“မပြောဘူး”
“ပြောတယ်”
“မပြောပါဘူး ကွာ”
“ပြောပါတယ် ကွာ”
ဘယ်အချိန်ကတည်းက ပူညံပူညံ ငြင်းခုန်လာသည်မသိ။ ထုံးစံအတိုင်း အနှီ သူကောင့်သား ၂ကောင်ဖြစ်သော ဖိုးရှုပ် နှင့် ကြွက် စုတ် တို့ ဦးရုက္ခစိုးစံမြန်းရာ ဒွိုင်ဆူထေ့ တောင်ပေါ်က ညောင်ရိပ် ရောက်လာသည်အထိ အပြင်းအထန် ငြင်းခုန်လာကြသည်မှာ ဦးရုက္ခစိုး တယောက်လုံးကိုပင် မမြင်နိုင်တော့ပေ။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ…ဟေ့ကောင်တွေ…ဘယ်လိုဖြစ် လာကြ ပြန်တာလဲ…တမျိုးပြီး တမျိုး မရိုးရအောင် အသစ်တွေ လုပ်လာ ပြန် ပလား…ငါ့ တောင် မမြင်နိုင်လောက်အောင် ဖြစ်ရတယ်လို့…
ဖိုးရှုပ်။ ။ အသစ် မဟုတ်ပါဘူး ဦးရုက္ခစိုးရာ…မမြင်လို့လဲ မဟုတ်ပါဘူး…အရှိန်ဖြတ်မရ ဖြစ်နေလို့…ဒီကောင် ငကြွက် ပေါ်တင်ကြီး ဗြောင်ငြင်း နေတာလေ…
ရုက္ခစိုး။ ။ ဘာကို ငြင်းတာလဲ…
ကြွက်စုတ်။ ။ ဒီလို ဦးရုက္ခစိုးရဲ့…အမှန်က ဒီကောင် အမှတ်မှားတာ…နား မကောင်းတာလည်း ဖြစ်နိုင်တယ်…ဒီကောင်က ဂျာနယ် လစ် ယောင်ယောင်သာ လုပ်တာ…ဘာမှ အသံဖမ်းထားတာလည်း မှုတ်ဘူး…ဘာ အထောက်အထားမှလည်း မရှိဘဲ…ကျနော့်ကို ဇွတ် ဝန်ခံ ခိုင်းတယ်လေ…
ရုက္ခစိုး။ ။ အေး ဘာကို ငြင်းပြီး ဘာကို ဝန်ခံ ခိုင်းနေတာလဲ…မင်းတို့ဟာ မရှင်းမရှင်းနဲ့…အဲဒါ အရင် ပြောဦး…
အကြောင်းရင်းကို မပြောဘဲ ဖြေရှင်းချက်များကိုသာ ပေးနေ၍ ဦးရုက္ခစိုးကား စိတ် မရှည်ချင်တော့ ပေ။
အခြေအနေကို ရိပ်မိလိုက်၍ ဖိုးရှုပ်က လေပျော့ကလေးဖြင့် ဝင်ရှင်းသည်။
ဖိုးရှုပ်။ ။ ကျနော် နားကောင်းပါတယ် ဦးရုက္ခစိုးရာ…ကျနော့်နား ကောင်းကောင်း ကြားပါတယ်…ဒီကောင် ငကြွက် တခြား ဘာသာစကားနဲ့ ပြောတာလည်း မှုတ်ဘူး…ဗမာလိုပဲ ပြောတာပါ…
ရုက္ခစိုး။ ။ လာပြန်ပြီ…ဟေ့ကောင် ဝေ့ မနေနဲ့…မင်းတို့ ဘာငြင်းလာတာလဲ ဆိုတာကို ပြော…
ဖိုးရှုပ်။ ။ ဒီကောင် ငကြွက်ပေါ့…သူပြောတာ…မြန်မာပြည် ပြန်ဝင်ရင်တဲ့…ဦးရုက္ခစိုးကို ကာကွယ်စောင့်ရှောက် ရမယ်တဲ့…ကျနော် က ဦးရုက္ခစိုး က သက်ကြီး ဝါကြီး ဖြစ်လို့ လေးစား ဖို့ပဲလိုတယ်လို့ ပြောတယ် ဆိုတာကို…အဲဒါ မှုတ်ဘူးတဲ့ ငြင်းတယ်လေ…
ရုက္ခစိုး။ ။ မင်းက ဘာကြောင့် ငါ့ကို စောင့်ရှောက်စရာ မလိုဘူးလို့ ပြောရတာလဲ…
ဖိုးရှုပ်။ ။ ဟုတ်တယ်လေ…ဦးရုက္ခစိုးက နတ်ဆိုတော့ တန်ခိုးရှိတယ် မှုတ်လား…ကျနော်တို့က ဦးရုက္ခစိုးလောက်မှ မစွမ်း တာ…ဘယ်လို ကာကွယ် စောင့်ရှောက် ရမှာလဲ…
ဖိုးရှုပ် ပြောစကားကို ကြွတ်စုတ်က ချက်ချင်း ဝင်ချေပသည်။
ကြွတ်စုတ်။ ။ မှုတ်ဘူး ဦးရုက္ခစိုး…ဒီကောင် လျှောက်ပြောနေတာ…
ဖိုးရှုပ်။ ။ ဘာလျှောက်ပြောရမှာလဲ…မင်းသာ ဗြောင်ငြင်း နေတာ…
ကြွက်စုတ်။ ။ ငါမှ မပြောတာ…ငြင်းမှာပဲ…
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ရပ်တော့…စကား ၂ လုံးတည်းကို ရှင်းမရနိုင်ဘူး ဖြစ်နေတယ်…မင်းတို့ မရောင်ရာဆီလူးတွေ လျှောက် လုပ်နေတာလား…ငါ မပြောလိုက်ချင်ဘူး…
ဦးရုက္ခစိုး စိတ်ရှုပ်လာပြီး ထ အော်လိုက်မှ ထိုသူကောင့်သား ၂ ဦး အသံတိတ် သွားသည်။ ဦးရုက္ခစိုးကမူ မရပ်ဘဲ ဆက်ပြောသည်။
ရုက္ခစိုး။ ။ အခုတလော စိတ်ပျက်စရာတွေက ဆက်တိုက်ပဲ…အငြင်းအခုန်တွေ…မှောက်ချီ လှန်ချီတွေ…ကြိမ်းဝါးတာတွေ…ရှုပ်ရှက် ကို ခတ်နေတာပဲ…ဖေ့စ် ဘုတ် တို့…အင်တာနက် စာမျက်နှာတို့မှာ ပြောပါတယ်…
ဦးရုက္ခစိုး လေသံပျော့သွား၍ ကြွက်စုတ်က မရဲတရဲ ဝင်ပြောလာပြန်သည်။
ကြွက်စုတ်။ ။ ဟုတ် ဦးရုက္ခစိုး…ကျနော်တို့လည်း ဒီကိုလာတာ အချင်းချင်း သတင်း ပုလင်းလေး ဘာလေး ရှယ်ဖို့ လာတာ ခင်ဗျ… နိုင်ငံတကာကြီးရော…ပြည်တွင်း ကိစ္စရော ပဲ…
ဖိုးရှုပ်ကလည်း အငြင်းအခုန် ဆက်မလုပ်တော့ဘဲ ဝင်ပြောလာသည်။
ဖိုးရှုပ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး ရဲ့… အခုဆို အနောက် ကမ္ဘာက ဆန်ရှင် လျှော့တာ…နိပွန်တွေက အကြွေးလျှော်တာနဲ့ အပြိုင် အဆိုင် စေတနာ ဗလပွတွေ ထုတ်ပြ နေတယ် ခင်ဗျ…
ရုက္ခစိုး။ ။ အေးကွ…နိပွန်တွေ ဆိုလို့…သူတို့က ဟိုဘက် ကမ္ဘာစစ် ကာလ ဝန်းကျင်…တို့ နိုင်ငံ ဝင် အုပ်စိုး ခဲ့သေး မှုတ်လား… အဲဒီတုန်းကများ ကမ္ဘာတဝန်းက သူတို့ကို ဖက်ဆစ် ဆိုပြီး ရွံကြောက် ဖြစ်ကြတာလေ…အခုတော့ ချစ်ခင် ပေါင်းသင်းချင်စရာ…
ကျေးဇူး တင်ချင်စရာ ဖြစ်လာနေတာကို လက်ခံနေကြရတယ်…
ကြွက်စုတ်။ ။ ဒါကလည်း ကျနော်တို့ ခေါင်းဆောင်ကြီးများနဲ့လည်း ဆိုင်မယ်ထင်တယ် ခင်ဗျ…ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး သီဝရီ အရ ပြောရရင်…
ဖိုးရှုပ်။ ။ ဟေ့ကောင်…တော်…တော်…အကြီးကြီးတွေ လုပ်မလာနဲ့နော်…အကြီးကြီး စိတ်ပျက်စရာတွေ ဖြစ်ကုန်မယ်…မင့် ဥစ္စာ စကား အကောင်း ပြောမယ်ရှိသေး…အမြင်ကပ်စရာက ပါလာပြီ…
ရုက္ခစိုး။ ။ အဲဒါတော့ ဖိုးရှုပ်ဘက်က ငါလည်းထောက်ခံတယ်…စကားလုံးတွေ သိပ်ကြီးလို့ မင့်ပါးစပ်နဲ့ မဆံ့ဘဲ ဖြစ်နေဦးမယ်…
ငကြွက် အကြောင်း သိချင်းတွေကို လာမလုပ်နဲ့…မီဒီယာနဲ့ ဗျူးနေတာ မှုတ်ဘူး…
ကြွက်စုတ်။ ။ ဟာဗျာ ခင်ဗျားတို့ကလည်း ဘာမှကို အသေအချာ မပြောရသေးဘူး…ငေါက်လိုက်ကျတာ…ကျနော် က မျက်စ ပစ်သူကလည်း ပစ်သလို…ပြုံးပြ ခေါင်းညိတ် လုပ်သူကလည်း လုပ်နေတယ် ဆိုတဲ့ သဘောမျိုးကို ပြောမလို့ ပါဗျ…
ဖိုးရှုပ်။ ။ အင် ဆိုပါဦး…ဆရာ ကြွက် ရယ်…
ကြွက်စုတ်။ ။ တခုရှိတာကတော့ ကျနော်တို့ အများပြည်သူတွေရဲ့ ဘဝတွေ အဆင်ပြေလာဖို့ ဖြစ်မဖြစ်ဆိုတာက…
ရုက္ခစိုး။ ။ အေး အဲဒါကိုပဲ ငါ စောစောက စဉ်းစားမိတာ ပြောမလို့ မင်းတို့ ၂ ကောင် ဆူညံပူညံ ဖြစ်နေတာနဲ့ ဘေးချော်ကုန်တာ…မြန်မာ ပြည်မှာ နိပွန်တွေ အုပ်စိုးတုန်းက သီချင်း တပုဒ်ရှိတယ်…မင်းတို့ ကြားဖူးလား…
ဖိုးရှုပ်။ ။ အာ ဦးရုက္ခစိုးကလည်း ဘာမှန်း မသိဘဲ ကြားဖူးသလားတဲ့…ဘာသီချင်းလဲ ဆိုတာ ပြောဦး လေ…
ရုက္ခစိုး။ ။ ငါလည်း ပြောမလို့ မင်းက အရင် ဖြတ်ပြောလို့…သီချင်းက လူတော်တော်များများ သိပါတယ်…“စိန်ကြည်နော် စိန်ကြည် နော် လင်ယူ ပက်စက်သည်…နိပွန်ကြီးက ပြည်တော်ပြန်…စိန်ကြည် ပက်လက်လန်”ဆိုတာလေ…
ကြွက်စုတ်။ ။ ကျနော်ကြားဖူးတာနဲ့ နည်းနည်း လွဲနေတာလား…ဦးရုက္ခစိုးကပဲ ဆင်ဆာထိမှာ ကြောက်လို့လားပဲ…“နိပွန်ကြီးက ပြည်တော်ပြန်…စိန်ကြည် ပက်လက်လန်”ဆိုတဲ့ နေရာက“မာစတာကြီးက ဂျပန်ပြန်…ဗိုက် တလုံးနဲ့ ကျန်” ဆိုသလားလို့ လေ…
ဖိုးရှုပ်။ ။ လုပ်လာပြန်ပါပြီ သုခမိန် ဆရာ ကြွက်ရယ်…အကုန်သိတဲ့ မစ္စတာ နိုးကြီး ရယ်…ခဏနော် ကျနော် ဦးရုက္ခစိုးကို ပြောချင် တာ ရှိလို့ပါ…ဘယ်ခေတ်မဆို သီချင်းတွေက ဒီလိုပဲ ပေါ်တတ်တယ် မှုတ်ဘူးလား…အခုသီချင်းက ဘယ်လိုသက်ဆိုင်လို့လဲ ဦးရုက္ခစိုး ရဲ့…
ရုက္ခစိုး။ ။ ဟ ဆိုင်လို့ ပြောတာပေါ့…အဲဒီ ခေတ်က နိပွန်တွေနဲ့ ပလူးပလဲ လုပ်တဲ့ သူတွေကို သတိပေးတဲ့ သဘော…မှတ်တမ်း တင်တဲ့ သဘော စပ်ဆိုကြတာ…အဓိပ္ပာယ်က လောကြီးပြီး အလွန်အကျွံတွေ ဖြစ်ရင် ကိုယ်ကျိုးနည်းမယ်…ဆုံးရှုံးမှုတွေ ဖြစ်နိုင် တယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်းပါတယ်…အဲဒါ မင်းတို့နဲ့ ပိုသက်ဆိုင်တယ်…မင်းတို့လည်း သတိထားပေရော့…
စကားအဆုံးတွင် ဦးရုက္ခစိုးက စောစောက သီချင်းကို ဆက်ဆိုလိုက်သည်။
“စိန်ကြည်နော် စိန်ကြည်နော် လင်ယူ ပက်စက်သည်…နိပွန်ကြီးက ပြည်တော်ပြန်…စိန်ကြည် ပက်လက်လန်”
ထိုသီချင်းသံ ပျောက်သွားသည်အထိ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ၂ ဦး မည်သို့ပြန်လည် ပြောရမည် မသိ ဖြစ်နေစဉ် ဦးရုက္ခစိုးကား နတ်တို့၏ တန်ခိုးဖြင့် မည်သည့် နေရာသို့ ထွက်သွားလေသည်ကိုလည်း မသိလိုက်ရပေ…။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေး သားထားခြင်း မဟုတ်ပါ။