၂ နှစ်တခါ ညီလာခံလုပ်ရမယ်ဆိုတဲ့ ABSDF ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ စည်းကမ်းတွေအရ ၁၉၉၁ သြဂုတ်လအစောပိုင်းမှာ တတိယအကြိမ်ညီလာခံ ခေါ်မယ်လို့ ဗဟိုက ဖိတ်စာရောက်လာပါတယ်။ ကျနော်တို့ စခန်းဟာ လူဦးရေ ၃၀၀ ကျော်ရှိတဲ့အတွက် ညီလာခံကိုယ်စားလှယ် ခွဲတန်း ၁၀ ဦးရပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံပါ ရွေးကောက်ပွဲကော်မရှင် လုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုယ်စားလှယ် ရွေးချယ်ရေးကော်မရှင်ကို ဖွဲ့ပါတယ်။

တပ်ရင်းဌာနချုပ်ကော်မရှင်၊ ရှေ့တန်း တပ်ခွဲအသီးသီးက ကော်မရှင်ခွဲတွေကနေ လျို့ဝှက်မဲစနစ်နဲ့ ရွေးချယ်မှုအရ ၁၀ ဦးစာရင်းထဲ ပါသွားသူတွေကတော့ ဗဟိုမှာရောက်နေတဲ့ ကိုကျော်ကျော်၊ ကိုခင်မောင်ဝင်းနဲ့ ကိုဌေးအောင်၊ နောက်တခါ စခန်းကော်မတီတွေထဲက ကိုအောင်သန်းဝင်း၊ ကိုမျိုးဝင်း၊ ကိုသိန်းဆောင်၊ ကိုဝင်းမင်းနဲ့ တပ်မှူးတွေထဲကတော့ ကိုဇော်သန်းနဲ့ ကိုဘုန်းကျော်။ ပြီးတော့ စခန်းဥက္ကဋ္ဌဟောင်း ကိုမင်းအောင်တို့ ဖြစ်ပါတယ်။ ကျနော်ကတော့ ကံဆိုးတာလား၊ ကံကောင်းတာလား မပြောတတ်။ ၁၀ ဦး ရွေးတဲ့အထဲ ၁၁ နေရာကနေ ကပ်ပြီး ကျန်နေခဲ့ပါတယ်။
ဥက္ကဋ္ဌနဲ့တပ်ရင်းမှုးအပါဝင် စခန်းတာဝန်ရှိသူ အတော်များများ သံလွင်စခန်းမှာ ကျင်းပတဲ့ တတိယအကြိမ် ညီလာခံဆီ သွားနေစဉ် ဒုတပ်ရင်းမှူး ဆရာအောင်မြင့်၊ ကော်မတီဝင်တွေဖြစ်တဲ့ ကျနော်၊ ဦး ဟန်လင်း၊ ကိုဂွမ်ရှီနဲ့ ကိုဉာဏ်စိုးတို့က စခန်းအုပ်ချုပ်ရေးကို ဆက်လက် တာဝန်ယူထားရပါတယ်။ ဒီလိုနဲ့ ၁၉၉၁ သြဂုတ်လ ၁၄ ရက်နေ့ကနေ စတင်လိုက်တဲ့ သံလွင်စခန်းက ဗဟိုညီလာခံဟာ တလလည်းမပြီး၊ ၂ လလည်းမပြီးနဲ့ ဘာတွေဖြစ်နေမှန်း မသိပါ။ သံလွင်စခန်းမှာ လုံခြုံရေး အခြေနေမကောင်းလို့ KNU ဌာနချုပ် မာနယ်ပလောစခန်းဆီ ပြောင်းပြီးဆွေးနွေးရတယ်။ နောက်တခါ မာနယ်ပလော ညီလာခံမှာ သဘောထား ကွဲမှုတွေကြောင့် KNU က လက်မခံတော့ဘဲ သံလွင်စခန်းဆီ ပြန်ပို့လိုက်တယ် စသည်ဖြင့် သတင်းမျိုးစုံ ကြားနေရပါတယ်။ ဒီလို သတင်းအမျိုးမျိုးဖြစ်နေရာကနေ နောက်ဆုံးမှာတော့ တော်လှန်ကော်မတီကိစ္စ၊ မြောက်ပိုင်း ကချင်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သူလျိုမှုကိစ္စတွေအပေါ် သဘောထားကွဲပြီး ဗဟို ၂ ခြမ်း ကွဲသွားပြီလို့ ကျနော်တို့စခန်းဆီ သတင်းရောက်လာပါတယ်။
သတင်းရောက်လာတယ် ဆိုပေမယ့် အစအဆုံး ပြည့်ပြည့်စုံစုံ သိရတာမျိုးတော့ မဟုတ်ပါ။ ညီလာခံအတွင်း သဘောထားကွဲမှုတွေ ရှိနေတဲ့အတွက် ပြင်ပကို သတင်းပေါက်မှာစိုးလို့ဆိုပြီး ဗဟိုနဲ့ စခန်းတွေအကြား ဆက်သွယ်ရေးစက်တွေကိုလည်း အရေးပေါ်မှအပ ဆက်သွယ်မှုအားလုံး ပိတ်ထားတဲ့ အတွက် ဘာမှကို အတိအကျ မသိနိုင်တဲ့အခြေနေမျိုးပါ။ အကြမ်းအားဖြင့်ကတော့ အထက်ဖော်ပြပါ ကိစ္စ နှစ်ခုအပေါ် အဓိက သဘောထားကွဲပြီး ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ဗဟိုနဲ့ ကိုမိုးသီးဇွန် ဦးဆောင်တဲ့ဗဟို ဆိုပြီး ဗဟို၂ ခု ဖြစ်သွားပြီ။ ဗဟိုဘက်က တပ်ရင်းတွေ၊ စခန်းတွေလည်း ဟိုဘက်ဗဟို ဒီဘက်ဗဟိုတွေကို အသီးသီး ထောက်ခံ ရပ်တည်လိုက်ပြီလို့ သိလိုက်ရပါတယ်။
အဲဒီလို အရှုပ်အထွေးများစွာ ဖြစ်နေစဉ်မှာ စခန်းတာဝန်တခုနဲ့ ထီးခီးကို ရောက်နေတဲ့ကျနော်ဟာ ဒုရင်းမှူး ဆရာအောင်မြင့်နဲ့ စခန်းကော်မတီဆီက ခွင့်ပြုချက်မယူဘဲ ကိုယ့်သဘောနဲ့ကိုယ် ဘန်ကောက်ကို ခရီးထွက်လာပါတယ်။ ကျနော်ဟာ ကော်မတီထောက်ပံ့ရေးတာဝန်နဲ့ ကန်ချနပူရီ၊ ဘန်ကောက်ကို သွားနေကြမို့ ထုံးစံအတိုင်း KNU မြိတ်-ထားဝယ်ခရိုင် ဘဏ္ဍာရေးတာဝန်ခံ ပဒိုကမ္ဘာအေးဆီကနေ ဘတ်ငွေ ၅၀၀ ချေးပြီး ဒီတိုင်း ထထွက်လာတာ ဖြစ်ပါတယ်။
ဘန်ကောက်မှာ ပထမဆုံး တွေ့သူတွေက ကျနော်တို့စခန်းဥက္ကဋ္ဌ တာဝန်ကနေ ကိုမိုးသီးဇွန်အဖွဲ့ရဲ့ ဗဟိုကော်မီတီ အတွင်းရေးမှူး ၁ ဖြစ်လာသူ ကိုအောင်သန်းဝင်းနဲ့ ကိုဝင်းမင်းတို့ ဖြစ်ပါတယ်။ သူတို့ ၂ ဦးကို ဦးမောင်မောင်ဆွေရဲ့ အိမ်အနီးက ကိုမိုးသီးဇွန်ရဲ့ ရုံးခန်းသစ်မှာ တွေ့တာဖြစ်ပြီး အဲဒီအချိန်အထိ ကိုဝင်းမင်းက ဘယ်ဘက်မှာ ရပ်တယ်လို့ အတိအကျ ဆုံးဖြတ်ချက် မရှိသေးပါဘူး။ နောက်တရက်မှာတော့ စခန်းကော်မတီ အတွင်းရေးမှူးကနေ ကိုနိုင်အောင်တို့ ဗဟိုကော်မီတီရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ ကိုမျိုးဝင်းကို ရမ်ဂဟမ်က မူလ နိုင်ငံခြားရေးရုံး ဝန်းကျင်မှာ ကျနော်သွားတွေ့ပါတယ်။
ကွဲပြဲကာစ နှစ်ဖက်ဗဟိုကော်မတီ စာရင်းကတော့ ကိုမိုးသီးဇွန်တို့ဘက်မှာ ဥက္ကဋ္ဌအဖြစ် ကိုမိုးသီးဇွန်၊ ဒုဥက္ကဋ္ဌအဖြစ် ကိုအောင်သူငြိမ်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဆလိုင်းကိုကိုဦး၊ အတွင်းရေးမှူး ၁ အဖြစ် ကိုအောင်သန်းဝင်း၊ အတွင်းရေးမှူး ၂ အဖြစ် ကိုမျိုးသန့်တို့ ဖြစ်ပါတယ်။ ဒေါက်တာနိုင်အောင်တို့ဘက်မှာတော့ ဥက္ကဋ္ဌအဖြစ် ဒေါက်တာနိုင်အောင်၊ ဒုဥက္ကဋ္ဌအဖြစ် ကိုကျော်ကျော်၊ အထွေထွေအတွင်းရေးမှုးအဖြစ် ကိုမျိုးဝင်း၊ အတွင်းရေးမှူး ၁ အဖြစ် ကိုအောင်ထူး၊ အတွင်းရေးမှူး ၂ အဖြစ် ကိုလှဌေးတို့ ဖြစ်ပါတယ်။
နှစ်ဖက်တာဝန်ရှိသူတွေဖြစ်တဲ့ စခန်းဥက္ကဋ္ဌ ကိုအောင်သန်းဝင်းနဲ့ စခန်းအတွင်းရေးမှူး ကိုမျိုးဝင်းတို့ရဲ့ ပြောဆိုချက်တွေဟာ သူ့ဆင်ခြေနဲ့သူ နှစ်ဖက်စလုံး မှန်သလိုဖြစ်နေတဲ့အတွက် သတင်းသွားမေးမိတဲ့ ကျနော်ကပဲ “မေးမိတာ မှားပါတယ်” ဆိုသလိုမျိုးဖြစ်သွားလို့ ကျနော်လည်း ဘာဆက်လုပ် ရမှန်းမသိပါ။ နောက်ဆုံးမှာတော့ အားလုံးဆုံပြီး စခန်းရောက်မှ စုံညီရှင်းလင်းပွဲလုပ်မယ်၊ ပြီးတော့မှ ရဲဘော်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ခံယူမယ်လို့ အကြမ်း သဘောတူညီမှုရကာ ကျနော်တို့အားလုံး သီးခြားစီ မင်းသမီးစခန်းဆီ ပြန်ဝင်လာကြပါတယ်။
အပေါ် နှစ်ခြမ်း၊ အောက် ငါးခြမ်းနဲ့ မင်းသမီးဒေသ
စခန်းရောက်မှ ရှင်းလင်းပွဲလုပ်ပြီး ဆုံးဖြတ်ကြမယ်ဆိုပေမယ့် တကယ်ကတော့ ဗဟိုမှာကွဲတယ် ဆိုကတည်းက ကိုမိုးသီးဇွန်တို့ဘက်က တာဝန်ရှိသူတဦးဟာ ရနောင်းကိုဆင်းပြီး ကိုကျော်ရတို့ ပင်လယ်ပြင်တပ်စုကို သူတို့ဘက်ကပါဖို့ အပြတ်စည်းရုံးထားပြီးသား။ ကိုကျော်ရနဲ့ တပ်ဖွဲ့ဝင် ၄၀ ကျော် ၅၀ နီးပါးဟာ သူတို့ဘက်မှာ ရှိနေပြီဖြစ်တယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ မိခင်တပ်ရင်းရှိရာ မင်းသမီးစခန်း ကုက္ကိုပင်ကြီးအောက်က ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ရဲဘော်တွေရဲ့ ဆန္ဒခံယူပွဲဟာ ကိုနိုင်အောင်တို့ ဘက်က ကိုယ်စားလှယ်တွေနဲ့ ဘယ်ဘက်မှာမှ မပါဘဲ ဒီ နှစ်ဖွဲ့ပေါင်းတဲ့အထိ ဘက်မလိုက်ရပ်မယ်။ ကွဲပြဲတာကို လက်မခံနိုင်ဘူးဆိုတဲ့ ကျနော်တို့လို ပုဂ္ဂိုလ်တွေအကြား ရှင်းလင်းပွဲ သဘောမျိုးသာ ပိုများနေပါတယ်။
၁၉၉၁ ဒီဇင်ဘာလ ၃ရက်နေ့က ၁၁ ရက်နေ့အထိ ၉ ရက်ကြာကျင်းပတဲ့ အဲဒီမျက်နှာစုံညီ ရှင်းလင်းပွဲကို ကိုအောင်သန်းဝင်းနဲ့ ကိုမျိုးဝင်းအပါဝင် နှစ်ဘက်စလုံးက ကိုယ်စားလှယ် ၇ ဦးလောက် လာရောက်ရှင်းလင်း တင်ပြကြပါတယ်။ ကျနော်တို့ လက်ကျန် ကော်မီတီ ငါးဦးက သဘာပတိ ဒိုင်လူကြီးအဖြစ် တာဝန်ယူရပြီး ပွဲမကြမ်းအောင် ထိမ်းခဲ့ရပါတယ်။
ကျနော် မှတ်မိသလောက်ဆိုရင် ကိုအောင်သန်းဝင်းဘက်က အဓိကထား တင်ပြတာဟာ ကိုမိုးသီးဇွန်ရဲ့ ၈ လေးလုံးကာလ ထင်ပေါ်ကျော်ကြားမှု၊ ဗကသနဲ့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ ခေါင်းဆောင်မှု အစဉ်လာတွေ ဖြစ်ပါတယ်။ ဒီလိုအစဉ်အလာရှိတဲ့ ခေါင်းဆောင်ဖြစ်ပေမယ့် ညီလာခံအတွင်းမှာတော့ သူတို့ဟာ လူနည်းစုဖြစ်နေတဲ့အတွက် သူတို့ရဲ့ တင်ပြချက်တွေကို ဒေါက်တာနိုင်အောင်တို့ အုပ်စုက လက်မခံဘဲ လူများစုနဲ့ အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ သဘောမျိုး ကိုအောင်သန်းဝင်းက ပြောတယ်လို့ ကျနော် အမှတ်ရနေပါတယ်။
ကိုမျိုးဝင်းတို့ဘက်က ပြောတဲ့အထဲမှာတော့ အဖွဲ့အစည်းတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဒီမိုကရေစီ ကျင့်စဉ်ရဲ့ သဘောအရ အများစုဆန္ဒကို အနည်းစုက လိုက်နာရမယ်ဆိုတဲ့ သဘောမျိုးပါတယ်လို့ ကျနော် မှတ်မိနေပါတယ်။
ကျနော်အပါဝင် ကွဲပြဲတာကို လက်မခံဘူးဆိုတဲ့ အုပ်စုကတော့ “အများစုဆန္ဒကို အနည်းစုက လိုက်နာရမှာဖြစ်သလို အနည်းစုဆန္ဒကို အများစုက လေးစားဖို့လိုတယ်။ ဒါကြောင့် ကွဲပြဲမှုကို ချက်ချင်းရပ်တန့်ပြီး အမြန်ဆုံး ပြန်လည်ပေါင်းစည်းဖို့လိုတယ်” ဆိုပြီး ပြောခဲ့တယ်လို့ မှတ်မိနေပါတယ်။

ဒီလိုနဲ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ၉ ရက်လုံးလုံး ငြင်းခုံဆွေးနွေးလိုက်တာ လူတွေလည်း အတော်ခြေကုန်လက်ပန်း ကျကုန်ကြပါတယ်။ တနေ့ ၈ နာရီနှုန်းနဲ့ ကုက္ကိုပင်ကြီးအောက်မှာ နေ့ခင်းဘက် ဒီလို တရားဝင်ရှင်းလင်းပွဲတွေနဲ့ ရှုပ်နေသလို ညနေခင်းတွေမှာလည်း ဘားတိုက် အသီးသီးမှာ တီးတိုးစကားဝိုင်းတွေနဲ့ ဆွေးနွေးနေကြတာဟာ တကယ့်ကို အကြိတ်အနယ်ပါပဲ။ နောက်ဆုံးမှာတော့ ဘက်တခုခုကို ထောက်ခံတဲ့ တပ်ရင်းတခုတည်းအဖြစ် ဘယ်လိုမှ ရပ်တည်လို့ မဖြစ်နိုင်တော့တဲ့အတွက် “ငြိမ်းချမ်းစွာ ကွဲပြဲရေးမူဝါဒ” ကို ခေါင်းဆောင်ပိုင်းအသီးသီးက လက်ခံသဘောတူ လိုက်ရပါတယ်။ ဒီအတွက် ရဲဘော်တဦးချင်း ဆန္ဒရှိတဲ့အတိုင်း ကြိုက်တဲ့ဘက်မှာ လွတ်လပ်စွာ ရပ်နိုင်တယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။
ဒီဆုံးဖြတ်ချက်အရ ပထမဆုံး ကွဲပြဲသွားတာကတော့ ဒိုင်လူကြီးအဖြစ် သဘာပတိတာဝန် ယူနေကြတဲ့ ကျနော်တို့ လက်ကျန် စခန်းကော်မီတီ ငါးဦးပဲဖြစ်ပါတယ်။ ဒုရင်းမှူး ဆရာအောင်မြင့်က ကိုနိုင်အောင်တို့ဘက် ပါသွားပါတယ်။ ကျနော်၊ ဦးဟန်လင်း၊ ကိုဉာဏ်စိုး (ရက်ပိုင်းအတွင်း ကိုနိုင်အောင်တို့ဘက်ကို ပြောင်းသွားသူ)၊ ကိုဂွမ်ရှီ (လပိုင်းအတွင်း ကိုမိုးသီးဇွန်တို့ဘက်ကို ပြောင်းသွားသူ) တို့ကတော့ ဘယ်ဘက်မှမပါဘဲ ဘက်မလိုက် ညီညွတ်ရေးအဖွဲ့ဆိုပြီးရပ်ဖို့ သဘောတူလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ငါတို့ကွဲသွားပြီဖြစ်တဲ့အတွက် စခန်းတခုတည်း အတူနေလို့ မဖြစ်တော့ဘူး၊ တနေရာစီနေမှ သင့်တော်မယ်လို့ ထပ်မံသဘောတူပြီးတဲ့နောက် ဆရာအောင်မြင့် ဦးဆောင်တဲ့ ဒေါက်တာ နိုင်အောင်ကို ထောက်ခံတဲ့အဖွဲဟာ သူတို့ လူအင်အား ၈၀ ခန့်နဲ့အတူ ကျနော်တို့ မူလစခန်းနဲ့ တမိုင်ခန့်ဝေးတဲ့ တပ်ရင်း စစ်သင်တန်းကျောင်းရှိရာ အရပ်ဆီ ပြောင်းသွားပါတယ်။
ဆန်အိတ်တွေ၊ ရိက္ခာတွေ၊ အိုးတွေခွက်တွေ၊ စောင်တွေ၊ ခွေးတွေကြောင်တွေကိုပါ သယ်ပြီး ထွက်သွားကြတဲ့ ဒီမြင်ကွင်းဟာ တကယ့်ကို ရင်နင့်စရာပါ။ တမြို့တည်းကနေ တောခိုဖို့ အတူထွက်လာသူတွေ၊ အထကတွေ တက္ကသိုလ်တွေမှာ နှစ်ပေါင်းများစွာ အတူကျောင်းတက်လာသူတွေ၊ ယုံကြည်ချက်တူလို့ အသက်ပါပုံအပ်ပြီး သုံးနှစ် သုံးမိုးလုံးလုံး တောတွင်းမှာ အတူနေ၊ အတူစား၊ အတူသွား၊ အတူတိုက်ပွဲဝင်လာခဲ့တဲ့ “ရဲဘော်သူငယ်ချင်း” တွေအချင်းချင်း အခုလို ကွဲသွားတဲ့မြင်ကွင်းကို ဘာနဲ့နှိုင်းပြရမှန်း ကျနော် စကားလုံး ရှာမတွေ့သေးပါ။ နှစ်ပေါင်းများစွာ ပေါင်းသင်းလာတဲ့ မိဘနှစ်ပါး သဘောထား မတိုက်ဆိုင်လို့ ကွဲပြဲချိန်မှာ သားသမီးတချို့က အဖေနဲ့လိုက်သွားပြီး တချို့က အမေနဲ့ကျန်ခဲ့တဲ့ မြင်ကွင်းမျိုးများ ဖြစ်နေလေမလားလို့တော့ စဉ်းစားမိပါတယ်။ ဒါပေမယ့်ဘာမှ မတတ်နိုင်။ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ ကျောင်းသားတွေဆိုတော့ စာသင်ခန်းထဲက ကျောင်းသားတွေလို “အဖေကယ်ပါ၊ အမေကယ်ပါ” ဆိုပြီး အော်ငိုနေလို့ဖို့လည်း မဖြစ်နိုင်တော့ပါ။
ဒီလိုနဲ့ ကျန်တဲ့လူ ၂၀၀ ဝန်းကျင်ခန့်ကတော့ ကျနော်တို့နဲ့အတူ ဘက်မလိုက်အဖြစ် မူလစခန်းမှာ နေမြဲအတိုင်း ဆက်နေကြပါတယ်။ ကိုမိုးသီးဇွန်ကို ထောက်ခံတဲ့ ကိုကျော်ရတို့အဖွဲ့ကတော့ အဲဒီအချိန် စခန်းမှာမရှိဘဲ ပင်လယ်ပြင်ထဲ ရောက်နေတာကြောင့် စခန်းနေရာအတွက် ပြဿနာမရှိခဲ့ပါ။ (နောက်ပိုင်းမှာတော့ ကျနော်တို့ ဘက်မလိုက်တပ်ရင်းရဲ့ အရှေ့ဘက် တမိုင်နီးပါးအကွာက တနင်္သာရီမြစ်ဘေးမှာ ၂၀၂ တပ်ရင်းဆိုပြီး သူတို့ရဲ့ စခန်းကို လာဆောက်ပါတယ်။)
ကျနော်တို့ ၂၀၁ တပ်ရင်းအတွင်း ၁၀ ရက်နီးပါး အော်ကြီးဟစ်ကျယ် အငြင်းပွား၊ ခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ ခြိမ်းချမ်းစွာနဲ့ “ကုက္ကိုပင်လမ်းခွဲ” လုပ်လိုက်နိုင်ကြပေမယ့် ကျနော်တို့ဘေးနားရှိ ၂၀၃ တပ်ရင်းမှာတော့ ဒီလို ငြိမ်းချမ်းစွာ လမ်းခွဲနိုင်ပုံမရ။ (မြိတ်ဒေသ မောတောင်စခန်းအခြေစိုက် ၂၀၃ တပ်ရင်းဟာ ၁၉၉၀ အစောပိုင်းမှာ နဝတက ထိုးစစ်ဆင်တဲ့အတွက် မောတောင်စခန်း ကျပြီးနောက် မင်းသမီးဒေသဆီ ပြောင်းလာပြီး ကျနော်တို့ တပ်ရင်းနဲ့ မနီးမဝေးမှာ အခြေချထားပါတယ်။) ရှင်းလင်းပွဲကိုလည်း အသေအချာ လုပ်နိုင်ပုံမရဘဲ ကိုမိုးသီးဇွန်ကို ထောက်ခံတဲ့ အင်အားနည်းတဲ့အဖွဲ့တွေကို ကိုနိုင်အောင်ကို ထောက်ခံတဲ့ အင်အားများတဲ့အုပ်စုက စခန်းကနေ မောင်းထုတ်လိုက်ပါတယ်။ ဒါကြောင့် ကိုထိန်လင်း ဦးဆောင်တဲ့ ကိုမိုးသီးဇွန်တို့ဘက်က ၂၀၃ အဖွဲ့ဟာ ကျနော်တို့စခန်းဝန်းကျင် တနင်္သာရီမြစ်ဘေးကနေ ထီးခီးဆီ သွားရာလမ်းကြားရှိ အလယ်စတိုအထိ ရောက်သွားပါတယ်။
ဒီအကွဲအပြဲကို စာရင်းပြန်ချုပ်ရမယ်ဆိုရင်တော့ ဗဟိုမှာ နှစ်ခြမ်းသာကွဲပေမယ့် ကျနော်တို့ မင်းသမီးဒေသမှာတော့ တပ်ရင်း နှစ်ရင်းကနေ တပ်ရင်း ငါးရင်းအထိ ကွဲသွားပါတယ်။ ကျနော်တို့ ၂၀၁ မှာဆိုရင် ၂၀၁ ဒေါက်တာနိုင်အောင်၊ ၂၀၁ မိုးသီးဇွန်၊ ၂၀၁ ဘက်မလိုက်ဆိုပြီး တပ်ရင်း သုံးခုဖြစ်လာပါတယ်။ နောက်တခါ ၂၀၃ မှာဆိုရင်လည်း ၂၀၃ ဒေါက်တာနိုင်အောင်၊ ၂၀၃ မိုးသီးဇွန်ဆိုပြီး တပ်ရင်း နှစ်ခု ဖြစ်လာပါတယ်။
ကျနော်တို့ ကျောင်းသားတွေအကြား ဒီလိုအကွဲအပြဲတွေ ဖြစ်နေတာကို KNU ကလည်း အထူးစိတ်ဝင်တစား စောင့်ကြည့်နေပြီး ကျောင်းသားတွေအချင်းချင်း ပစ်ကြခတ်ကြတော့မလားလို့ စိုးရိမ်နေခဲ့ကြတယ်လို့လည်း နောက်ပိုင်းကျမှ ပြန်သိရပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ KNU အပါဝင် ကွဲဖူးသမျှ လက်နက်ကိုင် အဖွဲ့အားလုံး အချင်းချင်း ပစ်ကြခတ်ကြပြီး အတူတူနေလို့မရအောင် ဖြစ်ခဲ့တာချည်းနဲ့ပဲ ကြုံဖူးလို့လို့ ဆိုပါတယ်။ ဒါကြောင့် ကျနော်တို့ ကျောင်းသားတွေ ကွဲတာဟာ တကယ် ကွဲတာမဟုတ်ဘဲ ဟန်ပြကွဲပြခြင်းသာ ဖြစ်ဖို့များတယ်ဆိုပြီး KNU ခေါင်းဆောင်ပိုင်းက နောက်ပြောင်ပြောဆိုလေ့ရှှိတာကို ကျနော် မှတ်မိနေပါတယ်။

ကျနော်တို့ မင်းသမီးဒေသအပြင် ABSDF တခုလုံးရဲ့ အဲဒီကာလ အကွဲအပြဲအခြေနေကို ကြားမိသမျှ ပြန်ပြောရမယ်ဆိုရင် တပ်ရင်းတခုတည်း သုံးခြမ်းကွဲတာကတော့ ကျနော်တို့ တပ်ရင်းတခုတည်းပဲ ရှိတယ်လို့ထင်ပါတယ်။ ကျန်တဲ့တပ်ရင်းတွေ အများစုကတော့ တပ်ရင်းအလိုက် ဟိုဘက် ဒီဘက် ထောက်ခံလိုက်ကြပြီး အလွန်ဆုံးကွဲတဲ့တပ်ရင်းက နှစ်ခြမ်းပဲ ကွဲကြပါတယ်။ ဥပမာ – ဘုရားသုံးဆူ ဒေသမှာဆိုရင် ၁၀၁ တပ်ရင်းက ကိုနိုင်အောင်တို့ဘက်ကို ထောက်ခံပြီး ၁၀၂ က ကိုမိုးသီးတို့ကို ထောက်ခံလိုက်ပါတယ်။ သီဘောဘိုးဒေသရှိ ၂၀၄၊ ၂၀၅၊ ၂၀၆ တပ်ရင်းတွေ ဘယ်ဘက်ဘယ်လို ထောက်ခံသလဲဆိုတာကိုတော့ ရှင်းရှင်းလင်း မသိပါ။ သီဘောဘိုးအနီးရှိ စခန်းသစ်ဒေသအခြေစိုက် တပ်ရင်းတခုမှာတော့ ကျနော်တို့လိုပဲ ဘက်မလိုက်ရပ်တဲ့ အဖွဲ့တခုပေါ်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ သူတို့အဖွဲ့ကြား ဘာမှအဆက်သွယ် မရှိခဲ့ပါ။
တခြားစခန်းတွေထဲမှာတော့ ကော့မူးရာစခန်းမှ ၂၁၁၊ ရေကျော်စခန်းမှ ၂၀၇၊ သံလွင်မှ ၂၀၉ တို့က ကိုနိုင်အောင်တို့ဘက်ကို ထောက်ခံတယ်လို့ ကြားရပါတယ်။ တခါ သံလွင်မှပဲ ၂၀၈ နဲ့ စောထမှ ၂၁၀ တို့က ကိုမိုးသီးဇွန်တို့ဘက်ကို ထောက်ခံတယ်လို့ သိရပါတယ်။ အလားတူ ကရင်နီနယ်မှ ၃၀၃၊ ပအို့နယ်မှ ၆၀၁၊ မြောက်ပိုင်း ကချင်ဒေသနဲ့ အိန္ဒိယနယ်စပ်ရှိ တပ်တွေဟာလည်း ကိုနိုင်အောင်တို့ဘက်ကို ထောက်ခံတယ်ဆိုပြီး ကြားရပါတယ်။ ဒါပေမယ့် ရှမ်းနယ်မြေရှိ တပ်ရင်းတခုနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ၉၀၁ တပ်ရင်းတွေကတော့ ကိုမိုးသီးဇွန်တို့ကို ထောက်ခံတယ်လို့ ကြားရပြန်ပါတယ်။ ဗဟိုဘက်ကလာတဲ့ ဒီသတင်းတွေကို တဆင့်ခံ ကြားရခြင်းသာဖြစ်ပြီး ကျနော် အသေချာမသိပါ။ ကျနော် အတိအကျ သိတာကတော့ မင်းသမီးဒေသရှိ ၂၀၁ နဲ့ ၂၀၃ တပ်ရင်းတွေရဲ့အခြေနေမျှသာ ဖြစ်ပါတယ်။