အငြိမ်းစား နိုင်ငံတော် သေနာပတိက မနေနိုင်မထိုင်နိုင် “ဗိုလ်ချုပ်ကို အကြည်ညိုဆုံးပါ”ဟု အာချောင်ခဲ့မိလေသတတ်။
ယင်းသတင်းကို ရဟန်းရှင်လူတို့ ကြားလတ်သည်ရှိသော် “ဟိုသင်းပါးစပ်က ဟိုဟာထွက်”၊ “ယိုသူမရှက် မြင်သူရှက်”၊ “ယုန်တကောင်လုံး ငုံပြောတောင် မယုံ”၊ “ပလီစိချောက်ချက်” ဟူသော စကားပုံတို့ဖြင့် ကောင်းချီးပေးသည်ကို တွေ့ရလေသတတ်။ အပြတ်ကို ဝေဖန်ကြလေတော့သည်။
ဝေဖန်လေကန်ကြသည့်အထဲ သိကြားမင်းလည်း အဆစ်ပါသေး၏။ အကုသိုလ်ပြုသူများကို ပုရပိုက်ဖြင့် မှတ်မည်ရှိသော် ပုရပိုက်မှာ “မိတ် အင် စိန့်တိုင်း” ဖြစ်ရသည့်အထဲ ရေးမှတ်မရအောင် ဘယ်သူက ဖယောင်းသုတ်ထားသည် မသိ ဟူသတတ်။ သိကြားမင်းမှာ အိုင်ပက်ဆိုသည့် ကျောက်သင်ပုန်းရှိသော်လည်း မြန်မာပြည် မီးပျက်နေသဖြင့် ချာချင်သွင်း၍ မရနိုင်ရကား ရှေးအစဉ်အလာအတိုင်း ပုရပိုက်ဖြင့် မှတ်ရခြင်းဟု ခိုင်လုံသော သတင်းရပ်ကွက်က ဆိုပေ၏။
ဤကြားထဲ ပါးတခါရိုက်လျှင် ၁ ဒေါ်လာကျော်ကျော်သာ ဒဏ်တပ်သည်ဟု လည်းကောင်း၊ အရက်ပုန်းကို ပီပါလိုက် ရောင်းလျှင်လည်း ၁ ဒေါ်လာကျော်ကျော်သာ ဒဏ်ငွေသင့်သည်ဟု လည်းကောင်း သတင်းများ ဖတ်ရပြီးလျှင် ကမ္ဘာအရပ်ရပ်မှ ရန်အဖြစ်သန်သော ငါးစိမ်းသည်များသည်လည်းကောင်း၊ အရက်ပုန်းချက်သူ ဓာတုဗေဒပညာရှင် အကျော်အမော်တို့သည်လည်းကောင်း မြန်မာပြည်၌ စီးပွားရေးလုပ်ငန်းများကို ပြောင်းရွှေ့အခြေစိုက်ကြပြီးလျှင် ဒဏ်ကြေးပျော်ပျော်ပေးကြမည်ဟုလည်း ဦးရုက္ခစိုး ကြားသိနေရပေသည်။
သို့ဖြစ်ရကား မြန်မာပြည်ဝယ် “ပါးရိုက်လျှင် ဈေးကိုက်သည်” ဟုလည်းကောင်း၊ “အရက်ဆိုင်ထောင် အိုတောင်မဆင်းရဲ” ဟုလည်းကောင်း စကားပုံအသစ်များလည်း ထွက်ပေါ်လာနိုင်ဖွယ်ရှိသည်ဟု ဦးရုက္ခစိုး တွေးမိလေသည်။။
ဤသို့ဆိုလျှင် ၅ ထပ်အမြင့်ရုံးမှ ပြုတ်ကျ၊ တွန်းချလိုက်သော် ဘယ်နှဒေါ်လာ၊ မီးပူနှင့်ကပ်သော် ဘယ်လောက် ဈေးသက်သာဟူသော စီရင်ထုံးများ ဆက်လက် ထွက်ပေါ်လာလျှင်မူကားဟု ဦးရုက္ခစိုးတွေးမိလျှင် ကြက်သီးများ ထမိလေတော့၏။
“သြော် … ငါ့နှယ် အင်တာနက်ကြီးထဲ ဝင်လိုက်၊ မုခစာအုပ်ထဲ ဖတ်လိုက်နဲ့ သီလတွေလည်း ယိုင်နဲ့ကုန်ပါပြီ” ဟု သတိဆယ်မိသောကြောင့် ဦးရုက္ခစိုး စင်္ကြ ံထလျှောက်မည်ကြံဆဲ ရုံးပိတ်ထားသည်ဆိုသော ဒေဝါလီမဂ္ဂဇင်းမှ တက်လာသည့် သတင်းတပုဒ်ကြောင့် ဦးရုက္ခစိုး မျက်လုံးပြူးသွားလေသည်။
သတင်းခေါင်းစဉ်ကား “ဦးရုက္ခစိုး သင်္ကြန်ကာလအတွင်း နတ်သမီးလေးတွေ တဖက်လေးငါးရာနှင့် ပျော်ပါးနေ၊ သိကြားမင်းက မှတ်ချက်ယူ” ဟူသတတ်။
“ဒါဘယ်ကောင့် လက်ချက်ပါလိမ့်၊ ဖိုးရှုပ်နဲ့ ကြွက်စုတ် သင်္ကြန်မလည်ဘဲ ငါ့ကို တနေရာက ချောင်းပြီး ဆော်လိုက်သလား” စသည်ဖြင့် စသည်ဖြင့် ဦးရုက္ခစိုးဟာ ဒေါမနဿများ ဖြစ်နေရင်း ဒေဝါလီမဂ္ဂဇင်းသို့ ဖုန်းဆက်ရာ အယ်ဒီပြာများနှင့် တွေ့လေပြီ။ အယ်ဒီပြာများကား ချင်းမိုင် သင်္ကြန်ပူပူကို ဘီယာအေးအေးနှင့် အာခံနေကြသောအခိုက် ဖြစ်လေသည်။
ဦးရုက္ခစိုး ။ ။ ဟေ့ ငါ နတ်သမီးလေးတွေ တဖက်လေးငါးရာနဲ့ သင်္ကြန်မှာ ကဲနေတယ်ဆိုတာ ဘယ်သူရေးတာတုန်းကွ။
အယ်ဒီပြာများ ။ ။ ကျနော်တို့လည်း ဖတ်နေတာ၊ ဦးရုက္ခစိုး ကောင်းစားနေတယ်ဆိုပြီး ဖတ်ကြည့်နေတာ။ ဘယ်အချိန် တင်လိုက်မှန်းတောင် မသိဘူး။
ဦးရုက္ခစိုး ။ ။ ဘာ … မင်းတို့ ဒေဝါလီမဂ္ဂဇင်းဆိုဒ်တော့ အဟက်ခံရပြီထင်တယ်ကွ။ ဘယ့်နှယ့် ငါ ဥပုသ်စောင့်နေတာ ကွန်ပျူတာရှေ့က တခါမှ မထဘူး။
အယ်ဒီပြာများလည်း “ဟိုက်” ခနဲ ဖြစ်ပြီးလျှင် ဝက်ဘ်မာစတာ အကျော်အမော်တို့ ရောက်ရာအရပ် အမြန်ဆုံး ကွန်ပျူတာရှေ့လာရန် ဆင့်ခေါ်ကာ သတင်းဖြုတ်ချပြီး ဟက်ခ်ကာကို တားဆီးရေး အပြေးအလွှား လုပ်ရလေတော့၏။
သင်္ကြန်ကာလ ကားကြပ်၊ လူကြပ်နှင့် ရောက်ရာအရပ်က ပြန်ရသော ဝက်ဘ်ဆရာများ ကွန်ပျူတာရှေ့ တော်တော်နှင့် မရောက်နိုင်ရှိရာ သတင်းမဖြုတ်နိုင်သေးသည်နှင့်အမျှ ဦးရုက္ခစိုးကား ချင်းမိုင်သင်္ကြန် နေပူပူဝယ် ဒေါသတဆူဆူ ဖြစ်နေလေတော့သတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။