ဆောင်းပါး

လျှပ်တပြက် မန္တလေး

This article has been converted from Zawgyi One to Unicode

ဒုတိယအကြိမ် မြန်မာပြည် မပြန်ခင်ကတည်းက မန္တလေးသွားဖို့ကို ခရီးစဉ်ထဲမှာ ထည့်ထားလိုက်ပါတယ်။ ရောက်တဲ့အခါ ကျတော့လည်း ဗီဇာထပ်တိုးရတဲ့အတွက် ခရီးစဉ်ကို တိုးချဲ့ရတာ အဆင်ပြေသွားပါတယ်။ မန္တလေးကို လွမ်းနေတာ ကြာပါပြီ။ ငယ်ငယ်တုန်းကတော့ အထက်ပိုင်းမှာနေတဲ့ ဆွေမျိုးတွေဆီကိုအလည်သွားတိုင်း မန္တလေးကို မိဘတွေနဲ့ ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ စစ်ကိုင်းကို ဝင်တယ်၊ မန္တလေးမှာ နားတယ်၊ မိုးကုတ်ဘက်ဆီကို ကူးတယ်၊ မေမြို့ကိုလည်း သွားလည်တယ်။

ဒီတခေါက်တော့ မန္တလေးမှာ တညပဲ နေလို့ရခဲ့တယ်။ ရန်ကုန်ကနေ မန္တလေးအထိ နေပြည်တော် လမ်းအသစ်အတိုင်း ၇ နာရီ ၈ နာရီလောက် မောင်းရတယ်။ နေပြည်တော်အထိ ဖောက်ထားတဲ့လမ်းက လိုင်းတွန့်တွေများ၊ ကားမတော်တဆ ဖြစ်တာများတော့ ကားဆရာက အတော်ကို သတိထားပြီး မောင်းပါတယ်။ နေပြည်တော်ကနေ မန္တလေးမြို့ ဝင်တဲ့အထိ လမ်းကတော့ အတော်ကို ကောင်းတယ်။

မြို့ထဲမရောက်ခင်ကတည်းက စာရေးဆရာ ညီပုလေးနဲ့ ဆက်သွယ်ထားတော့ သူ့အိမ်ကို မောင်းကြတယ်။ မန္တလေးကို အာရုံထဲမှာ မမှတ်မိတော့ပါ။ မင်းတုန်းမင်းတရားကြီး တည်ခဲ့တဲ့ နန်းမြို့တော် ရတနာပုံ မန္တလေးဆိုပြီး ကျောင်းစာတွေမှာ သင်ခဲ့ရတဲ့ “အုတ်ကျစ်ကျော်အေး မန္တလေး၊ အင်ကြင်းကြာအုံ ရတနာပုံ” ဆိုတာတွေကို ပြန်ပြီး အမှတ်ရမိတယ်။ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့ရတယ်ဆိုတဲ့ စိတ်လေးကို သွင်းကြည့်မိတယ်။ ကားဆရာက မန္တလေးမြို့ထဲကို ဝင်ကတည်းက ပေါက်ဖော်လို ရွှတ်နောက်နောက်ပြောပြီး ကားပေါ်မှာပါလာတဲ့ ကျနော်တို့ တတွေကို ဧည့်ခံနေပါတယ်။

မန္တလေးကို ၁၈၅၉ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ အဲဒီတုန်းကတော့ ရတနာပုံ နေပြည်တော် ရွှေမြို့တော်ဆိုပါတော့။ မင်းတုန်းမင်းက အမရပူရကနေပြီးတော့ မန္တလေးမှာ မြို့သစ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီတုန်းက မြို့သစ်တည်တဲ့ အကြောင်းကို အမျိုးမျိုး ရေးသားခဲ့ကြပါတယ်။ မင်းတရားကြီး မက်ခဲ့တဲ့ အိပ်မက်တော်ကြောင့်လို့ အမိန့်တော် ရှိခဲ့ပေမယ့် သမိုင်းဆရာတွေကတော့ အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးဖြစ်နေတဲ့ ဗြိတိသျှနယ်ချဲ့ စစ်သင်္ဘောတွေရဲ့ အမြောက်ဒဏ်က ကင်းလွတ်ရာ ကုန်းတွင်းပိုင်းကို ရွှေ့တယ်လို့ သုံးသပ်ကြတာတွေ ဖတ်ဖူးပါတယ်။

မြန်မာပြည်ရဲ့ သက်ဦးဆံပိုင်ဘုရင်တွေ သူတို့ရဲ့ နန်းတည်ရာ နေပြည်တော်တွေကို ရွှေ့ပြောင်းခဲ့တာ အကြိမ်ပေါင်း ၁၂ ကြိမ်ထက်မနည်း ရှိခဲ့တာဆိုတော့ ဒီလိုရွှေ့ပြောင်းခဲ့တာကလည်း မြန်မာ့သမိုင်းရဲ့ ဖြစ်စဉ်တခုလို့ပဲ ဆိုရမှာပါ။ ဒီဘက်ခေတ်မှာတောင် နေပြည်တော်ဆိုပြီး လူမသိသူမသိ မြို့တော်အသစ် တောကြီးမျက်မည်းထဲ တည်ခဲ့သေးတာပဲ။ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို ဘယ်လိုသုံးစွဲပြီး တည်ခဲ့တယ်ဆိုတာ အခုထက်ထိ ဘယ်သူမှ ရှင်းရှင်းလင်း မသိကြပါဘူး။

ဦးပိန်တံတား (ဓာတ်ပုံ - ဧရာဝတီ)

မင်းတုန်းမင်းကတော့ နန်းမြို့တွင်းကို ကျုံးပတ်လည်ဝိုင်းထားပြီး ဘုရင်ရယ်၊ မိဖုရားတွေရယ်၊ ဝန်ကြီးတွေနဲ့ မင်းမှုထမ်းတွေရယ် နေကြပါတယ်။ မင်းတုန်းမင်းက မြို့ကို မြို့ကွက် သေသေချာချာချပြီး တည်ခဲ့တာပါ။ နန်းတော်ရှေ့ဆရာတင်က “စည်မျက်နှာကဲ့သို့ ညီညာပေသကိုး” လို့ သူ့ရဲ့ မြနန္ဒာသီချင်းထဲမှာ ရေးဖွဲ့ သီကုံးခဲ့ကြောင်း ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာက ရေးခဲ့တာ ဖတ်မှတ်ခဲ့ဖူးပါတယ်။

ထူးခြားတာက ၁၉ ရာစုနှစ်တုန်းက မင်းတုန်းမင်းဟာ အခု ခေတ်စားနေတဲ့ “ပြုပြင်ပြောင်းလဲရေး” ကို လိုလားတဲ့ ခေတ်မီတဲ့၊ အမြော်အမြင်ရှိတဲ့ မင်းတပါးလို့ သမိုင်းဆရာတွေက ရေးသား မှတ်တမ်းတင်ခဲ့ကြပါတယ်။

မင်းတုန်းမင်းဟာ သူ့လက်ထက်မှာ အိန္ဒိယနဲ့ ဥရောပကို ပညာတော်သင်တွေ လွှတ်ခဲ့တယ်။ လခစားနဲ့ ပေးတဲ့စနစ်၊ ဗြူရိုကရေစီစနစ်ကို တည်ထောင်ဖို့ ကြိုးစားခဲ့တယ်။ စက်ရုံတွေ တည်ခဲ့တယ်။ မြန်မာရဲ့ ပထမဆုံး ကြေးနန်းပို့ နည်းစနစ်ဖြစ်တဲ့ မော့စ်သင်္ကေတ (Morse Code) ကို စပြီး မိတ်ဆက်ခဲ့တယ်။ ဒါ့အပြင် ထူးထူးခြားခြား သူ့ရဲ့လက်ထက်မှာ ပဉ္စမသင်္ဂါယနာ တင်ခဲ့သလို အင်္ဂလိပ်တွေ အုပ်စိုးနေပြီဖြစ်တဲ့ ရန်ကုန်ကိုလည်း သူ့ရဲ့ကိုယ်စားလှယ်တော်တွေ လွှတ်ပြီး ရွှေတိဂုံစေတီတော်ကြီးမှာ ထီးတင်ခဲ့တယ်။ အင်္ဂလိပ်မင်း မတင်နိုင်ဘူး၊ မြန်မာမင်းပဲ တင်နိုင်တယ်လို့ ပြခဲ့တာဖြစ်ပါတယ်။

မင်းတုန်းမင်းက ဗြိတိသျှ သိမ်းထားပြီဖြစ်တဲ့ အောက်ပြည်က သတင်းစာတွေကိုလည်း မှာယူဖတ်ရှုလေ့ရှိတဲ့အတွက် နောက်ပိုင်းမှာ ရတနာပုံသတင်းစာကို ထုတ်ဝေခဲ့တာ တွေ့ရပါတယ်။ အဲဒီမှာ သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အတော်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဥပဒေကို ချပေးခဲ့ပါတယ်။ ဒီမှာ ဖတ်လို့ရပါတယ်။ မီဒီယာဥပဒေ ရေးဆွဲနေတဲ့အချိန်ဆိုတော့ မင်းတုန်းမင်းကြီး မိန့်ကြားခဲ့ဖူးတဲ့ “ငါမကောင်း ငါ့အကြောင်းရေး … နန်းတော်ထဲကို တံခါးမရှိ ဓားမရှိ ဝင်စေထွက်စေ” ဆိုတဲ့ စကားကို ဒီနေ့ခေတ်မှာ စတုတ္ထမဏ္ဍိုင်အကြောင်းကို ခဏခဏ ထုတ်ဖော်ပြောဆိုနေတဲ့ အစိုးရပိုင်းက လူကြီးတွေ သိမှတ်အတုယူသင့်ပါတယ်။

မင်းတုန်းမင်းဟာ အနောက်နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကို အဆင်ပြေအောင် ကြိုးစားခဲ့တာ တွေ့ရပါတယ်။ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန် စတဲ့နိုင်ငံတွေနဲ့ သံတမန်ရေးရာ ဆက်ဆံမှုတွေ လမ်းဖောက်ခဲ့သလို ကင်းဝန်မင်းကြီးကိုလည်း သူ့ရဲ့ အထူးသံအဖြစ် ဥရောပနိုင်ငံတွေဆီ စေလွှတ်ခဲ့တတယ်။

အခွန်အကောက်တွေနဲ့ ဘဏ်လုပ်ငန်းကို စတင်ခဲ့သလို ပထမဆုံး ကြေးနန်းစနစ်ကိုလည်း သူ့ရဲ့ခေတ်မှာ စတင်အသုံးပြုခဲ့တာပါ။ ရတနာပုံ ရွှေမြို့တော်နဲ့ အထက်မြန်မာပြည် သူ့ကျွန်ဘဝ ရောက်ခဲ့ချိန်ကတော့ ၁၈၈၅ ခုနှစ်မှာပါ။ မြို့တည်ပြီး ၂၆ နှစ်ပဲ ရှိပါသေးတယ်။

ဗြိတိသျှ အစိုးရလက်ထက်မှာ ရုံးစိုက်ရာမြို့ဟာ ရန်ကုန်ရွှေမြို့တော် ဖြစ်ခဲ့ပါတယ်။ တခု အမှတ်ရမိတာက မန္တလေးမှာရော ရန်ကုန်မှာပါ ဗြိတိသျှအစိုးရက ဓာတ်ရထား တည်ဆောက် တပ်ဆင်ပေးခဲ့တာပါ။ ကားတွေ၊ လူတွေ၊ ဆိုင်ကယ်တွေနဲ့ ပြည့်ပြီး ဖုန်ထူတဲ့ နေပူပူ မန္တလေး ကားလမ်းပေါ်မှာ ဓာတ်ရထားတွေသွားနေတဲ့ ရှေးခေတ်မန္တလေးကို ကြိုးစားပြီး ကျနော် ပုံဖော်ကြည့်မိပါတယ်။

ဆရာမကြီး လူထုဒေါ်အမာကတော့ ပါတော်မူအပြီး ၁၉ နှစ်အကြာမှာ မန္တလေးမှာ ဓာတ်ရထားကို တည်ထောင်တဲ့အကြောင်း၊ အရင်းငွေ ပေါင်စတာလင် ၂ သိန်းနဲ့ စတင်ခဲ့တာဖြစ်ပြီး မြန်မာပြည်ဘုရင်ခံ ဆာ ဒရူး ဘားနီးစ်က အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်း ရေးသားထားတာ မှတ်သားရပါတယ်။

ဒီဓာတ်ရထား လုပ်ငန်းကြီးဟာ တကယ်စနစ်ကျပြီး သေသေသပ်သပ် တည်ဆောက်ထားတဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတခုပါ။ ဒါပေမယ့် ဓာတ်ရထားသွားနိုင်တာက ၆ မိုင်ပဲ ရှိတယ်တဲ့။ ဗြိတိသျှအစိုးရက ကျောက်လမ်း မိုင် ၆၀ ခင်းပေးတယ်လို့ သိရပါတယ်။ နောက်ဆုံး မန္တလေးမှာ အမျိုးသားရေး လှုပ်ရှားမှုတွေ အင်အားကြီးလာချိန် မြန်မာအမျိုးသားတွေရဲ့ ဆိုက်ကားငယ်ငယ်တွေလည်း ပေါ်လာချိန်မှာတော့ ဓာတ်ရထားဟာ ခွက်ခွက်လန်နေအောင်ရှုံးပြီး ရပ်လိုက်ရတာလို့ ဆရာမကြီး လူထုဒေါ်အမာရဲ့ “ရတနာပုံ မန္တလေး” မှာ မှတ်သားရပါတယ်။

မန္တလေးအကြောင်း ရေးမယ်ဆိုရင် ကုန်နိုင်စရာ မရှိပါဘူး။ မလွန်ဈေး ဆန်လှူအသင်းကြီး၊ ဈေးချိုတော်၊ အယ်ဒီတာကြီး ဖိုးဝဇီရနဲ့ ရတနာပုံသတင်းစာ၊ ဈေးကောက်တဲ့ လူမျောက်၊ မန္တလေးမှာ နေသွားတဲ့ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ဂျ်အော်ဝဲလ်၊ ဒါတွေအပြင် စစ်ဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ မန္တလေး၊ ဂျပန်လေယာဉ်တွေရဲ့ ဗုံးဒဏ်ကို မရှုမလှ ခံခဲ့ရတဲ့ မန္တလေး။ ဂျပန်ထွက်ပြီးနောက်ပိုင်း ဗြိတိသျှတပ်တွေနဲ့ မဟာမိတ်တပ်တွေ ဝင်လာတော့လည်း မန္တလေးဟာ မြို့ပျက်ပါပဲ။ အဲဒီတုန်းက တပ်မဟာ ၁၄ ကို ဦးစီးလာတာက ဗြိတိသျှ ဗိုလ်ချုပ်ကြီး စလင်းပါ။ သူ့ရဲ့တပ်ဟာ အိန္ဒိယကနေ ခရီးကြမ်းကိုဖြတ်၊ ချင်းတွင်းမြစ်ကိုကူး၊ တပ်တွေကို ရိက္ခာမပြတ်အောင် ထောက်ပံ့ပြီး မြန်မာပြည်သိမ်းတိုက်ပွဲ ပြင်ဆင်ခဲ့တာပါ။ မိတ္ထီလာကိုသိမ်းပြီးတော့ မန္တလေးကို သိမ်းပါတယ်။

အဲဒီတပ်မှာ ဗြိတိသျှ စစ်သားတွေအပြင် ဂေါ်ရခါးတွေ၊ အိန္ဒိယတွေနဲ့ အာဖရိက စစ်သားတွေလည်း ပါပါတယ်။ နောက်ပိုင်း ယူဂန်ဒါနိုင်ငံမှာ အာဏာရှင် ဖြစ်လာမယ့် စစ်သားလေး အီဒီ အာမင် (Idi Amin) လည်း ပါသလို အမေရိကန် သမ္မတ အိုဘားမားရဲ့ ကင်ညာနိုင်ငံက အဖိုးလည်း အဲဒီတပ်တွေမှာ လိုက်ပါလာခဲ့ပါတယ်။

ရေးမကုန် ပြောမကုန်တဲ့ မန္တလေးပါ။ ဒါပေမယ့် မန္တလေးကို မေ့ထားကြပြီလားလို့ ကျနော် ကားစီးနေရင်း တွေးနေမိပါတယ်။ မြန်မာပြည်ကို ၂၆ နှစ် အုပ်စိုးခဲ့တဲ့ ဦးနေဝင်းရဲ့ ခေတ်မှာလည်း မန္တလေးဟာ အရင်လိုပါပဲ။ ဘာမှ ပြောင်ပြောင်ရောင်ရောင် မဖြစ်ခဲ့ပါဘူး။ နန်းတည်ခဲ့တဲ့ မြို့ဆိုတာကို အသိအမှတ်ပြု မခံခဲ့ရပါဘူး။ ဦးနေဝင်းလည်း သူ့ကိုယ်သူ ဘုရင်စိတ် ပေါက်ခဲ့တယ်ဆိုတာတွေ ဖတ်မှတ်ခဲ့ဖူးပါတယ်။ နောက်ပြီးမှ လျှောချခဲ့တာတွေလည်း ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း စစ်အာဏာရှင်တွေ တက်လာတော့လည်း ပိုလို့တောင် ဆိုးသွားပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးကို အကြီးအကျယ် လုပ်ပြချင်တဲ့ ဗိုလ်ချုပ်တချို့က မန္တလေး နန်းမြို့ရိုးနဲ့ နန်းတော်ကို ပြင်ခဲ့ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်ကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အသိနဲ့တော့ မဟုတ်ပါဘူး။ နန်းမြို့ရိုးကျုံးကို ဖော်တာတောင် အတင်းအဓမ္မခိုင်းစေမှုတွေ ရှိခဲ့တာကြောင့် နိုင်ငံတကာက ပြစ်တင်ရှုံ့ချခြင်း ခံခဲ့ရတဲ့အထိ လုပ်ခဲ့တာတွေ ၁၉၉၀ ဝန်းကျင် ကာလတွေက ရှိခဲ့ပါတယ်။

အဲဒီအချိန်မှာ မန္တလေးကို ပေါက်ဖော်အသစ်တွေ မြောက်ပိုင်းဘက်ကနေ ဝင်လာနေပြီ ဖြစ်ပါတယ်။ သူတို့က မြန်မာပြည်မှာနေတဲ့ ပေါက်ဖော်အဟောင်းတွေနဲ့ မတူဘူးလို့ စာရေးဆရာ ညီပုလေးက ကျနော်တို့ကို ရှင်းပြပါတယ်။

မြန်မာပြည်မှာနေတဲ့ တရုတ်လူမျိုးအဟောင်းတွေက မြန်မာတွေ ဖြစ်ကုန်ပြီ၊ မြန်မာ့ထုံးစံ မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာလိုနေ မြန်မာလိုပြောကြတယ်။ ဒါပေမယ့် တရုတ်ပြည် ယူနန်နဲ့ စီချွမ် ပြည်နယ်ဘက်က လာတဲ့ တရုတ်တွေကတော့ သူတို့ဖာသာ သီးသန့်နေတယ်။ ကျုံးရှေ့က အိမ်တွေ၊ ခြံတွေကို ဈေးကောင်းကောင်းနဲ့ ပေးဝယ်တယ်။ စီးပွားရေးလုပ်တယ်။ သူတို့က စီးပွားရေးသမားတွေ။ တရုတ်နဲ့ မြန်မာရဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ကြည့်ပြီး ဒါဟာ ရွှေခေတ်ဆိုပြီး ရောက်လာကြတာ ဖြစ်ပါတယ်။ မြန်မာလို မပြောတတ်ပေမယ့် မြန်မာမှတ်ပုံတင် ကိုင်ထားကြတယ်။ အာဏာပိုင်တွေကလည်း အရေးယူခြင်း မပြုတဲ့အပြင် တဖက်တလမ်းကနေတောင် လူကုန်ကူးတဲ့အမှုတွေမှာ ပါဝင်ပတ်သက်နေပုံရပါတယ်။

မန္တလေးမှာတည်းရမယ့် ဟိုတယ်ကို ကျနော်တို့ရောက်တော့ နေစောင်းနေပြီ။ ပစ္စည်းတွေထားပြီး ပြန်ထွက်၊ သွားစရာရှိတာ သွားရမယ်ဆိုတဲ့ အသိကြောင့် ခပ်မြန်မြန်သွက်သွက်ပဲ လှုပ်ရှားရပါတယ်။ သတင်းသမား မျက်စိကတော့ လိုက်ကြည့်နေမိပါတယ်။

ဟိုတယ်ကောင်တာက အမျိုးသမီးတချို့က တရုတ်မတွေနဲ့ ရုပ်ဆင်သလို စကားပြောရင်လည်း တရုတ်သံဝဲတာ သတိထားမိပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေအတွက် လေယာဉ်လက်မှတ်တွေ ခရီးစဉ်တွေ ကြော်ငြာတဲ့ ဆိုင်းဘုတ်ကလည်း မြန်မာ၊ တရုတ် နှစ်ဘာသာနဲ့။ ကျနော်တို့ကားအဆိုက်မှာ ဟိုတယ်ထဲက ထွက်လာကြတာတွေကလည်း ဘောင်းဘီဝတ် တရုတ်တွေ။ ကျနော်ကဧည့်သည် သူတို့က အိမ်ရှင်လိုလို။ ကျနော်တို့ ဘယ်တိုင်းပြည် ရောက်နေတာလဲလို့ ကျနော်တို့အထဲက တယောက်ကနောက်ပြီး မေးသံကို ကြားရပါတယ်။

အလုပ်အပြီး မြို့ပြင်သို့ ပြန်ကြသည့် မန္တလေးသူ မန္တလေးသားများ (ဓာတ်ပုံ - သူရိန်)

ကျနော်က ရတဲ့ ၂၄ နာရီမှာ လုပ်ချင်တာတွေက များတော့ ကင်မရာဆွဲပြီး ကားပေါ်ပြန်တက်၊ ဒရိုင်ဘာလေးကို မြို့ပြင် မောင်းခိုင်းရတယ်။ သူက ကျနော့်ကို ပြန်နောက်ပြီး တရုတ်လို “ဟုတ်ကဲ့” လို့ ဖြေတော့ အားလုံး ပွဲကျသွားတယ်။ တွေ့ပါပြီ။ မြန်မာတွေ၊ စက်ဘီးတွေကိုယ်စီနဲ့ အလုပ်ပြီးလို့ အိမ်ပြန်ဖို့ မြို့ပြင်ထွက်လာကြတာ။ ဒီပုံတွေကိုရိုက်ဖို့ စောင့်နေရတာ။

ညကျတော့ ခြင်ပေါတဲ့ မန္တလေးမှာ လူငယ်တချို့နဲ့ ဘီယာသောက်၊ မန္တလေးရဲ့ညကို ခံစားကြည့်တယ်။ မြင်းလှည်းသံနဲ့ ခြူသံတွေ ပျောက်နေတယ်။ မန္တလေးရဲ့နွေက ပူစပ်စပ် အိုက်စပ်စပ်၊ ရပ်ကွက်ထဲမှာ မီးတွေက ခပ်မှိန်မှိန်၊ ဟိုတယ်ပြန်ရောက်တော့ အိပ်မပျော်ဘဲ မန္တလေးရဲ့သမိုင်းကို တွေးနေမိတယ်။

မနက်စောစောကျတော့ တောင်သမန်က ဦးပိန်တံတားဆီ ပြေးကြတယ်။ အဲဒီမှာ မန္တလေးကို ပြန်တွေ့ရတယ်။ တံတားပေါ်က ကိုရင်တွေ၊ ဘုန်းကြီးတွေ၊ စက်ဘီးစီးပြီး သွားနေတဲ့ မန္တလေးသူ မန္တလေးသားတွေရဲ့ ပုံတွေကိုရိုက်၊ စကားပြော။ အပြန်မှာ မန္တလေး တောင်လေးလုံးကျောင်းကို ခဏဝင်။ ဆရာတော် ဦးပညာ (ကိုပညာ – အမရပူရ) ကတော့ ဖျားနေလို့ ခဏပဲ ဖူးတွေ့ခွင့်ရတယ်။ နောက် ဆရာတော်တပါးက သမိုင်းဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ အုတ်ဂူကို လိုက်ပြလို့ ဓာတ်ပုံ ရိုက်ခဲ့ရတယ်။

ဆရာကြီး ဒေါက်တာ သန်းထွန်းကို ဖုန်းကနေတဆင့် ၂၀၀၂-၂၀၀၃ ဝန်းကျင်က အင်တာဗျူး လုပ်ခဲ့ဖူးတယ်။ မြန်မာပြည်မှာ ဆင်ဖြူတော် ရောဂါစပြီး ထနေတဲ့ အချိန်ဆိုပါတော့။

“ဆင်ဆိုတာ တိရိစ္ဆာန်ပဲကွာ၊ ရှိခိုးစရာ မလိုပါဘူး။ ဆင်ဖြူဆိုတာကလည်း ခရုသင်းစွဲနေတာပဲကွာ” လို့ ဆရာက သူ့ထုံးစံအတိုင်း ပြောလိုက်တော့ ရေဒီယိုကနေ လွှင့်လိုက်တာ သွားပြီးသတိရနေမိတယ်။

ဆရာကြီးက မန္တလေးမှာဆုံးတာ။ တောင်လေးလုံးကျောင်းမှာ ဂူသွင်းတယ်။ ဆရာ့ရဲ့ အုတ်ဂူကို နေရာရွှေ့ခိုင်းလို့ ရွှေ့ပေးရတဲ့အကြောင်းလည်း ဆရာတော်တပါးက ရှင်းပြပါတယ်။ တောင်လေးလုံးမှာ ဆရာကြီး ဦးတင်မိုး အမှတ်တရ ကျောက်တုံးလည်း တွေ့ခဲ့ရပါတယ်။ ကိုယ့်တိုင်းပြည်ထဲ ပြန်ရောက်နေသလို ခံစားရတဲ့ တကယ့် ခံစားမှုအစစ်အမှန်ကို ရလိုက်ပါတယ်။ ဒါပေမယ့် အချိန်က ကြာကြာနေလို့ မရတော့ မဟာမြတ်မုနိ ဘုရားကြီးဆီသွားကြတယ်။ သွားနေတုန်း ကျနော်တို့ ဂေါဝန်ဆိပ်ကိုတော့ ခဏဝင်ကြည့်ရအောင်လို့ ပါလာတဲ့ မိတ်ဆွေတွေကို အဖော်ညှိရသေးတယ်။

ဆရာကြီး ဒေါက်တာသန်းထွန်း အုတ်ဂူ (ဓာတ်ပုံ - ဧရာဝတီ)

မဟာမြတ်မုနိ မသွားခင် လက်ဖက်ရည်ဝင်သောက်၊ မုန့်တီစား။ စားပွဲထိုကလေးတွေက ငယ်ငယ်လေးတွေ။ ကျောင်းတဖက်၊ အလုပ်တဖက်နဲ့။ မဟာမြတ်မုနိ ဖူးရတာက ဗုဒ္ဓဘာသာ အယူအရတော့ ကုသိုလ်ရပါရဲ့။ ဒါပေမယ့် ကုသိုလ်မရတာကတော့ မန္တလေးက ရှေးဟောင်း အမွေအနှစ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားစေတီပုထိုးတွေကို အိမ်တွေ၊ ဈေးဆိုင်တွေ၊ ကွမ်းယာဆိုင်တွေ၊ ကျူးကျော်ရပ်ကွက်တွေက ဝါးမျိုနေတာကို တွေ့တော့ စိတ်အလိုမကျ ဖြစ်မိလို့ပါပဲ။

ဒီအကြောင်းတွေကို နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ အပြန်မှာတွေ့တော့ ပြောပြခဲ့ပါတယ်။ ရွှေတိဂုံဘုရားက စေတီတချို့မှာ တပ်ဆင်ထားတဲ့ မီးတွေကအစ ထိုင်းနိုင်ငံက နိုက်ကလပ်နဲ့ အရက်ဆိုင်တွေမှာ အလှဆင်တဲ့ မီးတွေလိုပဲ ဖြစ်နေတဲ့အကြောင်း စသဖြင့် ပြောပြခဲ့ပါတယ်။ သူက အရင်က ယဉ်ကျေးမှုဝန်ကြီး လုပ်ခဲ့ဖူးတာကိုး။ သူ့မှာ အမြင်ရှိတယ်လို့ ထင်တယ်။ ဒါကြောင့် ဒီ အမျိုးသားယဉ်ကျေးမှု လက္ခဏာကိစ္စတွေ ခဏလေး ကြုံတုန်း ဆွေးနွေးမိတာပါ။

မန္တလေးက မြန်မာလူငယ်တွေကတော့ တရုတ်ရဲ့ရန်ကိုကြောက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါတယ်။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ မန္တလေးကျောက်ဝိုင်းက အဓိကရုဏ်းကိုလည်း မမေ့ကြသေးတာ ကြားခဲ့ရပါတယ်။ မန္တလေးမြို့ထဲမှာ ကွန်ဖျူးရှပ်ကျောင်း ဆိုတာတွေလည်း တွေ့ခဲ့ရပါတယ်။

၁၉၆၇ က မြန်မာနိုင်ငံမှာ တရုတ်-ဗမာ အရေးအခင်း ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုအရေးအခင်းမျိုး ပြန်မဖြစ်နိုင်ဘူးလို့ မပြောနိုင်ကြောင်း မန္တလေးမြို့က ဒေသခံတွေ၊ စာရေးဆရာတွေက သတိပေး ပြောကြားကြပါတယ်။ တရုတ်တွေကလည်း ဒါကိုတွက်ထားပြီး စိုးရိမ်နေပုံရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်အတွင်း တရုတ်ရဲ့ စီးပွားရေးအရ လွှမ်းမိုးမှု၊ လူမျိုးရေး စိမ့်ဝင်ထိုးဖောက်လာမှု၊ နိုင်ငံရဲ့ ရေကာတာ ဆည်ဆောက်တဲ့လုပ်ငန်း၊ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းစတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အကြီးအကျယ် လက်ဝါးကြီးအုပ်ခွင့် ရခဲ့တာတွေ၊ အရင်က ပြည်သူပြည်သားတွေအပေါ် အတင်းအဓမ္မ ရက်ရက်စက်စက် အုပ်ချုပ်ခဲ့တဲ့ ပဒေသရာဇ် စစ်အာဏာရှင်တွေကို တရုတ်က နိုင်ငံတကာမှာ မျက်နှာပြောင်တိုက် ခုခံပြောဆိုခဲ့တာတွေ၊ လက်နက်အင်အား ထောက်ပံ့ပြီး မြန်မာနိုင်ငံမှာ ဖိနှိပ်ရေး သက်တမ်းရှည်အောင် အောက်စီဂျင် သွင်းပေးခဲ့တာတွေကို မြန်မာတော်တော်များများက မျက်စိစပါးမွေး စူးနေခဲ့တာ၊ ရင်ထဲမှာ ခံစားနေခဲ့ရတာကို မန္တလေးမှာ မြင်ရကြားရပါတယ်။

မီဒီယာရဲ့ အခန်းကဏ္ဍဆိုတာ လူမျိုးရေး၊ ဘာသာရေး၊ အဓိကရုဏ်းတွေဖြစ်အောင်၊ မုန်းတီးမှုတွေဖြစ်အောင် လုပ်တဲ့နေရာမှာ ပါဝင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်နေတဲ့ အကြောင်းရင်းတွေ၊ ပြဿနာတွေကို သေသေချာချာ ဝေဖန်ပိုင်းချပြရမှာ ဖြစ်တယ်ဆိုတာကိုလည်း မန္တလေးအပြန်လမ်းမှာ သတိလေးနဲ့ တွေးလာခဲ့မိပါတယ်။

မန္တလေး ဂေါဝန်ဆိပ်ကို ကမန်းကတန်းသွားကြည့်၊ ပြီးတော့ အရမ်းတွေ့ချင်နေတဲ့ ဦးပါပါလေး နှုတ်ခမ်းမွှေး ညီအစ်ကိုများ အငြိမ့်ဆီကို ပြေးရပါတယ်။ သူတို့က လှိုက်လှိုက်လှဲလှဲ ဝမ်းသာအယ်လဲ ကြိုပါတယ်။ ရင်ထဲက စိတ်ထဲက ရင်းနှီးခင်မင်နေပြီး တွေ့ခွင့်မရခဲ့တဲ့ မိတ်ဆွေတွေပါ။

ပါပါလေး နှုတ်ခမ်းမွေး ညီအစ်ကိုများ အငြိမ့် (ဓာတ်ပုံ - ဧရာဝတီ)

ဦးလူမော်၊ ဦးလူဇော်နဲ့ ဦးပါပါလေးတို့က ချက်ချင်းပဲ ဇာတ်အဝတ်အစားတွေဝတ်ပြီး သူတို့ရဲ့ ပြက်လုံးတွေနဲ့ ကျနော်တို့ကို ဧည့်ခံတော့ တသောသောနဲ့ ဖြစ်နေကြပါတယ်။ သူတို့ ပြက်တာက တရုတ်တွေအကြောင်း၊ သူတို့တတွေ ဇာတ်ကခွင့်ပါမစ် မရသေးတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ အဂတိလိုက်စားမှုတွေအကြောင်း အစုံပါပဲ။

ကျနော်တို့မလာခင် တရက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ် (Derek Mitchell) က သူတို့ဆီ ဝင်လည်တော့လည်း ဒီလိုပဲ ဝမ်းသာအားရ ပြက်လုံးတွေနဲ့ ဧည့်ခံလိုက်တဲ့ အကြောင်းလည်း ပြောပြပါတယ်။ မစ္စတာ ဒဲရက် မစ်ချယ်နဲ့ သူတို့တွေ တွဲရိုက်ထားတဲ့ပုံကို ပုံကြီးချဲ့ပြီး ချိတ်ထားတာ တွေ့ခဲ့ရပါတယ်။ ကားပေါ်ပြန်တက်တော့ နေ့လယ်ဖြစ်နေပါပြီ။ မန္တလေးကို ၂၄ နာရီ ပြန်လာကြည့်ရတာ မဝပါဘူး။

မန္တလေးကို အချိန်ယူ၊ လျှောက်ကြည့်ပြီး စာရေးဦးမယ်လို့ စဉ်းစားရင်း ကားဆရာလေးကို ရန်ကုန်ဘက်ကို ပြန်လှည့်ဖို့ မချင့်မရဲနဲ့ ပြောလိုက်ရပါတော့တယ်။

Loading