ကျနော်မှတ်မိသလောက်ဆိုရင် တပ်ရင်းညီလာခံအပြီး ၁၉၉၀ ဇူလိုင်လကနေ ၁၉၉၁ နှစ်ကုန်ပိုင်း ABSDF ဗဟို နှစ်ချမ်းကွဲတဲ့အချိန်အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ စခန်းကော်မတီဟာ စုစည်းညီညွတ်မှု အားအကောင်းဆုံး၊ တည်ငြိမ်မှုအရှိဆုံး ကော်မတီတခုဖြစ်ခဲ့ပြီး အရေးကြီးတဲ့ကိစ္စ အတော်များများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကော်မတီတာဝန်ရှိသူတွေ ထိုင်းနိုင်ငံထဲ ထွက်ပြီး နိုင်ငံတကာ ဆက်ဆံရေး၊ ထိုင်းစီးပွားရေးသမားတွေနဲ့ ဆက်ဆံရေး၊ အလှူရှင်တွေနဲ့ ဆက်ဆံရေး၊ တခြားမဟာမိတ် အဖွဲ့တွေနဲ့ ဆက်ဆံရေး၊ ဘန်ကောက်က ကျောင်းသားတွေနဲ့ ဆက်ဆံရေးကိစ္စတွေကိုပါ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီကာလမှာ ဆူခွန်ဗစ် ဆွိုင် ၇၁ ထဲက မင်းသမီးစခန်းရဲ့ရုံးကို ပိတ်ပစ်ခဲ့ပြီး ဆူခွန်ဗစ်လမ်း နောက်တနေရာရှိ ဦးစိုးပိုင် (နောက်ပိုင်း NCGUB ရဲ့ အကြံပေးအရာရှိ) ရဲ့ နေအိမ်ကို စခန်းကော်မတီ စုရပ်နေရာအဖြစ် ကျနော်တို့ အသုံးပြုခဲ့ကြပါတယ်။
ဒီလိုနဲ့တနေ့မှာတော့ အထူးပုဂ္ဂိုလ် ၃ ဦးကို ဦးစိုးပိုင်ရဲ့အိမ်မှာ ကျနော်တွေ့ရပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကတော့ မာနယ်ပလောကနေ ဘန်ကောက်ကို ရောက်ကာစ စင်ပြိုင်အစိုးရ ဝန်ကြီးချုပ် သချာၤပါမောက္ခ ဒေါက်တာ စိန်ဝင်း (အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းရဲ့သား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲ)၊ နိုင်ငံခြားရေးဝန်ကြီး ဦးပီတာလင်းပင်၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုတို့ ဖြစ်ပါတယ်။ နောက်တပတ်လောက် ကြာတဲ့အချိန်မှာတော့ ဒေါက်တာ စိန်ဝင်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုတို့ ကျနော်တို့ မင်းသမီးစခန်းဆီ ရောက်လာပါတယ်။
အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ၁၉၉၀ မေလ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၈၀ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် နဝတက အာဏာလွှဲမပေးခဲ့ပါဘူး။ ဒီရွေးကောက်ပွဲဟာ လွှတ်တော်တက်ဖို့ အမတ်ရွေးတာ မဟုတ်ဘဲ အခြေခံဥပဒေဆွဲဖို့ ရွေးတာသာဖြစ်တယ်ဆိုပြီး အမိန့်ကြေညာချက်တွေ ထွက်လာပါတယ်။ နောက်ဆုံးမှာတော့ ပြည်တွင်းမှာ ပါလီမန်ခေါ်ဖို့ အစိုးရဖွဲ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ အမတ်အတော်များများက စဉ်းစားကြပြီး နယ်စပ်မှာ စင်ပြိုင်အစိုးရဖွဲ့မယ်လို့ ဒေါက်တာ စိန်ဝင်းနဲ့ လွှတ်တော်အမတ်တချို့ မာနယ်ပလောဒေသဆီ ရောက်လာတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ၁၉၉၀ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma – NCGUB) ကို မာနယ်ပလော ဌာနချုပ်မှာ ဖွဲ့စည်းလိုက်တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ပေါက်ခေါင်း မဲဆန္ဒနယ်အမတ် ဒေါက်တာ စိန်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြင်ဦးလွင်အမှတ် ၂ မဲဆန္ဒနယ်မှ တသီးပုဂ္ဂလအမတ် ဦးပီတာလင်းပင်၊ ဘဏ္ဍာအခွန်ဝန်ကြီးအဖြစ် NLD ရေဦးအမှတ် ၂ မဲဆန္ဒနယ်အမတ် ဦးဝင်းကို၊ ကုန်သွယ်ရေးနဲ့ သမဝါယမဝန်ကြီးအဖြစ် NLD ရွေတောင် အမှတ် ၂ မဲဆန္ဒနယ်အမတ် ဦးသန်းကြွယ်၊ တရားရေးဝန်ကြီးအဖြစ် NLD မန္တလေး အနောက်တောင် အမှတ် ၂ မဲဆန္ဒနယ်အမတ် ဦးသိန်းဦး၊ ဆောက်လုပ်ရေး၊ သတ္တုတွင်းနဲ့ စွမ်းအင်ဝန်ကြီးအဖြစ် NLD မိုးကုတ် အမှတ် ၂ မဲဆန္ဒနယ်အမတ် ဦးဘိုလှတင့်၊ အလုပ်သမားနဲ့ လှုမှုကယ်ဆယ်ရေး ဝန်ကြီးအဖြစ် NLD ကျောက်ကြီး မဲဆန္ဒနယ်အမတ် ဦးထွန်းဦး စသည်ဖြင့် ဝန်ကြီး ၉ ဦးနဲ့ ဖွဲ့စည်းထားတာကို အဲဒီကာလက မာနယ်ပလောမှာ ထုတ်ဝေတဲ့ စာစောင်တွေ မှာတွေ့ရှိရပါတယ်။
ဒီလို အစိုးရဖွဲ့နိုင်ဖို့ ပြည်တွင်းက လွှတ်တော်အမတ်တွေ ဒါဇင်နဲ့ချီပြီး ထိုင်း-မြန်မာ နယ်စပ် မာနယ်ပလော အထိ ချောချောမောမော ရောက်နိုင်ဖို့ ကူညီခဲ့တဲ့အဖွဲ့တွေထဲမှာ ABSDF က အဓိကနေရာက ပါဝင်ခဲ့တဲ့အပြင် အဲဒီကာလဟာ ABSDF ရဲ့ အရှိန်သြဇာ အတောက်ပဆုံး ကာလလည်း ဖြစ်ပါတယ်။ အနှစ်ပြန်ချုပ်ရရင်တော့ NCGUB ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ မာနယ်ပလောမှာ အစိုးရဖွဲ့ပြီးလို့ နိုင်ငံတကာဆက်ဆံရေးအတွက် ဘန်ကောက်ကို ခေတ္တရောက်နေစဉ် ABSDF ရဲ့ နာမည်ကြီးစခန်းတခုဖြစ်တဲ့ ကျနော်တို့ မင်းသမီးစခန်းဆီ ၁၉၉၁ နွေဦးရာသီ (ဖေဖော်ဝါရီ သို့မဟုတ် မတ်လလောက် ဖြစ်မယ်လို့ ထင်ပါတယ်) မှာ ရောက်လာတယ်ဆိုပါတော့။
အဲဒီကာလ ကျနော်တို့စခန်းကလူတွေ နားလည်ချက်အတိုင်းဆိုရင် NCGUB ဟာ ကျနော်တို့ရဲ့ အစိုးရဖြစ်ပြီး ABSDF က NCGUB ရဲ့ လက်နက်ကိုင်တပ်မတော် ဖြစ်ပါတယ်။ ဒီတော့ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းဟာ ကျနော်တို့ရဲ့ စစ်ဦးစီးချုပ်ပေါ့။ ဒီလိုနားလည်ချက်တွေနဲ့ စစ်ဦးစီးချုပ်ကို တခမ်းတနားကြိုဆိုပြီး ကိုကျော်ရ ဦးစီးတဲ့တပ်စုက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးလိုက်ပေးပါတယ်။ အဲဒီအချိန်မှာ မောတောင်အခြေစိုက် ၂၀၃ တပ်ရင်းကလည်း မောတောင်စခန်းကို နဝတတပ်တွေက ၁၉၉၀ အစောပိုင်း ရွေးကောက်ပွဲမတိုင်မီမှာ သိမ်းလိုက်ပြီးတဲ့အတွက် မောတောင်ကနေ ဆုတ်ခွာပြီး ကျနော်တို့ မင်းသမီးဒေသဆီ ပြောင်းလာကာ ကျနော်တို့တပ်ရင်းနဲ့ သိပ်မဝေးတဲ့ တနင်္သာရီမြစ်ဘေး တနေရာမှာ အခြေစိုက်ထားပါတယ်။
ဒီလိုနဲ့ လက်နက်အပြည့်ပါတဲ့ လုံခြုံရေးတပ်စိတ်တစိတ်က ရှေ့မှာလမ်းရှင်း၊ အဲဒီနောက်မှာ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုနဲ့ ကျနော်တို့ စခန်းကော်မတီတချို့လိုက်ပါ၊ ပြီးရင် နောက်ထပ်လုံခြုံရေး တပ်စိတ်တစိတ်က နောက်ကလိုက်နဲ့ ၂၁၀ နဲ့ ၂၀၃ စခန်း ၂ ခုဆီသွားပြီး ရဲဘော်ထုကို ဒေါက်တာ စိန်ဝင်း မိန့်ခွန်းပြောခဲ့ပါတယ်။
ထုံးစံအတိုင်း အခင်းအကျင်းကိုသာ မှတ်မိလေ့ရှိပြီး အရေးကြီးတဲ့စကားလုံးတွေ။ သဘောတရားတွေကို မှတ်မိလေ့မရှိတဲ့ကျနော်ဟာ ဒေါက်တာ စိန်ဝင်း ဘာတွေ ပြောသွားမှန်း အတိအကျ မမှတ်မိတော့ပါ။ အကြမ်းအားဖြင့်ကတော့ တော်လှန်ရေးအင်အားစုတွေဖက်မှာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတရပ် ရှိလာပြီဖြစ်တဲ့အတွက် နိုင်ငံတကာထောက်ခံမှု ပိုရလာနိုင်တဲ့အကြောင်း၊ တော်လှန်ရေးရေချိန် မြင့်လာနိုင်တဲ့အကြောင်း၊ အောင်ပွဲနဲ့ ပိုနီးလာတဲ့အကြောင်းတွေ ပါမယ်လို့ထင်ပါတယ်။
ဒီမိုကရေစီကျေးရွာနဲ့ ပူးတွဲကော်မတီများ
စင်ပြိုင်အစိုးရ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အပြီးမှာတော့ ကျနော်တို့စခန်းဆီ NLD ပါတီဝင်တွေ အတော်များများ ထပ်ရောက်လာပါတယ်။ အဲဒီထဲမှာ ကံပေါက်-ကလိန်အောင် ဒေသဘက်မှ ဦးသန်းညွန့် ခေါ် ဦးဖိုးအို (အခု သြစတေးလျ) နဲ့ ဦးရှိန် (အခု အမေရိကန်)၊ သရက်ချောင်းဘက်မှ ဦးလှိုင်တင်၊ ဦးမောင်အေးနဲ့ ဦးဆံသ (အမည်ရင်း မမှတ်မိတော့ပါ)။ မြိတ်-ပုလောဘက်မှ ဦးတင်မောင်တို့ကို ကျနော် အမှတ်ရနေပါတယ်။
ဦးဖိုးအိုနဲ့ ဦးရှိန်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက နတ်အိမ်တောင်ရှိ ကျနော်တို့ ကျောင်းသားတပ်တွေနဲ့ အတူတူ နေနေတာဖြစ်ပါတယ်။ သရက်ချောင်းအုပ်စုကတော့ ရနောင်းကနေတဆင့် ဘန်ကောက်ကိုဖြတ်ပြီး ၁၉၉၁ အစောပိုင်းမှာ မင်းသမီးစခန်းဆီ ရောက်လာတာ ဖြစ်ပါတယ်။
သူတို့နဲ့အတူ NLD ပါတီရဲ့ အရေးကြီး စာရွက်စာတမ်းတွေ ပါလာနိုင်ပေမယ့် ကျနော်တို့ ကျောင်းသားတွေ အကြား မှတ်မိနေတာကတော့ ဦးဆံသ သယ်လာတဲ့ “နယ်လှည့်ဆံသ” ပုံးကြီးပဲဖြစ်ပါတယ်။ ကျနော်တို့စခန်းက ဆံရှည်ကိုယ်တော်အားလုံး သူရဲ့လက်စွမ်းပြမှုကို ခံလိုက်ရပြီး “ဆံပင်သာ ကုန်သွားမယ်၊ ပညာက မကုန်ဘူး” ဆိုတဲ့ စကားလုံးဟာလည်း အဲဒီကာလက အတော်ခေတ်စားခဲ့ပါတယ်။
အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေဟာ စစ်တိုက်တာကိုသာ အားသန်နေတဲ့အတွက် သူတို့နဲ့တွဲပြီး ဘာလုပ်ရမှန်း မသိပါ။ နောက်တခါ အသက်အရွယ်အရကလည်း ကျနော်တို့က ၂၀ တန်း၊ NLD ကလူတွေ က ၅၀ ကျော် ၆၀ တန်းတွေဆိုတော့ ကျနော်တို့တပ်တွေနဲ့အတူ ရှေ့တန်းလိုက်ဖို့ကလည်း သိပ်အဆင်မပြေလှပါ။ ဒီလိုနဲ့ နတ်အိမ်တောင် စခန်းဝန်းကျင်မှာခိုလှုံနေကြတဲ့ ထားဝယ်သားတွေကို စုစည်းပြီး “ကျောက်ကဒင်” ဘက်မှာ ဒုက္ခသည်ရွာတရွာ ဖြစ်ပေါ်လာပါတယ်။
အဲဒီကာလ ၁၉၉၀-၉၁ ဝန်းကျင်က မဲဆောက်ဖက်မှာ ဟွေးခလုတ်အပါဝင် ဒုက္ခသည် စခန်းတချို့ ရှိနေပြီဖြစ်ပေမယ့် ကျနော်တို့တောင်ပိုင်း ကန်ချနပူရီဘက်မှာတော့ ဘာစခန်းမှ မရှိသေးပါ။ ဒါကြောင့် ဒီလို စခန်းဆောက်တာကို ထိုင်းအာဏာပိုင်တွေက သိပ်ကြိုက်ပုံမရဘဲ စခန်းကို မီးရှို့မောင်းထုတ်တာကြောင့် စခန်းနေရာ ခဏခဏ ပြောင်းခဲ့ရပါတယ်။ နောက်ပိုင်း နတ်အိမ်တောင်စခန်းကျပြီး ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ကံပေါက်ဒေသခံတွေ အများအပြား ထွက်ပြေးလာပြီးနောက် မှာတော့ ဦးရှိန်တို့ ဦးစီးဆောင်ရွက်နေတဲ့ စခန်းဟာ လူဦးရေ ရာဂဏန်းအထိရှိလာပြီး “ဒီမိုကရေစီ ကျေးရွာ” အဖြစ် လူသိများလာပါတယ်။ အဲဒီနောက်ပိုင်း နတ်အိမ်တောင်စခန်း ကျသွားတဲ့အတွက် ဒီမိုကရေစီရွာဟာလည်း ကျောက်ကဒင်ကနေ လေးအိမ်စုဘက်ကို ပြောင်းခဲ့ရပါတယ်။ တခါ လေးအိမ်စုမှာ အခြေအနေ မကောင်းတော့ သုခလို့ခေါ်တဲ့ ကွမ်းချောင်းဘက်က နယ်စပ်ဂိတ်အနီးဆီ ထပ်ပြောင်းရပြန်ပါတယ်။
နတ်အိမ်တောင်ကနေ ကျနော်တို့တပ်တွေ ဆုတ်ပြီးနောက် သုခ အခြေစိုက် ဒီမိုကရေစီ ဒုက္ခသည်ရွာကို အခြေခံပြီး ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပါဝင် နယ်မြေသတင်းစုဆောင်းရေးအတွက် အဲဒီရွာမှာ ကျနော်နဲ့ ကိုမင်းဇော်ရွှေတို့ သွားရောက် တာဝန်ထမ်းခဲ့ဖူးပါတယ်။ ရွာဥက္ကဋ္ဌ ဦးရှိန်ရဲ့ နေအိမ်မှာတည်းပြီး KNU လယ်ဒိုစိုးမြို့နယ်ဥက္ကဋ္ဌ ပဒိုရေးမွန်ဗူး (ကျနော်တို့ တောခိုကာစက ဆောင်းပါး အခန်း ၃ မှာ ဖော်ပြခဲ့တဲ့ ကဆယ်ဒိုမြို့နယ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ)၊ ဂိတ်မှူး ပဒိုဒါးကွီးတို့နဲ့ ဆွေးနွေးကာ ကုန်သည်တွေကို မေးမြန်း သတင်းစုဆောင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ရတနာစီမံကိန်းပြီးလို့ ကန်ချနပူရီ-ထားဝယ် ကားလမ်းစီမံကိန်း နီးလာတဲ့အခါမှာတော့ သုခဒေသအပါဝင် မင်းသမီးဒေသတခုလုံးကို နဝတတပ်တွေက ထိုးစစ် ထပ်ဆင်လာတဲ့အတွက် ၁၉၉၇ မှာတော့ ဒီမိုကရေစီရွာသား အားလုံး သုခစခန်းကနေ စန်ခရပူရီမြို့အနီးက ဘန်တုံယန်း ဒုက္ခသည်စခန်းဆီ အပို့ခံလိုက်ရပါတော့တယ်။
ဒါက ဒေသခံ NLD ပါတီဝင်တွေနဲ့ ကျနော်တို့ကျောင်းသားတွေနဲ့ ပူးတွဲဆောင်ရွက်မှုအပိုင်းပါ။ နောက်တပိုင်းကတော့ ဗဟိုကနေ တာဝန်ပေးတဲ့ NCUB တပ်ပေါင်းစုမှ NLD-LA ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့အကြား ပူးတွဲဆောင်ရွက်မှု ဖြစ်ပါတယ်။ ၁၉၉၄-၉၅ လောက်မှာ စတင်တဲ့ အဲဒီစီမံကိန်းအရ မာနယ်ပလောအခြေစိုက် NLD-LA ဗဟိုမှ ကိုယ်စားလှယ် ၂ ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဗဟိုမှ ကိုယ်စားလှယ် ၂ ဦး ကျနော်တို့ မင်းသမီးဒေသဆီ ရောက်လာပါတယ်။ အဲဒီနောက် KNU မြိတ်-ထားဝယ်ခရိုင်မှ ကိုယ်စားလှယ် ၂-ဦး။ ကျနော်တို့ ABSDF မင်းသမီးဒေသမှ ကိုယ်စားလှယ် ၂ ဦး၊ အားလုံး ၈ဦးပါဝင်တဲ့ ပူးတွဲကော်မီတီတခုကိုဖွဲ့ပြီး မြိတ်-ထားဝယ် ဒေသအတွင်း နိုင်ငံရေးကိစ္စတွေကို DAB စစ်ကြောင်းတွေနဲ့အတူ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါတယ်။
အဲဒီကာလ KNU မြိတ်-ထားဝယ်ခရိုင် ကော်မတီ ဖွဲ့စည်းပုံကတော့ ဥက္ကဋ္ဌအဖြစ် ပဒိုကွယ်ထူးဝင်း (အခု ခရိုင်ဥက္ကဋ္ဌ၊ ဗဟိုကော်မီတီဝင်၊ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်)၊ ဒုဥက္ကဋ္ဌအဖြစ်ကတော့ တပ်မဟာ ၄ မှူး ဗိုလ်မှူးချုပ် အော်လီဗာ (အခု KNLA ဒု စစ်ဦးစီးချုပ်)၊ အတွင်းရေးမှူးက ပဒိုနီးနီ၊ တွဲဖက်အတွင်းရေးမှူးက ပဒိုကော်သောင်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် DAB စစ်ကြောင်းကို အဓိက တာဝန်ယူရသူက တပ်မဟာမှူး ဖြစ်တဲ့အတွက် ကိစ္စအတော်များများကို တပ်မဟာမှူးကပဲ ဦးစီးဆောင်ရွက်တဲ့ သဘောမျိုးတွေ့ရပါတယ်။
ဒီပူးတွဲကော်မီတီမှာ ကျနော်တို့နဲ့ အဓိကလက်တွဲဆောင်ရွက်ရတဲ့ KNU အရာရှိကတော့ ခရိုင် စည်းရုံးရေးဌာန တာဝန်ခံ ပဒိုသောသီ (အခု ဗဟိုကော်မီတီ) ဖြစ်ပါတယ်။ ကျနော်တို့ ABSDF ဖက်က ကိုယ်စားလှယ်တွေကတော့ တောင်ပိုင်းဒေသအတွက် တာဝန်ပေးခံရတဲ့ ဗဟိုအတွင်းရေးမှူး ကိုမျိုးဝင်း၊ သူပြန်သွားပြီးနောက် ၁၉၉၇ ဖေဖော်ဝါရီအထိ တာဝန်ယူရသူကတော့ ဗဟိုအလုပ်မှူဆောင် ကော်မတီဝင် ကိုဌေးအောင်နဲ့ သူတို့ ၂ ဦးရဲ့ လက်ထောက်အဖြစ် ဒီအဖွဲ့မှာ အချိန်ပြည့် တာဝန်ယူရသူကတော့ အဲဒီကာလ တောင်ပိုင်းဒေသ ပြန်ကြားရေးတာဝန်ခံ ကျနော်ဖြစ်ပါတယ်။
ကျနော်တို့နဲ့ လက်တွဲဆောင်ရွက်ဖို့ NLD-LA မှ ပထမဆုံး ရောက်လာသူကတော့ ဦးစိုးမြင့် (အခု နော်ဝေ) ဖြစ်ပါတယ်။ သူပြန်သွားပြီးနောက် ဦးမြင့်အောင် (ကွယ်လွန်) နဲ့ လူငယ် ၃ ဦးအဖွဲ့၊ လူ့ဘောင်သစ် ပါတီဖက်ကတော့ ကိုလှမြင့် (အခုအမေရိကန်) နဲ့ ကိုကာကာကြီးတို့ပါ။ ဒီအဖွဲ့တွေ ဗဟိုကိုပြန်သွားပြီး နောက်ပိုင်းရောက်လာတဲ့ NLD-LA ကိုယ်စားလှယ် ၂ ဦးကတော့ ကိုမင်းကိုနဲ့ ကိုအောင်ဆန်းညွန့် (အခုနော်ဝေ) တို့ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ကျနော်တို့ မင်းသမီးစခန်းကျတဲ့ ၁၉၉၇ ဖေဖော်ဝါရီလကုန်အထိ ကျနော်တို့ တပ်တွေနဲ့အတူ ပူးတွဲတာဝန်ထမ်းခဲ့ဖူးတာ၊ မင်းသမီးကနေ ခွာစစ်ဆင်တဲ့အထိ ကျနော်တို့တပ်တွေနဲ့အတူ ထိုင်းနယ်စပ်အထိ ပါလာတာကို ကျနော် အမှတ်ရနေပါတယ်။