နာမည်က မသင်းသင်း။ အသက်က ၄၀ ကျော်ကျော်လောက်တော့ ရှိလိမ့်မည်။ ကျနော့်ဆေးခန်းလေးကို လာတိုင်းတော့ နာမည်နဲ့ လိုက်အောင် သနပ်ခါး ဘဲကျားကွက်ကြီးနှစ်ဘက်နှင့် တသင်းသင်း ဖြစ်နေတတ်သည်။ အလုပ်က ဈေးသည်။ ဈေးသည်ကမှ သမ္ဗန်ဈေးသည်။ ကျနော်တို့မြို့က ဝါးလတ်၊ ဝါးတန်း ခေါ် ငါးဖမ်းစက်လှေတွေ အမြဲ အဝင်အထွက် ရှိနေတတ်သည့်မြို့လေးဖြစ်သည်။ ထိုစက်လှေတွေ ကျောက်ချ ရပ်နားထားသော လှေဆိပ် တံတား ရေပြင်တဝိုက် မသင်းသင်းတို့လို ဈေးသည်တွေ ကိုယ့်လှေ(သမ္ဗန်)လေးနဲ့ကိုယ် သူတို့ဆီ ကူးချည်သန်းချည် လုပ်၍ တဝမ်းတခါးအတွက် ဈေးရောင်းကြရသည်။ ဒူးနာတိုင်း ကျနော့်ဆေးခန်းလေးကို ရောက်ရောက်လာတတ်သည့် မသင်းသင်းက သူ့အလုပ်အကိုင် အကြောင်း ကျနော် စိတ်ဝင်တစား မေးသမျှ အားတက်သရော ပြောပြသွားတတ်သည်။ မသင်းသင်း ပြောပြသည့် မသင်းသင်းအကြောင်းဟု ဆိုရမည် ထင်ပါသည်။
“ကလေးကတော့ ၅ ယောက် ရှိတယ် ဆရာ။ အကြီးဆုံးသမီးက ၈ တန်း မအောင်ဘဲ ကျောင်းထွက်ပြီး ကျမကို ကူနေတယ်။ အငယ်ဆုံးလေးက ခုဆို ၄ နှစ် ထဲမှာ။ အာလုံးကို ပညာတတ်လေးတွေ ဖြစ်စေချင်တာပေါ့ ဆရာရယ် …။ ကျမတို့ ပညာမတတ်ခဲ့ရတော့ ခုလို ပင်ပင်ပန်းပန်း ရှာဖွေနေရတာကို သားသမီးတွေကို လက်ဆင့် မကမ်းခဲ့ချင်ပါဘူး။ ဒါပေမယ့် သူတို့လေးတွေပေါ်မှာလည်း မူတည်တာပေါ့။ ၁ နှစ်ကနေ ၂ နှစ် စာမေးပွဲရှုံးနေမယ် ဆိုရင် ကျောင်းဆက်ထားနိုင်ဖို့ ကျမတို့မှာ အခက်အခဲ ရှိလာပြီ။ အံမယ် … အလယ်ကောင်လေးကတော့ စာတော်တယ် ဆရာရေ့ … ။ ဟိုတပတ် လစစ်မှာ အဆင့် ၃ ရလာလို့ ဆိုလား သူ့အဖေကို ပုံပြင်စာအုပ် ဝယ်ပေးဖို့ ပူဆာနေတာ ကြားလိုက်တယ်။
သူတို့အဖေလား ဆရာ … ။ ဟင့်အင်း … အလုပ် သပ်သပ် မလုပ်ပါဘူး။ ကျမတို့သမ္ဗန်လေး သူက မောင်းတယ်။ ကျမနဲ့ သမီးကြီးက လှေဝမ်းမှာပါလာတဲ့စားသောက်ကုန်တွေကို ခေါ်တဲ့လှေကြီးတွေဆီ သွားရောင်းရတယ်။ အင်း … အစုံပဲ ဆရာ။ အရက်၊ ဘီယာတို့လည်း ပါတာပေါ့။ ဆေးလိပ်၊ ကွမ်း၊ အချိုရည် ရေခဲစိမ်တွေရော။ မုန့်ပဲသွားရည်စာကတော့အစုံပဲ။ လူအစုံနဲ့တွေ့ရတော့ စရိုက်ကလည်း စုံတာပေါ့ဆရာ။ တချို့ကျတော့ မောင်နှမ၊ သားအမိလို၊ တချို့ကျတော့လည်း သမီးကြီးကို နည်းနည်း ရိသဲ့သဲ့ ပြောချင်ဆိုချင် ရှိတတ်တယ်။ ဒါပေမယ့် သူ့အဖေလည်း တောက်လျှောက်ပါနေတော့ ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။ ကျမတို့က ဆင်းရဲလို့ ဒီအလုပ် လုပ်နေရပေမယ့်သား၊ သမီးတွေကိုတော့ ဆင်းရဲပါစေ စာရိတ္တကောင်းတဲ့သူမျိုးနဲ့ပဲ အကြောင်းပါစေချင်တာတော့ ကျမတို့လို မိဘတိုင်းရဲ့ စိတ်ရင်းဆန္ဒပဲနေမှာပါဆရာ … ။
အိမ်စရိတ်အကြောင်း ကျမကိုမေးရင်တော့ ဆရာ့ကို ကျမ ညည်းပြတယ်လို့ ဆရာ မထင်နဲ့ဦးနော်။ ဒါပေမယ့်ဆရာက အိမ်စရိတ်ကာမိရဲ့လား ဆိုတော့ ကာမိရုံလေး ဆိုပါတော့။ အခုက ကျမတို့အိမ်ပိုင် မဟုတ်သေးဘူး ဆရာ။ ကျမတို့ ဒီအလုပ် လုပ်လာတာလား … ။ ၁၀ နှစ်လောက်တော့ရှိတော့မယ် ဆရာ။ ၁၀ နှစ်လောက် လုပ်တာတောင် အိမ်ပိုင်တလုံး မဝယ်နိုင်သေးပါဘူး။ စုမိမယ် လုပ်လိုက် … ကလေးက ပြွတ်ခနဲဆို တယောက် ထွက်လာလိုက်။ စုမယ်ဆောင်းမယ် လုပ်လိုက် … အိမ်လခ၊ ရေဖိုး၊ မီတာခ၊ ကျောင်းသားစရိတ်၊ ကျူရှင်စရိတ်၊ တနေ့တနေ့ စားသောက်စရိတ်၊ သာရေး၊ နာရေး လူမှုရေးတွေကလည်း မပါလို့ မပြီးသေးဘူးလေ။ အမယ် … ဒါတွေကြားလိုက်တော့ ဆရာက မျက်ခုံးပင့်ရုံတင် ပင့်သွားတာ။ ကျမက မျက်လုံးပါ ပြူးနေပြီ ဆရာရေ့။
ဆရာမေးတာကလည်း ကျမတို့ ဒီလိုလှေလေးတွေနဲ့ လိုက်ရောင်းတာ ဆရာ တခါမှ မမြင်ဖူးမှန်း သိသာတယ် (ပြုံးလျက်)။ ဘယ်ကလာ လှေမှာအမိုးအကာတွေ ရှိရမှာလဲ။ နေပူပူ၊ မိုးရွာရွာ ထီးလေးတွေဆောင်းလို့ ခေါ်တဲ့လှေကြီးတွေဆီမျှော်ရင်း ရောင်းရတာပေါ့။ အင်း … ဆရာပြောတာမှန်တယ်။ ကျမတို့အတွက် သနပ်ခါးက အသားအရေ ကာကွယ်တဲ့ အကောင်းဆုံး လိမ်းဆေးပဲ။ ဒါကြောင့် … ကျမ ဘယ်သွားသွား လူတွေ ကျမကို သနပ်ခါး ပါးကွက်ကျားကြီးနဲ့ အမြဲတွေ့ရတာပေါ့။ အကျင့်က ပါနေပြီလေ။
လုပ်ငန်းလိုင်စင် … … ။ အဲဒါမျိုးတော့ တရားဝင် မချပေးထားဘူး။ ဒါပေမယ့် ချပေးထားရင် ကျမတို့အတွက် ပိုအဆင်ပြေမယ် ထင်တယ်။ အခွန် နည်းနည်းပေးရလည်း ကိုယ့်အတွက်ကျန်သင့်သလောက် ကျန်တယ်လေ။ ခုက ဆရာမေးသလို စည်ပင်သာယာကို ကြောက်နေရတာမဟုတ်ဘူး ဆရာရေ … ရဲကို ကြောက်နေရတာ။ ဆိုင်မဆိုင်တော့ မသိဘူးဆရာ … ကျမတို့မှာ သူတို့အတွက်လိုင်းကြေးဆိုပြီး သူတို့တဖွဲ့ကို တသောင်းနဲ့ ၅ ဖွဲ့ အတွက် ငါးသောင်းပေးရတာ။ လှေအားလုံး စုပေးရတာမဟုတ်ဘူး ဆရာရဲ့။ လှေတစီးချင်းစီက တလချင်းစီ ပေးနေရတာ။ လဆန်း ၅ ရက်နေ့ဆို ပေးရမယ့်ရက်လို့ ဈေးသည်တွေက အလိုလို မှတ်သားမိနေတတ်တယ်။ တလမပြတ် ပေးနေခဲ့ရတာကိုး။ သူတို့ကလည်း ဘာ့အတွက်၊ ဘာ့ကြောင့် ကောက်တယ်လို့ ဘယ်တုန်းကမှလည်း မရှင်းပြခဲ့ဖူးဘူး။ အဲဒီလို ပေးရတဲ့အတွက် ကတ်ပြားလား ဆရာ။ ဘာ အသိအမှတ်ပြုကတ်လေးမှ မရှိပါဘူး ဆရာရယ်…။ သူတို့မှာ လာပေးနေကျ သမ္ဗန်လေးတွေရဲ့ဈေးသည် နာမည် စာရင်းစာရွက်ပဲ ရှိတယ်။ မောင်မင်းကြီးသားများက လာမပေးနိုင်တဲ့သူတွေကို တလကြီးများတောင် သည်းခံ စောင့်ကြပါသေးတယ်။ နှစ်လကျော်လို့ လာမပေးနိုင်သေးရင်တော့ ဘာမှ လာမရှင်းနဲ့၊ ရုံးရောက်မှရှင်း … ဆိုတာမျိုးပဲ ဆရာရေ … ။ အကြောင်း တမျိုးမျိုးပြပြီး ဖမ်းသွားတော့တာပါပဲ။
ကျမတို့သမ္ဗန်လား ဆရာ … အဖမ်းခံရဖူးတာပေါ့ … ။ ဒါကြောင့်လည်း မပြေလည်လို့ မပေးနိုင်သေးတဲ့ ဘဝတူ ဈေးသည်တွေ အဖမ်းခံရရင် အရမ်းလည်းသနားတယ်။ မစဉ်းစား၊ မဆင်ခြင်ရဖို့၊ ယူဖို့ပဲသိတဲ့သူတွေကိုလည်း သိပ် ဒေါသဖြစ်မိတာပဲ။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ရဲတွေက ပိုက်ဆံလာကောက်နေတာ ဆိုတော့ ကိုယ်လုပ်နေတဲ့အလုပ်က ဥပဒေနဲ့များ ငြိစွန်းနေလို့လားဟဲ့ ဆိုပြီး ဇဝေဇဝါဖြစ်လာတယ်။ အဲဒီအခါကျတော့ သူတို့ကိုလည်း ဘာမှပြန်မပြောရဲ၊ ဘယ်သူ့ကိုပြောလို့ ဘယ်သူက ဖြေရှင်းပေးနိုင်မှန်းလည်း မသိနဲ့ အဖမ်း မခံရရင်ပြီးရော ဆိုပြီး ရှာကြံပေးကြရတာပါပဲ။
ကျမတို့ အဖမ်းခံရတုန်းကလား ဆရာ…။ အဲဒီတုန်းက နို့ညာလေး သွေးလွန်တုတ်ကွေးဖြစ်လို့ ဆေးရုံတင်ပြီး ဆင်းကာစ အချိန်ပေါ့။ သူတို့ကိုပေးဖို့ သပ်သပ်ခွဲထားတဲ့ ပိုက်ဆံတွေရော၊ ရောင်းလို့ ရထားတဲ့ အမြတ်လေးတွေပါ သုံးလိုက်ရတယ်။ ဈေးပြန်ထွက်တဲ့လမှာလည်း မိုးရာသီ အရောင်းပါးတဲ့အချိန်နဲ့ ကြုံတော့ လိုင်းကြေး မပေးနိုင်တာ ၂ လ ကျော်သွားပါလေရော။ အဲဒီမှာလှေထဲမှာ အရက်သေစာတွေ လိုင်စင်မရှိဘဲ ရောင်းပါတယ် ဆိုပြီး ကျမယောကျာ်ကို ဖမ်းတော့တာပါပဲ ဆရာ … ။ အဲဒါတွေပဲ အဓိကထား ရောင်းနေရတာ ဒီလိုလုပ်တဲ့ သမ္ဗန်အားလုံးပဲလေ။ ဖမ်းချင်လာတော့ အကြောင်းပြတာပေါ့ ဆရာရယ်။ ပြီးတော့ လှေထဲရှိရှိသမျှ ဆင်းဂါးဘီယာဘူးတွေ၊ အရက်ကောင်းကောင်းတွေ ပါကင်လိုက် သူတို့ ရဲတွေ မ, သွားတော့တာပဲ။ ပြီးတော့ ကျမယောကျာ်ကို အချုပ် မကျစေချင်ရင် အာမခံကြေး သုံးသောင်း ပေးရမယ် တဲ့။ အဲဒီအချိန်ကျမှတော့ လူလည်း ထူပူနေပြီဆရာ။ ကိုယ့်လင်၊ ကိုယ့်သား အချုပ် မကျအောင်တော့ မရှိတဲ့ကြားက ရှာရဖွေရတော့တာပေါ့။ အမှုကို ရုံးတင်ပြီးလို့ တရားသူကြီး ဒဏ်ငွေ ရိုက်လိုက်တာက တထောင်ပါပဲ ဆရာ။ အာမခံကြေး အပါအဝင် သူတို့ ပါကင်လိုက် သိမ်းသွားတာတွေက နောက်တခေါက် ပြန်ရင်းနှီး လုပ်စားဖို့ မကျန်တော့လောက်အောင်ကို ဆိုးရွားသွားခဲ့ရတယ်။ ကံပဲပေါ့ … ဆရာရယ်။
စနစ်ပြောင်းသွားပြီ၊ စနစ်က ဘယ်နားမှာ သွားပြောင်းနေလဲတော့ ကျမတို့လည်း မသိပါဘူး။ ကျမတို့လို သမ္ဗန်ဈေးသည်တွေဘဝကတော့ ခုထိ ဒုံရင်း၊ ဒုံရင်းပါပဲ။ ဒါပေမယ့် အခုတလော သူတို့ လိုင်းကြေးတွေ ပေါ်တင် သိပ်မကောက်ရဲကြဘူးလို့ ပြောသံ ကြားနေရတယ်။ ဂျာနယ်သတင်းထောက်တွေ ဆိုလား၊ ကင်းထောက်တွေ ဆိုလား သူတို့ လုပ်ပုံကိုင်ပုံတွေ ဓာတ်ပုံ လိုက်ရိုက်နေလို့ ဆိုလား။ ကျမလည်း ဇဝေဇဝါပါပဲ ဆရာ …။ ဒါပေမယ့် အဲဒီလိုလူမျိုး များများရှိရင်တော့ ကျမတို့အတွက် တော်တော် အဆင်ပြေမှာပဲလို့တော့ ထင်နေမိတယ်ဆရာ။
သမ္ဗန်ဈေးသည်ဘဝနဲ့ပဲ တသက်လုံး အသက်မွေးဝမ်းကြောင်းပြုတော့မှာလား ဆိုတော့ … ဒီအလုပ်ကိုပဲ တသက်လုံး ဘယ်လုပ်နေချင်ပါ့မလဲဆရာ။ နည်းနည်းပါးပါး ချောင်လည်လာရင် ဒီလိုလှေလေးတွေကို ပစ္စည်း တိုက်ရိုက် ဖြန့်နိုင်တဲ့ ပင်ရင်းဆိုင်မျိုးလေးတော့ ပိုင်ချင်သား။ ဒါကလည်း အိပ်မက် မက်ရသလို၊ ထီထိုးရသလိုပါပဲ ဆရာ။
ဆရာ ကျမကို အားပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ် ဆရာ …။ ဒါပေမယ့် ဆရာပြောတဲ့ ဒီမိုကရေစီ ဆိုတာကြီးကို သူများ ကြိုက်လို့ ကိုယ်လိုက်ကြိုက်လိုက်တာပဲ ရှိတယ်၊ နားလည်း မလည်ဘူး၊ သေချာလည်း မသိပါဘူး။ ကျမကတော့ ကိုယ့်မိသားစုဝမ်းစာကို ပူပင်၊ ကြောင့်ကြ ကင်းကင်းနဲ့ ရှာဖွေကျွေးမွေးနိုင်ရင်၊ သူများနဲ့ တန်းတူ အိုးပိုင်၊ အိမ်ပိုင်လေးနဲ့ နေနိုင်ရင်၊ သားသမီးတွေကို ပညာရှိကြီးတွေဖြစ်တဲ့အထိ ပညာအမွေ ပေးနိုင်ရင်၊ ငွေပိုငွေလျှံလေး ရှိလာလို့ သံသရာကောင်းအောင် အလှူအတန်းလေး အမြဲပြုခွင့်ရရင် ဘဝမှာ နေဖို့လည်းပျော်၊ သေလို့လည်းပျော်ပါပြီ ဆရာရယ်”
မသင်းသင်း ပြောသွားသော အကြောင်းအရာများကို နားထောင်ပြီးတော့ ကျနော် ကာတွန်းလေးတကွက်ကို ပြေးမြင်မိသည်။ ပုံထဲမှာ မောင့်ကျက်သရေ ခေါင်းပေါင်းစကို ညာဘက်ချ၍ တိုက်ပုံအကျႌ အကျအန ဝတ်ထားသော လူကြီးလူကောင်းတဦး။ သူ့အောက်က ပုဆိုးမှာတော့ ဖာရာ၊ ထေးရာ၊ စုတ်ပြဲရာများ ဗရပွနှင့်။ အပေါ်က ကြည့်ကောင်းအောင် ပြောင်းထားသော်လည်း အောက်ခြေမှာ အမူအကျင့်ဆိုးများ မပြောင်းလဲသေးသည်ကို ကာတွန်းဆရာက သရော်ထားသည့်ဟန်။ လူပြောများကြသော ဖန်ခွက်ထဲက ရေတဝက်ကိစ္စအတိုင်း ရှုမြင်ကြလျှင် ခုလိုချိန်ခါမှာ အပေါ်က(အုပ်ချုပ်သည့်အစိုးရ) ပြောင်းပြနေသည်မှာ မဆိုးဟု တဘက်က မြင်သည်။ ကျန်တဘက်ကတော့ခုလိုချိန်ခါမှာ အောက်က (အုပ်ချုပ်သည့်ပုံစံ) မပြောင်းလျှင် အပေါ်က ဘယ်လောက်ပြောင်းပြောင်း သိပ် မထူးခြားလှဟု မြင်ရသည်။ ကျနော်ကတော့ မသင်းသင်းတို့လို ဘဝမျိုးလေးတွေ အေးချမ်း၊ လှပနေတာကို အမြန် မြင်ချင်လှပြီ။
ဒီမိုကရေစီ ဆိုသည့် အဓိပ္ပာယ်ကို သေချာရေရာစွာ သိဟန်မတူဘဲ သူဖြစ်ချင်သည့် ဆန္ဒများကို ပြောသွားသည့် စကားများက တင့်တယ်၊ လှပ၍ ‘မြန်မာ့ဒီမိုကရေစီ’ ဆန်လှသည်။ ကျနော်တို့ခေါင်းဆောင်တွေ ယခုရေတွင်းတူးနေဆဲဟု သဘောထားကြလျှင် ရေဆိုး၊ ရေနောက်တွေ တရစပ် ခပ်ထုတ် ရှင်းလင်းပစ်၍ ရေကြည် မြန်မြန် သောက်ရမည့် နည်းလမ်းများလည်း ကြိုတင် ရှာဖွေသင့်ကြပြီဟု ထင်မြင်ယူဆမိပါသည်။ ။