မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဘက် တိမ်းညွှတ်နေမှုအပေါ် နိုင်ငံတကာ အစိုးရတွေက အောတိုက်ချီးမွမ်းနေကြချိန်မှာ ပြည်တွင်းမှာလည်း မြေယာအဓမ္မ သိမ်းပိုက်မှုတွေ တစထက်တစ ပိုများလာနေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အစိုးရအေဂျင်စီတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံကြိုဆိုဖို့ သူတို့ကိုယ်သူတို့ ပြင်ဆင်နေရာချနေကြလို့ပါတဲ့။

နိုင်ငံတဝန်းက လယ်သမားတွေဟာ သူတို့ရဲ့ လယ်မြေတွေကနေ အတင်းမောင်းထုတ် ခံနေကြရပါတယ်။ ဒီလို မောင်းထုတ်ခံရတဲ့အတွက်လည်း ဥပဒရှေ့မှောက် အယူခံနိုင်ဖို့ သူတို့မှာ မျှော်လင့်ချက် နည်းနည်းပဲရှိတာပါ။ ဒါက ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံတွေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ “ပြုပြင်ပြောင်းလဲမှုတွေ” နဲ့ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပေမယ့် မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးရေးက ၁၂ ရာစု ဥရောပမှာရှိခဲ့တဲ့ အခြေအနေ သာသာပဲ ရှိလို့ပါပဲ။
အလယ်ခေတ်တုန်းက ဥရောပမှာ မြေယာပိုင်ဆိုင်မှုကို လက်နက်နဲ့ အင်အားရှိသူတွေကပဲ အဆုံးအဖြတ် ပေးခဲ့ကြတာပါ။ အဲဒီအချိန်တုန်းကတော့ ဓားရှည်ထက်ထက်နဲ့ ကိုယ်ပိုင်စစ်တပ်တွေပေါ့။ မြန်မာပြည်မှာလည်း အခုကာလမှာ စစ်တပ်နဲ့ ချိတ်ဆက်ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက ဥရောပအလယ်ခေတ်က လုပ်ခဲ့တာမျိုးတွေအတိုင်း အတော်များများ လုပ်နေကြတာပါပဲ။
လောလောဆယ် ရန်ကုန်တိုင်းဒေသကြီးရဲ့ တောင်ဖက် ပင်လယ်ကမ်းခြေနားမှာ၊ မန္တလေးမြို့တဝိုက်မှာ၊ ပြီးတော့ မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်အနီးက ဒေသတွေမှာ မြေယာသိမ်းမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်ကနေ မြန်မာပြည်ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲ သွယ်တန်းဖို့ တည်ဆောက်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလိုမျိုး စီမံကိန်းကြီးတွေနဲ့ စစ်တပ်အပေါင်းအပါ ကုမ္ပဏီတွေရဲ့ စက်မှုလုပ်ငန်း စီမံကိန်းတွေကြောင့်လည်း လယ်သမားတွေနဲ့ သူတို့မိသားစုတွေဟာ သူတို့နေရာတွေကနေ အဓမ္မ ရွှေ့ပြောင်းခံနေကြပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေက မောင်းထုတ်ခံရတဲ့ လယ်သမားတွေဘက်ကနေ ရပ်တာတောင်မှပဲ စီးပွားရေးကုမ္ပဏီကြီးတွေက အဲဒီအာဏာပိုင်တွေကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားတာပါ။ မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးရုံးက တားမြစ်အမိန့် ထုတ်ခဲ့ပေမယ့် ဇေကမ္ဘာကုမ္ပဏီက သိမ်းထားတဲ့မြေကို ဘယ်လိုမျိုး ရှင်းလင်းရေး ဆက်လုပ်နေတဲ့အကြောင်း ပြီးခဲ့တဲ့တပတ်ကပဲ ဧရာဝတီက ရေးသားတင်ပြခဲ့ပါသေးတယ်။
ဇေကမ္ဘာကုမ္ပဏီကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့လွှတ်တော်အမတ် ဦးခင်ရွှေက ပိုင်တာဖြစ်ပါတယ်။
“စစ်တပ်အရာရှိဟောင်းများအနေနှင့် စက်မှုလုပ်ငန်းအပါအဝင် အခြားကဏ္ဍများတွင် နေရာယူလာကြပြီး ၎င်းတို့ ယခင်ကရှိခဲ့သည့် လုပ်ပိုင်ခွင့်ကို ဆက်လက်အသုံးချနေသဖြင့် မြန်မာပြည်သည် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရသည်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မကြာခင်က တင်သွင်းခဲ့တဲ့ အာရှလူ့အခွင့်အရေး ကော်မရှင် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
“စစ်တပ်၊ အစိုးရအေးဂျင့်များနှင့် စီးပွားရေးလုပ်ငန်းတို့ ပေါင်းဆုံမှုသည် အန္တရာယ်ကြီးမားလွန်းသည့် ဖွံ့ဖြိုးတိုးတက်မှု
ဖြစ်သည်ကို တစထက်တစ ပိုများလာသော စိုးရိမ်ဖွယ်ကောင်းလှသည့် မြေယာသိမ်းဆည်းမှုပြဿနာတွင် တွေ့မြင်နိုင်သည်” လို့လည်း အစီရင်ခံစာက ဆိုပါသေးတယ်။
ဒါ့အပြင် မြန်မာပြည်က အမှုတွေရဲ့ ၇၀ ရာခိုင်နှုန်းကို “အမှု၏ တစိတ်တပိုင်းကိုဖြစ်စေ၊ အမှုတခုလုံးကိုဖြစ်စေ ငွေပေးသည့်အပေါ် မူတည်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စီးပွားရေးတိုးတက်မှုကြောင့် ငွေကြေး ပွားများလာသကဲ့သို့ လာဘ်ပေးလာဘ်ယူမှုလည်း ပို၍ တိုးပွားလာမည်သာဖြစ်သည်” လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က စွပ်စွဲလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအန္တရာယ် အကဲဖြတ်အဖွဲ့ Maplecroft ကတော့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ယူဆပြီး ချီးမွမ်းနေကြပေမယ့် တရားဥပဒေစိုးမိုးမှု ညွှန်းကိန်းအရတော့ မြန်မာပြည်ဟာ တရားဥပဒေစိုးမိုးမှု အချို့တဲ့ဆုံး နိုင်ငံတွေအနက် ထိပ်ဆုံးမှာ ဆက်ရှိနေဆဲပဲလို့ ပြောပါတယ်။
“တိုင်းပြည်ရဲ့ ရေရှည်စီးပွားရေး အလားအလာကို တွက်ဆနိုင်ဖို့အတွက် ပိုမိုလွတ်လပ်တဲ့ တရားစီရင်မှုနဲ့ လုပ်ငန်းလည်ပတ်ရာမှာ ပိုမိုပွင့်လင်းမြင်သာမှုတွေ အပါအဝင် တရားဥပဒေစိုးမှုမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ အရင်ရှိဖို့ လိုအပ်ပါလိမ့်မယ်” လို့လည်း Maplecroft က ဆိုပါတယ်။
ပိုချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ ပါတနာတွေကို ဆွဲဆောင်ဖို့ မျှော်လင့်နေတဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေ အတွက်တော့ မြေတကွက်လောက် ပိုင်တာ၊ အထူးသဖြင့် ဖွံ့ဖြိုးဖို့ အလားအလာရှိတဲ့ မြို့အဝန်းအဝိုင်း ဒေသတွေ ဒါမှမဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတွေမှာ အဲဒီလို မြေကွက်ပိုင်တာဟာ လုပ်ငန်းကို ပိုတိုးတက်စေမှာဖြစ်ပါတယ်။
မြန်မာပြည်မှာ မြေယာပိုင်ဆိုင်မှုဟာ ၁၉၆၀ ခုနှစ်တွေကစလို့ မရေမရာဖြစ်နေခဲ့တာပါ။ အဲဒီအချိန်တုန်းက ဦးနေဝင်းရဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်မှာ မြေယာပိုင်ဆိုင်မှုအများစုကို ပြည်သူပိုင်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စစ်အစိုးရ အဆက်ဆက်ကလည်း တရားဥပဒေစိုးမိုးမှုကို တစစ ယိုယွင်းပျက်စီးစေခဲ့တာမို့ မြေယာကို ဘယ်သူပိုင်ဆိုင်သလဲဆိုတာက သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့်ထက်စာရင် နိုင်ငံရေးသြဇာ ဒါမှမဟုတ်လည်း ငွေအပေါ်မှာ ပိုပြီးမူတည်ပါတယ်။
မြေယာဥပဒေသစ်တရပ်ကို လွှတ်တော်ထဲမှာ အခြေအတင် ဆွေးနွေးနေကြတယ် ဆိုပေမယ့်လည်း အဲဒီဥပဒေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်တာတွေကို သဘောလောက်ပဲ လုပ်ခွင့်ရတာဖြစ်ပါတယ်။ စောင့်ကြည့်လေ့လာသူ တချို့ကတော့ ဒီဥပဒေဟာ စစ်တပ်နဲ့ချိတ်ဆက်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို ပိုအားကောင်း လာစေဖို့ပဲဖြစ်လိမ့်မယ်။ အဲဒီလုပ်ငန်းတွေက သူတို့လိုချင်တဲ့မြေကို ရယူဖို့ ကြိုးစားတဲ့နေရာမှာ သူတို့အနေနဲ့ ဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်တယ်လို့ ပြောနိုင်အောင်အတွက်ပဲ ဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။
“တည်ဆဲဥပဒေများက အစိုးရမဟာမိတ်များ၏ မြေယာသိမ်းမှုအား အနည်းငယ်သာ တားဆီးနိုင်သည့်အပြင် လွှတ်တော်တွင် အခြေအတင်ဆွေးနွေးလျက်ရှိသော မြေယာဥပဒေကြမ်း အတည်ဖြစ်လာပါကလည်း ယင်းကဲ့သို့ သိမ်းယူမှုများ ဆက်လက်ဖြစ်ပွားဖွယ်ရှိသည်” လို့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
“မြေယာအက်ဥပဒေက စီးပွားရေးလုပ်ငန်းရှင်ကြီးများအား စိုက်ပျိုးနိုင်သည့်မြေများကို ထိထိရောက်ရောက် လက်ဝါးကြီးအုပ်ခွင့် ပြုမည်ဖြစ်သည့်အတွက် တနိုင်တပိုင်စိုက်ပျိုးနေကြသော လယ်သမားများ ၎င်းတို့မြေယာများမှ အဓမ္မ မောင်းထုတ်ခံကြရပေလိမ့်မည်” လို့လည်း အစီရင်ခံစာက နိဂုံးချုပ်ထားပါသေးတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက အကြီးမားဆုံး မြေယာသိမ်းမှုတခု စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ကြေးနီစီမံကိန်းအတွက် မြေဧက ၇၅၀၀ ကျော်ကို သိမ်းယူပြီး ရွာ ၃ ရွာက ပြည်သူတွေဟာလည်း သူတို့ရွာတွေကနေ မောင်းထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီမြေယာသိမ်းမှုကို စစ်တပ်ရဲ့ ဦးပိုင်လီမိတက်နဲ့ တရုတ်စီးပွားရေး ကုမ္ပဏီတွေက လုပ်ဆောင်ခဲ့တာပါ။
“ဒီဖြစ်ရပ်တွေက တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဖြစ်ခဲ့တာတွေအတိုင်းပါပဲ။ ရုတ်ချည်းတိုးတက်လာတဲ့ စီးပွားရေးအခြေအနေကြောင့် စီမံကိန်းတွေ (ကျောက်မီးသွေးတွင်းတွေကနေ ရေအားလျှပ်စစ်အတွက် ရေလှောင်ကန် တည်ဆောက်တဲ့ စီမံကိန်းအထိ) အတွက် စိုက်ပျိုးမြေတွေ ပိုပိုပြီး လိုလာတာကိုး” လို့ ဟောင်ကောင် စွမ်းအင်စက်မှုလုပ်ငန်း ဆန်းစစ်လေ့လာသူ ဂျက်ဖ်မိဒ် (Jeff Mead) က ပြောပြပါတယ်။
“အဲဒီအချိန်မှာ တရားဥပဒစိုးမိုးမှုကလည်း မည်မည်ရရ မရှိတာမို့ တရုတ်ပြည်သူတွေအနေနဲ့ သူတို့မြေယာတွေ သိမ်းတာကို တားဆီးနိုင်ဖို့ အခက်အခဲတွေ့ခဲ့ရပါတယ်၊ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်နိုင်ငံမှာ ပြည်သူလူထုက ပိုရဲရဲတင်းတင်းရှိလာပြီး မြေယာသိမ်းမှုတွေဖြစ်လာရင် သက်ဆိုင်ရာကို ကန့်ကွက်နိုင်အောင် ပြင်ဆင်ထားကြပါပြီ” လို့လည်း သူက ဆိုပါသေးတယ်။
မြန်မာပြည်မှာ ပြုပြင်ရေးလိုလားတဲ့အစိုးရက လက်ရှိအုပ်ချုပ်နေတဲ့အတွက် ရလဒ်ကောင်းတခုကတော့ ပြည်သူလူထုက မတရားမှုတွေကို လူသိရှင်ကြား ထုတ်ဖော်ကန့်ကွက်ဖို့ အရင်လို မကြောက်ရွံ့ကြတော့တာပဲ ဖြစ်ပါတယ်။ မနှစ်တုန်းက သူတို့လယ်မြေတွေ အသိမ်းခံရတာနဲ့ပတ်သက်ပြီး မန္တလေးက လယ်သမားတချို့ ဒီလထဲမှာ တရားစွဲတာကို ကြည့်ရင် ပြည်သူလူထုက အရင်လိုမဟုတ်မှန်း သိနိုင်ပါတယ်။
ဒီလို ရဲရဲဝံ့ဝံ့ ဆောင်ရွက်တာမျိုးကလည်း အန္တရာယ်မရှိတာတော့ မဟုတ်ပါဘူး။ မကွေးတိုင်းမှာ မနှစ်တုန်းက ဦးပိုင်လီမိတက်နဲ့ ထူးကုမ္ပဏီကို တရားစွဲတဲ့ လယ်သမား ၅ ယောက် ထောင်ကျသွားပါတယ်။ သူတို့မြေတွေကို ကော့စတစ်ဆိုဒါ (Caustic Soda) စက်ရုံတည်ဖို့ အသိမ်းခံခဲ့ရတာမို့ သူတို့က အဲဒီကုမ္ပဏီတွေကို တရားပြန်စွဲခဲ့တာပါ။ ဒါပေမယ့် စော်ကားတဲ့ အသုံးအနှုန်းတွေ သုံးတယ်၊ ကန့်သတ်နယ်မြေထဲ ကျူးကျော်ဝင်ရောက်တယ်၊ ဥပဒေကို “ချိုးဖောက်တယ်” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သူတို့ ထောင်ဒဏ်အပြစ်ပေးခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာပြည်ဟာ “ဧရာမအခွင့်အလမ်း” ရဲ့ ထိပ်ဆုံးမှာ ရှိပုံပေါ်ပေမယ့် စိုးရိမ်စရာလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ အဓိက အကျိုးခံစားခွင့်ရှိသူတွေဟာ အခြေကျနေတဲ့ စစ်အုပ်စုရဲ့ စီးပွားရေးအပေါင်းအပါတွေ ဖြစ်နေလို့ပါပဲလို့ ကုလသမဂ္ဂ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (UN Economic and Social Commission for Asia-Pacific) က ပြီးခဲ့တဲ့တပတ်မှာ သတိပေးခဲ့ပါသေးတယ်။
ဒါတွေအားလုံးဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုနဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်မရှိတာရဲ့ လက္ခဏာတွေပါ။ အဲ့ဒါတွေမရှိရင် အခုဖြစ်နေတာတွေအတိုင်း ဖြစ်နေမှာပါပဲ။
William Boot ၏ Land Grabs Intensify as Burma ‘Reform’ Races Ahead of Law ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။