ပူးတွဲညီညွတ်ရေးကော်မီတီ၊ ဘက်မလိုက်ကော်မီတီ၊ DAB စစ်ကြောင်း၊ ABSDF တပ်ရင်းတွေကြား ပူူးတွဲစစ်ကြောင်းတွေနဲ့ ကျနော်တို့တပ်တွေ တနင်္သာရီကမ်းရိုးတန်းတလျှောက် စည်းရုံးလှုပ်ရှားလို့ အရှိန်ကောင်းတုန်း ၁၉၉၂ အစောပိုင်းမှာ မာနယ်ပလောဌာနချုပ်ကနေ သတင်းထူးတခု ဝင်လာပါတယ်။ ၁၉၉၁ အစောပိုင်းကတည်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ မာနာပလောထိုးစစ်ဟာ တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာနေပြီး အခုဆိုရင် မာနယ်ပလောရဲ့ အဓိက ခံစစ်ကြောင်းတွေဖြစ်တဲ့ နော်တတောင်တန်းနဲ့ ခွေးအိပ်တောင်ဝန်းကျင်အထိ ရောက်နေပြီ။ ဌာနချုပ်ဝန်းကျင်ရှိ KNU, ABSDF, NDF, DAB က တပ်တွေ အားလုံးစုပေါင်း ခုခံတိုက်ခိုက်နေတယ်။ ဒီတိုက်ပွဲမှာ မင်းသမီးစခန်းနဲ့ တောင်ပိုင်းဒေသရှိ ABSDF တပ်တွေလည်း ပါဝင်စေချင်တယ်ဆိုပြီး သက်ဆိုင်ရာ ဗဟို နှစ်ခုကနေ ကျနော်တို့ ပူးတွဲညီညွတ်ရေး ကော်မီတီဆီ သတင်းဝင်လာတာ ဖြစ်ပါတယ်။
ဒီအတွက် မာနယ်ပလော စစ်ကူပို့ရေး ကျနော်တို့ အရေးပေါ် ပြင်ဆင်ရပါတယ်။ ဒီကိစ္စကို ပူးတွဲ ညီညွတ်ရေး ကော်မီတီအနေနဲ့ တိုက်ရိုက်တာဝန်မရှိဘဲ သက်ဆိုင်ရာ ဗဟိုတွေအလိုက် တာဝန်ယူတာဖြစ်ပေမယ့် ကျနော်တို့ ဘက်မလိုက်တပ်ရင်း အနေနဲလည်း ဒီတိုက်ပွဲမှာ ပါဝင်သင့်တယ်လို့ ဆုံးဖြတ်ပြီး တပ်ဖွဲ့ဝင် ၂၅ ဦးပို့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းတာကတော့ အဲဒီအချိန်မှာ ကိုသီရိညွန့် (ဒုတိယအကြိမ် ညီလာခံကာလ ဗဟို တွဲဖက်အတွင်းရေးမှူး၊ ယခု အမေရိကန်) လှူဒါန်းထားတဲ့ ပြောက်ကျား ယူနီဖေါင်းအသစ် ၂၅ စုံရှိနေတာနဲ့ ကွက်တိဖြစ်သွားပါတယ်။ မာနယ်ပုလော စစ်ကြောင်းအတွက် ကျနော်တို့စခန်းကနေ တာဝန်ပေးလိုက်သူတွေကတော့ အုပ်ချုပ်ရေးနဲ့ မဟာမိတ်ဆက်ဆံရေးအတွက် စခန်းကော်မတီ အတွင်းရေးမှူး ကိုမျိုးသိန်းနဲ့အဖွဲ့ဝင် ဆရာဦးဟန်လင်း၊ စစ်ကြောင်းမှူးအဖြစ်ကတော့ တပ်ခွဲမှူးတဦးဖြစ်သူ ကိုမင်းဇော်သူတို့ ဖြစ်ပါတယ်။
ကျနော်တို့လိုပဲ တခြားတပ်ရင်းတွေကလည်း စစ်ကူတွေပို့ကြပြီး အဲဒီထဲမှာ ၂၀၁၊ ၂၀၃ ကိုနိုင်အောင်တို့ဘက်မှ တပ်ရေးဗိုလ်ကြီး ကိုဝင်းအောင် ဦးစီးတဲ့ ပူးတွဲတပ်စုတစု၊ ၂၀၁ ကိုမိုးသီးဇွန်တို့ဘက်မှ တပ်ရင်းမှူး ကိုကျော်ရ ဦးစီးတဲ့တပ်စုတစု၊ နောက်တခါ နတ်အိမ်တောင်စခန်း ကျပြီးတဲ့နောက် မင်းသမီးဒေသဆီ ရောက်လာတဲ့ ၁၀၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုဘစောထွန်း ဦးစီးတဲ့ တပ်စုတစု၊ မာနယ်ပလောဒေသဆီ စစ်ကူလိုက်ပါသွားပါတယ်။
ချေဂွေဗားရားပုံစံ ဆံပင်ရှည်ထားတဲ့ ၁၀၂ တပ်ရင်းမှုး ကိုဘစောထွန်းဟာ တပ်ဖွဲ့ဝင်တွေကြား ထူးထူးခြားခြား ပေါ်လွင်နေသူတဦးအဖြစ် ကျနော် သတိထားမိပါတယ်။ အားလုံးပေါင်းလိုက်ရင် မင်းသမီးဒေသကနေ မာနယ်ပုလောဆီ စစ်ကူသွားတဲ့ ကျောင်းသားတပ်အင်အား ၁၂၁ ဦးရှိပြီး စစ်ကူသွားတဲ့အချိန်ကတော့ ၁၉၉၂ အစောပိုင်း မတ်လလို့ ထင်ပါတယ်။ ထီးခီးကနေ ထိုင်းနယ်စပ်ကို ထရပ်ကားတွေနဲ့ ခေါ်သွားပြီး ထိုင်းထဲ ရောက်တဲ့အခါမှာတော့ ဘတ်စ်ကား ၃ စီးနဲ့ မဲဆောက်အထိ ခေါ်သွားကြောင်း၊ အဲဒီကနေ မာနယ်ပလောအထိ တခါတည်း တန်းပို့ပေးခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက်မှာတော့ ကျနော်တို့လည်း ဘက်မလိုက်တပ်ရင်းနဲ့ ပူးတွဲကော်မတီအလုပ်တွေကို ဆက်လုပ်၊ DAB စစ်ကြောင်းတာဝန်တွေကို ဆက်လုပ်ရင်းနဲ့ မာနယ်ပလောဘက်က အခြေအနေကို စက်သတင်းနဲ့ ရေဒီယိုသတင်းမှအပ ပိုမသိတော့ပါ။ အဲဒီကာလ သတင်းတွေအရဆိုရင် နဝတတပ်တွေက မာနယ်ပလောကို အဓိက စစ်ကြောင်းကြီး ၂ ခုနဲ့ ထိုးလာတာဖြစ်ပြီး တခုက ရှေ့မှာတင်ပြခဲ့တဲ့ သောင်ရင်းမြစ်ကမ်းရှိ မဲသဝေါ တောင်တန်းအလွန် နော်တ တောင်ကုန်းဘက်ကနဲ့ တခြားတခုကတော့ သံလွင်မြစ်ဖက်ကနေ တက်လာတဲ့ ထွီးပါဝီကျိုး ခေါ် ခွေးအိပ်တောင်ဘက်က စစ်ကြောင်းတွေဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း KNU, ABSDF, NDF, DAB အပါဝင် မဟာမိတ်တပ်တွေအားလုံး စစ်ရေးအရရော၊ နိုင်ငံရေးအရပါ စည်းလုံးညီညွတ်စွာနဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် နဝတဘက်က အကျအဆုံး အတော်များခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ၁၉၉၂ မေလမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကနေ ဗိုလ်ချုပ်ကြီးသန်းရွှေဆီ နဝတဥက္ကဋ္ဌတာဝန် လွဲပြောင်းချိန်မှာ မာနယ်ပလောထိုးစစ်ကို ရပ်ဆိုင်းလိုက်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ချုပ်မောင်လှက ကြေညာတာကို ရေဒီယိုကတဆင့် ကျနော်တို့ ကြားလိုက်ရပါတယ်။
မာနယ်ပလောသို့ ဒုတိယခရီးစဉ်
စစ်ပွဲတွေရဲ့ထုံးစံအတိုင်း စစ်ကူလိုစဉ်တုန်းကတော့ မင်းသမီးအထိလာပြီး ထရပ်ကားတွေ၊ ဘတ်စ်ကားတွေနဲ့ အသေအချာ လာရောက်ကြိုဆိုပေးခဲ့ပေမယ့် အခု စစ်ပွဲပြီးတဲ့အခါမှာတော့ ကျနော်တို့ ရဲဘော်တွေကို ပြန်ပို့ပေးရေးအစီစဉ် KNU နဲ့ DAB မှာ ရှိပုံမရပါ။ နောက်တခါ အခြေနေကလည်း နဝတစစ်ဆင်ရေးမှူး ဗိုလ်ချုပ်မောင်လှကနေ နော်တနဲ့ထီးပါဝီကျိုးဒေသ စစ်ဆင်မှုကို ရပ်နားကြောင်း ကြေညာတာ ရက်ပိုင်းပဲ ရှိသေးတယ်ဆိုတော့ တကယ်ရပ်တာလား၊ ပြန်တိုက်ဖို့အတွက် စစ်ပရိယာယ်သုံးပြီး အချိန်ဆွဲတာလား မသဲမကွဲဖြစ်နေချိန်မှာ တပ်တွေပြန်ခေါ်မှာကို တပ်ပေါင်းစုက ကြိုက်ပုံမရသေးပါ။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကာလအခြေနေအရ ကျနော်တို့ဆီက ရဲဘော် ၂၅ ဦးဟာ ၂၀၁ တပ်ရင်း ဘက်မလိုက်အဖွဲ့ကို ကိုယ်စားပြုပြီးသွားတာဖြစ်လို့ စစ်ပွဲပြီးရင် ဟိုမှာ နေစရာထိုင်စရာမရှိ။ ဆိုလိုတာကတော့ ကိုနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ ဗဟိုလက်အောက်ခံတပ်တွေဟာ စစ်ပွဲပြီးရင် သက်ဆိုင်ရာဗဟိုစခန်းတွေမှာ ဆက်နေလို့ရပေမယ့် ကျနော်တို့ ဘက်မလိုက်ရဲဘော်တွေကို သူတို့စခန်းမှာ လက်ခံထားနိုင် မထားနိုင် မသေချာသေးပါ။ ဒီလိုနဲ့ ရဲဘော် ၂၅ ဦးကို တပ်ရင်းပြန်ခေါ်ရေးအတွက် စခန်းကော်မတီကနေ ကျနော့်ကို တာဝန်ပေးတာကြောင့် မာနယ်ပလောဆီ ဒုတိယအခေါက်သွားဖို့ အခြေနေပေါ်လာပြန်ပါတယ်။
မရောက်တာကြာပြီဖြစ်တဲ့ မာနယ်ပလောကို ဘယ်လိုသွားရမှန်း ကျနော်မသိသေး။ ဘက်မလိုက်အဖွဲ့ဆိုတော့ ဝင်ငွေလည်း သိပ်မရှိတဲ့အတွက် ထိုင်းထောက်လှမ်းရေးတွေနဲ့ အဆက်သွယ်ပြတ်နေပြီး ခရီးသွားဖို့ ထောက်လှမ်းရေးလည်း မငှားနိုင်၊ ထောက်လှမ်းရေး လက်မှတ်လည်း လုပ်မထားနိုင်တဲ့ အခြေအနေပါ။ ဒီလိုနဲ့ ဘန်ကောက်ကို ဒီတိုင်းတက်လာပြီး တော်လှန်ရေးရုံးတွေဆီ စုံစမ်းလိုက်တော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ကိုအောင်မိုးဇော် (အခု ဥက္ကဋ္ဌ) မာနယ်ပလောကို ဆင်းဖို့ပြင်နေတယ်။ သူနဲ့ ကပ်လိုက်သွားလို့ ရနိုင်တယ်ဆိုပြီး သတင်းရပါတယ်။ ဒီလိုနဲ့ ကိုအောင်မိုးဇော်နဲ့ ကျနော်ဟာ ဘန်ကောက်၊ တာ့ခ်၊ မဲစရီယန်း၊ စော်လဲထာ လမ်းကြောင်းကနေ လိုင်းကားစီးပြီး မယ်နယ်ပလောဆီ ဆင်းလာတော့ လမ်းမှာ ဘာမှအစစ်ဆေးမရှိ။ ဒီလမ်းကြောင်းက ဘန်ကောက်-မဲဆောက်လမ်းထက် ပိုချောင်ပုံရပါတယ်။
ဒါပေမယ့် မဲစရီးယန်း-စော်လဲထာလမ်းကအတော်ဆိုးပါတယ်။ မိုးဦးကာလဆိုတော့ ချောင်းရိုးတလျှောက် ဖောက်ထားတဲ့ ဒီကားလမ်းဟာ ရေတွေကြီးနေပြီး မင်းသမီးဒေသက ထီးခီး-ထီးထားလမ်း ချောင်းတွေကို အတန်တန်ဖြတ်ပြီး သွားနေပါတယ်။ မိုးထဲရေထဲ လိုင်းကားစီးပြီး ခရီးနှင်လာတဲ့ ကျနော်တို့ ၂ ဦး စောလဲထာရောက်တော့ အယရင်လို စောလဲထာ-မာနယ်ပလော လှေကြုံမရှိပါ။ တိုက်ပွဲပြီးခါစမို့ ကုန်သည်လှေတွေ မသွားဘူးလို့ ဆိုပါတယ်။
ဒါနဲ့ လှေတစီးကို ဘတ် ၃၀၀ နဲ့ ငှားတော့ မြစ်ဆုံအထိပဲ လိုက်ပို့နိုင်မယ်။ မယ်နယ်ပလောဘက်မှာ တိုက်ပွဲသံကြားနေရဆဲမို့ အဲဒီအထိ မလိုက်ရဲဘူးလို့ လှေသမားက ပြောပါတယ်။ ဒီလိုနဲ့ ကိုအောင်မိုးဇော်နဲ့ ကျနော့်ကို မြစ်ဆုံရဲ့ ထိုင်းဘက်ကမ်းမှာ ချပေးထားခဲ့ပါတယ်။ (သံလွင်နဲ့ သောင်းရင်းမြစ်ဆုံတဲ့ ဒီမြစ်ဆုံရဲ့ မြန်မာဘက်ခြမ်းမှာတော့ စေတီတဆူနဲ့ ဘုန်းကြီး ကျောင်းတဆောင်ရှိပြီး နောက်ပိုင်း DKBA စတင် ပေါ်ပေါက်လာတဲ့ နေရာဖြစ်ပါတယ်။)
ဒီကမ်းပေါ်က Resort လိုလို စားသောက်ဆိုင်လိုလို နေရာကို မြစ်ထဲက ဖြတ်သွားတိုင်း မြင်ဖူးပေမယ့် တခါမှ အပေါ်မတက်ဖြစ်ပါ။ အခုတော့ မတက်မဖြစ် အခြေနေအရ ကျနော်တို့ ၂ ဦး အထုပ်ကိုယ်စီနဲ့ တက်လာတော့ ဆိုင်ရှိပေမယ့် စားစရာက အစုံအလင်မရှိ။ ထိုင်းခေါက်ဆွဲပြုတ် ကွေ့တယို တပွဲစီ မှာစားရင်း လှေကြုံစောင့်ပေမယ့် ဘာလှေမှ မလာတဲ့အတွက် အဲဒီမြစ်ဆုံမှာပဲ တညအိပ်လိုက်ရပါတယ်။
နောက်တနေ့မိုးလင်းတော့ လှေကြုံတစီးရပြီး မာနယ်ပလောကို ကျနော်တို့ရောက်လာပါတယ်။ စစ်ပွဲပြီးကာစ မာနယ်ပလောဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ဆိုင်တွေလည်း တဆိုင်မှမဖွင့်သေးပါ။ ကျနော်လည်း ဘယ်မှာဆင်းရမှန်း မသိတာနဲ့ မာနယ်ပလောဂိတ်ကို ကျော်ပြီး အပေါ်ဘက် ၁၀ မိနစ်လောက် ဆက်မောင်းရတဲ့ သောင်းရင်းမြစ်ဘေး ကုက္ကိုပင်ကြီးအောက်က ကိုအောင်မိုးဇော်တို့ရဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံးရှိရာအထိ လိုက်သွားခဲ့ပါတယ်။ တကယ်တော့ ဒီရုံးတွေရှိတဲ့နေရာဟာတွေဟာ မာနယ်ပလောရဲ့ ရပ်ကွက်သစ်တွေလို့ ခေါ်ဆိုနိုင်ပြီး ၁၉၈၉ ခုနှစ် ကျနော် ပထမခေါက် မာနယ်ပလော ရောက်စဉ်က ဒီနေရာတွေမှာ လူဘောင်သစ်၊ NLD-LA, ရဟန်းပျိုသမဂ္ဂရုံးတွေ မရှိသေးပါ။
မာနယ်ပလောမှ နော်တခံစစ်ကြောင်းသို့
လူဘောင်သစ်ပါတီဌာနချုပ်ရုံးက ရဲဘော်တွေကို မေးရင်းမြန်းရင်းနဲ့ သတင်းရတာက ကျနော့်စခန်းက အတွင်းရေးမှူးနဲ့အဖွဲ့ဟာ ကိုနိုင်အောင်တို့ ဗဟိုကော်မီတီရုံးစိုက်ရာ လောကွားလူတောင်ကုန်းဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီတော့ အဲဒီ လူဘောင်သစ်ရုံးရှိရာဘက်ကနေ ကချင်ကုန်း၊ DAB ရုံး၊ မဒတရုံးတွေကို ပြန်ဖြတ်ပြီး မာနယ်ပလောရင်ပြင် ဘောလုံးကွင်းဘက်ကို တကိုယ်တော် လမ်းပြန်လျှောက်လာခဲ့ရပါတယ်။ စစ်ပွဲပြီးကာစ မာနယ်ပလောဟာ ခြောက်ခြောက်ကပ်ကပ်နဲ့ စိတ်ထဲမှာ တမျိုးကြီးပါပဲ။ လူသံတွေ တိတ်ဆိတ်နေပြီး ထိန့်လန့်ချင်သလိုလိုနဲ့။ မာနယ်ပလောရင်ပြင်ထဲ ရောက်တော့လည်း အရင်လို လူသူတွေ သိပ်မတွေ့ရ။ ရုံးခန်းတွေလည်း မဖွင့်သေး။ တွေ့တဲ့လူကိုမေးပြီး ကမ်းနားတလျှောက် နာရီဝက်ဆက်လျှောက်လိုက်တော့ ကျောင်းသားရုံးရှိရာ လောကွာလူကုန်းကို တန်းပြီး ရောက်သွားပါတယ်။
အဲဒီမှာ အတွင်းရေးမှူး ကိုမျိုးသိန်းနဲ့ ဦးဟန်လင်းကိုတွေ့ရပြီး သူတို့တည်းတဲ့အဆောင်ဟာ လက်နက်ကြီးစထိလို့ အမိုးနည်းနည်းပြိုနေပြီး မိုးယိုနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် တိုက်ပွဲကာလအတွင်း လက်နက်ကြီး အများစုဟာ လောကွားလူ အပါအဝင် မာနာပလောစခန်းထဲ ကျတာမဟုတ်ဘဲ စခန်းကိုကျော်ပြီး ထိုင်းနယ်မြေထဲကျသွားတာက များတယ်လို့ သိရပါတယ်။
ဒီနေရာဟာ ABSDF ၂ ခြမ်းမကွဲမီအထိ ဗဟိုဌာနချုပ် ရုံးစိုက်ခဲ့တဲ့နေရာဖြစ်ပေမယ့် ဗဟိုအစည်းဝေးခန်းမ တခု၊ ဘားတိုက် ၂ ခု ၃ ခုသာရှိပြီး နောက်တိုး ဗဟိုဌာနချုပ် ၂ ခုလောက် သားနားခြင်း မရှိလှပါ။ တကယ်က ဒီကျောင်းသားရုံးဟာလည်း ရပ်ကွက်အသစ်ပါပဲ။ အယင် ၁၉၈၉ ခုနှစ် ကျနော် ရောက်ဖူးတုန်းက ဒီတောင်ကုန်းပေါ်မှာ ဘာမှမရှိသေးပါ။ နောက်တရက်မှာတော့ ကိုမျိုးသိန်း၊ ဦးဟန်လင်းတို့နဲ့ အသေချာဆွေးနွေးပြီးတဲ့နောက် ကျနော်တို့ တပ်တွေ ပြန်ခေါ်နိုင်ရေးအတွက် နော်တစစ်ကြောင်းရှိ ကျောင်းသားတပ်တွေကို တာဝန်ယူထားသူ ကိုမိုးသီးဇွန်တို့ ဗဟိုကော်မတီမှ အတွင်းရေးမှုး ၂ နဲ့ စစ်ဦးစီးမှူးဖြစ်သူ ကိုမျိုးသန့် သို့မဟုတ် အဲဒီကာလအခေါ် ဗိုလ်မှူးမျိုးသန့်ဆီ သွားတွေ့ရပါတယ်။ ကိုနိုင်အောင်တို့ ဗဟိုဖက်က ရဲဘော်အများစုကတော့ ခွေးအိပ်တောင်ဘက်မှာ တာဝန်ကျတယ်လို့ သိရပါတယ်။ မာနယ်ပလောရင်ပြင်ရဲ့ ယာဖက် ကွန်မန်ဒိုကုန်းဘေးရှိ KNU ရဲ့ နာမည်အကြီးဆုံး ဗျူဟာမှူး ဗိုလ်မှူးကြီးလောဝါဒီရဲ့ ရုံးခန်းမှာ ကိုမျိုးသန့်ကို ကျနော် တွေ့ရပါတယ်။
သူတို့ ၂ ဦးစလုံး စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ထားပြီး ပစ္စတိုတွေကိုလည်း ခါးမှာထိုးထားကြပါတယ်။ ပြီးတော့ သူတို့ရှေ့က စားပွဲမှာလည်း မြေပုံတွေ၊ အိမ်မြောင်တွေနဲ့ဆိုတော့ စစ်ဆင်ရေးကိစ္စ ဆွေးနွေးနေပုံရပါတယ်။ ဗိုလ်မှူးလောဝါဒီရဲ့ ဗျူဟာရုံးဟာ အုတ်တွေ၊ ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ ၂ ထပ် ရုံးခန်းဖြစ်ပြီး မာနယ်ပလော စစ်ရေးပြကွင်းအပါဝင် ရုံးတွေ၊ အိမ်တွေအားလုံးကို အပေါ်စီးကနေ လှမ်းမြင်နိုင်တဲ့အတွက် ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ပဒိုဝီး လက်ဖက်ရည်ဆိုင်ထက် ၂ ဆမက ရှုခင်းပိုကောင်းတဲ့ နေရာဖြစ်ပါတယ်။ စိမ်းမြမြနဲ့ ကွေ့ကောက်စီးဆင်းနေတဲ့ သောင်ရင်းမြစ်၊ အဲဒီ မြစ်ရဲ့ ထိုင်းဘက်ကမ်းက တောအုပ်စိမ်းစိမ်း၊ မြစ်ရဲ့ဒီဘက် မြန်မာဘက်ကမ်းက မာနယ်ပလော တောတွင်းမြို့တော်၊ မြို့တော်ရဲ့ နောက်ကျောက မြင့်မားတဲ့ နော်ဒေးတောင်တန်းကြီး စသဖြင့် သဘာဝအလှအပကို ရှုစားရင်း စစ်ဖြစ်နေတဲ့ဒေသဆိုတာကို ခေတ္တမေ့သွားခဲ့ပါတယ်။
ထုံးစံအတိုင်း “ဝါလဲဂေး ဗိုလ်မှူး” ဆိုပြီး နှုတ်ဆက်ရင်းနဲ့ ဗိုလ်မှူးလောဝါဒီကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ပြီးတော့ (ဗိုလ်မှူး) ကိုမျိုးသန့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ (တကယ်က စစ်ဖက် အရာရှိတွေကို လက်ဆွဲနှုတ်ဆက်မယ့်အစား အလေးပြုရမှာ အဲဒီအချိန်က ကျနော်မသိလိုက်ပါ။) ကိုမျိုးသန့်ပုံက အရင် နယ်မြေကော်မတီခေတ်က အစည်းဝေးတွေမှာ တွေ့နေကြပုံမျိုး မဟုတ်တော့။ တကယ့် စစ်ဗိုလ်တဦးရဲ့စတိုင်ကို ဖမ်းထားပြီး လေသံကအစ စစ်သံပေါက်နေပါတယ်။ နော်တမှာရှိတဲ့ ကျနော့်တပ်တွေကို ပြန်ခေါ်မယ်ပြောတော့ အချိန်စောသေးသလိုလို၊ စစ်ရေးကိစ္စတွေကို ဘာမှမသိဘဲနဲ့တပ် ရုပ်ဖို့ လာပြောနေတဲ့လူလိုလို ဆက်ဆံခံလိုက်ရတယ်လို့ ကျနော်စိတ်ထဲ ထင်မိပြီး ဆွေးနွေးမှုက သိပ်အဆင်မပြေလှပါ။
ကိုမျိုးသန့်နဲ့ ဆွေးနွေးမှုအပြီးမှာတော့ ဒီဗျုဟာရုံးနဲ့ ကွန်မန်ဒိုကုန်းရဲ့ နောက်ကျော တောင်ကုန်းပေါ်မှာရှိတဲ့ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်တို့ ဗဟိုကော်မီတီရုံးစိုက်ရာ ကျောင်းသားစခန်းဆီ ကျနော်တို့ရောက်ခဲ့ပါတယ်။ ဒီစခန်းဟာ မာနယ်ပလောစခန်းရဲ့ အမြင့်ဆုံးနေရာမှာ ရှိနေတယ်လို့ စိတ်ထဲထင်မိပြီး ရှေ့မှာပြောခဲ့တဲ့ ဗိုလ်မှူးလောဝါဒီ ရုံးထက်တောင်မှ မြင်ကွင်းပိုကောင်းတဲ့နေရာအဖြစ် ကျနော်သတိ ထားမိပါတယ်။ ကိုမိုးသီးဇွန်တို့ ဗဟိုဝင်းထဲ ဝင်လိုက်ချင်း ပထမဆုံးတန်းပြီး မြင်လိုက်ရတာကတော့ “Revolution is our school, our university” (တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်) ဆိုတဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်။ ဆိုင်းဘုတ်ရဲ့နောက်မှာ ကျွန်းသစ်အတိုအစတွေနဲ့ ဆောက်ထားတဲ့ ၂ ထပ်ဆောင်တခု၊ အဲဒီအဆောင်ရဲ့ရှေ့မှာ စစ်ရေးပြကွင်း၊ စစ်ရေးပြကွင်းရဲ့ ဘေးမှာတော့ ဥက္ကဋ္ဌရဲ့ ရုံးခန်းနဲ့ အစည်းဝေးခန်းတွဲထားတဲ့ မြေစိုက်ရုံးခန်းလေးတခု၊ ၂ ထပ်အဆောင်ရဲ့ နောက်ကျောမှာ ဆက်သွယ်ရေးနဲ့ ဆေးတပ်ဆွယ်ဌာန၊ စစ်ရေးပြကွင်းပြင်ရဲ့ တခြားတဖက်မှာတော့ စားဖိုဆောင်တွေကို တွေ့ရပါတယ်။
စားဖိုဆောင်ရဲ့ဘေးမှာတော့ ရှေ့တန်းသွားနိုင်တဲ့ ကားလမ်းကြမ်းတခုနဲ့ တောင်ပေါ်ကရေကို သွယ်ယူထားတဲ့ ပလတ်စတစ်ပိုက်လုံးတွေကို တွေ့ရပါတယ်။ ကားလမ်းရဲ့ ဟိုဘက်တောင်ကုန်းတခုပေါ်မှာတော့ ၂၀၈ တပ်ရင်းရုံးနဲ့ ဘားတိုက်တွေကို လှမ်းမြင်နေရပါတယ်။ ဒီစခန်းတွေဟာလည်း ရပ်ကွက်အသစ်တွေပါပဲ။ အရင် ၁၉၈၉ တုန်းက ဒီတောင်ကုန်းတွေဘက်မှာ KNU ကွန်မန်ဒိုစခန်းကလွဲရင် တခြားဘာမှ ကျနော်မမြင်ဖူးခဲ့ပါ။
နောက်တရက်မှာတော့ အမဲသား အပါဝင် မာနယ်ပလောမှာ ဝယ်လို့ရနိုင်တဲ့ ရိက္ခာတွေဝယ်ပြီး ကျနော်တို့ တပ်တွေရှိရာ နော်တစစ်မျက်နှာဆီ စက်လှေစီးပြီး ကျနော်၊ ကိုမျိုးသိန်းနဲ့ ဦးဟန်လင်းတို့အုပ်စု ရောက်သွားပါတယ်။ စစ်ပွဲကရပ်ပြီဆိုပေမဲ့ တပ်တွေကဆုတ်ဖို့ အဆင်သင့်မဖြစ်သေး။ သစ်ပင်ကြီးတွေနဲ့ ကြခတ်ဝါးရုံ အနည်းအကျဉ်းသာရှိတဲ့ တောင်ပေါ်မှာ ကတုတ်ကျင်းတူးပြီး နေရာယူထားတဲ့ရဲဘော်တွေ၊ သူတို့ကကုတ်တွေရဲ့ ဟိုရှေ့ဘက်မှာတော့ တောတန်းနဲ့ သစ်ပင်အုပ်တွေ မြင်နေရပြီး အဲဒီအထဲမှာ နဝတတပ်တွေ ရှိနေဆဲလို့ ဆိုပါတယ်။
၂ ဖက် အပစ်ရပ်ထားတယ် ဆိုပေမယ့် နဝတဘက်က တပ်မဆုတ်သေးတဲ့အတွက် ကျနော်တို့ဘက်ကလည်း ဆုတ်ဖို့ခက်နေဆဲ အခြေအနေမျိုးပါ။ ဒီလိုနဲ့ ကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေးမြောင်းတွေထဲရှိ ကျနော်တို့ စခန်းက ရဲဘော်တွေနဲ့တွေဆုံ၊ ကျနော်တို့တပ်ရင်းရဲ့ စစ်ကြောင်းမှူး ကိုမင်းဇော်သူနဲ့ တပ်ပြန်ရုပ်ရေး အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။ တခါ တောင်ပိုင်း နတ်အိမ်တောင်နဲ့ မင်းသမီးဒေကနေ ကျနော်တို့ တပ်တွေနဲ့ အတူပါလာပြီး အခု နော်တမှာလည်း အတူတာဝန်ကျနေတဲ့ ၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်းနဲ့ ရဲဘော်တွေရဲ့ ကတုတ်ကျင်းဆီလည်း ကျနော်တို့ သွားရောက် စကားပြော ဆွေးနွေးခဲ့ပါသေးတယ်။ မွန်းလွဲပိုင်းမှာတော့ ကျနော်တို့အဖွဲ့ နော်တကနေ မာနယ်ပလောဆီ ပြန်လာခဲ့ပါတယ်။