၂၀၁ တပ်ရင်း ဘက်မလိုက်အဖွဲ့ဥက္ကဋ္ဌအဖြစ် ကျနော် တာဝန်ယူနေစဉ် နောက်ထပ်ယူရတဲ့ ထပ်ဆောင်းတာဝန် တခုကတော့ ကွဲပြဲသွားတဲ့ စခန်း ၅ ခု စုပေါင်းဖွဲ့စည်းလိုက်တဲ့ ပူးတွဲညီညွတ်ရေး ကော်မတီအတွင်းရေးမှူး တာဝန်ပါ။ ဒီကော်မတီဟာ တပ်ရင်း ၅ ခုအပေါ် အခြေခံထားတဲ့အတွက် အဲဒီကာလ တပ်ရင်း ၅ ခုရဲ့ ဖွဲ့စည်းပုံနဲ့ ဦးဆောင်သူတွေစာရင်းကို အရင်တင်ပြချင်ပါတယ်။
ကျနော်တို့ ဘက်မလိုက်အဖွဲ့ဟာ မူလပုံစံအတိုင်း ဥက္ကဋ္ဌ၊ တပ်ရင်းမှူး ၂ မျိုးတွဲ ဖွဲ့စည်းပုံနဲ့ ဆက်သွားပေမယ့် ကျန်တပ်ရင်း ၄ ခုကတော့ ကော်မတီစနစ်ကို ဖျက်သိမ်းပြီး တပ်ရင်းမှူးစနစ် ပုံစံသစ်နဲ့ သွားကြပါတယ်။ ၂၀၁ ကိုနိုင်အောင် ဖက်မှာ ကိုဇော်သန်း (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲမှာ ကျဆုံး) က တပ်ရင်းမှူး၊ ဆရာ အောင်မြင့် (အခုထိ ထိုင်းနယ်စပ်မှာရှိဆဲ) က ဒုရင်းမှူး၊ ကိုဝင်းအောင် (အခု အမေရိကန်) က တပ်ရေးဗိုလ်၊ ကိုမြင့်လွင် (အခုအမေရိကန်) က တပ်ထောက်ဗိုလ်တွေ ဖြစ်ပါတယ်။ ၂၀၁ ကိုမိုးသီးဇွန်တို့ဖက်မှာတော့ ကိုကျော်ရ (၁၉၉၂ မှာ ဘန်ကောက်သံရုံးက တဆင့် ပြန်ဝင်) က တပ်ရင်းမှူးဖြစ်ပြီး ကျန်တဲ့ ဒုရင်းမှူး၊ တပ်ရေး၊ တပ်ထောက်တွေအမည်ကို ကျနော်မမှတ်မိတော့ပါ။
၂၀၃ ကိုနိုင်အောင်တို့ဖက်မှာတော့ ကိုချမ်းနိုင် ခေါ် ကိုမဲချော (ပြန်ဝင်) က တပ်ရင်းမှူး၊ ဗိုလ်တောက် (ပြန်ဝင်) က ဒု ရင်းမှူး၊ ကိုလှရွေ (အခု ဒိန်းမတ်) က တပ်ရေးဗိုလ်၊ ကိုသန်းနိုင် ခေါ် နောင်မဲ (ပြန်ဝင်) က တပ်ထောက်ဗိုလ်တွေ ဖြစ်ပါတယ်။ ၂၀၃ ကိုမိုးသီးဇွန်တို့ဖက်မှာတော့ ကိုထိန်လင်း (အခု အမေရိကန်) က တပ်ရင်းမှူး၊ ကိုဝင်းနိုင် (ပြန်ဝင်) က ဒုရင်းမှူး၊ ကိုစန်းယု (အခုအမေရိကန်) က တပ်ရေးဗိုလ်၊ ကိုသိန်းဌေး (အခု အမေရိကန်) က တပ်ထောက်ဗိုလ် ဖြစ်ပါတယ်။
ဒီလိုတပ်ရင်း ၅ ခုအပေါ်မှာ အပေါ်ထပ်အဆောက်အဦ ၃ ခုရှိနေတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ပထမတခုက ကိုနိုင်အောင်တို့ ဗဟိုကော်မတီက ဖွဲ့စည်းပေးလိုက်တဲ့ တောင်ပိုင်းစစ်ဒေသကော်မတီ၊ ဒုတိယတခုက ကိုမိုးသီးဇွန်တို့ ဗဟိုဖက်က ဖွဲ့လိုက်တဲ့ တောင်ပိုင်းဒေသက ကော်မတီနဲ့ တတိယတခုကတော့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ပါ ပါဝင်တဲ့ တပ်ရင်း ၅ ခုစလုံးရဲ့ ပူးတွဲညီညွတ်ရေး ကော်မတီဖြစ်ပါတယ်။
သက်ဆိုင်ရာ ဗဟိုတွေက ဖွဲ့ပေးထားတဲ့ တောင်ပိုင်းစစ်ဒေသ ကော်မတီတွေဟာ သူတို့တပ်ရင်း ၂ ခုနဲ့ သူတို့ဗဟိုကြား အမိန့်စီးဆင်းမှုကိုသာ အဓိက ဆောင်ရွက်နိုင်ပြီး တပ်ရင်း ၅ ခုစလုံးရဲ့ နေ့စဉ် စားဝတ်နေရေး၊ စစ်ရေးကိစ္စ၊ ရိက္ခာကိစ္စတွေကို ဆောင်ရွက်ပေးနိုင်တာကတော့ ကျနော်တို့ပါဝင်တဲ့ ပူးတွဲညီညွတ်ရေးကော်မတီပဲ ဖြစ်ပါတယ်။
ဒီကော်မတီထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တာဝန်တွေကတော့ ၂၀၁ ဘက်မလိုက်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကျနော်က ပူးတွဲညီညွတ်ရေးကော်မတီရဲ့ အတွင်းရေးမှူး၊ ၂၀၁ ကိုနိုင်အောင်တို့ဖက်မှ တောင်ပိုင်းစစ်ဒေသ ကော်မတီဝင် ကိုကျော်ထင် (စက်မှုတက္ကသိုလ်ကျောင်းသား၊ ABSDF ဗဟိုရဲ့ ပထမဆုံး စစ်ဦးစီးချုပ်၊ အခု နော်ဝေ) က တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးခြင်း ခံရပါတယ်။ နောက်တခါ ၂၀၁ ကိုမိုးသီးဇွန်တို့ဖက်မှ တပ်ရင်းမှူး ကိုကျော်ယျ၊ ၂၀၃ ကိုမိုးသီးဇွန်တို့ဖက်မှ တပ်ရင်းမှူးကိုထိန်လင်းနဲ့ ၂၀၃ ကိုနိုင်အောင်တို့ဖက်မှ တောင်ပိုင်းစစ်ဒေသကော်မတီဝင် ကိုသောင်းထွန်း (အခု နယူးဇီလန်) တို့က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ဒီအဖွဲ့ရဲ့အဓိက တာဝန်ကတော့ နိုင်ငံခြားအလှူရှင် BCG (နောက်ပိုင်းမှာတော့ ရတ်ချဘူရီ အခြေစိုက် ဒုက္ခသည်နှင့် အရေးပေါ် အကူအညီပေးရေး ကက်သလစ်ရုံးအဖွဲ့ Catholic Office for Emergency Relief and Refugees – COERR က ဆက်ပေးပါတယ်) နဲ့ MSF ကပေးတဲ့ ရိက္ခာနဲ့ဆေးဝါးတွေကို စခန်း ၅ ခုရဲ့ လူဦးရေအလိုက် အချိုးကျခွဲဝေရေး၊ မဟာမိတ် KNU နဲ့ဆက်ဆံရေး၊ DAB စစ်ကြောင်း ကိစ္စညှိနှိုင်းဆောင်ရွက်ရေးတွေ ဖြစ်ပါတယ်။
တပ်ရင်း ၅ ခုပေါင်းရဲ့ လူဦးရေဟာ ၇၀၀ ဝန်းကျင် အထိရှိလာပြီး BCG စာရင်းအရဆိုရင် ၈၀၀ ဝန်းကျင်အထိ ရှိသွားတဲ့တွက် မင်းသမီးဒေသ ABSDF ရဲ့ အင်အား အတောင့်တင်းဆုံးကာလ ဖြစ်လာပါတယ်။ BCG စာရင်းဆိုတာကတော့ ရိက္ခာခွဲတမ်း ပိုရနိုင်ဖို့ အလှူရှင်တွေကို ပိုပို လိုလိုပြတဲ့စာရင်းဖြစ်ပြီး တကယ့်စာရင်း မဟုတ်ပါ။ အဲဒီကာလ ABSDF တပ်ရင်းတွေမှာ စာရင်း ၂ မျိုး ထားလေ့ရှိပါတယ်။ ကျနော်တို့ တပ်ရင်းတွေအချင်းချင်းကြား အင်အားပြိုင် ကြွားဝါကြတဲ့အခါ “ဘာလဲ၊ BCG စာရင်းတွေကို လာပြောနေတာလား” ဆိုပြီး နောက်ပြောင်လေ့ရှိတဲ့အထိ BCG စာရင်းက နယ်စပ်မှာ ခေတ်စားခဲ့ပါတယ်။
BCG ဖက်ကနေ DAB စစ်ကြောင်းတွေဖက်ကို လှည့်ရမယ်ဆိုရင်တော့ DAB (မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) ထဲမှာ NDF (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကျော်နဲ့ ABSDF အပါဝင် ၈၈ နောက်ပိုင်းပေါ်လာတဲ့ လက်နက်ကိုင်ရော၊ မကိုင်တာတာရော ဒီမိုကရေစီအင်အားစု ၁၀ ဖွဲ့ကျော် ပါဝင်ပါတယ်။ ဒီအဖွဲ့ရဲ့ ဗဟိုဥက္ကဋ္ဌကတော့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဖြစ်ပြီး မာနယ်ပုလောမှာ အခြေစိုက်ပါတယ်။
အဲဒီကမှတဆင့် KNU တပ်မဟာတွေအလိုက် DAB စစ်ကြောင်းတွေကို နယ်မြေသတ်မှတ်ပြီး KNU တပ်မဟာမှူးတွေက DAB စစ်ကြောင်းမှူးတွေ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့တပ်တွေရှိတဲ့ မင်းသမီးဒေသမှာလည်း KNU တပ်မဟာ ၄ မှူး ဗိုလ်မှူးချုပ် အော်လီဗာ (အခု KNLA ဒုတိယ စစ်ဦးစီးချုပ်) က ဒီဒေသအတွင်းရှိ DAB စစ်ကြောင်း ၃ ခုစလုံးရဲ့ တာဝန်ခံ ဖြစ်ပါတယ်။ မင်းသမီးဒေသ ကျောင်းသားစခန်း ၅ ခုရဲ့ ကိုယ်စားလှယ်၊ ပူးတွဲညီညီညွတ်ရေး ကော်မတီအတွင်းရေးမှူး ကျနော်က ဒု တာဝန်ခံ သဘောမျိုး ဖြစ်ပါတယ်။ DAB စစ်ကြောင်းရဲ့ ရုံးလုပ်ငန်းတွေကို အဓိက ဆောင်ရွက်ပေးသူကတော့ ဗိုလ်မှူးကြီး မူးကပေါ် ဖြစ်ပါတယ်။
DAB အမှတ် ၁ စစ်ကြောင်းက ကျနော်တို့ ဘက်မလိုက်အဖွဲ့မှ ဘိုင်သိန်းမြင့် ဦးစီးတဲ့ တပ်ခွဲ ၂ ရှိရာ နတ်အိမ်တောင်ဒေသ (နတ်အိမ်တောင်စခန်း ကျသွားပေမယ့် ကျနော်တို့ တပ်တွေရဲ့ ဒေသတွင်း လှုပ်ရှားနိုင်မှုက အင်အားကောင်းဆဲ ဖြစ်ပါတယ်)၊ DAB အမှတ် ၂ စစ်ကြောင်းက ၂၀၁ ကိုနိုင်အောင်တို့ဖက်မှ ကိုဘုန်းကျော် ဦးစီးတဲ့တပ်ခွဲနဲ့ ကျနော်တို့ ဘက်မလိုက်မှ ကိုခင်မောင်ချို ဦးစီးတဲ့ တပ်ခွဲ ၁ ရှိရာ ပြည်ခြား-ပုလောဒေသ၊ DAB အမှတ် ၃ စစ်ကြောင်းကတော့ အမှတ် ၂၀၃ တပ်တွေတည်ရှိရာ မြိတ်-တနင်္သာရီဒေသ ဖြစ်ပါတယ်။ တပ်ရင်းတွေ ၂ ခြမ်း၊ ၃ ခြမ်းကွဲနေပေမယ့် ကျနော်တို့ အင်အားတွေဟာ လျော့ကျမသွားတဲ့အပြင် အပြိုင်အဆိုင် စည်းရုံးရင်းနဲ့ ပိုတောင် တိုးလာခဲ့ပါတယ်။ ဒါကြောင့် အဲဒီလို ကွဲပြဲနေချိန်ဟာ DAB စစ်ကြောင်းတွေကို အရှိန်အဟုန်နဲ့ကို လှုပ်ရှားနိုင်ခဲ့တဲ့ ကာလတခုဖြစ်ခဲ့ပါတယ်။
ဒီလိုရေးလိုက်လို့ ကွဲပြဲတပ် ၅ ခု စုပေါင်းလုပ်ဆောင်ရေး၊ မဟာမိတ် KNU တပ်တွေနဲ့ပေါင်းပြီး DAB စစ်ကြောင်းသွားရေးတွေဟာ အလွယ်တကူ လုပ်နိုင်တဲ့ကိစ္စတွေလို့တော့ မထင်လိုက်ပါနဲ့။ အချင်းချင်း အထင်အမြင်လွဲနေချိန်မှာ အဲဒီလို အမြင်လွဲနေတဲ့ တပ်တွေစုပြီး စစ်ကြောင်းထွက်နိုင်ရေး ညှိနှိုင်းရတာ အတော်လက်ဝင်တဲ့ကိစ္စ ဖြစ်ပါတယ်။ တနေ့တနေ့ အစည်းဝေးလုပ်ရင်းနဲ့ အချိန်တွေကုန်နေလို့ “အစည်းဝေးလုပ်ဖို့အတွက် အစည်းဝေးလုပ်နေတယ်” ဆိုပြီးတောင် အပြောခံရတဲ့ကာလတွေကို ကျနော်တို့ ဖြတ်သန်းခဲ့ရပါတယ်။ DAB စစ်ကြောင်း ရှေ့တန်းထွက်ဖို့အရေး လနဲ့ချီ ညှိနှိုင်းခဲ့ရတဲ့ အစည်းဝေးတွေနဲ့ ပတ်သက်ပြီး တွဲဖက်အတွင်းရေးမှူး ကိုကျော်ထင်က DAB အစည်းဝေးတခုမှာ ပေးခဲ့တဲ့ ဟောဒီ ဥပမာကို နားထောင်ကြည့်ရင် ပိုပြီးပေါ်လွင်လာမယ်လို့ ထင်ပါတယ်။
“ကျနော်တို့ ငယ်ငယ်တုန်းက နိုင်ငံခြားစစ်ကားတွေ ကြည့်ဖူးတာကို သွားသတိရမိတယ်။ စစ်တိုက်တာကို ကြည့်ချင်ပါတယ်ဆိုမှ စကားပြောခန်းတွေချည်း လာနေလို့ အတော် စိတ်ပျက်မိပါတယ်။ စစ်ကားမှာ ဘာကြောင့်စကားပြောခန်း ဒီလောက်များနေမှန်း နားကိုမလည်ခဲ့ဘူး။ အခု ကိုယ်တိုင် စစ်တိုက်ဖို့ ပြင်တော့မှပဲ သြော် … ဒီလိုကိုးဆိုပြီး သဘောပေါက်တော့တယ်” တဲ့။
အဲဒီလို အဲဒီလို စကားပြောခန်းများစွာကို ဖြတ်သန်းပြီးနောက် ဖွဲ့စည်းလိုက်တဲ့ စစ်ကြောင်းတွေထဲမှာ ထူးထူးခြားခြား အလုပ်အဖြစ်ဆုံး စစ်ကြောင်းကတော့ ကျနော်တို့ ဘက်မလိုက်တပ်တွေနဲ့ ကိုကျော်ထင် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ၂၀၁ ဒေါက်တာနိုင်အောင် ဖက်ကတပ်တွေ ပူးတွဲပါဝင်တဲ့ ပြည်ခြား-ပုလောဒေသ DAB အမှတ် ၂ စစ်ကြောင်းပဲ ဖြစ်ပါတယ်။ ဒီစစ်ကြောင်းဟာ အင်အားအကောင်းဆုံး၊ စစ်သည် အင်အား ၂၀၀ လောက်အထိပါဝင်ပြီး သရက်ချောင်း အောက်ပိုင်းကနေ မြိတ်မြို့အနီးအထိ ကားလမ်းတလျှောက်က ရွာတန်းတွေကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေအထိ သြဇာလွှမ်းခဲ့ပါတယ်။ စစ်ကြောင်းမှူးက KNU တပ်ခွဲ ၄ မှုး ဗိုလ်မှူးနယ်ဒါး (အခု နယ်သာလန်) ဖြစ်ပါတယ်။
နောက်တခါ အဆိုတော် ဘဝကနေ တောခိုလာတဲ့ စောလယ်ဝါး (အခု အမေရိကန်) ဟာလည်း ဒီစစ်ကြောင်းရဲ့ အရာခံဗိုလ်ဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆက်ဆံရေး အပြေလည်ဆုံး စစ်ကြောင်းအဖြစ် နာမည်ကြီးခဲ့ပါတယ်။ နောက်တခါ ဗိုလ်နယ်ဒါးနဲ့ ဗိုလ်လယ်ဝါးတို့ဟာ နောက်တန်းမှာလည်း ကျနော်တို့ စခန်းဆီ မကြာခဏလာလည်ပြီး ကျနော်တို့ကျောင်းသားတွေနဲ့ သူငယ်ချင်းပေါင်းပေါင်းတဲ့ ရှားရှားပါးပါး မဟာမိတ် စစ်ဗိုလ်တွေအဖြစ် ကျနော်အမှတ်ရနေပါတယ်။
ရှေ့တန်းစစ်ကြောင်းတွေအပြင် နောက်တန်းဖက်မှာ ပူးတွဲညီညွတ်ရေး ကော်မီတီအနေနဲ့ ပထမဆုံး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တာကတော့ အလယ်စတိုဆီ ရောက်နေတဲ့ ကိုမိုးသီးဇွန်ကို ထောက်ခံတဲ့ ၂၀၃ ကိုထိန်လင်းတို့ တပ်ရင်းကို တနင်္သာရီမြစ်ဘေးမှာ နေရာပြန်လည်ချထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မင်းသမီးဒေသ တနင်္သာရီမြစ်တလျှောက် ကြည့်လိုက်မယ်ဆိုရင် အမရာရွာအပေါ်နားမှာ ကိုကျော်ရ ဦးစီးတဲ့ ၂၀၁ ကိုမိုးသီးဇွန်တပ်ရင်း၊ အပေါ်ဘက် မူလနေရာမှာ ကျနော်တို့ ဘက်မလိုက် ၂၀၁ တပ်ရင်း၊ ကျနော်တို့နဲ့ ခပ်လှမ်းလှမ်း စစ်သင်တန်းကျောင်းမှာ ကိုဇော်သန်း ဦးစီးတဲ့ ၂၀၁ ကိုနိုင်အောင်တို့တပ်ရင်း၊ ကျနော်တို့စခန်းရဲ့ အပေါ်ဘက်မှာ ကိုသောင်းထွန်း ဦးစီးတဲ့ ၂၀၃ ဒေါက်တာ နိုင်အောင် တပ်ရင်းနဲ့ အဲဒီဘေးမှာ ကိုထိန်လင်း ဦးဆောင်တဲ့ ၂၀၃ ကိုမိုးသီးဇွန် တပ်ရင်းတွေကို တန်းစီပြီးတွေ့ရမှာ ဖြစ်ပါတယ်။
တပ်ရင်းတွေ ဒီလိုကွဲပြဲနေတယ်ဆိုပေမယ့် သူ့စခန်း ငါ့စခန်း အပြိုင်အဆိုင် တိုးတက်အောင် ပြိုင်ရင်း နဲ့ ၆ လလောက်အတွင်းမှာတင် စခန်းတွေအားလုံးဟာ အယင်စခန်းဟောင်းတွေထက် ပိုမိုဖွံ့ဖြိုး ဝေစည်လာပြီး တပ်ဖွဲ့ဝင်သစ်တွေလည်း အတော်များများ ထပ်ရလာတာကို တွေ့ရပါတယ်။ ကျနော် မှတ်မိသလောက် တပ်ဖွဲ့ဝင်အသစ် အများဆုံးရတဲ့စခန်းဟာ ကိုထိန်လင်း ဦးဆောင်တဲ့ ၂၀၃ ကိုမိုးသီးဇွန်တို့ တပ်ဖွဲ့ဖြစ်ပြီး ဒုရင်းမှူး ကိုဝင်းနိုင် (နောက်ပိုင်း လက်နက်ချပြီး ပြည်သူ့စစ်အဖြစ်အသွင် ပြောင်းသွားသူ) ဟာ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာဘက်မှာ စည်းရုံးရေးအားကောင်းတယ်လို့ နာမည်ကြီးခဲ့ပါတယ်။ ဒီအတွက် သူတို့စခန်းမှာ လူသစ် စစ်သင်တန်းဆင်းပွဲတွေလုပ်သလို ကျန်တဲ့စခန်းအသီးသီးကလည်း လူသစ် စစ်သင်တန်းဆင်းပွဲတွေ၊ မွန်းမံသင်တန်းတွေနဲ့ မကွဲခင်ကထက်တောင် ပိုပြီးသွက်လက် အသက်ဝင်လာတာကို တွေ့ရပါတယ်။
ကျနော်တို့တပ်ရင်းမှာတော့ လူသစ်သင်တန်းနဲ့ အတူ နဝတဖက်ကနေ ပြောင်းလာတဲ့ တပ်ကြပ်ကြီးတင်မြင့်ဦးရဲ့ လက်နက်ကြီးသင်တန်းကိုပါ ပေးနိုင်ခဲ့ပါတယ်။ အကွဲအပြဲကာလအတွင်း အထင်ရှားဆုံး စစ်သင်တန်းကြီးတခုကတော့ ၂၀၁ ကိုနိုင်အောင်တို့ဖက်မှာ ကျင်းပပြီး ဗိုလ်မှူးအေးမြင့် ပို့ချတဲ့ တပ်မှူးငယ်သင်တန်း အမှတ်စဉ် ၂ ပဲဖြစ်ပါတယ်။ ကျနော်တို့ဆီက တပ်မှူးတွေဖြစ်တဲ့ ကိုမင်းဇော်သူ၊ ကိုခင်မောင်ချို၊ ကိုကျော်သူ၊ ကိုညီညီလွင်နဲ့ ကိုမင်းမင်းတို့ ၅ ဦး အဲဒီသင်တန်းဆီ တက်ခွင့်ရခဲ့ပါတယ်။ ကိုမိုးသီးဇွန်တို့ဖက်ကတော့ ဒီသင်တန်းဆီ တက်ရောက်လာသူ မတွေ့ရပါဘူး။ ကိုနိုင်အောင်တို့ ဗဟိုဖက်ကတော့ ၂၀၁ မှ ကိုဇော်သန်း၊ ကိုဘုန်းကျော်၊ ကိုမြင့်လွင်၊ ကိုဝင်းအောင် အပါဝင် ၁၀ ဦးခန့်နဲ့ ဗဟိုဖက် တပ်ရင်းတွေကနေ စုစုပေါင်း တပ်မှူး ၃၀ နီးပါး တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် မဟာမိတ် KNU နဲ့ မွန်ပြည်သစ်ပါတီ NMSP က တပ်မှူးငယ် ၅ ဦးစီလည်း တက်ရောက်ခဲ့တဲ့အတွက် ဒါဟာ မင်းသမီးဒေသရဲ့ အထူးခြားဆုံး တပ်မှူးသင်တန်း၊ ဗိုလ်သင်တန်းအဖြစ် ကျနော်အမှတ်ရနေပါတယ်။
ထူးခြားသော မဟာမိတ်ဆက်ဆံရေး တာဝန်ခံများ
၁၉၉၁ ဒီဇင်ဘာကနေ ၁၉၉၃ နှစ်ကုန်ပိုင်းအထိ ဘက်မလိုက်ဥက္ကဋ္ဌတာဝန်၊ ပူးတွဲညီညွတ်ရေး ကော်မတီအတွင်းရေးမှူး တာဝန်တွေ ယူနေရစဉ်ကာလအတွင်း ကျနော်တို့နဲ့ အဓိက ဆက်စပ်ဆောင်ရွက်ရသူ KNU အရာရှိကတော့ ဆရာမန်းငြိမ်း (ခေါ်) ပဒိုမန်းငြိမ်းမောင် (ကိုကိုးကျွန်းကနေ ၁၉၇၀ မှာ လက်လှော်လှေနဲ့ ထွက်ပြေးလွတ်မြောက်လာသူ။ ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ ဒုတိယအကြိမ် ဖမ်းဆီးခံရပြီး နိုင်ငံတော်အား စစ်မက်ဖက်ပြိုင်မှုနဲ့ တသက်တကျွန်း ချခံရသူ၊ ၂၀၁၂ ခုနှစ် မတ်လနှောင်းပိုင်းကမှ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ) ဖြစ်ပါတယ်။ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ သန့်သန့်ပြန့်ပြန့် နေတတ်တဲ့ ဆရာမန်းငြိမ်းဟာ အဲဒီကာလက အသက် ၅၀ ဝန်းကျင်ပဲ ရှိဦးမယ်လို့ ကျနော်ထင်ပါတယ်။
သူဟာ အရင်က တပ်မဟာ ၆ မှာ ဆရာမန်းအောင်ဌေးတို့နဲ့အတူ တာဝန်ထမ်းခဲ့သူဖြစ်ပြီး ၁၉၉၁ နှောင်းပိုင်း ABSDF အကွဲအပြဲကာလမှာ ကျနော်တို့ မင်းသမီးဒေသ တပ်မဟာ ၄ ဆီ တာဝန်ပြောင်းလာသူ ဖြစ်ပါတယ်။ တပ်မဟာ ၆ ဖက်မှာ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံခဲ့ဖူးတဲ့ ဆရာမန်းငြိမ်းဟာ တပ်မဟာ ၄ ဒေသ၊ မြိတ်-ထားဝယ်ခရိုင်ရဲ့ ကျောင်းသားရေးရာ တာဝန်ခံဖြစ်လာပြီး အကွဲအပြဲကာလအတွင်း ကျနော်တို့နဲ့ အဓိကဆက်ဆံရသူ၊ ကျနော်တို့ စခန်း ၅ ခု၊ အထူးသဖြင့် ကျနော်တို့ ဘက်မလိုက်စခန်းဆီ နေ့စဉ်လိုလို ရောက်နေပြီး သင်တန်းဆင်းပွဲတွေ၊ တခြား ဆွေးနွေးပွဲတွေမှာ အမြဲတမ်းပါနေတဲ့ မဟာမိတ် ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ နောက်တခါ ပဒိုမန်းငြိမ်းမောင်ဟာ တပ်မဟာ ၄ ဒေသရဲ့ ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင် KNU ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့အတွက် ကျနော်တို့တပ်ရင်းက ဘုန်းကြီးကျောင်းအလှူပွဲတွေ၊ ဥပုသ်နေ့ပွဲတွေမှာလည်း ကျနော်တို့နဲ့အတူ ဝင်နွှဲနိုင်သူတဦး ဖြစ်ပါတယ်။
တကယ်ကတော့ အကွဲအပြဲဖြစ်နေတဲ့ ABSDF တပ်ရင်း ၅ ခုကြား နေ့စဉ်လိုလိုလာပြီး ကြားဝင် ဆောင်ရွက်ပေးရတဲ့ အလုပ်ဟာ သိပ်မလွယ်လှပါဘူး။ လူအတော်များများဟာ ဒီလိုမျိုး ကြားညှပ်ခံရမယ့်အလုပ်၊ လူမုန်းခံရနိုင်တဲ့ အလုပ်မျိုးကို လက်ရှောင်လေ့ရှိပါတယ်။ စေတနာနဲ့ ဝင်ကူပေးတာဖြစ်ပေမယ့် အမြင်မတူတဲ့ ကျောင်းသားအဖွဲ့ခွဲတွေကြားမှာ သူအပေါ် အမြင်တွေကည်လည်း အမျိုးမျိုးဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပဒိုမန်းငြိမ်းမောင်ကတော့ သူများဝေဖန်တာတွေကို သိပ်ကရုမစိုက်ဘဲ သူတာဝန်သူ ကျေပြွန်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့တာကို ကျနော် အမှတ်ရနေပါတယ်။
အစောပိုင်းကာလတွေတုန်းကတော့ သူ့ကို ကျွန်းပြန်တဦးမှန်း ကျနော်တို့ မသိခဲ့ပါ။ သူကလဲ သူကျွန်းပြန်ဖြစ်တယ် ဆိုတာကို တခါမှ မပြောပြခဲ့ပါ။ နောက်ပိုင်း အချိန်ကြာလာပြီး လူချင်းရင်းနှီးလာတော့မှ သူဟာ ဆရာမန်းငွေအောင်၊ မန်းအောင်ကြည်တို့နဲ့အတူ ကိုကိုးကျွန်းကနေ မွန်ပြည်နယ်ကမ်းခြေအထိ မိုင် ၂၀၀ ကျော်ကို လက်လှော်လှေ၊ ဝါးဖောင်နဲ့ထွက်ပြေးလာသူ၊ ဆရာမြသန်းတင့်ရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထုထဲက ဇာတ်လိုက် သံချောင်းလိုလူမှန်း သိလာရပါတယ်။
ဒီလိုနဲ့ တရက်မှာတော့ သူ့ကို ကျနော်တို့ စခန်းဆီ ဖိတ်ကြားပြီး ကိုကိုးကျွန်းကနေ ထွက်ပြေးလာပုံအကြောင်း စာပေဟောပြောပွဲလေးတခု လုပ်ခဲ့သေးတာကို ကျနော်အမှတ်ရနေပါတယ်။ ရဲဘော်ထု ရှင်းလင်းပွဲလုပ်လေ့ရှိရာ ကုက္ကိုပင်ကြီးအောက်မှာ ပြုလုပ်တဲ့ အဲဒီ စာပေဟောပြောပွဲဟာ ကျနော်တို့စခန်းမှာ ပြုလုပ်ဖူးတဲ့ တခုတည်းသော စာပေဟောပြောပွဲလို့ ကျနော်ထင်ပါတယ်။ ကိုကိုးကျွန်းကနေ မွန်ပြည်နယ်ကမ်းခြေအထိ လက်လှော်လှေနဲ့ ထွက်ပြေးလာတဲ့ဖြစ်စဉ်ဟာ စိတ်ကူးယဉ်ဝတ္တုထက် ပိုမိုဆန်းကျယ်ပြီး မြန်မာ့သမိုင်းမှာ ရှားပါးတဲ့ တကယ့်ကို စွန့်စားခန်းကြီးတခု ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒီအကြောင်းတွေကို တခြားကျွန်းပြန်တဦးဖြစ်တဲ့ ဆရာဦးတင့်ဇော်က RFA လွတ်လပ်သောအာရှအသံမှာ “ကျွန်းအတိတ် အရိပ်ပမာ” ဆိုပြီး အခန်းဆက် အသံလွင့်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လမှာတော့ ဆရာမန်းငြိမ်းကိုယ်တိုင် ရဲဘော်ရှောင်းဆိုတဲ့အမည်နဲ့ “မုန်တိုင်းကိုဆန်၍ ပင်လယ်ကို ဖြတ်သောအခါ” လို့ ခေါင်းစဉ်ပေးပြီး ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တာကို တွေ့ရပါတယ်။
KUN ဖက်မှာ ဒီလိုထူးခြားတဲ့ မဟာမိတ် ဆက်ဆံရေးကိုယ်စားလှယ် ဆရာမန်းငြိမ်းအကြောင်းကို ပြောရင်းနဲ့ ကျနော်တို့ ABSDF ဖက်က ထူးခြားတဲ့ မဟာမိတ်ဆက်ဆံရေးကိုယ်စားလှယ် ကိုအောင်သန်း (ကျနော်တို့ အချင်းချင်းကြားမှာတော့ ပဒိုအောင်သန်းလို့ ခေါ်ကြပါတယ်) ကိုလည်း သွားသတိရမိပါတယ်။ ပူးတွဲညီညွတ်ရေး ကော်မတီ အတွင်းရေးမှူးအဖြစ် ကျနော်တာဝန်ယူနေစဉ် ထီးခီးရှိ ကျောင်းသားတွေရဲ့ စခန်းထောက်နေရာကို အမြဲတမ်းရုံးခန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး ၂၀၃ တပ်ရင်း ကိုထိန်လင်းတို့ဖက်မှ ကိုသန်းဦးစိုး (အခုအမေရိကန်) ကို ရုံးအဖွဲ့မှူးအဖြစ် တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆန်သယ်တာ၊ ကားငှားတာ ကိစ္စအတော်များများကို အဓိက ဆောင်ရွက်ရသူကတော့ ၂၀၃ ကိုသောင်းထွန်းတို့ဖက်မှ ကိုအောင်သန်း (အခုအမေရိကန်) ဖြစ်ပါတယ်။
အသားခပ်ညိုညို ဗလကောင်းကောင်း၊ စကားကြွယ်လှတဲ့ ရဲဘော်ကြီး ပဒိုအောင်သန်းရဲ့ မဟာမိတ်ဆက်ဆံရေး ကျွမ်းကျင်မှုက အတော်ထူးခြားပါတယ်။ ကျနော်တို့ ဆက်ဆံသလို KNU နဲ့ ABSDF အကြား ဟိတ်တွေဟန်တွေနဲ့ ဆက်ဆံတာကိုရှောင်ပြီး KNU အောက်ခြေရဲဘော်တွေနဲ့ နီးနီးကပ်ကပ် သင့်သလို ဆက်ဆံနိုင်တဲ့ အရည်ချင်းမျိုး သူ့မှာရှိပါတယ်။ ဥပမာအားဖြင့် ထီးခီးကနေ ကျနော်တို့စခန်းဆီ ဆန်နဲ့ တခြားရိက္ခာတွေ သယ်စရာရှိလို့ KNU ကားတွေကို လိုက်ငှားတဲ့အခါမျိုးဆိုရင် ကျနော်တို့လို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်သွားပြောတဲ့အခါ တပ်မဟာမှူးဆီက ခွင့်ပြုချက်ရပြီးပြီလား၊ ခရိုင်ဥက္ကဋ္ဌဆီက ခွင့်ပြုချက်ရပြီလား၊ မိုးရွာပြီးလမ်းချော်နေလို့ ဒီနေ့ကားမထွက်ဘူးဆိုပြီး ကားသမားတွေက အကြောင်းအမျိုးမျိုးပြ ငြင်းလေ့ရှိပါတယ်။ ဒါပေမယ့် ကိုအောင်သန်းကြီး သွားပြောလိုက်ရင်တော့ အဲဒီကားသမားက ဘာမှမမေးဘဲ ချက်ချင်းထလိုက်လာလေ့ ရှိပါတယ်။ နောက်တခါ ထီးခီးက ကရင်ပဒိုတွေ၊ သူးခိုတွေအိမ်ဆီ ကျနော်တို့ သွားလည်ဖို့ တွန့်ဆုတ်လေ့ရှိပေမယ့် ကိုအောင်သန်းကြီးကတော့ အိမ်တိုင်းလိုလိုကို ရောက်ဖူးပြီး စားအိမ်သောက်အိမ်ဖြစ်အောင် စည်းရုံးထားနိုင်ပါတယ်။
အားလုံးသိတဲ့အတိုင်း KNU နယ်မြေမှာ အရက်မသောက်ရလို့ အမိန့်ထုတ်ထားပေမယ့် ကိုအောင်သန်းကတော့ အဲဒီအမိန့်ကို ကင်းလွတ်ခွင့်ရအောင် စွမ်းဆောင်ထားနိုင်သူဖြစ်ပါတယ်။ ဆိုလိုတာကတော့ အဆင့်တန်းမရွေး မဟာမိတ်အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်တဲ့အရည်ချင်း သူ့မှာရှိတဲ့အတွက် ထီးခီး၊ ထီးထာတနယ်လုံးမှာ ကိုအောင်သန်းကို မသိသူ မရှိသလောက်ရှားပါတယ်။ ထီးခီး၊ ထီးထာ KNU ဂိတ်တွေက ကျောင်းသားဟုတ်မဟုတ် စစ်ဆေးတဲ့အခါ မိုးသီး၊ နိုင်အောင်၊ ဘက်မလိုက်၊ ဘယ်အဖွဲ့ကလဲလို့ မမေးတော့ဘဲ “ကိုအောင်သန်းကြီးကို သိလား။ ကိုအောင်သန်းကြီးတို့နဲ့ တဖွဲ့တည်းလား” ဆိုပြီးမေးတဲ့အထိ သူအမည်က KNU ရဲဘော်တွေကြား ပေါက်ရောက်ခဲ့တာကို အမှတ်ရနေပါတယ်။