နေရောင်ခြည် တောင်ကုန်းတွေပေါ်မရောက်သေးတဲ့ မနက်စောစောမှာ ခွေးမည်းကလေးတကောင်ဟာ အမှိုက်တွေထဲ မွှေ
နှောက်ပြီး အစာရှာနေပါတယ်။ ဒီ ဂျန်မိုင် စခန်းကို ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၃ ရဲ့ တပ်ရင်း ၂၁ က အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြန်မသိမ်းခင် အစိုးရတပ်တွေက ထိန်းထားဖူးပါတယ်။ အဲ့ဒီ အချိန်တုန်းက ဒီခွေးကလေး ဟာ အစိုးရစစ်သားတွေရဲ့ ခွေးလေးပေါ့။
အခုအချိန်မှာတော့ ခွေးမည်းကလေးနဲ့ သူ့လိုပဲ စွန့်ပစ်ခံရတဲ့ ကြောင်ကလေးတကောင်ဟာ ကချင်ရဲဘော်တွေနဲ့ဝေးရာ စခန်း အစွန်က အရိပ်ထဲမှာ ပုန်းလျှိုးကွယ်လျှိုး နေတာကို တွေ့ရတယ်။
“ခွေးလေးက ကျနော်တို့နဲ့ သိပ်ရင်းရင်းနှီးနှီးမရှိဘူး။ သူက ကျနော်တို့စကားလည်း နားမလည်ဘူးလေ”လို့ KIA တပ်ကြပ် ဂျွန် က ပြောပြပါတယ်။
ဂျွန်နဲ့ သူ့ရဲဘော်တွေဟာ မိုင်ဂျာယန် နားမှာရှိတဲ့ ဂျန်မိုင်စခန်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့က ရောက်လာကြတာပါ။ ဒီစခန်း ကနေ မော်တော်ဆိုင်ကယ်နဲ့သွားရင် ၃ နာရီသွားရတဲ့ သူတို့တာဝန်ကျရာနေရာကို အစိုးရတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့အချိန်မှာ သူတို့ ကတိုက်ကရိုက်နဲ့ ဆုတ်ခွာခဲ့ရပြီး ဒီစခန်းကို ရောက်လာတာဖြစ်ပါတယ်။
သူ အရင်နေရာမှာရှိတုန်းက လျှောက်မြောင်းထဲမှာကျင်းတူးပြီး ရက်သတ္တပါတ်အတော်ကြာ နေခဲ့ရတဲ့အကြောင်း၊ အစိုးရတပ်
တွေက နေ့တိုင်း မနက်စောစောကနေ ညမှောင်ချိန်အထိ လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အကြောင်း အရပ် ခြောက်ပေ လောက် ရှိတဲ့ ဂျွန်က ပြန်ပြောပြပါသေးတယ်။
ညက အေးတာမို့ မီးပုံဘေးလှဲရင်း သူက ဆက်ပြီး “ယမ်းနံ့တွေ၊ ဒဏ်ရာရသူတွေဆီက သွေးနံ့တွေနဲ့ ကျနော်တို့ ၃ ရက်လောက် အစားစားချင်စိတ် ပျောက်သွားတယ်”လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲကာလမှာ KIA ရဲဘော် ၃ ယောက် ကျဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
KIA တပ်ရင်း ၂၁ရဲ့ ဒုတိယတန်း တပ်ရင်းအရာခံဗိုလ် လဒွိုင်းကတော့ သူတို့ ဂျန်မိုင်စခန်းကို သိမ်းယူတဲ့အခါ အနီးမှာရှိတဲ့ တောင်ထိပ်ပေါ်ကနေ အစိုးရတပ်ဖွဲ့တွေက အမြောက်ငယ်တွေ၊ သေနတ်တွေနဲ့ ပစ်ခတ်တာမို့ အခက်အခဲ နည်းနည်း စတင်ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ စခန်းအောက်ခြေက တောင်ကြားထဲကို သူတို့ ဝင်ရောက်ခဲ့ ပေမယ့် အစိုးရတပ်က လက်ပစ်ဗုန်းတွေနဲ့ ပစ်လို့ KIA ရဲဘော် ၆ ယောက် ဒဏ်ရာရပြီး ပြန်ဆုတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ရက်အနည်းငယ်ကြာပြီးတဲ့နောက် KIA တပ်တွေက အာရုံဦးအချိန်မှာ သူတို့ထိုးစစ်ကို ပြန်စခဲ့ပြီး အဲဒီ စခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ အစိုးရတပ်ဘက်က လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီ လက်နက်တွေကို စခန်းအလယ်မှာ စုံပုံပြီး KIA ရဲဘော်တွေက ဓာတ်ပုံရိုက်ကြတာတွေ၊ သူတို့ ရန်သူရဲ့ တဲတွေမှာ အိပ်၊ ခေါက်ဆွဲစားတာကအစ သူတို့ရန်သူရဲ့ အိုးခွက် တွေနဲ့ပဲ ချက်ပြုတ်စားသောက် ကြတာတွေကိုလည်း တွေ့ရပါတယ်။
အစိုးရတပ်ကလည်း KIA တပ်ဖွဲ့တွေနဲ့ဝေးရာကို ဆုတ်မသွားပါဘူး။ စစ်သုံးမှန်ပြောင်းကောင်းကောင်းတလက်နဲ့ ကြည့်မယ်ဆို ရင် သူတို့တွေ ဂျန်မိုင်စခန်းရဲ့တဖက်တချက်မှာရှိတဲ့ တောင်ထိပ်ကစခန်းတခုကို ခြေကုတ်ယူဖို့ ကြိုးစားနေတာတွေ့ရပါလိမ့် မယ်။
ဂျန်မိုင်စခန်းကိုလည်း ၁၀ ကြိမ်ထက်မက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် လက်နက်ကြီး ကျည်ဆန်တွေ စခန်းထဲ အထိ မရောက်ပါဘူး။
KIA တပ်ရင်း ၂၁ နယ်မြေထဲမှာ မကြာသေးခင်က အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲသစ်တွေလည်း ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒီနယ်မြေဟာ ကချင်ပြည်နယ်အရှေ့ပိုင်း မိုးမောက်မြို့နယ်ကနေ ဆိုင်ကယ်နဲ့သွားရင် နာရီပိုင်းလောက်ပဲ သွားရတာပါ။ အဲ့ဒီမြို့နယ်ထဲမှာရှိတဲ့ KIA ရဲ့ ဗျူဟာမြောက်စခန်းတခုကို အစိုးရတပ်ရင်း ၄၃၇ နဲ့ ၄၃၈ တွေက ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက် မွန်းလွဲ ၃ နာရီ လောက်မှာ တိုက်ခိုက်ခဲ့တာမို့ KIA နဲ့ အစိုးရအကြား ၁၇ နှစ်ကြာရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အဆုံးသတ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာကတော့ တာပိုင်မြစ်ပေါ်က တာပိုင်ရေအားလျှပ်စစ် စီမံကိန်း အမှတ် ၁ နဲ့ အမှတ်၂ နား မှာပါ။
အဲ့ဒီအချိန်ကစလို့ ထောင်နဲ့ချီတဲ့အရပ်သားတွေဟာ သူတို့ရဲ့ အိုးအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အများစုက KIA ထိန်းချုပ်ရာဒေသတွေ ဒါမှမဟုတ် တရုတ်နိုင်ငံထဲမှာ ခိုလှုံနေကြပါတယ်။
စစ်ပွဲကြောင့်ထွက်ပြေးလာရတဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်(IDP) တွေကို ပုဂ္ဂလိကအလှူငွေတွေနဲ့ သူတို့ထောက် ပံ့ခဲ့တယ် လို့ Wunpawng Ninghtoi (WPN) ကွန်ရက် ဒါရိုက်တာ မေလိအောင်(May Li Aung)က ပြောပါတယ်။ WPN ဟာ လူမှုအခြေပြုလူ့အဖွဲ့အစည်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းအဖွဲ့တွေနဲ့ဖွဲ့ထားတဲ့ လွတ်လပ်တဲ့ ကွန်ရက် တခုဖြစ်ပြီး ကချင်ပြည်နယ်အရှေ့ပိုင်းနဲ့ တရုတ်နိုင်ငံထဲက ကချင်ဒုက္ခသည်စခန်းတွေကိစ္စကို စီမံဆောင်ရွက်နေတဲ့ ကွန်ရက်ဖြစ်ပါတယ်။
ဒါပေမယ့် အခုဆိုရင် ဒုက္ခသည်အရေအတွက်က တဖြည်းဖြည်းတိုးလာတာမို့ WPN အနေနဲ့ သူတို့အားလုံးကို ဆက်လက် ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲနဲ့ ကြုံနေရပါတယ်။ အလှူရှင်တွေရဲ့ အကူအညီကလည်း IDP ၁၈၀၀၀ နီးပါးကို ရိက္ခာထောက်ပံ့ဖို့ မလုံလောက်တာကြောင့် WPN အနေနဲ့ တခါတရံ ငွေချေးပြီး ဒုက္ခသည်တွေ ရိက္ခာပြည့်အောင် ဖြည့် ရတယ်လို့ မေလိအောင်က ဆိုပါတယ်။
စခန်းထဲက ဒုက္ခသည်တယောက်အတွက် တနေ့ကို ရိက္ခာဖိုး ၆ ယွမ်ခန့်(ဝ.၉၅ ဒေါ်လာ) ကုန်တယ်လို့လည်း သူကဆိုပါသေး တယ်။
ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံထဲမှာ ခန့်မှန်းခြေ IDP ၇၅၀၀၀ လောက်ရှိတယ်လို့ မကြာသေးခင်ကထုတ်ဝေတဲ့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) ရဲ့အစီရင်ခံစာတခုထဲမှာ ဖော်ပြထားပါတယ်။ အဲ့ဒီအထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပြီး အာဟာရချို့တဲ့မှုနဲ့ လူဦးရေထူထပ်မှုတွေကြောင့် ဝမ်းလျှောရောဂါ၊ အရေပြားရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို တချို့ခံစားနေရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ အခုလို ကျန်းမာရေးအခြေအနေ ဆိုးဝါးနေမှုတွေဟာ လာမယ့်မိုးရာသီရောက်ရင် ပိုပြီးတော့ဆိုးလာမှာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာ (အနောက်နိုင်ငံတွေ) ရဲ့ချီးမွမ်းမှုကို ရခဲ့ပါတယ်။ တိုင်းမ် မဂ္ဂဇင်းကတောင် ၂၀၁၂ ခုနှစ်အတွက် “ကမ္ဘာ့သြဇာအရှိဆုံး လူ ၁၀၀” စာရင်းမှာ သူ့ကို မကြာခင်က ထည့်သွင်း ဖော်ပြ ခဲ့တာပါ။ ဒါပေမယ့် ကချင်ပြည်နယ်မှာဖြစ်ပွား နေတဲ့ ကိစ္စတွေအပေါ်မှာတော့ သူ့ရဲ့ သြဇာရှိမှုကို လုံးဝမေးခွန်းထုတ်စရာဖြစ်ပါတယ်။ KIA ကို ထိုးစစ်တွေရပ်ဖို့ အစိုးရတပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သူအမိန့်ပေးခဲ့ပေမယ့် တိုက်ပွဲတွေကို အခုထိ အဆုံးမသတ်နိုင်သေးပါဘူး။
ကျန်မိုင်စခန်းရဲ့ တပ်မှူး ဗိုလ်မှူး လဗျာထူးလမ် က ငြိမ်းချမ်းရေးအတွက် သူမျှော်လင့်တယ်၊ ငြိမ်းချမ်းရေးရမယ်ဆိုရင် သူ့မိန်းမနဲ့ ကလေး ၅ ယောက်ကို ပြန်တွေ့လို့ရမယ်လို့ ဆိုပါတယ်။ သူနဲ့ ရှေ့တန်းက အခြား KIA ရဲဘော်တွေအတွက်တော့ ကချင်ပြည် နယ်မှာဖြစ်နေတဲ့ ပဋိပက္ခရဲ့အဖြေက ရိုးရိုးလေးပါ။
“ဒါက အစိုးရအပေါ်ပဲ တကယ်မူတည်တာ။ သူတို့ (အစိုးရတပ်ဖွဲ့တွေ) တိုက်လာရင် ကျနော်တို့ပြန်တိုက်မယ်။ သူတို့ မတိုက် ရင် တော့ ငြိမ်းချမ်းမှာပေါ့”လို့ ဗိုလ်မှူး လဗျာထူးလမ်က ပြောပါတယ်။
အခုအချိန်မှာ အသက် ၄၀ ရှိပြီဖြစ်တဲ့ ဗိုလ်မှူး လဗျာထူးလမ်ဟာ လွန်ခဲ့တဲ့ ၂၇ နှစ်ကစပြီး KIA ထဲ ဝင်ခဲ့သူပါ။ သူဟာ KIA နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေးသဘောတူချက် လက်မှတ်ထိုးတဲ့ ၁၉၉၄ ခုနှစ်မတိုင်ခင် ၁၀ နှစ်ကတည်းက အစိုးရ တပ်ဖွဲ့တွေနဲ့ တိုက်လာသူဖြစ်ပါတယ်။
သူက ဆက်ပြီး “ဒီတခေါက် တိုက်ပွဲတွေက အပစ်အခတ်မရပ်စဲခင်ဖြစ်ခဲ့တာတွေနဲ့ သိပ်ကွာတယ်။ အခုဆိုရင် အစိုးရတပ်က လူအင် အား သိပ်သုံးပြီး ကျနော်တို့ ဘေးပတ်ပတ်လည်က တောင်ကုန်းတွေကို လက်နက်ကြီးတွေနဲ့ နေရာအနှံ့က ပစ်နေ တယ်။ ကျနော်တို့လုပ်နိုင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ”လို့ ပြောပါသေးတယ်။
ပြီးတော့“ပဋိပက္ခရဲ့ တကယ့်အရင်းခံကတော့ ကချင်ပြည်နယ်မှာ သဘာဝသယံဇာတတွေနဲ့ ပြည့်နေလို့ပဲ၊ ကျနော်တို့ကို ရွှေတောင်ပေါ်မှာ နေရတယ်လို့ ထင်ရမယ်။ ဒါပေမယ့် အခုကြည့်လေ ကျနော့်တို့က ဝါးတဲတွေမှာနေရတာ၊ သယံဇာတတွေ ပေါတယ် ဆိုပေမယ့်လည်း ကျနော်တို့က ဘာအကျိုးခံစားခွင့်မှ ရတာမဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေ ဝါးခြင်းတောင်းတွေ သယ်လာတာမြင်ရင် သူတို့ သိပ်ဆင်းရဲကြပါလားလို့ တွေးမိပြီး ကျနော် ဝမ်းနည်းမိတယ်”လို့လည်း သူက ဆိုပါတယ်။
တပ်ရင်း၂၁ က ဒု ဗိုလ် ဇင်ထောင်ရှာရွိုင် တယောက်လည်း တိုက်ပွဲတွေကို စိတ်ကုန်နေပါပြီ။ KIA မှာ သူ တာဝန်ထမ်းဆောင်ခဲ့ တာ ၂၂ နှစ် ပြည့်ပြီ။ သူအလိုရှိတာကတော့ သူ့မိသားစုနဲ့ အတူရှိရေးပါပဲ။
ဒု ဗိုလ် ဇင်ထောင်ရှာရွိုင်ဟာ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေမဖြစ်ခင်က သူ့မိန်းမနဲ့ ကလေး ၃ ယောက်ကို ၂ လ ဒါမှမဟုတ် ၃ လ တခါ တွေ့နေကြ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေစတင်တဲ့ မနှစ်ကစလို့ ၂ ခါပဲ တွေ့ခွင့်ကြုံခဲ့ပါတယ်။
သူက“အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ အစီအစဉ်မလုပ်နိုင်ရင် တိုက်ပွဲတွေ ဆက်ရှိနေမှာပဲ။ ကျနော်ကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး ရချင်တယ်၊ ဒါပေမယ့် ကျနော်တို့ခေါင်းဆောင်းတွေက ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်မလဲဆိုတာကိုတော့ ကျနော် လည်း သေသေချာချာမသိဘူး။ ဒီအကြောင်းတွေးရင် ကျနော်စိုးရိမ်မိတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ။
The Kachin Conflict: A War over a Mountain of Gold By Brennan O’Connor ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။