ဆောင်းပါး

စီးပွားရေးထိပ်သီးများ အရောင်ပြောင်းချိန် (၂)

This article has been converted from Zawgyi One to Unicode

ဒဏ်ခတ် အရေးယူမှုတွေကနေ လွန်မြောက်တဲ့ကာလမှာ နိုင်ငံပေါင်းစုံက စီးပွားရေးသမားတွေနဲ့ ရှေ့ဆက် ဆက်စပ်ဆောင်ရွက်ဖို့ မျှော်လင့်ချက်နဲ့  စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ သူတို့ရဲ့ပုံရိပ်ကို အမြင်ကောင်းအောင်လုပ်တာ၊ စီးပွားရေးလုပ်ငန်းစုကြီး တခုလုံးကို ပြန်လည်ပြင်ဆင် မွမ်းမံနေကြတာတွေရှိသလို တချို့တွေကတော့ သူတို့ကို ကြွယ်ဝစေခဲ့တဲ့ အာဏာရှင်တွေနဲ့ ပြန်ပေါင်းထုတ်နေပုံရပါတယ်။ အဲဒီထဲမှာ ဦးအောင်ကိုဝင်းက ထင်ရှားပါတယ်။

အဖော်မဲ့ ကျောက်သူဌေး

ကမ္ဘောဇလေယာဉ်တစင်း သံတွဲတွင် လမ်းချော်စဉ် (ဓာတ်ပုံ- http://aviation-safety.net)

ဦးအောင်ကိုဝင်း ဥက္ကဋ္ဌလုပ်တဲ့ ကမ္ဘောဇအဖွဲ့ (KBZ Group) ဟာ လေကြောင်းလိုင်း ၂ ခု၊ တိုင်းပြည်ရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်နဲ့ အကျိုးမြတ်များတဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်တွင်း လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားတာပါ။ ကျောင်းဆရာဟောင်း တဦးဖြစ်တဲ့  ဦးအောင်ကိုဝင်းဟာ အရင်စစ်အစိုးရမှာ ဒုတိယ အာဏာအရှိဆုံးဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဆက်နွယ်ပြီး စတင်ချမ်းသာလာသူဖြစ်ပါတယ်။

အဲ့ဒီလိုပတ်သက်မှုကြောင့်ပဲ သူနဲ့ သူ့အမျိုးသမီး နန်းသန်းထွေးတို့ကို ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမယ့် စာရင်းထဲ သွင်းခဲ့ပါတယ်။ ဒါကြောင့် သူ့သမီး ၃ ယောက်ထဲက နန်းလန်းခမ်းကို သူ့အရိုက်အရာ ဆက်ဆံစေပြီး စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူစေခဲ့ပါတယ်။ ဒီမိသားစုဟာ “သိပ်ကို အရှက်အကြောက်ကြီးတယ်၊ သိပ်ကို ဘာသာရေး ကိုင်းရှိုင်းတယ်၊ သိပ်ကို စိတ်ကောင်းနှလုံးကောင်းရှိတယ်” လို့ ကမ္ဘောဇအဖွဲ့ အတိုင်ပင်ခံ ဦးညိုမြင့်က ပြောပါတယ်။

မီဒီယာနဲ့ ကင်းကင်းရှင်းရှင်းဖြစ်အောင် နေပေမယ့် သက္ကလပ်ဦးထုပ်ဆောင်းလို့ ရေဘင်မျက်မှန်တတ်ပြီး စိန်ရွှေနာရီ ပတ်ထားတဲ့ ဦးအောင်ကိုဝင်းကို ကမ္ဘောဇလေယာဉ်တစီးပေါ်မှာ ဇန်နဝါရီလက အမှတ်မထင် တွေ့လိုက်ရပါတယ်။ တွေ့ဆုံမေးမြန်းဖို့ ကြိုးစားပေမယ့် လေယာဉ်မှူးက ယာဉ်မောင်းအခန်းကထွက်လာပြီး မောင်းထုတ်တာမို့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့သမီး နန်းလန်းခမ်းနဲ့ ဦးညိုမြင့်တို့ကတော့ ရန်ကုန်က ကမ္ဘောဇဘဏ်ရုံးချုပ်မှာ တွေ့ဖို့ သဘောတူခဲ့ပါတယ်။

ဦးအောင်ကိုဝင်းဟာ အာဏာရှင်ဟောင်းတွေနဲ့ နီးနီးကပ်ကပ် အဆက်အသွယ်ရှိခဲ့သူပါ။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အတူ ကျောက်စိမ်းတုံးတွေ စစ်ဆေးနေတဲ့ သူ့ဓာတ်ပုံတွေနဲ့ ဘဏ်နံရံတွေကို တန်ဆာဆင်ထားပါတယ်။ ၁၉၉၀ အစောပိုင်းကာလ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး တိုင်းမှူးတာဝန်ယူခဲ့တဲ့ ရှမ်းပြည်နယ် ဒေသတခုက ပတ္တမြားနဲ့ နီလာမိုင်းတွေကနေ သူရဲ့ချမ်းသာကြွယ်ဝမှု စတင်ခဲ့တာဖြစ်ပါတယ်။ “ကျမဖေဖေက စွန့်ဦးတီထွင်လုပ်ငန်းရှင် တဦးပါ” လို့ နန်းလန်းခမ်းက ဆိုပေမယ့် ၂၀၀၈ ခုနှစ်က အမေရိကန်သံတမန်တွေနဲ့ တွေ့ဆုံပွဲတခုမှာတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက သူ့ကို ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ပိုင်ခွင့်တွေ ပေးခဲ့ကြောင်း၊ ပြီးတော့ သူတို့ ၂ ယောက် အခုအထိ နီးနီးကပ်ကပ်ရှိနေကြောင်း ဦးအောင်ကိုဝင်းက ဝန်ခံခဲ့ပါတယ်။

ဒီပုဂ္ဂိုလ်ရေးရင်းနှီးမှုနဲ့ နွေးထွေးတဲ့ဆက်ဆံရေးကပဲ သူရဲ့ ပြိုင်ဘက် သမဝါယမဘဏ်နဲ့ မြန်မာ အင်တာနေရှင်နယ် လေကြောင်းလိုင်းကို ပိုင်ဆိုင်ခွင့် ၂၀၁၀ ခုနှစ်တုန်းက အငြင်းပွားရာမှာ အလေးသာစေခဲ့တာပါ။ နောက်ဆုံး ကမ္ဘောဇဘဏ်က လေကြောင်းလိုင်းရဲ့ ၈၀ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။ သမဝါယမဘဏ်ကတော့ သြဇာကြီးတဲ့ အစိုးရအပေါင်းအပါနဲ့ ပဋိပက္ခဖြစ်တိုင်း အခြေအနေကောင်းပါ့မလားလို့ စိုးရိမ်ပူပန်တတ်ကြတဲ့ ငွေအပ်နှံသူတွေက ငွေပြန်ထုတ်ကြတဲ့ဒဏ်ကို တောင့်ခံခဲ့ရပါတယ်။

ကမ္ဘောဇဘဏ်လည်း နောက်နှစ်မှာ အလားတူအဖြစ်မျိုး ခံရတာပါပဲ။ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ရာထူးက အထုတ်ခံရမယ်လို့ ကောလာဟလတွေ ထွက်လာတာမို့ ငွေအပ်နံှထားသူတွေက သူတို့ငွေတွေကို ကမ္ဘောဇဘဏ်ကနေ အလုံးအရင်းနဲ့ ပြန်ထုတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ မက်ကွာရီ တက္ကသိုလ် (Macquaire University) က မြန်မာ့ဘဏ်ရေးရာကျွမ်းကျင်သူ စီပွားရေးပညာရှင် ရှောင် တာနယ် (Sean Turnell) က “ငွေအပ်နှံသူတွေက ဦးအောင်ကိုဝင်းရဲ့  ကံကြမ္မာလည်း ဆုတ်ရက်ကိုရောက်နေပြီလို့ စိုးရိမ်မှုတွေ ရှိနေခဲ့ကြပါတယ်” လို့ ရေးခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး မက်သာဖက်တမင်း (Methamphetamine) အဓိကတင်ပို့တဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ ငွေမဲတွေ ခဝါချတယ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာ့ဘဏ်လုပ်ငန်းဟာ အစွန်းထင်ပေမယ့်လည်း ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံမှာ အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်လာခဲ့ပါတယ်။

အမေရိကန်နဲ့ ဂျပန်အရာရှိတွေပါတဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်အဖွဲ့ (Financial Action Task Force) တဖွဲ့ မြန်မာပြည်ကို ၂၀၀၆ ခုနှစ် အလည်အပတ် သွားရောက်ခဲ့အပြီးမှာ ကမ္ဘောဇဘဏ်အနေနဲ့ “ငွေမဲခဝါချမှု တိုက်ဖျက်ရေး (Anti-Money Laundering) နဲ့ပတ်သက်ပြီး လေးစားလိုက်နာတတ်တဲ့ယဉ်ကျေးမှု အားနည်းတယ်” လို့ ကောက်ချက်ချခဲ့ကြောင်း ဝီကိလိခ်က ပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ကြေးနန်းတစောင်ထဲမှာ ရေးသားထားပါတယ်။ ရွှေ၊ ကျောက်မျက်ရတနာတွေ၊ ကျောက်စိမ်းတွေနဲ့  ကုန်သွယ်နေတာဟာ ငွေခဝါချမှုအတွက် “အခွင့်အလမ်းကြီးတွေ ဖြစ်စေတယ်” လို့လည်း အဲ့ဒီအဖွဲ့က မှတ်ချက်ပေးခဲ့ပါသေးတယ်။

ကမ္ဘောဇဘဏ်ကတော့ အဲဒီစွပ်စွဲချက်တွေအပေါ် ငြင်းဆန်ခဲ့ပါတယ်။ ဘဏ်ရဲ့ကြေညာချက်ထဲမှာ “ကမ္ဘောဇဘဏ်အနေနဲ့ ငွေခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ စိတ်အားထက်သန်စွာနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်” လို့ ဆိုထားပါတယ်။

ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်းတွေက ကမ္ဘောဇကို ငွေဖြစ်နေစေပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်မျက်ပြပွဲတွေ ၃-၄ လ တကြိမ် ကျင်းပပြီးတိုင်း ကမ္ဘောဇက ကျောက်မျက်ရောင်းရငွေ ဒေါ်လာ သန်း ၄၀ နဲ့ ၅၀ အကြား စုမိတယ်လို့ ကုမ္ပဏီပိုင် စာရွက်စာတမ်းတွေအရ သိရပါတယ်။ ဒီထဲမှာ ကြားဖောက် ရောင်းတာတွေ မပါပါဘူး။ ၂၀၁၁ ခုနှစ်ကဆို တရုတ်နိုင်ငံသားတယောက်က  ရေညှိရောင် ကျောက်စိမ်းတုံးကြီးကို ဒေါ်လာ ၄၄ သန်းပေးပြီး မြန်မြန်ဆန်ဆန် ဝယ်ယူဖူးခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်အပေါ်ထားရှိတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချရင် ကျောက်မျက်၊ သစ်နဲ့ သဘာဝသယံဇာတ လုပ်ငန်းတချို့နဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်တွေကို ရုတ်သိမ်းဖို့ မဖြစ်နိုင်ဘူးလို့ ဝါရှင်တန်မှာရှိတဲ့ အမေရိကန်အရာရှိတယောက်က ပြောပါတယ်။  ဒီလုပ်ငန်းတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့အတွက် ကန့်သတ်ချက်တွေ ရုတ်သိမ်းလိုက်မယ်ဆိုရင် အဲ့ဒီဒေသတွေဟာ အရင်ကလိုပဲ မတိုးတက်တဲ့အခြေအနေမှာ ဆက်ရှိနေမှာမို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးအောင်ကိုဝင်း အင်ပါယာရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ကမ္ဘောဇလေကြောင်း (Air KBZ) ဟာ အခုထိ ရုန်းကန်နေရဆဲပါ။ ကမ္ဘောဇ ပြည်တွင်းလေကြောင်းလိုင်းကို ၂၀၁၁ မှာ သူ တည်ထောင်ပြေးဆွဲခဲ့ပါတယ်။ လေကြောင်းလိုင်းမှာရှိတဲ့ လေယာဉ် ၃ စီးထဲက ၁ စီး ဖေဖော်ဝါရီလက သံတွဲလေဆိပ်မှာ ပြေးလမ်းချော်ဖူးပါတယ်။ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် ၅၁ ယောက်ရဲ့ ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး ဘာမှမသိရပါဘူး။ အဲ့ဒီ ခရီးသည်တွေထဲမှာ မြန်မာနိုင်ငံရဲ့ လူသိအများဆုံး ငပလီကမ်းခြေကို သွားရောက်လည်ပတ်ကြမယ့် နိုင်ငံခြားသားတွေလည်း ပါပါတယ်။

ကမ္ဘောဇလေကြောင်းလိုင်းရဲ့ ဥက္ကဋ္ဌကတော့ သူ့သမီး နန်းလန်းခမ်း ဖြစ်ပါတယ်။ သူက “အဖေ့ဆီကနေ ကျမ အများကြီး လေ့လာဖို့ လိုနေသေးတယ်” လို့ ပြောပါတယ်။ ဆက်ပြီး “ဘဏ်လုပ်ငန်းကိုလည်း ခေတ်မှီတဲ့လုပ်ငန်းဖြစ်အောင်လုပ်ဖို့နဲ့ ကမ္ဘောဇအဖွဲ့ကို ပြန်လည်စုဖွဲ့ဖို့ ကျမတို့ ကြိုးစားနေတယ်” တဲ့။

တကျော့ပြန်လော

Myint & Associates ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမိုက်ကယ်မိုးမြင့် (ဓာတ်ပုံ- Myint & Associates)
Myint & Associates ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမိုက်ကယ်မိုးမြင့် (ဓာတ်ပုံ- Myint & Associates)

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေတိုင်းက စစ်ဗိုလ်ချုပ်ကြီးတွေရဲ့အပေါင်းအပါလို့ လေ့လာသူတွေက မသတ်မှတ်ပါဘူး။ ဦးမိုက်ကယ်မိုးမြင့်ဟာ “မြန်မာပြည်ရဲ့ အအောင်မြင်ဆုံး စီးပွားရေးသမားတယောက်ဖြစ်တယ်၊ ပြီးတော့ ဥပဒေကို လေးစားလိုက်နာမှု အရှိဆုံး စီးပွားရေးသမား ဖြစ်ကောင်းဖြစ်နိုင်တယ်” လို့ ၂၀၀၉ ခုနှစ် ဝီကိလိခ်က ပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ကြေးနန်းတစောင်ထဲမှာ သတ်မှတ်ထားပါတယ်။

သက်တမ်း ၂၃ နှစ်ရှိပြီဖြစ်တဲ့ သူရဲ့ Myint & Associates ကုမ္ပဏီဟာ မြန်မာပြည်ရဲ့ အကြီးဆုံး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အကျိုးဆောင်ကန်ထရိုက် ကုမ္ပဏီဖြစ်ပြီး ဒီနှစ်ဝင်ငွေ ဒေါ်လာ ၁၂ သန်းလောက် ရှိပါတယ်။ ဒါ့အပြင် ဒေါ်လာ သန်း ၄၀ တန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတခုကိုလည်း သူ လည်ပတ်နေပါသေးတယ်။

အရပ်ဘက် လေယာဉ်မှူးဟောင်းတယောက်ဖြစ်တဲ့ အသက် ၅၉ နှစ်အရွယ် ဦးမိုက်ကယ်မိုးမြင့်ဟာ ၁၉၈၉ ခုနှစ် မြန်မာပြည် မပြန်လာခင်အထိ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားခဲ့ပြီး ခဏ အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူ မြန်မာပြည် ပြန်လာတာကလည်း ရှဲလ် (Shell) ကုမ္ပဏီမှာ အကြံပေးလုပ်နေတဲ့ သူ့အဖေထက် သာအောင်လုပ်ဖို့ပါ။

၁၉၆၂ မှာ အာဏာသိမ်းပြီး စစ်အာဏာအောက်မှာ တိုင်းပြည်ကို အမှောင်တိုက်သွင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အတွက် ၁၉၇၀ နှောင်းပိုင်းမှာ ဦးမိုက်ကယ်မိုးမြင့်က လေယာဉ်တွေ စီစဉ်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အစောင့်အရှောက်ခံ၊ နောင် စစ်ထောက်လှမ်းရေးအကြီးအကဲ ဖြစ်လာမယ့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့လည်း သူ နီးနီးကပ်ကပ် အလုပ်တွဲလုပ်ခဲ့ပါသေးတယ်။

နောက်ပိုင်း နှစ်အတော်ကြာတဲ့အခါ ဦးခင်ညွန့်က အကျိုးအမြတ်များတဲ့ နိုင်ငံပိုင် ကန်ထရိုက်တွေ သူ့ကိုပေးပေမယ့် သူ လက်မခံခဲ့ဘူးလို့ ဦးမိုက်ကယ်မိုးမြင့်က ပြောပါတယ်။ “အဲ့ဒါမျိုးက ကျနော် ငွေရှာတဲ့ နည်းလမ်း မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

အခုအချိန်မှာတော့ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်နေတဲ့အပြင် ဇန်နဝါရီလတုန်းကလည်း  ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဧည့်သည် ၂၅၀ အတွက် ဂျပန်စာ ညစာစားပွဲတခု တည်ခင်းဧည့်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ ခရစ္စမတ်နေ့မှာ သူ့မိသားစုနဲ့အတူ ညစာစားခဲ့ပါတယ်။ ထမင်းစားနေတုန်းမှာ အမေရိကန် ရေနံကုမ္ပဏီ ရှယ်ဗရွန် (Chevron) အတွက် သြစတြေးလျမှာ အလုပ်လုပ်နေတဲ့ သူ့သားဖြစ်သူ ရေနံတူးဖော်ရေး အင်ဂျင်နီယာကို အိမ်ပြန်လာဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့လည်း  ဦးမိုက်ကယ်မိုးမြင့်က ပြောပါတယ်။

“ရှယ်ဗရွန်ကထွက်ပြီး တိုင်းပြည်ကို လာကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်သားကို နားချတယ်” လို့ ဆိုတယ်။

ဦးမိုက်ကယ်မိုးမြင့်ဟာ၂၀၀၈ ခုနှစ်မှာ စခဲ့တဲ့ သူနဲ့သူ့မိသားစုအပေါ် အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အရေးမထားသူ ဖြစ်ပါတယ်။ အရင်စစ်အစိုးရနဲ့ ဖက်စပ် ကုန်ထုတ်နေတာကြောင့်လို့ ဝီကိလိခ်က ပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ကြေးနန်းတစောင်ထဲမှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ လုပ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက မရိုးသားဘူးလို့ သူက ပြောပါတယ်။ အမေရိကန်ကုမ္ပဏီတွေ မြန်မာပြည်ထဲ ရင်းနှီးမြှုပ်နှံမှု လုပ်လို့မရတဲ့အချိန်မှာ သူ့ကုမ္ပဏီက အမေရိကန်နိုင်ငံသားတွေကို အလုပ်ခန့်ပြီး အမေရိကန်ကုမ္ပဏီတွေနဲ့ စာချုပ်တွေတော့ ရှိနေခဲ့ပါတယ်။

“မြန်မာပြည်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ လုပ်တာမို့ ကျနော် ဗီဇာ အငြင်းခံရတာ” လို့ သူကဆိုပါတယ်။

အဲ့ဒီ ဒဏ်ခတ်အရေးယူမှုတွေလုပ်ပြီး တနှစ်အကြာမှာ အမေရိကန်သံတမန်တွေက ဦးမိုက်ကယ်မိုးမြင့်အပေါ် အရေးယူထားတဲ့ ဆုံးဖြတ်ချက်ကို ရုတ်သိမ်းဖို့ သူတို့အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဝီကိလိခ်က ပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ၂၀၀၉ ခုနှစ် မတ်လ ကြေးနန်းတစောင်ထဲမှာ “သူ့အနေနဲ့ စစ်အစိုးရကို သိသိသာသာ ထောက်ပံ့တာလည်း မရှိဘူး၊ စစ်အစိုးရကလည်း သိသိသာသာ အထောက်အပံ့ရယူတာ မရှိဘူးလို့” ဖော်ပြထားပါတယ်။ သူ့အပေါ်ထားခဲ့တဲ့ အရေးယူမှုတွေကိုတော့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့လကမှပဲ ဖယ်ရှားပစ်ခဲ့တာပါ။

ဒဏ်ခတ်အရေးယူမှုတွေက မကြာခဏဆိုသလိုပဲ ပစ်မှတ်နဲ့ လွဲတတ်တယ်လို့  ဟောင်ကောင်နဲ့ စင်ကာပူမှာလည်း ရုံးခွဲတွေဖွင့်ထားတဲ့ SPA Group ဥက္ကဋ္ဌ Serge Pun ခေါ် ဦးသိန်းဝေက ပြောပါတယ်။ SPA Group က စိတ်ဝင်စားတဲ့ လုပ်ငန်းတွေထဲမှာ အိမ်ခြံမြေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်ပါတယ်။ “ဒဏ်ခတ်အရေးယူမှုတွေကို အလေးမထားတဲ့ တရုတ်ကတဖက် အိန္ဒိယကတဖက် ရှိနေမှတော့ အဲ့ဒီအရေးယူမှုတွေ ဘယ်လို ထိရောက်နိုင်တော့မှာလဲ” လို့လည်း Serge Pun က ဆိုပါတယ်။

မြန်မာအစိုးရရဲ့ တရားဝင် အချက်အလက်တွေအရ ၂၀၁၀ ဧပြီ-၂၀၁၁ မတ် ဘဏ္ဍာရေးနှစ်အတွင်းမှာ တရုတ်နိုင်ငံက ဒေါ်လာ ၁၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ကတိကဝတ်ပြုခဲ့တာမို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အလားအလာက စုစုပေါင်း ဒေါ်လာ ၂၀ ဘီလီယံ ဖြစ်သွားတယ်လို့ သိရပါတယ်။

တရုတ်နဲ့ စီးပွားရေးလုပ်နေသူတွေအနက် တယောက်ကတော့ မြန်မာနိုင်ငံရဲ့ အသိုသိပ်ဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီး အသက် ၅၃ နှစ်အရွယ်ရှိတဲ့ ဦးထွန်းမြင့်နိုင် ဖြစ်ပါတယ်။ သူ့ကို စတီဗင်လောလို့ ပိုပြီး လူသိများ ပါတယ်။ စကားကို လေသံအေးအေးနဲ့ ပြောတတ်တဲ့ တရုတ်လူမျိုး စတီဗင်လောဟာ အေးရှားဝေါလ်လို့ခေါ်တဲ့ ဆောက်လုပ်ရေးနဲ့ ကုန်သွယ်ရေး ကုမ္ပဏီကြီးတခုကို ပိုင်ဆိုင်တာပါ။ ရန်ကုန်မှာ အစည်ကားဆုံးဆိပ်ကမ်း တည်ဆောက်တာ၊ ရန်ကုန် နိုင်ငံတကာလေယာဉ်ကွင်း တိုးချဲ့တာနဲ့ လူသိအများဆုံး ဟိုတယ်တခုဖြစ်တဲ့ ထရိတ်ဒါး (Traders) ဟိုတယ် တည်ဆောက်တာတွေကို သူ့ကုမ္ပဏီက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဟိုတယ်တွေ၊ ဝန်ကြီးဌာနတွေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် အငြိမ်းစား စံအိမ်တော်ကို ချက်ချင်းတည်ဆောက်ပေး ပြီးတော့လည်း  မြို့တော်သစ် နေပြည်တော် ဖန်တီးရာမှာ အဓိကဇာတ်ကောင်အဖြစ် ကူညီခဲ့ပါတယ်။

အေးရှားဝေါလ်ကို စတီဖင်လောရဲ့ဖခင် လော်စစ်ဟန်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လောစစ်ဟန်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ၂၀၁၀ မှတ်တမ်းမှတ်ရာတခုထဲမှာ “ဘိန်းဖြူရာဇာတို့ရဲ့ ဂေါ့ဒ်ဖားသား” နဲ့ “၁၉၇၀ အစောပိုင်းကာလကစလို့ ကမ္ဘာပေါ်မှာ အဓိက ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားသူ” လို့ ဖော်ပြထားပါတယ်။ စတီဗင်လောနဲ့ပတ်သက်ပြီးတော့ လည်း “သူဟာ သူ့အဖေရဲ့ မူးယစ်ဆေးဝါးအင်ပါယာထဲကို ၁၉၉၀ ခုနှစ်တွေထဲမှာ ရောက်လာသူဖြစ်တယ်၊ အဲ့ဒီအချိန် ကစလို့ မြန်မာပြည်မှာ အကြွယ်ဝဆုံးပုဂ္ဂိုလ်တဦး ဖြစ်လာခဲ့တယ်” လို့ ဖော်ပြထားပါတယ်။ သူကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပါဘူး ငြင်းဆန်ပါတယ်။

စတီဗင်လောဟာ “(ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင်) ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေနဲ့ ထူးကဲလှတဲ့ ပုဂ္ဂိုလ်ရေးအဆက်အသွယ်” ရှိပြီး တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာစစ်အစိုးရကြားမှာ စီးပွားရေး သဘောတူညီချက်တွေ ရလာအောင် ဆက်စပ်ပေးနိုင်ခဲ့တာတွေကြောင့် အကျိုးအမြတ်ရရှိခဲ့တာ ဖြစ်တယ်လို့ ဝီကိလိခ်က ပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ကြေးနန်းတွေက ဆိုပါတယ်။

သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့မေလက တရုတ်နိုင်ငံကို အလည်အပတ်သွားရောက်စဉ်မှာ စတီဗင်လောလည်း ကိုယ်စားလှယ်အဖွဲ့ထဲ ပါတာမို့ သူဟာ တရုတ်ကိုယ်စားလှယ်အဖြစ် ဆက် သြဇာရှိနေမယ်လို့ Economist Intelligence Unit ရဲ့ ဆန်းစစ်လေ့လာသူတယောက်ဖြစ်တဲ့ သုမန ရာ့ကျရက်နမ်က ဟောကိန်းထုတ်ပါတယ်။ အေးရှားဝေါလ်ဟာ  ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံကို သယ်ဆောင်မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ အငြင်းပွားဖွယ်အဖြစ်ဆုံး တရုတ် စီမံကိန်းတွေမှာလည်း ပါဝင်ပတ်သက်နေပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဖြေကြားဖို့ စတီဗင်လောက ငြင်းပါတယ်။

တကယ်လို့ ခရိုနီခေတ် မှေးမှိန်သွားရင်တောင်မှပဲ အဲ့ဒီအမွေကို အမြစ်ခိုင်ခိုင်တွယ်နေတဲ့ စီးပွားရေး ရေပေါ်ဆီလူတန်းစားတရပ် ဆက်ခံမှာပါ။ အဲဒီထဲက တယောက်ကတော့ အိမ်ခြံမြေ လုပ်ငန်းရှင်ကြီးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေ ဖြစ်ပါတယ်။ သူဟာ အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂတို့က ဒဏ်ခတ်အရေးယူမယ့်သူ စာရင်းမှာ ပါသူပါ။

အနားမယူနိုင်သေးသော ဇေကမ္ဘာ ဦးခင်ရွှေ (ဓာတ်ပုံ- Reuters)

ဦးခင်ရွှေရဲ့သားဖြစ်သူ ဇေသီဟက ဇေကမ္ဘာရဲ့ ဒုဥက္ကဋ္ဌဖြစ်ပါတယ်။ ဇေသီဟရဲ့ ညီမဖြစ်သူ မဇင်ဇင်လတ်ဟာ Redlink ကုမ္ပဏီကို တည်ထောင်သူ ကိုတိုးနိုင်မန်းနဲ့ လက်ထပ်ထားတာပါ။ ကိုတိုးနိုင်မန်းဟာ အနာဂတ်မှာ သမ္မတဖြစ်နိုင်ခြေရှိသူလို့ သတင်းပြေးနေတဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ သားဖြစ်ပါတယ်။

ဒုတိယ စီးပွားရေးမျိုးဆက်က ပထမ မျိုးဆက်ထက်စာရင် စစ်တပ်ရဲ့ အတိတ်ကအရိပ်တွေနဲ့ အမည်းစက်ထင်တာ နည်းပါတယ်။ ပြီးတော့ ပထမမျိုးဆက်ကလည်း နိုင်ငံသစ်မှာ သူတို့ တရားဝင်မှုရှိလာဖို့အတွက် ဒုတိယမျိုးဆက်အပေါ် မှီခိုအားထားနေပါတယ်။

တွေ့ဆုံမေးမြန်းခန်းတခုမှာ ဦးခင်ရွှေက အခုလိုပြောပါတယ်။ သူ့သားလည်း အနားမှာ ထိုင်နေပါတယ်။ “တကယ်တမ်းဆို ကျနော်တို့ နားချင်ပြီ၊ ဒါပေမယ့် နားလို့ မရဘူး” တဲ့။

(Reuters သတင်းထောက် Jason Szep နှင့် Andrew R.C. Marshall တို့ ရန်ကုန်မှ ရေးသားပေးပို့ပြီး အောင်လှထွန်းနှင့် Paul Eckert တို့ ဖြည့်စွက်၍ Michael Williams နှင့် Bill Tarrant တို့ တည်းဖြတ်သော An image makeover for Myanmar Inc ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်
စီးပွားရေးထိပ်သီးများ အရောင်ပြောင်းချိန် (၁)

Loading