ဆောင်းပါး

ဦးရုက္ခစိုး နှင့် အောင်ပါစေ...

This article has been converted from Zawgyi One to Unicode

“စီးပွားရေးရယ်…ကြီးပွားရေးရယ်…သမီးရည်းစားအရေးလည်း အောင်ပါစေ…
စီးပွားရေးရယ်…ကြီးပွားရေးရယ်… သမီးရည်းစား အရေးလည်း အောင်ပါစေ…
ဇမ္ဗူ တဝန်းမှာ လှူဒါန်းမယ့်သူတွေ…အောင်ပါစေ…”

ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက် သီချင်း ထဆိုလိုက်သော ကြွက်စုတ်ကို ဖိုးရှုပ်နှင့် ဦးရုက္ခစိုးက အထူးတဆန်း ပုံစံမျိုးနှင့် ကြည့်နေ သည်။

ချင်းမိုင်မြို့၏ အပန်းဖြေစရာ တခုဖြစ်သည့် ဝေ့သင်ထောက် ရေကန်ကြီး ဘေးက ယာယီတဲ တလုံးထဲတွင် ကြွက်စုတ် ၊ ဖိုးရှုပ်နှင့် ဦးရုက္ခစိုးတို့ အေးရိပ်ရှာ အပူရှောင်ရင်း၊ စားရင်း သောက်ရင်း ရောက်နေကြခြင်း ဖြစ်သည်။

ဖိုးရှုပ်။  ။ ဒါက ဘယ်လို ဖြစ်ရတာလဲ ငကြွက်…အခုတလော သတင်းတွေ ပျံ့နေတဲ့ ဟို ရှစ်လုံး ပုဂ္ဂိုလ်ကြီးလို ကင်ဆာ ဖြစ်တယ် ဆိုလို့ စိတ်ကျ ရောဂါ ဖြစ်သွားသလိုမျိုးလား…ပူလို့ပဲ ဂေါက်သွားတာလား…စပြောမယ့် စကားတောင် ဘယ်ပျောက်သွားမှန်း မသိ ဘူး…အသံသေး အသံကြောင် နဲ့…စည်းမကျ ဝါးမကျ…

ကြွက်စုတ်။  ။ ကိုယ့် လွတ်လပ်ခွင့်နဲ့ ကိုယ်ပဲ ကွ…ဘာဖြစ်လဲ…လူတိုင်း လွတ်လပ်စွာ သီဆို ကခုန်ခွင့် ရှိတာပဲ ဥစ္စာ…ကုလသမဂ္ဂ က တောင်…လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုလား…ပြဌာန်းထားသေး မှုတ်လား…

ဖိုးရှုပ်။  ။ အံမယ်…အံမယ်…သောက်တလွဲကောင်…ကိုယ့်ဟာကိုယ် ဂေါက် ထတာ များ…လူ့အခွင့်အရေးတွေ ဘာတွေ ဆွဲထည့် မနေနဲ့…နင့် အသံသာ မူရင်းဆိုတဲ့ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ကြားရင်…ဘယ်လောက်များ စိတ်ဆင်းရဲလိုက် မလဲ လို့…

ရုက္ခစိုး။  ။ တော်ကြပါတော့ကွာ…မင်းတို့မလဲ…တွေ့တာနဲ့ ခွေးနဲ့ မျောက်လို တန်းကိုက်တော့ တာပဲ…

“ဒီကောင်က ခွေး…”

ဖိုးရှုပ် နှင့် ကြွက်စုတ် နှစ်ဦးလုံး ပြိုင်တူ ပြောလိုက်မိကြခြင်း ဖြစ်သည်။

ရုက္ခစိုး။  ။ ပြောရင်း ဆိုရင်း မင်းတို့က မငြိမ်ဘဲကိုး…ပြောမရရင်တော့ ငါ ပြန်မယ်…

ဦးရုက္ခစိုး ငေါက်လိုက်၍ နှစ်ဦးသား ငြိမ်သွားရာမှ ကြွစုတ်က မျက်နှာသေကလေးနှင့် စပြောသည်။

ကြွက်စုတ်။  ။ ဒီ…ဒီ…ဒီလိုပါ ဦးရုက္ခစိုးရဲ့…မြန်မာပြည်အကြောင်း တွေးမိပြီး ဒီ သီချင်းကို ထဆိုမိတာပါ ခင်ဗျ…

ရုက္ခစိုး။  ။ နင့် ဥစ္စာ အရင်းမရှိ…အဖျား မရှိ…ဘာကို စဉ်းစားမိပြီး ဘာဖြစ်လို့ ဒီ သီချင်း ဆိုရတာလဲ…

ဖိုးရှုပ်။  ။ အေးလေ…အရင်းမရှိ…အဖျား မရှိ…

ဖိုးရှုပ်က ဝင်လာပြန်၍ ဦးရုက္ခစိုး ထိန်းရပြန်သည်။

ရုက္ခစိုး။  ။ မင်း အသာနေ ဖိုးရှုပ်…ကဲ ဆိုစမ်းပါဦး ဆရာ ငကြွက်…

ကြွက်စုတ်။  ။ ဟို…စီးပွားရေး အကြောင်း ခင်ဗျ…ကမ္ဘာ့ ဘဏ်လို…အိုင်အမ်အက်ဖ် လို…နိုင်ငံတကာ ငွေကြေး အဖွဲ့ကြီးတွေ…ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ…လွှတ်တော် အမတ်တွေက ပြောတာ ဆိုတာတွေကို ကြားယောင် မိပြီး ဒီ သီချင်း ကို ဆိုမိသွားတာပါ ခင်ဗျာ…

ရုက္ခစိုး။  ။ အင်း…ဆက်ပါဦး…

ကြွက်စုတ်။  ။ ကျနော်တို့ နိုင်ငံကတဲ့…ပွင့်လာတော့မယ်တဲ့…အာရှမှာတဲ့… ကျား တကောင် ဖြစ်လာနိုင်တယ်…စီးပွားရေး အဖွံ့ဖြိုးဆုံး ဖြစ်လာနိုင်တယ် တဲ့…မြန်မာပြည် သွားပြီး ရင်းနှီးမြှုပ်နှံတာတွေ လုပ်ကြ ဆိုပြီး ပြောကြတယ် မှုတ်လား ခင်ဗျ…

ဖိုးရှုပ်။  ။ အင်…မင်း ရူးများ နေလား ငကြွက်ရာ…ခရီးက မနီးတဲ့ ခရီး ကွ…အဝေးကြီးပါကွာ…

ဖိုးရှုပ်က ညည်းသံဖြင့် ပြောလိုက်သည်။

ကြွက်စုတ်။  ။ အေးလေ…ငါကလည်း “အောင်ပါစေ…”လို့ပဲ ဆိုတာ…“အောင်မြင်မယ်”လို့ ဆိုသေးတာမှ မဟုတ်တာ…ဒါပေမယ့် အခု သတင်းတွေမှာက ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေ…ရေနံ နဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းတွေ…ကျောက်မျက်… ကား… မိုဘိုင်း ဖုန်း…အင်တာနက် ကစပြီး ကဏ္ဍ အစုံအစုံမှာကို ရောင်းဝယ် ဖောက်ကားမယ့် သူတွေ…ကူမယ့် ကယ်မယ့် သူတွေ…လှူမယ့် တန်းမယ့် သူတွေ…အဲဒါတွေနဲ့ ပတ်သက်ပြီး အများကြီး ကြားနေရတယ်လေ…

ဖိုးရှုပ်က ခေါင်းတချက် ကုတ်လိုက်ပြီး ပြောဟန်ပြင်သည်။ သို့သော် ဦးရုက္ခစိုးက ဝင်၍ ထောက်ပြ လာသည်။

ရုက္ခစိုး။  ။ ငကြွက် နင့်ဟာက ရှိသမျှ အကုန်ထည့်သုတ်တဲ့ အသုတ်စုံလို ဖြစ်နေပြီ…အရောရော အနှောနှော တွေက လုပ်တိုင်း မကောင်းဘူး ကွ… ဆက်ရှင် ကွဲဖို့တော့ လိုတယ်…ကူမယ် ဆိုတာက ရှေ့စာရင်း ရှင်းမှ နောက်စာရင်း အသစ် ဖွင့်ပေးမှာ…ချေး မယ့်သူကလည်း ရှေ့ အကြွေးကျေမှ နောက်အသစ် ချေးချင်တာ…အဲဒီလိုပဲ အလှူငွေ ဆိုတာကလည်း ဟို ကဏ္ဍ ဒီ ကဏ္ဍ ဆိုပြီး တားဂက်နဲ့ လာမှာ…

ကြွက်စုတ်။  ။ ဟုတ်ကဲ့…ကျနော် ဆိုတဲ့ အထဲမှာလည်း“ဇမ္ဗူ တဝန်းမှာ လှူဒါန်းမယ့် သူတွေ…အောင်ပါစေ…”လို့ပဲ ပါတာ ခင်ဗျ… အလှူ ဖြစ်မြောက် စေချင်တဲ့ သဘော ဆိုတာပါ…

ဖိုးရှုပ်။  ။ ငါလည်း သတင်းသမားပါ ငကြွက်…မင်းက မိကျောင်းမင်း ရေခင်းပြ…နွားရှေ့ ထွန်ကျူး…လယ်ထွန်သွား နွားမေ့…အဲ… သိပ်တော့ လူလည် မလုပ်နဲ့ကွာ…ဒီမှာ ငါပြောမယ်…ခုန ဦးရုက္ခစိုး ပြောသလို…ရှေ့ စာရင်းလည်း ရှင်းဖို့ လိုတယ်…မင်းပြောတဲ့ ကား သွင်းတဲ့ သတင်းတို့…ဟန်းဖုန်း သတင်းတို့…ဂက်စ် ကိစ္စတို့ အတော်များများက မရှင်း မရှင်းတွေချည်း…နိုင်ငံတကာကလည်း ငတုံးတွေမှ မဟုတ်တာ…သိတယ်…သူတို့အတွက်…

ဦးရုက္ခစိုးက ကြားဖြတ် ဝင်ပြောလိုက်သည်။

ရုက္ခစိုး။  ။ အေးလေ…ကားတွေ ဘယ်လို ပေးသွင်းတယ်…ဘာညာ ပြောနေတယ်…ပြည်သူအများစုက ဘယ်လို ဝယ်စီးနိုင်မှာလဲ… ဆိုင်ကယ်တောင် အနိုင်နိုင်…

ဖိုးရှုပ်။  ။ အာ…ဦးရုက္ခစိုးကလည်း…ဆိုင်ကယ် ဝယ်နိုင်လည်း ရန်ကုန်မှာ စီးခွင့်မရဘူးလေ…ကြာပြီ…စီးချင်ရင် ဟိုး တောမှာ… ကန်သင်းရိုးပေါ်မှာပဲ စီးမှ ရမယ်…တိုင်းပြည်ကို ကိုယ့်မိသားစုပိုင်လိုပဲ…လုပ်ချင်သလို လုပ်ကြတာလေ…ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ နဲ့ နီးစပ်သူတွေသာ အဆင်ပြေ အလုပ်ဖြစ်ကြတာ…ဒါကြောင့် “မျက်နှာကြီးရာ ဟင်းဖတ်ပါ…ဘော်ဒါ ကဏ္ဍ စီးပွားရေး စနစ်” လို့ တောင် ပြောကြတယ်…

ဖိုးရှုပ်ကပြောရင်း ဒေါသသံ ပါလာပြီး ခဏ ရပ်သွားရာ ဦးရုက္ခစိုးက ဝင်ပြောပြန်သည်။

ရုက္ခစိုး။  ။ ပြီးတော့ ရှိသေးတယ်…နှစ်နဲ့ချီပြီး အကျင့်တွေ ပါလာလို့လား မသိဘူး…ကိုယ့်အတွက်ပဲ ကွက်ကြည့်ပြီး တကြိမ်တည်း နဲ့ သောက်သောက်လဲ အလုပ်ဖြစ်ချင်တဲ့ စိတ်နဲ့ တနပ်စား…တပွဲစား လုပ်ကွက်တွေရောပဲ…ဟို တလောကပဲ ခရီးသွား လုပ်ငန်း သမားတွေ အကျပ်ရိုက်သွားသေးတယ် လေ…နိုင်ငံတကာ ခရီးသွားတွေ အများကြီးဝင်မယ်ဆိုပြီး တည်းမယ့် ဟိုတယ်ခန်း… တည်းခိုခန်း ခတွေ…အဆမတန် မြှင့်ယူလို့ ဆိုလား…အဲဒီလိုမျိုးတွေ လုပ်နေလို့ကတော့ နင့်ဂျီးဒေါ် စီးပွားက ဖြစ်မှာလား…ရေရှည် မှာ ဘယ်လို လုပ်စားမလဲ ဟင်…တိုင်းပြည်ကရော ကြီးပွားနိုင်ပါ့မလား…

ဖိုးရှုပ်။  ။ လွှတ်သဘင်အကြီးအကဲတွေ…အမတ်တွေတော့… အခုတလော နိုင်ငံရပ်ခြား   ခရီးတွေ ထွက်နေကြတာပဲ…ကြီးပွားရာ
ကြီးပွားကြောင်းတော့ ကြံကြမှာပဲလို့တော့ မျှော်လင့်လို့ရမလားပဲ…

ကြွက်စုတ်။  ။ မျှော်လင့်စရာ မမြင်ဘူး ဆိုရင်လည်း“ဇမ္ဗူ တဝန်းမှာ လှူဒါန်းမယ့်သူတွေ…အောင်ပါစေ…”ဆိုတာကိုပဲ အထပ် ထပ်သာ ဆိုကြပေတော့ လို့ ပြောစရာရှိတော့တယ်…ကျနော်တော့ ပြန်ပြီ…

ဖိုးရှုပ်က အတိုက်အခံလုပ် အငေါ်တူးလိုက်၊ ဦးရုက္ခစိုးက ငေါက်လိုက်ဖြင့် ကြွက်စုတ်မှာ အနေကျပ်နေရာမှ စိတ်မရှည်ဘဲ ပြောပြော ဆိုဆို ထွက်သွားလေရာ မှာစားထားသမျှ ကုန်ကျငွေကို ဖိုးရှုပ်နှင့် ဦးရုက္ခစိုးကသာ ရှင်းရလေတော့သည်။  ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေး သားထားခြင်း မဟုတ်ပါ။

Loading