ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၈)

This article has been converted from Zawgyi One to Unicode

ညီညွတ်ရေးဆိုတဲ့ခေါင်းစဉ်ကို တွေ့ကတည်းက မညီမညွတ်ဖြစ်နေကြပြီဆိုတာကို မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးကို လေ့လာဖူးသူတိုင်း သိပြီးဖြစ်မှာပါ။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း “ငြိမ်းချမ်းစွာကွဲပြဲရေးမူ” အရ ၂၀၁ တပ်ရင်း ၃ ခြမ်းကွဲပြီးတဲ့နောက် မူလနေရာမှာ ဆက်နေတဲ့ ကျနော်တို့အုပ်စုဟာ “ဘက်မလိုက် ညီညွတ်ရေးအဖွဲ့” ဆိုတဲ့ခေါင်းစဉ်နဲ့ စခန်းကော်မတီအသစ်ကို ဖွဲ့လိုက်ပါတယ်။

မင်းသမီးစခန်းဆီ ရောက်လာတဲ့ ကိုမိုးသီးဇွန်နဲ့ ဘက်မလိုက်အဖွဲ့ ကော်မတီများ ၂၀၁ တပ်ရင်းရုံးမှာ ဆွေးနွေးနေစဉ်

အရင်ကရှိခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့၊ ရှေ့တန်း၊ နောက်တန်းရှိ ရဲဘော်တွေရဲ့ မဲဆန္ဒတွေကို ခံယူရပါတယ်။ အဲဒီရွေးချယ်မှုအရ ပေါ်လာတဲ့ စခန်းကော်မတီသစ်မှာ ကျနော်က ဥက္ကဋ္ဌ၊ ကိုမျိုးသိန်း (ရှေ့ပိုင်းမှာဖော်ပြခဲ့တဲ့ တပ်ထောက်အရာရှိ၊ အခုကနေဒါ) က အတွင်းရေးမှူး၊ ဦးဟန်လင်း (ကွယ်လွန်) က စည်းရုံး-ပြန်ကြားတာဝန်ခံ၊ ကိုအောင်မော် (ရေဇင်းစိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသား၊ အခု ဖင်လန်နိုင်ငံ) က ဘဏ္ဍာ-ထောက်ပံ့ တာဝန်ခံ ဖြစ်လာပါတယ်။

တပ်မှူးတွေထဲမှာတော့ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ တပ်ရင်းထောက်လှမ်းရေးမှူး ကိုသောင်းညွန့် (အခုထိ နယ်စပ်မှာရှိနေဆဲ) က တပ်ရင်းမှူး (တပ်ရင်းမှူးဟာ ဖွဲ့စည်းပုံဥပဒေအရ ဒုဥက္ကဋ္ဌ)၊ တပ်ခွဲ ၂ မှူးကိုတင်ထွန်း (ပြန်ဝင်) က ဒုရင်းမှူး (ဒုရင်းမှူးဟာ ဖွဲ့စည်းပုံဥပဒေအရ တွဲဘက်အတွင်းရေးမှူး) ဖြစ်လာပါတယ်။ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ စခန်းကော်မတီဟောင်းတွေထဲမှ ကိုဇော်မင်း (၁၉၉၃ ရနောင်းဘက်မှာ ပျောက်ဆုံး) က တပ်ရေးဗိုလ်၊ ကိုမင်းဇော်ရွှေ (အခု နယူးဇီလန်) က တပ်ထောက်ဗိုလ်၊ ကိုဌေးလှိုင် (အခုထိ နယ်စပ်မှာရှိနေဆဲ) က တပ်ရင်းအရာခံဗိုလ်တွေ ဖြစ်လာပါတယ်။ တပ်ခွဲမှူးတွေအဖြစ်ကတော့ ပုလောဒေသတပ်ခွဲ ၁ မှူးအဖြစ် ကိုခင်မောင်ချို ခေါ် ဘိုင်လာမန် (အခု အမေရိကန်)၊ ဒုခွဲမှူးအဖြစ် ကိုကျော်သူ (အခု အမေရိကန်)၊ တပ်ခွဲ ၂ မှူးအဖြစ် မူလခွဲမှူးဖြစ်သူ ကိုသိန်းမြင့်ကျော် ခေါ် ဘိုင်သိန်းမြင့် (၁၉၉၇ မှာ ကျဆုံး) ဒုခွဲမှူးအဖြစ် ကိုမင်းဇော်သူ (၁၉၉၃ ရနောင်းဘက်မှာ ကိုဇော်မင်းနဲ့အတူ ပျောက်ဆုံး) တို့ ဖြစ်လာပြီး တပ်ခွဲ ၂ ခွဲနဲ့ ပြန်လည်စုဖွဲ့ခဲ့ပါတယ်။ ဆက်သွယ်ရေး၊ ဆေးနဲ့ ထောက်လှမ်းရေးတပ်ဆွယ် ၃ ခုစလုံး ကျနော်တို့နဲ့အတူ ပါလာတဲ့အတွက် တပ်ဆွယ်တွေကတော့ မူလဖွဲ့စည်းပုံအတိုင်း အပြောင်းလဲ မရှိသလောက်ပါပဲ။

ဒီလိုစုဖွဲ့မှုလုပ်ပြီးတာနဲ့ တပ်ရင်းပိုင်ပစ္စည်းတွေကို ခွဲဝေတာ၊ လှုပ်ရှားမှုနယ်မြေ ခွဲဝေတာတွေကိုလည်း ကျနော်တို့ ဘက်မလိုက်အဖွဲ့နဲ့ ဒေါက်တာ နိုင်အောင်ကို ထောက်ခံတဲ့ ကိုဇော်သန်းတို့၊ ဆရာအောင်မြင့်တို့ အဖွဲ့ကြား ဆက်လုပ်ရပါတယ်။ ပထမဆုံး ခွဲဝေမှုလုပ်ရတာက တပ်ရင်းကွဲချိန်မှာ တပ်ရင်းရုံးနံရံမှာ ချိတ်ထားတဲ့ သေနတ်တွေကိစ္စပါ။ အဲဒီကာလက လက်နက်အတော်များများကို တပ်ရင်းရုံးနံရံမှာ ချိတ်ထားပြီး ကျည်ဘောက်တွေကိုတော့ တနေရာမှာ သီးခြားစီ သိမ်းထားပါတယ်။ နောက်တခါ ခွဲရင်းခြမ်းရင်းနဲ့ ထပ်သိလာရတာကတော့ သေနတ်မောင်းတံထဲက Fire pin ခလုတ်တွေကို တပ်ရင်းအရာခံဗိုလ် ကိုဝင်းအောင်က သီးခြားသိမ်းထားတဲ့အတွက် အကွဲအပြဲကာလအတွင်း မကျေနပ်လို့ အချင်းချင်း ထပစ်ရင်တောင် အဲဒီသေနတ်တွေက ပစ်လို့မရဘူးနိုင်ဆိုတာကို နောက်ပိုင်းမှသိရလို့ ကိုဝင်းအောင်ကို ဝိုင်းအမှတ်ပေးကြတာကို အမှတ်ရနေပါတယ်။

ဒီလိုလက်နက်ခွဲဝေရာမှာ ကျနော်တို့အချင်းချင်းကြား ညှှိမရလို့လား၊ ကြားလူလိုလို့လား၊ ဘာကြောင့်မှန်းတော့ မမှတ်မိတော့ပါ။ KNU တပ်မဟာ ၄ ကနေ ကျောင်းသားရေးရာ တာဝန်ခံအဖြစ် တာဝန်ပေးထားသူ ဆရာမန်းငြိမ်းမောင် (ကိုကိုးကျွန်းကနေ ၁၉၇၀ မှာ ထွက်ပြေးလွတ်မြောက်လာသူ၊ ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ ဒုတိယအကြိမ်ဖမ်းဆီးခံရပြီး ၂၀၁၂ ခုနှစ် မတ်လနှောင်းပိုင်းကမှ ပြန်လွတ်လာသူ) ဟာ ကျနော်တို့စခန်းဆီ ရောက်လာပြီး လက်နက်ခွဲဝေရေးကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးပါတယ်။ ထုံးစံအတိုင်း သူ့ဖက်က များများရသင့်တယ်၊ ငါ့ဖက်က များများရသင့်တယ်နဲ့ ငြင်းခုန်လိုက်ကြတာ ၃-၄ ရက်ကြာတဲ့အထိ သဘောတူညီမှု မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ခံစားချက်တွေလျော့ချ၊ အပြန်အလှန် နားလည်မှုတွေရအောင် လုပ်ကြရင်းနဲ့ အချိုးတူခွဲဝေဖို့ သဘောတူလိုက်ပါတယ်။ တပ်ရင်းရုံးရှိ လက်နက်အားလုံးပေါင်းက ၄၀ လောက်ပဲရှိပြီး ကျန်တဲ့လက်နက်တွေ အားလုံးက ရှေ့တန်းတပ်တွေနဲ့ အတူရှိနေတာ ဖြစ်ပါတယ်။

အဲဒီရှေ့တန်းတပ်တွေထဲက ကိုကျော်ရတို့ ပင်လယ်ပြင်အုပ်စုနဲ့အတူ ရှိနေတဲ့ လက်နက်အားလုံးကို ကိုမိုးသီးဇွန်တို့ အဖွဲ့ပိုင်အဖြစ် သဘောတူလိုက်ပါတယ်။ အလားတူ နတ်အိမ်တောင်အခြေစိုက် ဘိုင်သိန်းမြင့်ရဲ့ တပ်ခွဲ ၂ တခုလုံးကလည်း ဘက်မလိုက်ကို ထောက်ခံတဲ့အတွက် အဲဒီကလက်နက် အားလုံးကိုလည်း ဘက်မလိုက်အဖွဲ့ပိုင်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ ပပြင်ဒေသအခြေစိုက် ကိုပြည်ဆောင်ဦးတို့ရဲ့ တပ်ခွဲ ၁ မှ တပ်စု ၂ စုက ကိုနိုင်အောင်တို့ဖက် ထောက်ခံပြီး တစုက ဘက်မလိုက်ကို ထောက်ခံတဲ့အတွက် ထောက်ခံတဲ့လူနဲ့ ပါသွားတဲ့ လက်နက်စာရင်းအတိုင်း အတည်ပြုလိုက်ပါတယ်။ အလားတူ ကိုဘုန်းကျော် ဦးဆောင်တဲ့ ဘန်းချောင်းဒေသ တပ်ခွဲ ၃ မှာလည်း ၂ စုက ကိုနိုင်အောင်တို့ဖက်ကို ထောက်ခံပြီး တစုက ဘက်မလိုက်ကို ထောက်ခံတဲ့အတွက် လူနဲ့အတူပါသွားတဲ့ လက်နက်စာရင်းအတိုင်း အတည်ပြုလိုက်ပါတယ်။ လက်နက်နဲ့ နယ်မြေခွဲဝေမှု ညှိနှိုင်းရတာ ဘယ်လောက်အထိ လက်ဝင်သလဲဆိုတာကိုတော့ တောထဲမှာ နေဖူးသူတွေမှ ပိုနားလည်နိုင်မယ်လို့ ထင်မိပါတယ်။

နတ်အိမ်တောင်တိုက်ပွဲနဲ့ အိမ်နီးချင်းတပ်ရင်းများ

ဒီလို အကွဲအပြဲကိစ္စ၊ နယ်မြေခွဲဝေရေးကိစ္စ၊ လက်နက်ခွဲဝေးရေးကိစ္စတွေနဲ့ ကျနော်တို့ အကြီးအကျယ် ငြင်းခုန်လို့ကောင်းတုန်း ၁၉၉၁ ဒီဇင်ဘာ ဒုတိယ သတင်းပတ်ထဲမှာ အရေးပေါ်သတင်းတခု ဝင်လာပါတယ်။ အဲဒါကတော့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ နယ်မြေထဲမှာပါတဲ့ တပ်ခွဲ ၂ အခြေစိုက်ရာ နတ်အိမ်တောင်စခန်းကို နဝတတပ်တွေက ထိုးစစ်ဆင်ဖို့ စစ်ကြောင်းတွေ တက်လာနေပြီဆိုတဲ့သတင်းပါ။

ဒု တပ်ရင်းမှူး ကိုတင်ထွန်းအပါဝင် တပ်ခွဲ ၂ မှ ရဲဘော်တချို့နဲ့ KNU တပ်ဖွဲ့ဝင်တချို့ကို နတ်အိမ်တောင် တောင်ထိပ်က ဆွေးနွေးပွဲတခုတွင် တွေ့ရစဉ်

ဒါကြောင့် ငြင်းခုန်မှုတွေကို ခေတ္တဆိုင်းငံ့ပြီး စစ်ပွဲကိစ္စအတွက် အရေးပေါ်ပြင်ဆင်ရပါတယ်။ နတ်အိမ်တောင်စခန်းကနေ အကွဲအပြဲ အစည်းဝေးအတွက် တပ်ရင်းဆီရောက်နေတဲ့ (ဒုရင်းမှူးဖြစ်သွားသူ) တပ်ခွဲမှူး ကိုတင်ထွန်း၊ နောက် ကော်မတီဝင် ဦးဟန်လင်းနဲ့ ရဲဘော်တချို့ကို နတ်အိမ်တောင်ဒေသဆီ ထိုင်းနိုင်ငံဖြတ် ကားလမ်းကနေ အမြန်ပြန်ပို့ရပါတယ်။ နောက်တခါ အဲဒီအချိန်မှာ ၁၀၁ တပ်ရင်းနဲ့ ၁၀၂ တပ်ရင်းတွေလည်း နတ်အိမ်တောင်အနီးက ပြည်သိမ်းစခန်း (အရင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် ဦးဆောင်တဲ့ ပြည်ချစ်တပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်စခန်းဟောင်း) ဝန်းကျင်မှာ ရောက်နေပြီဖြစ်တဲ့အတွက် အဲဒီတပ်တွေနဲ့ ပူးတွဲဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း တခါတည်း တာဝန်ပေးလိုက်ပါတယ်။
ကျနော်တို့တပ်ရင်းရဲ့ မြောက်ဘက် အိမ်နီးချင်း (တောင်ဘက် အိမ်နီးချင်းကတော့ ၂၀၃ တပ်ရင်း ဖြစ်ပါတယ်) တပ်ရင်းတွေဖြစ်တဲ့ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း နှစ်ခုအကြောင်းကို အကျဉ်းရုံးပြောရမယ် ဆိုရင် ၁၉၉၀ ဖေဖော်ဝါရီ ဒုတိယ သတင်းပတ်မှာ နဝတတပ်တွေက ဘုရားသုံးဆူဒေသကို သိမ်းလိုက်တဲ့အတွက် အဲဒီနေရာကနေ သူတို့တပ်ရင်းတွေ ဆုတ်ပေးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ၁၀၁၊ ၁၀၂၊ PDF (ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့) တို့ဟာ မွန်ပြည်သစ်ပါတီ တပ်တွေနဲ့ ပူးပေါင်းပြီး အထူးစစ်ကြောင်းတခုကို ဖွဲ့စည်းလိုက်ကြောင်း၊ ပြီးတော့ ၁၉၉၀ မတ်လ ၂၂ ရက်နေ့မှာတော့ ကျောင်းသားတော်လှန်ရေးသမိုင်းမှာ ထင်ရှားတဲ့ “ရေးတိုက်ပွဲ” ကို ဆင်နွှဲခဲ့ကြောင်း ၁၀၁ နဲ့ ၁၀၂ မှ ရဲဘော်တချို့က ကျနော့်ကို ပြောပြခဲ့ပါတယ်။

“ရေးတိုက်ပွဲ” အပြီးမှာတော့ တပ်တွေအားလုံးကို ပြန်စုပြီး “ကလိန်ကန်” ဘက်မှာ စခန်းချနေထိုင်ခဲ့ကြောင်း။ အဲဒီကတဆင့် ၁၉၉၁ အစောပိုင်းမှာ မွန်နယ်မြေကနေထွက်ပြီး ကျနော်တို့ ၂၀၁ တပ်ရင်း တပ်ခွဲ ၂ ရှိရာ နတ်အိမ်တောင် ဒေသဘက်ဆီ ထွက်လာတာဖြစ်ကြောင်း၊ အဲဒီနောက် ပြည်သိမ်းစခန်းဝန်းကျင်ဆီ ရောက်လာပြီး ၁၀၂ က ဘိုမတောင်၊ ၁၀၁ က ဆင်မတောင်တွေမှာ တပ်တည်ချထားခဲ့တယ်လို့ ၁၀၁၊ ၁၀၂ ရဲဘော်တချို့က အခုဆောင်းပါးရေးဖို့ မေးမြန်းစဉ်အတွင်း ကျနော်ကို ပြောပြခဲ့ပါတယ်။

တကယ်တမ်း ပြောမယ်ဆိုရင်တော့ အကွဲအပြဲသဘောအရဆိုရင် ကျနော်တို့ ၂၀၁ တပ်ရင်း၊ တပ်ခွဲ ၂ က ဘက်မလိုက်၊ ၁၀၁ က ကိုနိုင်အောင်တို့ဘက်၊ ၁၀၂ က ကိုမိုးသီးဇွန်တို့ဘက် ဖြစ်နေတဲ့အတွက် နိုင်ငံရေးအမြင်အရ ဘာမှမဆိုင်သလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် တကယ့်စစ်ပွဲ ဖြစ်တဲ့အခါမှာတော့ မတူတဲ့ တပ်ရင်း ၃ ရင်းက ကျောင်းသားအားလုံး အတူတကွ လက်တွဲပြီး စည်းလုံးညီညွတ်စွာနဲ့ နဝတတပ်တွေကို ရင်ဆိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီကာလ နတ်အိမ်တောင်ဒေသတာဝန်ခံ KNU တပ်ရင်း ၁၀ ရဲ့တပ်ခွဲ ၂ မှူးက ဗိုလ်လှချော (ကွယ်လွန်) ဖြစ်ပါတယ်။ တိုက်ပွဲကာလအတွင်း တာဝန်ယူကြတဲ့ တောင်ကုန်းတွေကတော့ ၂၀၁ တပ်ရင်းက ကျောင်းသားကုန်း၊ ၁၀၁ က အလံတိုင်ကုန်း၊ ၁၀၂ က  ၀၁ ကုန်းတို့ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ နဝတစစ်ကြောင်းတွေဟာ နယ်မြေရှင်းတဲ့သဘောနဲ့ နတ်အိမ်တောင် တောင်ခြေရင်းအထိ တာဝန်ကျစစ်ကြောင်း ထိုးလေ့ရှိပြီး တပတ်လောက်ကြာရင် ပြန်ဆုတ်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကြိုမသိလိုက်တဲ့ အချက်ကတော့ ဒီတခါ စစ်ဆင်ရေးဟာ အရင်လို ပုံမှန်နယ်မြေရှင်းတဲ့ စစ်ဆင်ရေးမဟုတ်ဘဲ နတ်အိမ်တောင်စခန်းကို အခြေစိုက်ပြီး ရတနာ ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ဖို့ စီမံကိန်းအတွက် ဖြစ်တယ်။ ဒီဒေသတခုလုံးကို ရှင်းပြီး ဓါတ်ငွေ့ပိုက်လိုင်းဖောက်ဖို့ နဝတ၊ ထိုင်းနဲ့ နိုင်ငံတကာကုမ္ပဏီတွေ သဘောတူညီချက် ယူထားပြီးပြီဆိုတဲ့အချက် ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကျနော်တို့ ကျောင်းသားတပ်ရင်း ၃ ခုနဲ့ KNU တပ်တွေ ဘယ်လိုပဲ ခုခံပါစေ၊ နဝတက နတ်အိမ်တောင်ကို မရမချင်း သိမ်းမယ့်စီမံကိန်း ရှိပြီးသားဖြစ်တဲ့အတွက် ၁၉၉၁ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စခန်းကျသွားပါတယ်။ ဒီတိုက်ပွဲအတွင်း KNU မှတဦး၊ ၁၀၁ တပ်ရင်းမှ ၂ ဦးကျဆုံးပြီး တချို့ဒဏ်ရာရခဲ့ပါတယ်။ ၁၀၁ က ကျဆုံးသွားသူ ရဲဘော် ၂ ဦးရဲ့အမည်ကတော့ တပ်ကြပ် ကိုယုကြည်နဲ့ တပ်သား ကိုမောင်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ကျနော်တို့ ၂၀၁ မှ ရဲဘော်တချို့၊ ၁၀၂ မှ ရဲဘော်တချို့ ဒဏ်ရာရခဲ့ပေမယ့် သိပ်မပြင်းထန်ဘူးလို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ KNU နဲ့ ကျနော်တို့ ABSDF တပ်တွေဟာ နတ်အိမ်တောင်စခန်းကနေ ခွာစစ်ဆင်ပြီး လေးအိမ်စုဆိုတဲ့ နတ်အိမ်တောင် အောက်ဖက် ၃ မိုင်ခန့်အကွာ နယ်စပ်စခန်းမှာ ပြန်လည်အခြေစိုက် လှုပ်ရှားခဲ့ပါတယ်။

ရာဇဝင်ထဲက နတ်အိမ်တောင်

တကယ်တမ်း ပြောမယ်ဆိုရင်တော့ နတ်အိမ်တောင်စခန်းဆိုတာဟာ နယ်စပ်ဒေသနဲ့ပတ်သက်ပြီး တောမခိုခင် ကျနော်သိတဲ့ တခုတည်းသောနေရာ ဖြစ်ပါတယ်။ မြန်မာပြည်မြေပုံကို ကြည့်လိုက်မယ်ဆိုရင် အရှေ့-အနောက် အကျဉ်းမြောင်းဆုံး မိုင် ၃၀ ဝန်းကျင်သာရှိတဲ့နေရာဟာ နတ်အိမ်တောင်စခန်းရှိတဲ့နေရာ ဖြစ်ပါတယ်။ ဒီစခန်းဟာ ကျနော်တို့ထားဝယ်ဒေသရဲ့ အဓိကမှောင်ခိုလမ်းကြောင်း ဖြစ်တဲ့အပြင် ပြည်ချစ်တပ်နဲ့ ကော်သူးလေတပ်တွေ ရှိတဲ့နေရာအဖြစ် ကျနော် အလယ်တန်းကျောင်းသားဘဝကတည်းက ကြားဖူးခဲ့ပါတယ်။ ဒါပေမယ့် နတ်အိမ်တောင်စခန်းဆီ ကျနော် တကယ်ရောက်ဖူးတဲ့အချိန်ကတော့ ၁၉၉၀ မေလ ရွေးကောက်ပွဲမတိုင်ခင် ကာလကျမှဖြစ်ပါတယ်။

၁၀၁ ဥက္ကဋ္ဌ ကိုတင်စိုးနောင်နဲ့ ၁၀၂ ဥက္ကဋ္ဌ ကိုသီရိညွန့်တို့ကို နတ်အိမ်တောင်နယ်စပ် မှတ်တိုင်အနီး တွေ့ရစဉ်

ရွေးကောက်ပွဲမတိုင်မီ နယ်စပ်ရောက် ကျောင်းသားတွေကို ပြန်ခေါ်ရမယ်ဆိုပြီး မိသားစုတွေကို အစိုးရက ဖိအားပေးတဲ့အတွက် ကျနော့်ရွာက သူငယ်ချင်းတဦး နတ်အိမ်တောင်စခန်းအထိ ရောက်လာပြီး ကျနော့်ကို လာခေါ်တဲ့အတွက် အဲဒီလူနဲ့တွေ့ဖို့ မင်းသမီးကနေ နတ်အိမ်တောင်စခန်းဆီ ရောက်လာတာဖြစ်ပါတယ်။ တခြားကျောင်းသားတွေကိုလည်း အလားတူ လာခေါ်ခိုင်းတာ တွေ့ရပေမယ့် ပြန်လိုက်သွားတဲ့လူတော့ မတွေ့မိပါဘူး။

အဲဒီလို မိသားစုကိစ္စ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ဆွေးနွေးပြီးနောက်မှာတော့ နတ်အိမ်တောင်စခန်းကို ကျနော် လေ့လာခွင့်ရခဲ့ပါတယ်။ နတ်အိမ်တောင်ဟာ ကျနော်တို့ မင်းသမီးဒေသနဲ့ ရာသီဥတုမတူဘဲ တောင်ပေါ်မြို့လေးတခုလို အေးစိမ့်စိမ့်လေး၊ မြူနှင်းဝေဝေလေး ဖြစ်နေပါတယ်။ ဒီဒေသအတွင်း အမြင့်ဆုံးတောင်တန်း ဖြစ်တဲ့အတွက် ကလိန်အောင်၊ ကံပေါက်နဲ့ ထားဝယ်ဘက်ကို အပေါ်စီးကနေ လှမ်းမြင်ရတဲ့ရှုခင်းက အတော်လှပါတယ်။ ကျနော်ရောက်ဖူးခဲ့သမျှ နယ်စပ်စခန်းတွေထဲမှာတော့ အလှပဆုံးနဲ့ ဆက်သွယ်ရေး အလွယ်ကူဆုံးစခန်းတခုဖြစ်ပြီး အပန်းဖြေစခန်းတောင် ဆောက်သင့်တဲ့နေရာလို့ ထင်မိပါတယ်။

သဘာဝအလှအပြင် စီးပွားရေးအခြေနေကို ပြောရမယ်ဆိုရင်တော့ ရှေ့မှာပြောခဲ့တဲ့ ကျနော်တို့ ၂၀၁ တပ်ရင်း၊ ခွဲ ၂ ဘားတိုက်ရှိရာ ကျောင်းသားကုန်းနဲ့ အလံတိုင်ကုန်းကြားမှာ မြန်မာနိုင်ငံထဲဆင်းတဲ့ လူသွားလမ်းလေး (အခုတော့ ဒီလမ်းဟာ ရတနာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းတဲ့ လမ်းကြောင်းဖြစ်သွားခဲ့ပါပြီ) ရှိပြီး အဲဒီလမ်းထိပ်မှာ KNU အကောက်ဂိတ်၊ သို့မဟုတ် ဒေသအခေါ် မှောင်ခိုဂိတ် ရှိပါတယ်။ ဒီဂိတ်ဟာ တနေကုန် စည်ကားနေပြီး ကုန်သည်အတက်အဆင်းတွေနဲ့ ရှုပ်ရှက်ခတ်နေပါတယ်။ မြန်မာပြည်ဘက်က တက်လာသူအများစုဟာ နွားတွေ၊ ကျွဲတွေကို သယ်လာသူတွေဖြစ်ပြီး ထိုင်းဘက်က အပြန်မှာတော့ စက်ဘီးတွေ၊ ကားပစ္စည်းတွေ၊ အချိုမှုန့်အပါဝင် ထိုင်းထွက် စားသောက်ကုန်တွေကို ကျောပိုးခြင်းတောင်းတွေနဲ့ ပြန်သည်သွားတာကို တွေ့ရပါတယ်။

ကျောင်းသားစခန်းရဲ့ နောက်ကျောမှာတော့ ကျောက်ပုံရွာဆိုတဲ့ အိမ်ခြေ ၃၀ ခန့်ရှိ နယ်စပ်ရွာလေးရှိပါတယ်။ အဲဒီမှာ ကျနော်တို့တပ်ခွဲက မိသားစုတချို့နေပြီး အများစုကတော့ ကုန်သည်တွေဖြစ်ပါတယ်။ အဲဒီရွာအလွန်မှာ ထိုင်းနယ်ခြားစောင့်ဂိတ်ရှိပြီး အဲဒီဂိတ်နောက်မှာတော့ ဦးပဇ္ဈင်း ဖေကြည်ကျောင်းလို့ ကျောင်းသားတွေကခေါ်တဲ့ ထိုင်း-ထားဝယ် ဘုန်းကြီးကျောင်းတကျောင်း ရှိပါတယ်။ အဲဒီကျောင်း ခြံစည်းရုံးအလွန်မှာတော့ တောချတော နယ်ခြားစောင့် တပ်စခန်းကို တွေ့ရမှာဖြစ်ပြီး အဲဒီစခန်းရဲ့ရှေ့မှာတော့ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းတွေ ရှိပါတယ်။ အဲဒီ ဘောလုံးကွင်းဘေးမှာတော့ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိမယ့် နတ်အိတ်တောင်ရွာနဲ့ ဈေးတန်းကြီးကို တွေ့ရပါတယ်။ နတ်အိမ်တောင်က အိမ်တွေဟာ သွပ်ပြားမိုး သစ်သားအိမ်တွေဖြစ်ပြီး လမ်းမတန်းတလျှောက် အိမ်တွေအားလုံးဟာ ဆိုင်ခန်းတွေနဲ့ တွဲထားတဲ့အိမ်တွေ ဖြစ်ပါတယ်။ နတ်အိမ်တောင် ဈေးတန်းကြီးကိုလည်း သွပ်ပြားနဲ့ပဲမိုးထားတာ တွေ့ရပြီး ကျနော်တို့ထားဝယ်မြို့ပေါ်က ဈေးနီးနီး စည်ကားနေတာကို တွေ့ရပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ နတ်အိမ်တောင်စခန်းနဲ့ မင်းသမီးစခန်းဟာ မြို့နဲ့တောလို ကွာတယ်လို့ ကျနော်စိတ်ထဲ ခံစားမိပါတယ်။ နတ်အိမ်တောင်စခန်း မကျခင် နောက်ထပ် ၃-၄ ခေါက်လောက် ထောက်ပံ့ရေးတာဝန်နဲ့ ကျနော် ရောက်ဖူးခဲ့ပါသေးတယ်။ နောက်တခါ ထူးထူးခြားခြား နတ်အိမ်တောင်စခန်းဟာ နဝတလက်ထဲ ကျပြီးတဲ့အထိ သွားရောက်လည်ပတ်နိုင်တဲ့ တခုတည်းသောနေရာ ဖြစ်ပါတယ်။ ၁၉၉၁ ဒီဇင်ဘာမှာ စခန်းကျပြီးချိန် နောက်ပိုင်း ရတနာ ပိုက်လိုင်းစီမံကိန်းအတွက် သတင်းယူဖို့ သတင်းထောက် တဦးအဖြစ် နတ်အိမ်တောင်ရွာနဲ့ တောင်ထိပ်ဆီ ကျနော် ၃-၄ ခေါက် ထပ် ရောက်ခဲ့ပါသေးတယ်။ အလားတူ ၂၀၀၈ ထိုင်းခရီးစဉ်အတွင်းမှာလည်း နယ်စပ်အလွမ်းပြေအဖြစ် နတ်အိမ်တောင်ရွာနဲ့ တောင်ထိပ်စခန်းဆီ ကျနော်သွားလည်ခဲ့ဖူးတာကို အမှတ်ရနေပါတယ်။     ။

Loading