ရာသီဥတုကလေး သာယာ၍ အပူရှိန် အနည်းငယ်လျော့ကျလာပြီး ချင်းမိုင်မြို့ကလေးလည်း သာသာယာယာ ရှိနေသည်။ ဒွိုင် ဆူထေ့ တောင်ပေါ်တွင်လည်း အေးချမ်းသာယာစွာဖြင့် စကားဝိုင်းကလေးတခုမှာ အေးအေးဆေးဆေး ဆွေးဆွေးနွေးနွေး ဝိုင်း ဖွဲ့ ပြောဆိုနေကြသည်။
ချင်းမိုင် ဝါဝီး ကော်ဖီဆိုင်မှ မှာယူထားသော ကက်ပ်ချီနို၊ အမေရိကန်နို စသည့် ကော်ဖီခွက်ကလေးများ ကိုယ်စီဖြင့် ဦးရုက္ခစိုး၊ ဖိုးရှုပ် နှင့် ကြွက်စုတ်တို့၏ စကားဝိုင်းက စိုပြေနေသည်။
“ကိုယ့်ဘက်က ကြည့်တော့ သူရဲကောင်း ၊ သူတို့ဘက်က ကြည့်တော့ သစ္စာဖောက်”
“နောက်ဆုံးကျတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ”
“မြို့ မေတ္တာ ခံယူမယ့် သားပေမို့”
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး…အဲဒီ အခု ရွတ်ပြနေတာက ဘာတွေလဲ ဗျ…
ရုက္ခစိုး။ ။ ငါ ဖတ်ဖူးတဲ့ ဝထ္တု နာမယ်တွေကို သတိရလို့ ရွတ်မိတာပါကွာ…အဲဒီ ဝထ္တုတွေ ရေးတဲ့ စာရေး ဆရာကြီးက ဝထ္တု ခေါင်း စဉ် ပေးတာ သိပ်ကောင်းတယ်…စိတ်ဝင်စားအောင် ပေးတတ်တယ်…
ကြွက်စုတ်။ ။ ဟိုလေ “မနေ့က တွေ့တဲ့သူနဲ့ ဒီနေ့တွေ့တဲ့ သူ မတူပါဘူး ကွယ်”ဆိုတာကရော…ကျနော် နားစွန် နားဖျား ကြားဖူး တာကို မေးကြည့်တာပါ…
ဖိုးရှုပ်။ ။ ဟာ မင့် ဥစ္စာ သီချင်း စာသားကြီးပါကွာ…ဟိုမှာ ဦးရုက္ခစိုး ရွတ်နေတာတွေက စိတ်ဝင်စားစရာ ပါတယ်ကွ…ဦးရုက္ခစိုး က အဲဒီ ဝထ္တု ခေါင်းစဉ်တွေကို ဘာအဆက်အစပ်နဲ့ ရွတ်ပြရတာလဲ ခင်ဗျ…
ရုက္ခစိုး။ ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးတွေနဲ့ ဆက်စပ် စဉ်းစားမိလို့ပါကွာ…မင်းတို့လည်း အသိ…အခု ဒီမိုကရေစီ မိခင်ကြီး လည်း လွှတ်တော်ထဲ ရောက်သွားပြီလေ…
ကြွက်စုတ်။ ။ ဒါဆို ကျမ်း ကျိန်ရပြီပေါ့…လွှတ်တော် မှာတော့ မသိဘူး…တရားရုံး ဆိုရင် မမှန်မကန် ထွက်ဆိုပါက ကျမ်းစူး ပါစေ သားလို့ ပါတယ် မှုတ်လား…အခုရော အဲလို ပါလားခင်ဗျ…
ရုက္ခစိုး။ ။ အဲဒီလိုတော့ ဘယ်ပါမလဲကွ…ဒါပေမယ့် စကားလုံး ၂ လုံး ပြဿနာတော့ ငြိမ်းသွားပြီပေါ့ ကွာ…
ကြွက်စုတ်။ ။ အဲဒါဆို စကားလုံး မရှိတဲ့ ကောင်းကင် ဖြစ်သွားပြီပေါ့…
ကြွက်စုတ်စကားက နောက်သလိုလို ဖြစ်နေ၍ ဖိုးရှုပ်က ဝင်ဟန့်သည်။
ဖိုးရှုပ်။ ။ အာ ဒီ ကြွက် အစုတ်ပလုတ်ကလည်း တမှောင့်…ဦးရုက္ခစိုး စကားဆက်ပါစေဦးကွာ…ဦးရုက္ခစိုး ပြောတာ ဟုတ်တယ်ဗျ… အဲဒီ စကားလုံး ပြဿနာ ငြိမ်းသွားလို့ တချို့မှာ တစ်နေတဲ့ အလုံးအကြီးကြီး ပြုတ်ကျ သွားသလို ခံစားရ ဆိုပဲ…တချို့ကလည်း ကြံ့ တွေကိုကျ လက်ဆွဲ နှုတ်ဆက်နိုင်တယ်…သူတို့ကျတော့ သစ္စာဖောက်လို့ ယိုးစွပ်တယ် ဆိုပြီး ဝမ်းနည်းနေသလိုလို ဘာလိုလို ပြော
တာ ရှိသေး…
ကြွက်စုတ်။ ။ မြန်မာ့အရေးက ဟိုလို ဖြစ်လိုက်…ဒီလိုဖြစ်လိုက်… ဟိုလူလာလိုက်…ဒီလူလာလိုက်…ဟိုလိုလုပ်ပေးမယ်…ဒီလို လုပ် ပေးမယ်…ဟိုလို လုပ်ပါလား…ဒီလို လုပ်ပါလား နဲ့ လေ…အခုလည်း ကုလ တွင်းချုပ်ကြီးက လာရုံတင် မကဘူး…တော်ကီ တွေ ဘာတွေ လွှတ်သဘင်မှာ ပွားသွားသေး မှုတ်လား…
ရုက္ခစိုး။ ။ အေး ကွ…အရင်တုန်းကတော့ အဲဒီလူကြီးက စိုးရိမ်တယ်…တော်တော် စိုးရိမ်တယ်…အရမ်းကို စိုးရိမ်တယ်ပဲ ပြောနေ တဲ့ စိုးရိမ်သူကြီး မှုတ်လား…အခုကျမှ ဆန်ရှင် ရုပ်ပေးရမယ်တို့…ပြည်တွင်း ငြိမ်းချမ်းရေးတို့ တွေ ပွားသွားသေး မှုတ်လား…
ဖိုးရှုပ်။ ။ လွှတ်သဘင်မှာရော…သတင်းစာ ရှင်းပွဲမှာရောကို ပြုံးဖြီးဖြီးနဲ့ကို ပွားသွားတာ ခင်ဗျ…အခုတော့ ဦးရုက္ခစိုး ပြောသလို သိပ်မစိုးရိမ် တော့ဘူး ထင်တယ်…မြန်မာပြည် လာတာ သူ့ မဟေသီ ဒေဝီပါ ခေါ်လာတယ်လေ…
ကြွက်စုတ်။ ။ အေး…မစိုးရိမ်တာမှ ကွာ…အဲဒီ လူကြီးက…နာဂစ် နှစ်ပတ်လည်နဲ့ ပတ်သက်လို့ တလုံးတလေတောင် ထုတ်မပြော ဘူး…သူ မြန်မာပြည်ကို စရောက်တာ နာဂစ် ကာလက မှုတ်လားကွာ…အခုဆို ၄ နှစ် ပတ်လည် ရှိပြီ…ပြည်တွင်းငြိမ်းချမ်းရေးတွေ ဘာတွေသာ လျှောက်ပြောနေတယ်…
ရုက္ခစိုး။ ။ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုလို့…အခု အစိုးရ ငြိမ်းအဖွဲ့ကြီးကို တဖွဲ့တည်း ဖြစ်အောင် အသစ်ပြင်ဖွဲ့နေဆို…အရင် စက်မှု ဝန်ကြီးဟောင်း ကြံ့ဖွံ့ ခေါင်းဆောင်ကြီးကတော့ နားမယ်လို့ ကြားတယ်…
ကြွက်စုတ်။ ။ အဲဒီ ငြိမ်းအဖွဲ့ကြီးက ဗျာ…အရင်ကတည်းက တဖွဲ့ပဲ ဖြစ်ရမှာ…ဘာဖြစ်လို့ ၂ဖွဲ့ဖြစ်နေရတာလဲ…သူတို့ အထဲမှာကို အရင် ငြိမ်းအောင် လုပ်ရမယ် ထင်တယ်…
ဖိုးရှုပ်။ ။ အေး အဲဒါတော့ ဟုတ်တယ်…သူတို့ ဘက်မှာကိုက ငြိမ်းချမ်းရေး ပြောတဲ့သူကပြောနေတယ်…အပစ်အခတ် လုပ်တဲ့သူကလည်း လုပ်နေတယ်…သူတို့ အချင်းချင်းကိုပဲ စေ့စပ် ညှိနှိုင်းပြီး ငြိမ်းချမ်းရေး လုပ်ရမလို ဖြစ်နေတယ်…
ရုက္ခစိုး။ ။ ဟို အရင် တပါတီ အာဏာရှင်ကြီးခေတ်က ငြိမ်းချမ်းရေး လုပ်သလို မျိုးတော့ မဖြစ်တန်ဘူးလို့ ထင်ရတာပဲ…
ဖိုးရှုပ်။ ။ အဲဒီတုန်းက ဘယ်လို ဖြစ်လို့လဲ ခင်ဗျ…
ရုက္ခစိုး။ ။ အဲဒါလည်း စကားလုံးနဲ့ ဆိုင်တယ်…ခွေးခေါင်းကို လူခေါင်း လုပ်နေ ဆိုလား တယောက်က ပြောတဲ့စကားကို အဲဒီ အာဏာရှင်ကြီးက စိတ်ဆိုးတာနဲ့တဲ့ ငြိမ်းချမ်းရေးလည်း ပျက်သွားရောတဲ့…အဲဒီမှာ ဓာတ်ပုံ တပုံ အမှတ်တရ ဖြစ်သွားတယ်…အဲဒီ ဓာတ်ပုံမှာ ရေးထားတဲ့ စာကလည်း သတိရစရာ ကောင်းတယ်…သတင်းဂျာနယ် တစောင်မှာ ဖော်ပြထားတာ…
ကြွက်စုတ်။ ။ ဘာကြောင့် ဘယ်လို အမှတ်တရ ဖြစ်ပြီး အဲဒီစာက ဘာကို သတိရစရာ ကောင်းရ တာလဲ ဗျ…
ဖိုးရှုပ်။ ။ ဟေ့ကောင် ဟေ့ကောင် ရေသောက်လောက်ဦးနော်… မောနေဦးမယ်…
ကြွက်စုတ် အလောသုံးဆယ် မေးလိုက်၍ ဖိုးရှုပ်က ဝင်ငေါ့လိုက်သည်။
ရုက္ခစိုး။ ။ အမှတ်တရ ဓာတ်ပုံဆိုတာက…အဲဒီတုန်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြို့ပေါ်တက်လာတဲ့ တောတွင်း အဖွဲ့တွေ ပြန်သွား တဲ့ပုံကို နောက်ကျောကနေ ရိုက်ထားတာ…သတိရစရာ ကောင်းတဲ့စာဆိုတာကတော့ အဲဒီဓာတ်ပုံနဲ့ တွဲပြီးရေးထားတာ…“သူတို့ ပြန်ကြ လေပြီ…”တဲ့…ကဲ…သိပလား…
ဖိုးရှုပ်။ ။ ဟာ ဒီနေ့တော့ တကယ် တန်ဖိုးရှိတဲ့ ဗဟုသုတ ရလိုက်တာပဲ…ဦးရုက္ခစိုးကို ကျေးဇူးတယ် ဗျာ…ဦးရုက္ခစိုး ဆိုလိုတာက အခု ငြိမ်းချမ်းရေး ကိစ္စမှာလည်း သူတို့ ပြန်ကြလေပြီ မဖြစ်စေဖို့ပေါ့…အဲဒီလိုလား…
ကြွက်စုတ်။ ။ သူတို့ ပြန်ကြလေပြီ မဖြစ်ဖို့က နောက်…အခုတော့ ကျနော်တို့ ပြန်ကြရဦးမှာမို့ နှုတ်ဆက် ပါတယ်…ဦးရုက္ခစိုးရေ…ကဲ ဖိုးရှုပ် လစ်ကြရအောင်…
ယခင်ကာလများက ငြင်းခုန်၍ ဆူညံ ပူညံဖြင့် ပွဲသိမ်းခဲ့ရသည်များသော်လည်း ဤ တကြိမ်၌ အေးဆေးစွာ အတူ ပြန်သွားသော သူကောင့်သား ၂ ကောင်ကိုကြည့်ရင်း ဦးရုက္ခစိုး ရင်ဘတ်ထဲမှာလည်း အမျိုးအမည်မသိ ဝေဒနာခံစားမှု တခု ရောက်ရှိနေလေ သည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေး သားထားခြင်း မဟုတ်ပါ။