ထိုင်းနိုင်ငံသည် ၎င်းပိုင် အက်ဒမန်ကမ်းရိုးတန်းတွင် ဆိပ်ကမ်းတခု တည်ဆောက်တော့မည့် အစီအစဉ်သစ်တခု ရေးဆွဲနေသည်ဟု ကြားသိရသဖြင့် မြန်မာနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်း ထားဝယ်တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့် အကြီးစားစက်မှုဇုန်တခု ဖန်တီးရေးအိမ်မက်ကို အဆုံးသတ်တော့မည်ဟု အရိပ်အမြွက် ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်။

၂၀၀၈ ခုနှစ် မေလတွင် နှစ်နိုင်ငံအစိုးရများအကြား နားလည်မှုစာချွန်လွှာအရ ပထမဦးဆုံးအကြိမ်အဖြစ် သဘောတူခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ယခုအခါ တဝက်တပျက် ဖြစ်တော့မည်လော။
ရေနံတင်သဘောၤများအတွက် ဆိပ်ကမ်းများ တည်ဆောက်ခြင်း၊ ရေနံဓာတုပစ္စည်းစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများအပါအဝင် အဆိုပါ လုပ်ငန်းစီမံချက်သည် ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာစစ်အစိုးရက အပြောင်းအလဲများ မလုပ်သည့်အချိန်အထိ တိုးတက်မှုတစုံတရာ မရှိခဲ့ပေ။ အပြောင်းအလဲများလုပ်ခဲ့သည့် နောက်ပိုင်းများတွင်သာ တတိယကြားခံ အဖွဲ့အစည်းများ၏ ငွေကြေးအထောက်အပံ့များ ရလာနိုင်သော အလားအလာ မြင့်တက်လာခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အဓိကလိုင်စင်ရ လုပ်ငန်းရှင်တခုဖြစ်သော ဘန်ကောက်အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း အီတလီ-ထိုင်း ဆောက်လုပ်ရေးကုမ္ဗဏီ (Italian-Thai Development – ITD) က အမေရိကန်ဒေါ်လာ ဘီဘီယံ ၅၀ တန် စီမံကိန်းကြီးကို ထုတ်ဖော်ပြသလိုက်ပြီး PTT ကဲ့သို့သော ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးကုမ္ပဏီကြီးများ အပါအဝင် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများကို စတင်ဆွဲဆောင်ခဲ့သည်။
မြန်မာနိုင်ငံ၏ အိပ်မောကျနေသော အရှေ့တောင်ပိုင်းကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးရေးမှုကို အစဖော်ပေးနိုင်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ခြေမြန်လက်မြန်ဖြင့် အကောင်အထည် ဖော်မည့်ပုံ ရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလမှစ၍ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။
ဂျပန် စက်မှုလုပ်ငန်းကုမ္ပဏီကြီးများသည် ရုတ်ချည်းဆိုသကဲ့သို့ ရန်ကုန်အနီးတွင် တည်ဆောက်မည့် သီလဝါဆိပ်ကမ်း လုပ်ငန်းကို ပိုစိတ်ဝင်စားဟန်ပေါ်နေသည်။
တချိန်တည်းတွင် ထိုင်းအစိုးရသည် ထားဝယ်မြို့တောင်ဘက်ရှိ ပက်ဘရာ (Pak Bara) တံငါရွာလေးအနီး၊ ထိုင်းနိုင်ငံရေပိုင်နက် အက်ဒမန်ပင်လယ်တွင် ဆိပ်ကမ်းတခုတည်ဆောက်ရန် ပြီးခဲ့သည့် ရက်သတ္တပတ်က သဘောတူခွင့်ပြုခဲ့သည်။
အဆိုပါ မမျှော်လင့်သည့် အံ့အားသင့်စရာ အစီအစဉ်သစ်ကို ဗြိတိန်နိုင်ငံမှ Port Strategy မဂ္ဂဇင်းကြီးက ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဒုဝန်ကြီး ချက်ချာ့တ် စစ်တီပန့် (Chadchart Sittipunt) ကို ကိုးကား၍ ဖော်ထုတ်ရေးသားခဲ့သည်။
“ပက်ဘရာတွင် တည်ဆောက်ရန် ဆုံးဖြတ်ချက်ကို တွန်းအားဖြစ်စေသည့်အချက်သည် မြန်မာနိုင်ငံတွင် ထားဝယ်ဆိပ်ကမ်း လုပ်ငန်းစီမံကိန်းအတွက် မရေရာမှုများ များလာနေခြင်းကြောင့်ဖြစ်သည်” ဟု Port Strategy မဂ္ဂဇင်းကြီးတွင် ရေးသားထားသည်။
“အကယ်၍ ထားဝယ်စီမံကိန်း ဆက်ဖြစ်သည်ဆိုပါက ပက်ဘရာဆိပ်ကမ်းကို အရန်လုပ်ငန်းတခုအဖြစ် ဆက်ထားပြီး အကယ်၍ ထားဝယ်စီမံကိန်း လုံးဝမဖြစ်တော့ပါက ကုန်းတွင်းပိုင်း အကန့်အသတ်ရှိသည့်တိုင် ပက်ဘရာဆိပ်ကမ်းသည် ထိုင်းနိုင်ငံအတွက် အသုံးဝင်သော ဆိပ်ကမ်းတခု ဖြစ်လာမည်ဟု ဒုဝန်ကြီး စစ်တီပန့်က ကောက်ချက်ချပြောဆိုခဲ့သည်” ဟု အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
ထားဝယ်စီမံကိန်း လုပ်ငန်းက ယခုအခါ မြန်မာအစိုးရ မူဝါဒ အပြောင်းအလဲများကြောင့် လတ်တလောတွင် ရပ်ဆိုင်းထားရပြီး လုပ်ငန်းတည်ဆောက်သူများကလည်း ရင်းနှီးမြုပ်နှံလိုသူများ ရှာနေကြောင်း မဂ္ဂဇင်းတွင် ဆက်လက် ရေးသားထားသည်။
အီတလီ-ထိုင်းကုမ္ပဏီသည် ထားဝယ်လုပ်ငန်း စတင်ရန်အတွက် ငွေရှာနေသည့်အချိန်တွင် ထိုင်းအစိုးရနှင့် ပုဂ္ဂလိကဏ္ဍ လုပ်ငန်းရှင်များကမူ စောင့်ကြည်သည့်နည်းလမ်းနှင့် ချဉ်းကပ်နေကြောင်း မဂ္ဂဇင်းတွင် ဒုဝန်ကြီး စစ်တီပန့်ကို ကိုးကား ဖော်ပြထားသည်။
ထားဝယ်လုပ်ငန်း စီမံကိန်း တည်ဆောက်မှု ရပ်တန့်သွားရသည့် အကြောင်းရင်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မည့် အကြောင်းပြချက်ဖြင့် အီတလီ-ထိုင်း ကုမ္ပဏီက တည်ဆောက်မည့် မီဂ္ဂါဝပ် ၄၀၀၀ ထုတ်ပေးနိုင်သော ကျောက်မီးသွေးဓာတ်အားပေး စက်ရုံအား မြန်မာအစိုးရက ပိတ်ပင်ခဲ့သည့် အချက်တချက်လည်း ပါဝင်နိုင်သည်။ ကျောက်မီးသွေးစက်ရုံက ထုတ်မည့် လျှပ်စစ်ဓာတ်အား အများစုကို မြန်မာနိုင်ငံ အရှေ့တောင် ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများထက် ထိုင်းနိုင်ငံသို့ ရောင်းချရန် ရည်ရွယ်ထားသည်ဟု နောက်ပိုင်းတွင် သိရှိခဲ့ရသည်။
မကြာသေးခင်က သမ္မတ ဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်အတွင်း ရန်ကုန်မြို့ပြင်ရှိ သီလဝါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးအတွက် ကုမ္ပဏီကြီးများကို သမ္မတက စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့သဖြင့် အီတလီ-ထိုင်းကုမ္ပဏီ၏ ဆိပ်ကမ်းတည်ဆောက်ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ပို၍ မျှော်လင့်ချက် မဲ့သွားရသည်။
သမ္မတ ဦးသိန်းစိန်သည် ဆူမီတိုမို၊ မစ်ဆူဘီရှီ၊ အီတိုချုနှင့် မာရူဘေနီ ကုမ္ပဏီများမှ ဝါရင့် စီမံခန့်ခွဲသူများနှင့် တွေ့ဆုံခဲ့သည်။ ယခုအချိန်တွင် မာရူဘေနီနှင့် ဆူမီတိုမို ကုမ္ပဏီများမှ ပညာရှင်များသည် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးစနစ် ပိုကောင်းလာစေရေးနှင့် သီလဝါဆိပ်ကမ်း တည်ဆောက်ရေးအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် နည်းပညာအစီရင်ခံစာ ရေးဆွဲရာတွင် ပါဝင်ကူညီပေးရန် ရှိသည်။
“ဖြစ်နိုင်တာက မြန်မာနိုင်ငံရဲ့ အရှေ့တောင် ကမ်းရိုးတန်းဒေသကနေ တချို့ အကျိုးအမြတ်တွေ ရနေသည့်တိုင် ထားဝယ်စီမံကိန်း တည်ဆောက်ခြင်းက ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်အများကြီး ရှိနိုင်တယ်ဆိုတာ (မြန်မာအစိုးရက) သိသွားတာလည်း ဖြစ်ကောင်းနိုင်တယ်” ဟု ဘန်ကောက်အခြေစိုက် စွမ်းအင်လုပ်ငန်းအကြံပေး ကော်လင်းရီနယ်က ဧပြီလ ၂၇ ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အလားအလာရှိတဲ့ ဧရာဝတီမြစ်ရိုးတလျှောက် စက်မှုလုပ်ငန်းတွေက ထိုင်းနဲ့ အရမ်းဝေးလွန်းတယ်။ ထားဝယ်ကျတော့ ဘန်ကောက် ကုန်သွယ်ရေးဇုန်နဲ့ တော်တော်နီးတယ်။ ထိုင်းကမ်းရိုးတန်း တောင်ဖက်စွန်းမှာ နောက်ထပ် ဆိပ်ကမ်းတခု ထပ်တည်မယ်ဆိုတဲ့ ထိုင်းရဲ့အစီအစဉ်က မဟာဗျူဟာအရတော့ လုံး၀ အဓိပ္ပာယ်မရှိဘူး။ ဖြစ်နိုင်တာက ကျောက်မီးသွေးလောင်စာ ဓာတ်အားပေးစက်ရုံမျိုး မရှိရဆိုတဲ့ ကန့်သတ်ချက်မျိုးကို မြန်မာက ဖယ်ပေးအောင်လုပ်တဲ့ လှည့်ကွက်လည်း ဖြစ်နိုင်တယ်။ သီလဝါ ရင်းနှီးမြုပ်နှံမှုကတော မြန်မာနိုင်ငံအတွက် လုံး၀ အဓိပ္ပာယ်အရှိဆုံး လုပ်ငန်းဖြစ်တာတော့ ကျိန်းသေပေါက်ပဲ” ဟု ကော်လင်းရီနယ်က ပြောသည်။
စီးပွားရေးပညာရှင်များစွာ မျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု ဖြစ်လာမည်ဆိုပါက သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများကို မြှင့်တင်ရန်အတွက် ခေတ်မီဆိပ်ကမ်းများ လိုအပ်လာပေမည်။ လက်ရှိအခြေအနေတွင် ကွန်တိန်နာအကြီး အနည်းငယ်သာ လက်ခံနိုင်သေးသည်။
ဘင်္ဂလားပင်လယ်အော်တွင် တည်ဆောက်ဆဲ ဆိပ်ကမ်းနှစ်ခုသည်လည်း အကန့်အသတ်ရှိ၍ အလွန် ဝေးကွာလွန်းသည်။ ထိုနှစ်ခုမှာ ဘင်္ဂလားဒေ့ရှ်အနီး စစ်တွေနှင့် ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူတို့တွင် ဖြစ်သည်။
ထားဝယ်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံတွက် အကျိုးကျေးဇူး ပိုဖြစ်နိုင်သကဲ့သိ့ု စစ်တွေဆိပ်ကမ်းသည်လည်း အိန္ဒိယ၏ ကုန်တွင်းပိတ်အရှေ့မြောက် ပြည်နယ်များတွင် ပင်လယ်နှင့် ချိတ်ဆက်ရန် လိုနေသည့်အတွက် အိန္ဒိယအတွက် ပိုအသုံးဝင်သည်။ လက်ရှိအချိန်တွင် အိန္ဒိယကုမ္ပဏီများသည် ဆန်တင်ပို့သော ဆိပ်ကမ်းဟောင်းကို ပြန်လည် ပြုပြင်ရေးအတွက် ဒေါ်လာသန်း ၁၂၀ ခန့် ရင်းနှီးမြှုပ်နှံထားကြသည်။
ကျောက်ဖြူဆိပ်ကမ်း ဆိုသည်မှာလည်း တရုတ်နိုင်ငံက သူ၏ ကုန်တွင်းပိတ် အနောက်တောင်ဒေသများဆီသို့ အိန္ဒိယသမုဒ္ဒရာအားဖြတ်၍ မြန်မာနိုင်ငံကို ပိုက်လိုင်းချိတ်ဆက်အဖြစ် အသုံးပြုကာ ရေနံတင်ပို့လိုသော တရုတ်အစိုးရ၏ ဆန္ဒရင်းအမှန်သာ ဖြစ်သည်။
“အတိအကျပြောရရင် ထားဝယ်ဆိုတာ ထိုင်းဇတ်လမ်းတပုဒ်ဖြစ်ခဲ့တယ်။ ဖြစ်နေတယ်။ ဒါကြောင့် အဲဒီအတွက် စိတ်ဝင်စားမှု မရှိတော့ဘူးဆိုရင် ဒီလုပ်ငန်းဟာ ဆက်ရှိနေဖို့ အကြောင်းမရှိတော့ဘူး” ဟု သြစတေးလျနိုင်ငံ မက်ကွာရေးတက္ကသိုလ်မှ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ပါမေက္ခ ရှောင် တာနယ်က ဧပြီလ ၃၀ ရက်နေ့က ဧရာဝတီသို့ ပြောဆိုခဲ့သည်။
သို့သော် ထားဝယ်ဒေသအား ဒေသတွင်းဆုံရပ်တခုအဖြစ်သို့ ရောက်ရှိရန် ရည်ရွယ်ထားပြီး ထိုမှတဆင့် မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်နှင့် ဗီယက်နမ်ကဲ့သို့သော အဓိက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကူးသန်းရောင်ဝယ်မှု ကွန်ရက်အတွင်းသို့ အလိုက်သင့်ပါဝင်သွားနိုင်သည်ဟု ထိုင်းများက အခိုင်အမာ ပြောနေဆဲဖြစ်သည်။
ထားဝယ်တွင် အကြီးစားဆိပ်ကမ်းတခု ရှိနေခြင်းသည် မဲခေါင်ဒေသ စီးပွားရေးကုန်သွယ်မှုလမ်းကြောင်းများ ပေါ်ပေါက်ရေး အစီအစဉ်နှင့် အလွန်လိုက်ဖက်သည်ဟု ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့ ပြောဆိုသည်။
အိပ်ပျော်နေသော ထားဝယ်မြိုနှင့် ထိုင်းဘက်မှ ကန်ချရဘူရီသို့ ဆက်သွယ်ပေးထားသော အသစ်စက်စက် လမ်းတခု ဖောက်လုပ်ပြီးသွားပြီဖြစ်သည်။ သို့သော် အီတလီ-ထိုင်းကုမ္ပဏီ အကြီးအကဲ ပရမ်ချိုင်း ကန်နဆူတ မျှော်မှန်းထားသည့်အတိုင်း ရှစ်လမ်းသွား အဝေးပြေးလမ်းမနှင့် အမြန်မောင်း မီးရထားလမ်း ဖြစ်ရန်အတွက်မူ ဖြစ်နိုင်ခြေ အလွန်နည်းနေသည်။
အစိုးရပိုင် ရေနံလုပ်ငန်း ကုမ္ပဏီကြီး PTT အုပ်စု၊ ထိုင်းအစိုးရက ၄၅ ရာခိုင်နှုန်းပိုင်သော ရပ်ချ်ဘူရီ လျှပ်စစ်ထုတ်လုပ်ရေးဦးပိုင် အပါအဝင် အီတလီ-ထိုင်းကုမ္ပဏီနှင့် ၎င်း၏ ထိုင်းစီးပွားဖက် ကုမ္ပဏီများက မေလ သို့မဟုတ် ဇွန်လတွင် ပြန်လည်ပြင်ဆင်ထားသော ဆုံးဖြတ်ချက်များကို လူသိရှင်ကြား ထုတ်ဖော်မည်ဟု ပြောဆိုထားသည်။
WILLIAM BOOT ၏ Dawei in Doubt as Thai Port Talk Grows ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။