ကြွေပုဂံချောင်းရွာ၏ တာရိုးတလျှောက်တွင် အသံချဲ့စက် တင်ထားသည့် ဆိုက်ကားတစီး ခပ်ဖြည်းဖြည်း သွားနေသည်။ ဆိုက်ကားပေါ်တွင် ထိုင်လိုက်လာသူ အမျိုးသားကြီးက ကြေညာချက်တခုကိုလေးလေးမှန်မှန်နှင့် ထပ်ခါထပ်ခါ အော်နေသည်။
“ကြွေပုဂံချောင်းကျေးရွာအတွင်း နေထိုင်ကြသူ အပေါင်းဗျာတို့ …။ မနက်ဖြန်နံနက် ကိုးနာရီမှာ ကွယ်လွန်သူ မလှလှသန်းအိမ်ကို တရားနာကြွကြပါဗျာတို့ …။ နံနက်စာထမင်း ကျွေးမည်ဖြစ်ပါသည်ဗျာတို့ …”
အိမ်ခြေ ၃၆၅ လုံးရှိသော သူတို့ရွာတွင် သာရေး၊ နာရေးအတွက် ဖိတ်စာမလို။ အစီအစဉ်မတိုင်ခင်တရက် သို့မဟုတ် တမနက်အလိုတွင် တရွာလုံးကြားအောင် လိုက်အော်ရုံသာ။ သို့သော် တာရိုးဘေး၊ လယ်ကွင်းထဲ၊ မြစ်ထဲမှ သောင်ပြင်ပေါ်တို့တွင် ဟိုတစု သည်တစု ဖြစ်နေသော အိမ်များအားလုံး ကြားစေရန်အတွက်မူ အချိန်အတော်ယူ၍ လှည့်လည်ဆော်သြရသည်။
ကြွေပုဂံချောင်းရွာသည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိသည်။ လယ်နှင့်ကိုင်းကို အဓိကထားလုပ်ကိုင်သည်။ အနီးဆုံးမြို့မှာ ၃ မိုင်ကွာဝေးသည့် အဖျောက်မြို့ဖြစ်သည်။ ကြွေပုဂံချောင်းရွာသည် ၂၀၀၀ ခုနှစ်တွင် ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့ စာရင်းဝင်ခဲ့သည်။ ယခုအခါ ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ပါရှိသည်။
ရွာတွင် သားဖွားဆရာမတယောက်ရှိသည့် ဆေးပေးခန်းတခန်း၊ မူလတန်းကျောင်းတကျောင်းနှင့် လွန်ခဲ့သောနှစ်နှစ်က မီးပေးမည်ဆိုပြီး ဓာတ်တိုင်များစိုက်ထားသော တာရိုးလမ်းကျဉ်းကလေးများရှိသည်။
အနီးတွင် ချောင်းကြီး၊ အလယ်ကင်း၊ ကန်စွန်းချောင်၊ ထုံးတပို၊ ပိုင်ကျုံ၊ ရေလဲ စသည့်ရွာများရှိသည်။ ကြွေပုဂံချောင်းရွာ၏ တဖက်ကမ်းတွင်ရှိသော အလယ်ကင်းရွာသည် ယခင်က အိမ်ခြေ ၃၀၀ ကျော်ရှိခဲ့သည်။ ၎င်းရွာသည် ကမ်းပါးပြိုမှုကြောင့် မြစ်ထဲရှိ သောင်ထွန်းသည့် နေရာများတွင် လိုက်လံနေထိုင်ကြရင်း ယခုအခါ အလယ်ကင်းရွာဟူ၍ ပြစရာမရှိတော့ချေ။
လွန်ခဲ့သော ဆယ်စုနှစ်တခုခန့်က တစုတစည်းတည်း ရှိခဲ့သော ကြွေပုဂံချောင်းရွာရှိ အိမ်ခြေများသည်လည်း ယခုအခါ ကွက်ကြားဖြစ်ကာ ပြန့်ကျဲသွားသည်။ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသောအခါ မလွတ်သည့်အိမ်များကို ရေထဲတွင်ထားခဲ့ရင်း၊ တခါတရံ ဖျက်ယူရင်း နေရာရွှေ့ကြရသည်။
ကြွေပုဂံချောင်းသူ အသက်ရှစ်ဆယ်အရွယ် ဒေါ်ကျင်လှိုင်က “ကျုပ်တို့ငယ်ငယ်ကဆို တရွာလုံးကို စည်ကားလို့။ ကမ်းပြိုတယ်ဆိုတာ ကြားတောင်မကြားဖူးဘူး။ အခုတော့လူတွေလည်း ဟိုရောက်ဒီရောက်နဲ့ နီးစပ်ရာသွားနေကြတာ ရွာပျက်နေပြီ” ဟု ပြောသည်။
ထိုရွာများတလျှောက် မြစ်ထဲမှနေ၍ စက်လှေဖြင့် သွားကြည့်လျှင် လူသုံးရပ်ခန့်မြင့်သည့် ပဲ့ကျနေသော ကမ်းပါးများကို တွေ့ရမည်။ တခါတရံလှိုင်းကြီးသည့်အခါ မြေစိုင်မြေခဲများ ရေထဲ ဝုန်းခနဲ ကျသွားသည်ကို မြင်နိုင်သည်။
မြန်မာနိုင်ငံတွင် မြစ်များအတွင်း သဲစုပ်ခြင်း၊ သဲတူးခြင်း၊ သဲကျုံးခြင်း၊ မြစ်ကျောက်ထုတ်ခြင်း၊ ရွှေကျင်ခြင်း၊ ရွှေသတ္တုတူးဖော်ခြင်း စသည့် ရေအောက် သယံဇာတများကို အလွန်အကျွံ တူးဖော်ထုတ်ယူခြင်းကြောင့် မြစ်ကြောင်း ပြောင်းလဲခြင်း၊ မြစ်ကမ်းပါးပြိုခြင်း၊ မြစ်အတွင်း ရေနေသတ္တဝါများကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်နေသည်။
မြစ်ချောင်း သယံဇာတများ တူးဖော်ခြင်းနှင့် ပြန်လည် ပြုပြင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြဋ္ဌာန်းထားသော်လည်း လိုက်နာမှု နည်းပါးနေသဖြင့် လွှတ်တော်တွင် တင်ပြရန်ရှိကြောင်းလည်း သိရသည်။
ကမ်းပြို၍ ရွှေ့ရသူများထဲတွင် ငွေကြေးတတ်နိုင်သူများက မြစ်နှင့်ဝေးရာ၌ မြေကွက်ဝယ်ပြီး ပြောင်းကြသည်။ တတ်နိုင်သူ အချိုးအဆက ဆယ်ဦးတွင် သုံးဦးသာ ဖြစ်သည်။
ကမ်းပြိုမှုကြောင့် ယခင်နှစ်များနှင့် နှိုင်းစာလျှင် မြေကွက်ဈေးများ မြင့်လာသည်ဟု သိရသည်။ တာဘေးတွင် မြေတဧကလျှင် ကျပ်သိန်းနှစ်ဆယ် ပေါက်ဈေးရှိသည်။ တဧကလျှင် မိသားစုလေးစုခန့် နေနိုင်သည်။ မြေကွက်ပိုင်ဆိုင်မှုမှာ လယ်လုပ်ပိုင်ခွင့် ပြေစာသာဖြစ်သည်။
တောင်သူတဦးဖြစ်သည့် ဦးကျော်သူက “မြေကွက်ဝယ်ရင် ပြေစာကို လွှဲပေးလိုက်တယ်။ ဒါပဲ။ အစိုးရက သိမ်းရင်တော့ ပါသွားမှာ။ ဒါပေမယ့်လည်း ဒီလိုပဲ ရောင်းဝယ်နေကြတာပဲ” ဟု ပြောသည်။
မြေကွက် မဝယ်နိုင်သည့်သူများက တာအဟောင်းဘေးတွင် ဖြစ်သလိုကပ်နေကြသည်။ ကမ်းပြိုလိုက်၊ အိမ်ပြောင်းလိုက်နှင့် တချို့ဆိုလျှင် ငါးကြိမ်မှ ခုနှစ်ကြိမ်အထိ ရွှေ့ပြောင်းဖူးသူများဖြစ်သည်ဟု သိရသည်။
အိမ်ငါးကြိမ် ရွှေ့ဖူးသူ ဒေါ်ချိုချိုက “သားသမီး ခြောက်ယောက်ရှိတယ်။ အကုန်အလုပ်လုပ်ကြတယ်။ ကြုံရာကျပမ်းဆိုတော့ ဝင်ငွေတော့ သိပ်မကောင်းလှဘူးရယ်။ ရသမျှကတော့ အိမ်ရွှေ့ရတာနဲ့ ကုန်တာပဲ။ ငါးခါရှိပြီရွှေ့တာ။ တန်ခူးလကုန်ရင် ခြောက်ခါမြောက် ရွှေ့ရမယ်။ မိုးကျအောင် မနေဝံ့တော့ဘူး။ ဟိုညကတောင် ပဲ့ကျတာ အကြီးကြီးပဲ” ဟု မလှမ်းမကမ်းမှ ကမ်းပါးအပဲ့ကို ညွှန်ပြရင်း ပြောသည်။
တလုံးတခဲတည်း ငွေပေးပြီး မြေကွက်မဝယ်နိုင်သောကြောင့် အခမဲ့နေ၍ရသည့်နေရာများကို အလီလီရွှေ့ရသည်ဟု ဒေါ်ချိုချိုက ပြောသည်။ ကုန်ကျစရိတ်နှင့် ပတ်သက်၍လည်း ယခုကဲ့သို့ တွက်ပြသည်။
“မြေကွက်ဝယ်ပြီး ဒီအတိုင်းနေလို့ ရတာမဟုတ်ဘူးလေ။ အိမ်ကဆောက်ရသေးတယ်။ ဝါးတလုံးသုံးရာ၊ သက်ကယ်က တရာကို နှစ်သောင်း။ ဝါးအိမ်တောင် နှစ်သိန်းခွဲနဲ့ ကောင်းကောင်းမရချင်ဘူး။ ဝါးအိမ်က ပေကပ်နေရင်တောင် နှစ်နှစ်ထက် ပိုနေလို့မရဘူး” ဟု ဆိုသည်။
ကြွေပုဂံချောင်း ရွာသူရွာသားများနှင့် စကားပြောသည့်အခါ သူတို့စကားထဲတွင် အကြိမ်အများဆုံးပါသည့်စကားက “အရင်အိမ်က မြစ်ထဲမှာ” ဟူ၍ဖြစ်သည်။ ကမ်းပြိုသည့်အထဲ ပါသွားသည်ဟု ဆိုလိုသည်။ ကြွေပုဂံချောင်းရွာထိပ်ရှိ နိဂြောဓာရုံဘုန်းကြီးကျောင်း၏ ယခင်နေရာဟောင်းသည်လည်း မြစ်ထဲမှာပင် ဖြစ်သည်။
မြစ်၏တဖက်မှာ ကမ်းပြိုပြီး တဖက်မှာ သောင်ထွန်းလာခဲ့သည်။ လွန်ခဲ့သည့်သုံးနှစ်က တာပေါက်၍ တရွာလုံး ညကြီးမိုးချုပ် အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့ဖူးသည်။ အိမ်များထားခဲ့ပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းထဲတွင် ခိုခဲ့ကြရသည်။ ကံကောင်းစွာဖြင့် ကမ်းပြိုမှုများကြောင့် ရွာတွင် တခါမျှ အသေအပျောက် အဖိတ်အစင် မရှိခဲ့ဟု သိရသည်။
“အဲဒီတုန်းကဆို ညနေကတည်းက တာကြီးကလှုပ်နေတာ။ လူကြီးတွေက ရွှေ့ဖို့လိုက်အော်ပေးတယ်။ ပြည်တော်သာကျောင်း (ရွာရှိ မူလတန်းကျောင်း) နဲ့ ဘုန်းကြီးကျောင်းထဲမှာ လူတွေအပြည့်ပဲ” ဟု ရွာသားတဦးက လွန်ခဲ့သောသုံးနှစ်က အဖြစ်အပျက်ကို ပြန်ပြောပြသည်။
နိဂြောဓာရုံကျောင်းတိုက် တိုက်အုပ်ဆရာတော် ဦးဒီပလောက က “တန်ဖိုးရှိတဲ့မြေတွေ ကုန်နေတာ ဧကပေါင်းမနည်းတော့ဘူး။ ရွာပျက်တယ်။ လယ်ထဲကို ရွှေ့နေကြတယ်။ လယ်ထဲဝင်နေတော့ စပါးစိုက်စရာ မြေဧကနည်းလာတယ်။ လယ်ဧရိယာ တဝက်လောက်ကို လူတွေဝင်နေကြရတယ်” ဟု မိန့်သည်။
လယ်ထဲတွင် လူများရွှေ့ပြောင်းနေထိုင်ကြသည့်အခါ စပါးစိုက်ရာ နေရာများသည် ဒိုက်ကွင်းနှင့် နွားစားကျက်နေရာတို့ ဖြစ်လာသည်။ ထိုနေရာများသည် ရေတက်လျှင် ဝါးတပြန်ကျော်နက်သဖြင့် လူနေ၍မရချေ။ စပါးရိတ်သည့်အခါ လှေနှင့်ရိတ်ရသည်ဟုဆိုသည်။ ဒိုက်ကွင်းများ၏ တဖက်တွင် လှိုင်မြစ်ရှိသည်။ မိုးရာသီတွင် လှိုင်မြစ်ဘက်မှ တာအနိမ့်လေးကိုကျော်၍ ရေများဝင်လာသည့်အခါ မြစ်နှစ်မြစ်ကြားရှိ ဒိုက်ကွင်းနေရာသည် ဒယ်အိုး ခပ်ပက်ပက်တလုံးနှင့်တူသည်ဟု ရွာသားများက ဥပမာပေးကြသည်။
မိုးကြီး၍ ကမ်းပြိုသောအခါ မြစ်ရေသည် လူနေအိမ်များကိုသာမက စပါးခင်းများထဲသို့ပါ ဝင်သည်။ ရွာသူရွာသားတို့၏ နေထိုင်ရေးကိုသာမက စီးပွားရေးကိုပါ အနှောင့်အယှက်ပေးလေသည်။
ဒေါ်ချိုချိုက “အိမ်ရွှေ့ရတာနဲ့ စပါးမရလိုက်တာနဲ့ လူတလှည့် ရေတလှည့် စားနေရတယ်။ ရေဝင်တဲ့နှစ်ဆို စိုက်သမျှစပါး ရေကချည်း စားသွားရော” ဟု ပြောသည်။
ကြွေပုဂံချောင်းရွာသား အသက် ၆၀ အရွယ် ဦးလူစံက “ရွာမှာက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကနဲ့စာရင် လူနေမှုအဆင့်အတန်း တော်တော်နိမ့်သွားတယ်။ ကမ်းပြိုတာ၊ စပါးမရတာတွေအပြင် နှစ်လုံး၊ သုံးလုံးကိစ္စတွေကလည်း နှိပ်စက်တယ်။ အဲဒီလို အကြောင်းအမျိုးမျိုးတွေကြောင့် အကုန်အကျတွေ များတယ်။ ဝင်ငွေက တိုးမလာဘူး။ အဲဒါအဓိကပဲ” ဟု မှတ်ချက်ပေးသည်။
မွန်းတည့်နေပူပူအောက်တွင် ဒေါ်ချိုချို၏ ခင်ပွန်း ဦးတိုးလှိုင်နှင့် တခြားအမျိုးသားနှစ်ဦးတို့ ကမ်းပါးတွင် သံတူရွင်းကိုယ်စီနှင့် အလုပ်များနေကြသည်။ ရေချိုး၊ သောက်သုံးရေခပ်ရန် မြစ်ထဲဆင်းဖို့အတွက် ကမ်းပါးကို လှေကားထစ်သဖွယ် ဖဲ့ထုတ်နေခြင်းဖြစ်သည်။ လွန်ခဲ့သည့် တလကျော်က လုပ်ထားသည့် မြေသားလှေကားထစ်များမှာ ရေတိုက်စားသွားခဲ့ပြီဖြစ်သည်။
ဦးတိုးလှိုင်က “တာက ၁၂ တောင်ကျော်မြင့်တယ်။ ဟိုတုန်းကတော့ တာကသုံးထပ်။ အခုနောက်ဆုံး တထပ်ပဲ ကျန်တော့တယ်။ ဝါဆိုဝါခေါင်ဆိုရင် တထိတ်ထိတ်နဲ့နေရတာ။ တာက ဆည်မြောင်းက လာလုပ်ပေးတာလေ။ တို့အင်အားကတော့ ကမ်းပြိုတိုင်း ပြေးနိုင်သလောက်ပြေးရုံပေါ့” ဟု ပြောသည်။
ဦးတိုးလှိုင် လမ်းထွင်ရာမှ ပဲ့ကျလာသော မြေစိုင်မြေခဲများသည် တလိမ့်လိမ့်နှင့် မြစ်ထဲသို့ကျနေသည်။ နောက်တလခန့်ကြာလျှင် ထပ်ဖဲ့ထုတ်ရမည့်အရေးတွေးရင်း ကြိုတင်စိတ်ပျက်နေသည့် အရိပ်အယောင်တော့ သူ့မျက်နှာတွင်မရှိပါ။ ကမ်းပြိုနေသည့်အရေးတွင် သည်လိုလုပ်ခြင်းသည် ကမ်းကိုဖြိုနေခြင်းများ ဖြစ်မလားဟုလည်း သူတွေးပုံမရပါ။ သူ့အတွေးထဲတွင် သူ့ကလေးများကို အန္တရာယ်ကင်းစေချင်သည့် ဖခင်မေတ္တာနှင့် သူ့ရွာသူရွာသားများကို အဆင်ပြေစေချင်သည့် စေတနာသာ ရှိပါလိမ့်မည်။ ။