ဒွိုင်ဆူထေ့ တောင်ပေါ်တွင် မီးထွန်းထားသည့် ဖရောင်းတိုင်များဖြင့် ဝိုင်းဝိုင်းလည်နေသည့် အလယ်၌ ထိုင်ငိုင်နေသော ဦးရုက္ခစိုးကို ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တအံ့တသြ တွေ့လိုက်ရသည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး ဘာတွေဖြစ်နေတာလဲ။ မျက်နှာလဲ မကောင်းဘူး။
ကြွက်စုတ်။ ။ အင်းလေ … ဘေးမှာလည်း ဖရောင်းတိုင်တွေနဲ့။
ရုက္ခစိုး။ ။ ရုက္ခစိုးဖြစ်ပြီး ရုက္ခစိုးလို မနေဘဲ လူတွေကြား ဝင်ဝင်ရှုပ်မိလို့ နောင်တရနေတာ။
ဖိုးရှုပ်။ ။ နောင်တရတာကလဲ ဖရောင်းတိုင်တွေနဲ့ ရရလား၊ ရိုးရိုး နောင်တရလို့ မရဘူးလား။
ကြွက်စုတ်။ ။ သြော် ဒါကတော့ကွာ … ခေတ်မီသူတိုင်း ဖရောင်းတိုင် ထွန်းကြတဲ့အချိန်မှာ ဦးရုက္ခစိုးလည်း ခေတ်မီချင်လို့ ဖြစ်မှာပေါ့။
ရုက္ခစိုး။ ။ မဟုတ်ဘူး … မဟုတ်ဘူး။ မင်းတို့ မသိပါဘူးကွာ။ ငါ အနားယူရတော့မယ်။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုးကို ဘယ်နတ်မင်းက ပင်စင်ပေးလိုက်လို့လဲ။ မနားပါနဲ့ ဦးရုက္ခစိုးရယ် အလတ်ကြီး ရှိသေးတာကို။
ရုက္ခစိုး။ ။ အလတ်ကြီးဆိုတာ ငါ့ကိုယ်ငါ သိပါတယ်။ ဒါပေမယ့် ဒီတခါတော့ ငါလည်း မတတ်နိုင်တော့ဘူး။
ကြွက်စုတ်။ ။ နတ်မတတ်နိုင်တာ ဘာများရှိသေးလို့လဲ ဦးရုက္ခစိုးရယ်။ လက်ညှိုးထောင်ရင်တောင် ကိုယ်ရောင် လင်းတဲ့ဥစ္စာ။
ရုက္ခစိုး။ ။ အဲဒီ ကိုယ်ရောင်လင်းတဲ့ ကိစ္စကြောင့်ပဲ ငါ ပြဿနာ တက်နေတာ။ မင်းတို့ပဲ စဉ်းစားကြည့် တတိုင်းပြည်လုံး မီးမရလို့ မှောင်နေတဲ့အချိန်၊ ငါ့ကိုယ်ရောင်က လင်းလင်းလာရင် လူတွေ အမြင်ကတ်မှာပေါ့။
ဖိုးရှုပ်။ ။ ဒါလည်း ဟုတ်တာပဲ။ တော်ကြာ ကံမကောင်းရင် ဦးရုက္ခစိုးကို အလင်းရောင် ထွက်လို့ဆိုပြီး ထောင်ကဲကြီးတွေ ဝယ်သွားနိုင်တယ် … ။
ဦးရုက္ခစိုး အနားယူမည်ဟု ဆိုသောကြောင့် ဖိုးရှုပ်ကော၊ ကြွက်စုတ်ပါ ဘာစကားမှ မပြောနိုင်ဘဲ ရောယောင် ငိုင်နေမိကြသည်။ ထိုစဉ် ဖရောင်းတိုင်တတိုင်ကို မီးထွန်းကိုင်ဆောင်ကာ ခေါင်းငိုက်စိုက် လမ်းလျှောက်လာသူ တဦး သူတို့နားရောက်လာသည်။ တခြားသူမဟုတ် …။
ဖိုးရှုပ်။ ။ ဟင် လျှပ်စစ်ဝန်ကြီးပါလား။ လက်ထဲမှာလည်း ဖရောင်းတိုင်နဲ့ … ဘယ်လိုဖြစ်လာတာလဲ။
လျှပ်စစ်ဝန်ကြီး။ ။ စိတ်ညစ်လို့ ဦးရုက္ခစိုးဆီ လာတာ။
ကြွက်စုတ်။ ။ လျှပ်စစ်ဝန်ကြီးလည်း ဆန္ဒပြတဲ့ထဲမှာ ပါတာပဲလား။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဆန္ဒပြတာပဲ ဖြစ်မယ်။
လျှပ်စစ်ဝန်ကြီး။ ။ မဟုတ်ရပါဘူးဗျာ။ ကုန်စုံဆိုင်က ထောင်ကဲက အားပေးသွားပါဦး ဆိုလို့ ဝယ်လာတာပါ။
ရုက္ခစိုး။ ။ ဒါနဲ့ ခင်ဗျားကကော ဘာလို့ စိတ်ညစ်နေတာလဲ။
လျှပ်စစ်ဝန်ကြီး။ ။ လူတွေက မတရားပါဘူးဗျာ။ လျှပ်စစ်မီးလေး မှန်မှန်မပေးနိုင်တာကို ကျုပ်ကို ဒီရာထူးက နုတ်ထွက်စေချင် နေကြတယ်၊ စိတ်ညစ်တာပေါ့။
ဖိုးရှုပ်။ ။ ဒါတော့ ဟုတ်တယ်လေ၊ လျှပ်စစ်ဝန်ကြီး လုပ်နေပြီး လျှပ်စစ်မီး မပေးနိုင်မှတော့ နုတ်ထွက်ရမှာပေါ့။
လျှပ်စစ်ဝန်ကြီး။ ။ အဲဒါ လူတွေက မသိကြတာ။ ကျုပ်နုတ်ထွက်လည်း ဘာမှမထူးဘူး။ နောက်လူတက်လာလဲ မီးက ပေးနိုင်မှာမှ မဟုတ်ဘဲ။
ရုက္ခစိုး။ ။ ဒါတော့ ခင်ဗျားက ထွက်သမျှ ဓာတ်အားတွေ ထောင်ကဲကို ရောင်းလိုက်တာကိုးဗျ။
လျှပ်စစ်ဝန်ကြီး။ ။ ကျုပ်က စေတနာနဲ့ပါဗျာ။ လျှပ်စစ်မီး အရမ်းသုံးရင် ဝါယာရှော့ဖြစ်ပြီး မီးလောင်တာတို့၊ ဓာတ်လိုက် သေတာတို့ ဖြစ်မှာစိုးလို့ပါ။ အဲဒါကြောင့် လူတွေလည်း အဆင်ပြေစေ၊ တိုင်းပြည်လည်း ဝင်ငွေရစေဆိုတဲ့ သဘောနဲ့ ထွက်သမျှ ဓာတ်အားလေးတွေ ထောင်ကဲကို ရောင်းလိုက်တာ။ မီးက အပြင်မှာမလာပေမယ့် သတင်းစာထဲမှာတော့ လာနေသားပဲ။
ကြွက်စုတ်။ ။ ဒါဆို ဒီလိုလုပ်လေ။ ဒီရာထူးက မနုတ်ထွက်ချင်ရင်လည်း နာမည်ပြောင်းလိုက်ပေါ့။ ခင်ဗျားရာထူးကို ဖရောင်းတိုင် ဝန်ကြီးဆိုပြီး နာမည်ပေးလိုက်။
လျှပ်စစ်ဝန်ကြီး။ ။ ဒီလိုတော့ သိက္ခာမချပါနဲ့ဗျာ။ ကျုပ်အခု ရောင်းထားတဲ့ ဓာတ်အားတွေကို ထောင်ကဲဆီက ဈေးကြီးပေးပြီး ပြန်ဝယ်မလားလို့ စဉ်းစားနေပါတယ်။
ဖိုးရှုပ်။ ။ ရောင်းတုန်းက ဈေးပေါပေါနဲ့ ပြန်ဝယ်တော့ ဈေးကြီးပေးဝယ်မလို့တဲ့ … တော်တော် ဟုတ်တဲ့ ဖရောင်းတိုင် ဝန်ကြီး။ ထောင်ကဲကြီးကလည်း မြန်မာပြည်ဆိုရင် အချဉ်ဖမ်းဖို့ပဲ ချောင်းနေတော့တာပဲ။
လျှပ်စစ်ဝန်ကြီး။ ။ ထောင်ကဲကို အပြစ်မတင်ပါနဲ့ဗျာ။ အပြစ်တင်ချင်ရင် ကျုပ်ကိုပဲ တင်ကြပါ။
ကြွက်စုတ်။ ။ ဘာလို့လဲ ထောင်ကဲက ခင်ဗျား ယောက္ခမ မို့လို့လား။
လျှပ်စစ်ဝန်ကြီး။ ။ ဆွေမျိုး ပေါက်ဖော်တွေပဲဗျာ။ အခု လူတွေ ထွန်းထွန်းနေကြတဲ့ ဖရောင်းတိုင်ဆိုတာလည်း သူတို့ဆီက ဝယ်ထားတဲ့ ဖရောင်းနဲ့ လုပ်ရတာပါ။ ကျေးဇူးရှိပါတယ်။
ဖိုးရှုပ်။ ။ ကဲပါဗျာ … ဒီလောက်တောင် ကျေးဇူးတင်နေရင်လည်း ထောင်ကဲကို ကျေးဇူးတင်စကားသွားပြောတာ မဟုတ်ဘူး၊ ဘာလို့ ဒီနေရာကို လာရှုပ်နေသေးလဲ။
ကြွက်စုတ်။ ။ ဟုတ်တယ်ဗျာ။ ကျနော်တို့လည်း ဒီမှာ စိတ်ညစ်နေကြတာ၊ ခင်ဗျားကို ဧည့်မခံနိုင်ဘူး။
လျှပ်စစ်ဝန်ကြီး။ ။ ဒါကတော့ ဦးရုက္ခစိုးဆီ လာလည်ရင်း ကိစ္စလေးတခု တိုင်ပင်စရာ ရှိလို့ပါ။
ရုက္ခစိုး။ ။ ဟာ ကျုပ်ဘာသာ ကျုပ်တောင် တိုင်ပတ်နေတာ … ခင်ဗျားက ဘာတိုင်ပင်ဦးမလို့လဲ။ ကျုပ် လူတွေကြား ဝင်မပါတော့ဘူးလို့ ဆုံးဖြတ်ထားတယ်နော်။
လျှပ်စစ်ဝန်ကြီး။ ။ တခါတည်းပါ ဦးရုက္ခစိုးရယ်။ ဒီတခါတော့ နောက်ဆုံးအနေနဲ့ ကူညီပါ။
ရုက္ခစိုး။ ။ ဘာကူညီရမှာလဲ။ အေးလေ နောက်ဆုံးအနေနဲ့ ကူညီလို့ရတာဆိုရင် ကူညီပါ့မယ်။
လျှပ်စစ်ဝန်ကြီး။ ။ ဓာတ်အားတွေက ရောင်းစားလိုက်တာလည်း ကုန်ပြီဆိုတော့ မြန်မာပြည် မီးလင်းအောင် ဦးရုက္ခစိုးပဲ ကူညီ မှိုင်းမဖို့ပါ။ ဒါမှ မြန်မာပြည်လည်း မီးလင်း။ ကျုပ်လည်း ရာထူးက နုတ်ထွက်စရာ မလိုတော့ဘူး၊ တချက်ခုတ် နှစ်ချက်ပြတ်ပဲ။
ဖိုးရှုပ်။ ။ ရုက္ခစိုးဆီမှာ သားဆုပန်တယ်ပဲ ကြားဖူးပါတယ်၊ မီးဆုပန်တယ်လို့ တခါမှ မကြားဖူးဘူး။
ရုက္ခစိုး။ ။ ဆောရီးပဲ ဝန်ကြီးရယ်။ ကျုပ် အဲဒီကိစ္စ မကူညီနိုင်လို့ ရုက္ခစိုးအဖြစ်က နုတ်ထွက်မလို့ သူတို့ကို ခုပဲ ပြောနေတာ။
လျှပ်စစ်ဝန်ကြီး။ ။ လုပ်ပါဦးရုက္ခစိုးရယ်။ အက်ချလောင်းဆို မီးတွေ တခါတည်းလင်းသွားမှာပါ။
ကြွက်စုတ်။ ။ ပြဿနာပဲ … ဇွတ်ကြီးပါလား။ မလုပ်ပေးရင် ပြန်မယ့်ပုံမပေါ်ဘူး ဦးရုက္ခစိုး လုပ်ပေးလိုက်ပါဗျာ။
ရုက္ခစိုး။ ။ မင်းတို့က ဘုမသိ ဘမသိနဲ့ လျှောက်လုပ်ခိုင်းနေပြန်ပြီ။ ဒီကိစ္စ ငါတကယ် မတတ်နိုင်ဘူးဟ။
ဖိုးရှုပ်။ ။ ဘာကိစ္စ မတတ်နိုင်တာလဲ ဦးရုက္ခစိုးရဲ့ … နောက်ဆုံးအနေနဲ့ပဲဟာ။
ရုက္ခစိုး။ ။ နောက်ဆုံးအနေနဲ့လည်း လုပ်မပေးနိုင်ဘူးဟေ့။ မြန်မာတပြည်လုံး မီးလာအောင် လုပ်ဖို့ နေနေသာသာ အခုတောင် ငါ့ရဲ့ လင်းနေတဲ့ ကိုယ်ရောင်လေး ပျောက်သွားမှာ စိုးလို့ ဆေးဖရောင်းတိုင်တွေ ထွန်းပြီး ယတြာချေနေရတာ မတွေ့ကြဘူးလား။
ဦးရုက္ခစိုးက စိတ်ဆိုးမာန်ဆိုးပြောရင်း မီးငြိမ်းသွားသည့် ဖရောင်းတိုင်လေးများအား မီးလိုက်ညှိနေသည်။
လျှပ်စစ်ဝန်ကြီး။ ။ အဲဒါဆိုရင်လည်း ဒီဆေးဖရောင်းတိုင်တွေပဲ ပေးလိုက်ဗျာ။ မီးလာအောင် ကျနော်လည်း ယတြာချေကြည့်မယ်။
ထိုစဉ် ကင်မရာကိုင်ထားသော လူတအုပ် ရောက်လာပြီး ဦးရုက္ခစိုးအား ဓာတ်ပုံများ တဖျပ်ဖျပ် ရိုက်ကြသည်။ အလွန်လျင်မြန်သော အရှိန်နှင့် ဖြစ်သောကြောင့် ဦးရုက္ခစိုးပင် ရှောင်ရှားချိန် မရလိုက်ပေ။ မေးခွန်းများလည်း တယောက် တပေါက် မေးကြသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်လည်း ကူချိန်မရ၊ ဦးရုက္ခစိုးလည်း ဘာပြန်ဖြေရမှန်းမသိဘဲ အူကြောင်ကြောင် ဖြစ်နေသည်။
ခဏချင်းတွင် လုံထိန်း အယောက် ၂၀ ခန့် ရောက်လာပြန်၏။
“ဦးရုက္ခစိုး ခဏလောက် လိုက်ခဲ့ပါ” “မေးစရာလေးရှိလို့” “ရုံးရောက်မှရှင်း” စသည်ဖြင့် တယောက်တပေါက် ပြောကာ ဦးရုက္ခစိုးအနားသို့ ကပ်လာကြသည်။
ရုက္ခစိုး။ ။ ခဏ နေကြပါဦးဗျာ။ ကျုပ်ကို ခေါ်တာ ဘာအတွက်လဲ။
လုံ ၁။ ။ ဖရောင်းတိုင် ထွန်းလို့။
ရုက္ခစိုး။ ။ ဟာ … ဒါက ဆေးဖရောင်းတိုင်ဗျ။
လုံ ၁။ ။ ဆေးဖရောင်းတိုင်ပဲ ဖြစ်ဖြစ်၊ ဘာဖရောင်းတိုင်ပဲ ဖြစ်ဖြစ်။ ဖရောင်းတိုင် ထွန်းရင် အဲဒီလိုပဲ ခေါ်မေးရမယ်လို့ အထက်က အမိန့်ပေးထားတယ်။ လိုက်ခဲ့ပါ။
ဦးရုက္ခစိုးက ဘာမှ ပြန်ပြောမနေတော့ဘဲ ဖိုးရှုပ်လက်ထဲသို့ စာရွက်ခေါက်လေး တခု ထည့်ပေးပြီး ရုတ်တရက် ပျောက်ကွယ်သွားရာ မည်သူမျှ တားဆီးချိန် မရလိုက်ပေ။
ဖိုးရှုပ်က စာရွက်ခေါက်ကလေးကို ဖြန့်၍ ဖရောင်းတိုင်မီးရောင်ဖြင့် အားလုံးကြားရန် အော်ဖတ်ပြလိုက်သည်။ ဦးရုက္ခစိုး ရေးထားသည်ကို ဖိုးရှုပ်ဖတ်ပြသည့်အတိုင်း ရန်ကုန်သားတာတေက မချွင်းမချန် အောက်ပါအတိုင်း ဖော်ပြရလျှင် ….
“ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ … ဒါကတော့ ငါ့ရဲ့ နောက်ဆုံး စတိတ်မန့်ပဲ။ မင်းတို့ တွေ့ပြီ မဟုတ်လား၊ ငါ့ဘာသာ ဆေးဖရောင်းတိုင် ထွန်းတာတောင် အေးအေး မနေရဘူး၊ ဖရောင်းတိုင် ငှားချင်တဲ့သူနဲ့၊ ခေါ်စစ်မယ့်သူနဲ့။ ကဲ အဲဒီတော့ အခုကစပြီး လူတွေကိစ္စ ဝင်မပါ တော့ဘူးလို့ ဆုံးဖြတ် လိုက်ပြီ။ မင်းတို့ဘာသာ လိမ်လိမ်မာမာ နေရစ်ကြပေတော့ဟေ့။ ရန်ကုန်သားတာတေကိုလည်း သူ့စာတွေထဲ ငါ့ကို ထည့်မရေးနဲ့တော့လို့ ပြောလိုက်၊ ဒါပဲ တာ့တာ” ဟူ၏ …။ ။