ကျနော်တို့ မာနယ်ပလောကို ပြန်ရောက်ပြီး ၃၊ ၄ ရက်လောက်ကြာမှ “ဧည့်သည်တပ်တွေ ပြန်လို့ရပြီ” လို့ အမိန့်ထွက်လာပါတယ်။ ဒီအမိန့်ထွက်ပြီး နောက်တရက်မှာ ကိုမင်းဇော်သူနဲ့ ကျနော်တို့ တပ်ရင်း ၂၀၁ တပ်စု တခုလုံး နော်တကနေ မာနယ်ပုလောကို ပြန်ရောက်လာပါတယ်။ သူတိုအဖွဲ့ ပြန်လာပြီး နောက်တရက်မှာတော့ ၁၀၂ က အဖွဲ့တွေလည်း မာနယ်ပလောဆီ ပြန်ရောက်လာပါတယ်။

သူတို့နဲ့အတူ ပါလာတဲ့သတင်းဆိုး တခုကတော့ ရှေ့ပိုင်းပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ချေဂွေဗားရားပုံ ဆံပင်ပိုင်ရှင် ၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်း မိုင်းနင်းမိပြီး မဲဆောက်ဆေးရုံကို အရေးပေါ်တင်လိုက်ရကြောင်းနဲ့ ခြေထောက်တဖက် ဖြတ်ပစ်ရမယ့် အခြေနေရှိနေတယ်ဆိုတဲ့ သတင်းပါ။
နော်တ တိုက်ပွဲအတွင်း တပ်ရင်းမှူး ကိုဘစောထွန်းမှအပ တခြား ပြင်းပြင်းထန်ထန် ဒဏ်ရာရသူ မရှိပါဘူး။ ကျနော်တို့တပ်ရင်းက ရဲဘော်တွေထဲမှာတော့ လက်နက်ကြီးအစ မှန်သူ ၃ ဦးရှိခဲ့ပြီး စစ်ကြောင်းမှူး ကိုမင်းဇော်သူ၊ ကိုသန်းစိုး ခေါ် ရုပ်ပိနဲ့ ကိုနိုင်ဝင်းတို့ ဖြစ်ပါတယ်။ ကိုမင်းဇော်သူနဲ့ ကိုသန်းစိုးတို့ဟာ လက်မောင်းနဲ့ ဗိုက်မှာထိပြီး ကိုနိုင်ဝင်းကတော့ မျက်လုံးထဲ လက်နက်ကြီးအစ သေးသေးလေး ဝင်သွားတယ်လို့ သိရပါ တယ်။ ကျနော် နော်တကို ရောက်သွားချိန်မှာ ကိုသန်းစိုးနဲ့ ကိုနိုင်ဝင်း ၂ ဦးစလုံး မဲဆောက်ဆေးရုံမှာ ရောက်နေတဲ့အတွက် ကျနော်နဲ့မတွေ့လိုက်ရပါ။
ဒီဆောင်းပါးရေးရင်းနဲ့ ကိုနိုင်ဝင်းကို လိုက်ဆက်သွယ်ကြည့်တော့ သြစတေလျနိုင်ငံကို ရောက်နေတာကိုတွေ့ရပြီး သူလက်နက်ကြီးအစ မှန်တဲ့နေ့ဟာ ၁၉၉၂ ဧပြီလ ၂၄ ရက်နေ့ဖြစ်တယ်။ အခုချိန်ထိ မျက်လုံးထဲမှာ အဲဒီလက်နက်ကြီးအစ ရှိနေဆဲ၊ ပြန်လည်ခွဲထုတ်ဖို့ ခက်နေဆဲဖြစ်ကြောင်း၊ အေးတဲ့အခါ ဒါမှမဟုတ် သိပ်ပူတဲ့အခါ ခေါင်းမူးတဲ့ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အပြင် သူရဲ့ဘယ်ဘက်မျက်လုံးဟာ သိပ်မမြင်ရဘူး ဖြစ်နေတယ်လို့ ပြောပြခဲ့ပါတယ်။ တခါ အခု ဂျာမနီနိုင်ငံကို ရောက်နေပြီဖြစ်တဲ့ ၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်းကိုလည်း ၂၀၀၅ ခုနှစ်က ကျင်းပတဲ့ ဘာလင်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအတွင်း ကျနော်ထပ်မံတွေ့ဆုံခွင့် ရခဲ့ပါတယ်။ မိုင်းနင်းမိတဲ့ ဘယ်ဘက် ခြေထောက်က မဖြတ်လိုက်ရပေမယ့် အရိုးဆစ်တခုကို ထုတ်လိုက်ရတဲ့အတွက် ဘယ်ခြေက ညာခြေထက် ၂ လက်မလောက်နိမ့်နေပြီး ဂျိုင်းဒေါင့် ၂ ဖက်ကို အားပြုသွားနေရတဲ့သူပုံက နော်တစစ်မြေပြင်မှာ ကျနော်တွေ့စဉ်ကပုံနဲ မတူတော့ပါဘူး။
သူရဲ့သူပုန်သင်္ကေတ ချေဂွေဗားရားပုံ ဆံပင်ရှည်တွေကို မြတ်မြတ်နိုးနိုး ဆက်ထားနေဆဲဖြစ်ပေမယ့် တောထဲမှာတုန်းကလို ဒီတိုင်း ချမထားတော့ဘဲ နောက်မှာ စည်းထားတာကို တွေ့ရပြီး လူလည်း အတော်ပိန်သွားတယ်လို့ ထင်ပါတယ်။
“ဘာတတ်နိုင်မလဲဗျာ။ တော်လှန်ရေးရဲ့ အသီးအပွင့်တွေပေါ့။ ခြေထောက်မဖြတ်လိုက်ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမှာ” ဆိုပြီး မချိပြုံးပြုံးကာ ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ဆန္ဒပြပွဲပြီးတော့ ကျနော်လည်း သတင်းအချိန်မီပို့ဖို့ ပြင်ရင်းနဲ့ သူနဲ့ အသေချာ စကားမပြောဖြစ်လိုက်ပါဘူး။
အခု ဒီဆောင်းပါးရေးတော့မှပဲ သူ့ကို အွန်လိုင်းကနေ ဆက်သွယ်ပြီး နော်တက ဒဏ်ရာတွေအကြောင်း အသေအချာ မေးမြန်းကြည့်ဖြစ်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ သူ့လို ဒဏ်ရာရသွားတဲ့ “ရဲဘော်သူငယ်ချင်းတွေ” ဘယ်လောက်များ ရှိနေလေမလဲ၊ အခု ဒီလူတွေ ဘယ်ရောက်ပြီး ဘဝကို ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြသလဲဆိုပြီး ဟိုနိုင်ငံ၊ ဒီနိုင်ငံက ရဲဘော်ဟောင်းတွေကို အွန်လိုင်းကနေ ကျနော် လိုက်မေးမိပါတယ်။
ကျနော်တို့ ၂၀၁ တပ်ရင်း တခုတည်းမှာတင် ၁၉၈၈ ကနေ ၁၉၉၇ အထိ ၁၀ နှစ်တာ ကာလအတွင်း တိုက်ပွဲမှာကျဆုံးသူ ၆၀ ကျော်၊ ဖျားနာသေဆုံးသူ ၁၀ ဦးကျော်၊ ပျောက်ဆုံး သူ ၁၀ ဦးနီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးခန့်ရှိတာကို တွေ့ရပါတယ်။ ဒဏ်ရာအပြင်းအထန် ရသွားသူတွေထဲမှာ ခြေတောက်တဖက်စီ ဖြတ်လိုက်ရတဲ့ ကိုဘသန်း၊ ကိုမဲဒူး၊ ကိုလှဌေး၊ ကိုကျော်နိုင်နဲ့ ကိုစိုးနိုင်တို့ကို ကျနော် အမှတ်ရနေပီး အားလုံး အမေရိကန်မှာ ရောက်နေတယ်လို့ကြားရပေမယ့် သူတို့ရဲ့ဘ၀ အဆင်ပြေမပြေတော့ အတိအကျ မသိရသေးပါဘူး။
ABSDF ဗဟို (http://www.absdf.com) က ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် နှစ် ၂၀ ကာလအတွင်း ထိခိုက်ဒဏ်ရာရ၊ သေဆုံး၊ ကျဆုံးဦးရေ ၁၀၂၄ ဦး ရှိပြီး အဲဒီထဲမှာ ထိခိုက်ဒဏ်ရာရသူ ၃၉၉ ဦး။ သေဆုံး ၂၇၃ ဦး၊ ကျဆုံး ၃၅၃ ဦးလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါတောင် စာရင်းက အပြည့်အစုံ မဟုတ်သေးဘဲ လက်လှမ်းမိသလောက် စုစည်းထားပုံသာ ဖြစ်ပုံရပါတယ်။ နှစ် ၂၀ ကျော် သာသက်တမ်းရှိသေးတဲ့ ABSDF မှာတောင် ထိခိုက်ကျဆုံးဦးရေ ၁၀၀၀ ကျော် နေပြီဆိုရင် နှစ် ၆၀ ကျော်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာဆိုရင် ဘယ်လောက်များရှိနေပြီလဲ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဒါဇင်ကျော်ရဲ့ ထိခိုက်ဒဏ်ရာစာရင်းကို ချုပ်လိုက်မယ်ဆိုရင် သောင်းဂဏန်းကျော်ပြီး သိန်းဂဏန်းတောင် ရှိနေလေမလား။ ဒီကိန်းဂဏန်းတွေကို သိချင်လို့ သူပုန်အဖွဲ့ပေါင်းစုံရဲ့ ဝက်ဆိုက်တွေကို လိုက်လှန်ရှာဖွေခဲ့ပေမဲ့ ABSDF လိုမျိုး စာရင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ တခါ သူပုန်တပ်ပေါင်းစုကြီးဖြစ်တဲ့ DAB တို့၊ NCUB တို့ရဲ့ ဝက်ဘ်ဆိုဒ်ထဲမှာလည်း အဲဒီလိုစာရင်းဇယားမျိုးကို မတွေ့ရသေးပါဘူး။

ထိခိုက်ကျဆုံး စာရင်းဇယားတောင် မရှိဘူးဆိုရင် အဲဒီပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ဒီတပ် ပေါင်းစုတွေက ဘယ်လိုတာဝန်ယူ ဆောင်ရွက်ပေးနေသလဲ ဆိုတာကို ဆက်ပြီးမေးခွန်းထုတ်ဖို့ ခက်သွားပါတယ်။ တပ်ပေါင်းစုက မဆောင်ရွက်သေးဘူးဆိုရင် သက်ဆိုင်ရာ သူပုန်အဖွဲ့တခုချင်းစီကရော ဒီရဲ ဘော်တွေအတွက် ဘာတွေများ ဆောင်ရွက်ပေးထားသလဲ။ နိုင်ငံတကာ NGO တွေ၊ ပြည်တွင်း NGO ကရော ဘာများ ကူညီပေးထားသလဲ။ ကျနော် လက်လှမ်းမီသလောက် လိုက်မေးမြန်းခဲ့ပေမယ့် အခုချိန်အထိတော့ သေချာတဲ့ စီမံကိန်းတခုခုနဲ့ ကူညီဆောင် ရွက်ပေးထားတာမျိုး မတွေ့ရ၊ မကြားရသေးပါဘူး။
အခုဆိုရင် ABSDF အပါဝင် နယ်စပ်တကျောက သူပုန်တပ်တွေအားလုံးနီးပါး မြန်မာအစိုးရသစ်နဲ့ ဆွေးနွေးပွဲတွေလုပ်၊ စစ်ရပ်စဲရေး စာချုပ်တွေ ချုပ်ဆိုနေကြပါပြီ။ ဒါပေမယ့် နှစ်ဖက်တပ်တွေနေရာ ချထားရေး၊ ဆက်သွယ်ရေးရုံးခန်း ဖွင့်လှစ်ရေး၊ စီးပွားရေးလုပ်ငန်း လုပ်ခွင့်ရရေးတွေကိုသာ ဦးစားပေး ဆွေးနွေးနေတာတွေ့ရပြီး ကျနော်ပြောနေတဲ့ “တော်လှန်ရေးရဲ့ အသီးအပွင့်” တွေ၊ တော်လှန်ရေးအတွက် အသက်ပေးသွားသူတွေ၊ ဒုက္ခိတဖြစ်သွားရသူတွေရဲ့ဘ၀ ပြန်လည်ထူထောင်ရေးကိစ္စကိုတော့ ဘယ်အဖွဲ့ကမှ ဆွေးနွေးတာ မကြားရသေးပါဘူး။ အလားတူ နေပြည်တော်က ပါလီမန်ထဲမှာဖြစ်စေ၊ ပါလီမန်ပြင်ပ မီဒီယာတွေမှာဖြစ်စေ တော်လှန်ရေးအတွက် ပေးဆပ်သွားသူတို့ရဲ့ ဘဝပြန်လည် ထူထောင်ရေးကိစ္စကို ဆွေးနွေးတာ၊ ပြောဆိုတာ အခုချိန်အထိ မကြားရသေးတဲ့အတွက် “ပေးဆပ်ခဲ့သော ရဲဘော်သူငယ်ချင်းများ” အပေါ် ခေါင်းဆောင်ပိုင်းတွေဘက်က တာဝန်မကျေသေးသလို ကျနော်စိတ်ထဲ ခံစားနေရပါတယ်။
မာနယ်ပလောမှာ တလတာ
နော်တစစ်မျက်နှာကနေ ပြန်လာတဲ့ ကျနော်တို့ ၂၀၁ နဲ့ ၁၀၂ တပ်ရင်းက စစ်သည်တွေဟာ နယ်မြေခံတပ် မဟုတ်တဲ့အတွက် ရှေ့မှာကျနော်တင်ပြခဲ့တဲ့ မာနယ်ပလောကွင်းပြင်ထဲရှိ အထူးစစ်သည်တော် ဘားတိုက်မှာ တည်းခွင့်ရပါတယ်။ သူပုန်တပ်ပေါင်းစုဌာနချုပ်ရဲ့ မြို့လယ်ဘားတိုက်မှာ တည်းရတယ်ဆိုလို့ သိပ်တော့ အထင်မကြီးလိုက်ပါနဲ့။ ကျနော်တို့ စခန်းက ဘားတိုက်တွေလို ဝါးနဲ့ ဖြစ်သလိုဆောက်တာမျိုးမဟုတ်ဘဲ ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတာကလွဲရင် ဘာအဆောင်ယောင်မှ မရှိပါ။ ဒီလိုပဲ ကြမ်းပြင်ပေါ် မိုးကာခင်းအိပ်သူအိပ်၊ စောင်ပါးပါးလေးကို ခင်းအိပ်သူအိပ်နဲ့ ရင်ကွဲဘားတိုက်ရဲ့ တဖက်တချက်မှာ ၁၀၂ နဲ့ ကျတို့တို့ ၂၀၁ က ရဲဘော် ၅၀ ကျော် နေရာယူလိုက်ပါတယ်။ အဲဒီကာလ ၁၀၂ ကို တာဝန်ယူထားသူက တပ်မှူးကြီး မောင်ပိန်ဖြစ်ပြီး တပ်သားတွေထဲမှာတော့ ထူးထူးခြားခြား အဆိုတော် ကိုမွန်းအောင်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

နာမည်ကြီးအဆိုတော် ကိုမွန်းအောင်ဟာ အဲဒီကာလက မာနယ်ပလောအခြေစိုက် DVB တောတွင်း စတူဒီယိုမှာ တာဝန်ထမ်းနေသူ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ DVB ရေဒီယို ပေါ်ကာစ အချိန်ဖြစ်ပြီး နေ့စဉ်အသံလွင့်မှုဆိုင်ရာ ကိစ္စအားလုံးကို မာနယ်ပုလောရှိ စင်ပြိုင်အစိုးရ ပြန်ကြားရေးဌာန၊ တပ်ပေါင်းစု ပြန်ကြားရေးဌာန၊ ABSDF ပြန်ကြားရေးဌာနတွွေကနေ အဓိက ဆောင်ရွက်ပေးနေတာလို့ သိရပါတယ်။ ဒါပေမယ့် ကျနော်တို့ ရဲဘော်တွေကတော့ DVB နဲ့ စတူဒီယိုအကြောင်း သိပ်မသိဘဲ ကိုမွန်းအောင်အကြောင်းပဲသိပြီး သူနဲ့တွေ့ရင် “သွေးမုန်တိုင်း”၊ “မိုင်းလုံးမိုး” အပါအဝင် တော်လှန်ရေးသီချင်းတွေကို ဆိုပြဖို့ပဲ တချိန်လုံး တိုက်တွန်းနေတာကို ကျနော်အမှတ်ရနေပါတယ်။
ဒီလိုနဲ့ မာနယ်ပလောရှိ ဧည့်သည်တော်ဘားတိုက်ရဲ့ ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်းမှာ ကျနော်တို့ တပ်ရင်း နှစ်ခုစခန်းချရင်း မင်းသမီးဒေသဆီပြန်ဖို့ ကြိုးစားခဲ့တာ တလနီးပါးအထိ ကြာမြင့်ခဲ့တယ်လို့ ထင်ပါတယ်။
မာနယ်ပလောရှိ အဖွဲ့ပေါင်းစုံကို ဆက်သွယ်ပြီး ကျနော်တို့ရဲဘော်တွေကို မင်းသမီးဒေသဆီ ပြန်ပို့ပေးဖို့ အကူညီတောင်းပေမယ့် ဗဟိုမှာတာဝန်မရှိဘဲ တပ်မဟာ ၄ မှာပဲတာဝန်ရှိသလိုလို၊ ဟိုလိုလို ဒီလိုလိုနဲ့ အဖွဲ့အားလုံးက ခေါင်းရှောင်နေကြပါတယ်။ ဒီလိုနဲ့ မာနယ်ပုလောနဲ့ သိပ်မဝေးတဲ့ ကိုမိုးသီးဇွန်တို့ ဗဟိုဆီ ခဏခဏသွားပြီး ကျနော်တို့တပ်ရင်းဆီ ကြေးနန်းနဲ့ဆက်သွယ်ရပါတယ်။ တပ်ရင်းနဲ့ တပ်မဟာ ၄ ဘက်ကလည်း ဘာမှကူညီနိုင်တဲ့ အခြေအနေမရှိပါ။ ရဲဘော်တွေကလည်း တပ်ရင်းကို အမြန်ဆုံးပြန်ချင်နေကြပါပြီ။ ဒီတော့ ရဲဘော်တွေ စိတ်ဓာတ်မကျအောင်ဆိုပြီး မာနယ်ပလောတခွင် လေ့လာရေး လုပ်ကြရပါတယ်။
မာနယ်ပလောမြောက်ဘက် ကွန်မန်ဒိုကုန်းပေါ်ရှိ ကိုမိုးသီးဇွန်တို့ဗဟို၊ လောကွားလူကုန်းပေါ်ရှိ ကိုနိုင်အောင်တို့ ဗဟိုရုံးခွဲ (ကိုနိုင်အောင်တို့ ဗဟိုရုံးကတော့ သံလွင်မြစ်ဘေး ဒါးဂွင်မှာ အခြေစိုက်ထား) တွေဆီ သွားလည်ပါတယ်။ နောက်တခါ မာနယ်ပလောတောင်ဖက်ရှိ ဒေါ်အောင်ဆန်းစုကြည် လမ်းဝန်းကျင်က NLD-LA ရုံး၊ လူ့ဘောင်သစ်ပါတီရုံး၊ ရဟန်းပျိုသမဂ္ဂရုံး၊ နောက် မာနယ်ပလောမြို့ပြင်ကို အထုတ်ခံထားရတဲ့အဖွဲ့လို့ နောက်ပြောင်ခေါ်ဆိုခြင်းခံရတဲ့ ထီးတခီးသွား ကားလမ်းပေါ်က NCGUB ရုံးတွေရှိရာဆီ တပ်စုအလိုက် ကျနော်တို့ သွားလည်ကြပါတယ်။
NCGUB ရုံးကအပြန်မှာ “ဒေါ်အောင်ဆန်းစုကြည်လမ်း” အနီးရှိ ကဗျာဆရာ ပန်းခက်ရဲ့ ထူးရာစိုး လက်ဖက်ရည်ဆိုင်ကို ဝင်ပြီး အားပေးခဲ့သေးတာကို အမှတ်ရနေပါတယ်။ နောက်တခါ ကချင်ကုန်းဆီ တက်ပြီး ဗိုလ်ချုပ်ဇော်မိုင် အပါအဝင် ကချင်ကိုယ်စားလှယ်တွေနဲ့လည်း စကားပြောဖြစ်ခဲ့ပါသေးတယ်။ ဆိုလိုတာကတော့ အချိန်တွေ ဒီတိုင်းပိုနေတဲ့အတွက် မာနယ်ပလောရှိ ရှိသမျှရုံးခန်းတိုင်းကို သွားရောက် လေ့လာခဲ့တဲ့ သဘောမျိုးဖြစ်နေပါတယ်။ နောက်တခါ ကျနော်တို့ ဘားတိုက်ဘေးက မာနယ်ပလော အစည်းဝေးခန်းမမှာ မကြာခဏကျင်းပလေ့ရှိတဲ့ နိုင်ငံရေးအခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ ဝါးတီးပွဲတွေကိုလည်း ကျနော်တို့တပ်စု မပျက်မကွက် အားပေးခဲ့ပါတယ်။
ဒီလိုနဲ့တနေ့မှာတော့ တပ်ပေါင်းစုဥက္ကဋ္ဌလည်းဖြစ်၊ KNU ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြနဲ့ ကျနော် တွေ့ခွင့်ရခဲ့ပါတယ်။ ၁၉၈၉ ခရီးစဉ်တွေကတည်းက ဗိုလ်ချုပ်မြကို မာနယ်ပလောနဲ့ သူနေတဲ့ ဟွေးဘောလူရွာဆီ အသွား လှေဆိပ်မှာ အနီးကပ်မြင်ခဲ့ဖူးပေမယ့် တခါမှ လူချင်းတွေ့ စကားမပြောဖူးခဲ့ပါဘူး။ အခုတော့ မာနယ်ပလောမှာသောင်တင်နေတုန်း ပင်လယ်ပြင်စစ်ကြောင်းကိစ္စ သွားပြောကြည့်ဦးမှ ဆိုပြီး ကျနော်နဲ့ ဦးဟန်လင်းတို့ အရဲစွန့်လာခဲ့တာပါ။
သူကိုတော့ NCG ဝန်ကြီးတွေလို ဒီတိုင်းတက်တွေ့လို့မရ။ လက်နက်ကိုင်လုံခြုံရေးအဖွဲ့ကို အရင် သတင်းပို့ရပါတယ်။ နာရီဝက်လောက်စောင့်ပြီးမှ တွေ့ခွင့်ရပါတယ်။ ဗိုလ်ချုပ်မြပုံကိုတော့ အတော်များများ သိပြီးဖြစ်တဲ့အတွက် အထူးညွန်းပြစရာ လိုမယ်မထင်ပါ။ ပျောက်ကျားယူနီဖေါင်းဝတ်ထားတဲ့ ၀၀ဖိုင့်ဖိုင့် သူပုန်ဗိုလ်ချုပ်ကြီးကို အနီးကပ်တွေ့စဉ် “အောင်ထွန်းလေး” လို့ ကျောင်းသားတွေပေးထားတဲ့ အမည်ဝှက်ကို သွားသတိရမိပါတယ်။
“အောင်ထွန်းလေး” ဆိုတာကို ဒီနေ့ အသက် ၂၀ တန်းလူငယ်တွေ သိဖို့မလွယ်တော့ပေမယ့် ကျနော်တို့ တောခိုကာစ ၁၉၈၈ ဝန်းကျင်ကတော့ နာမည်အကျော်ကြားဆုံး ၀၀ကစ်ကစ် ချစ်စရာ အကောင်းဆုံး ကလေးသရုပ်ဆောင်တဦး ဖြစ်ပါတယ်။ “ဝါလဲဂေး အဖူး” ဆိုပြီး ကျနော်က သတိဆွဲ အလေးပြု မိတ်ဆက်တော့ “ခင်ဗျားတို့က ဘာကိစ္စတွေ့ချင်တာလဲ” ဆိုပြီး သူက တည့်တည့်မေးပါတယ်။ “ပင်လယ်ပြင် စစ်ကြောင်းကိစ္စပါ အဖူး။ လက်ရှိဆင်းနေတဲ့ ပင်လယ်ပြင်စစ်ကြောင်းထဲမှာ ကျနော်တို့တပ်တွေကိုလဲ ထည့်ချင်လို့ပါ အဖူး” လို့ စရုံပဲ ရှိပါသေးတယ်။ ‘“ခင်ဗျားတို့ ကျောင်းသားတွေကလည်း အဖွဲ့များလိုက်တာ” ဆိုပြီး ပြောထည့်လိုက်ပါတယ်။ ပြီးတော့ “ခင်ဗျားတို့ကိစ္စ ဗိုလ်စိုးစိုးနဲ့ ပြောကြည့်ပါလား” လို့ အကြံပေးပြီး ကျနော်တို့နဲ့ ဆက်ပြောစရာစကား သူမှာမရှိတော့သလိုနဲ့ သူ့အလုပ်သူ ဆက်လုပ်ဖို့ ပြင်နေပါတယ်။ ဦးဟန်လင်းနဲ့ ကျနော်လည်း ဘာဆက်ပြောရမှန်း မသိတော့တာနဲ့ ဒီတိုင်းပြန်လာခဲ့ရပါတယ်။
ဗိုလ်မှူးစိုးစိုးဟာ (ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးတာဝန်အပြင်) အဲဒီကာလက ဘုတ်ပြင်းမြို့နယ်နဲ့ ထိုင်းနိုင်ငံ ချွမ်ဖုံခရိုင်ကြားက ရွာဟေလူစခန်း အခြေစိုက် KNU တပ်ရင်း ၁၂ ရဲ့ တပ်ရင်းမှူးဖြစ်ပြီး ပင်လယ်ပြင် လှုပ်ရှားမှုကို တာဝန်ယူထားသူဖြစ်ပါတယ်။ ဒီလိုနဲ့ ဗိုလ်မှူးစိုးစိုးကို ကျနော်တို့ ဘားတိုက်ဘေးက နိုင်ငံခြားသား ဧည့်ရိပ်သာဆီလာတုန်း သွားရောက်ဆွေးနွေးပေမယ့် တိကျတဲ့အဖြေ မရခဲ့ပါဘူး။
နောက်တခါ ပင်လယ်ပြင်ကိစ္စ ဆွေးမယ်လို့ကြားရတဲ့ DAB အစည်းဝေးတခုကို တက်နိုင်ဖို့ ကျနော် ထပ်ကြိုးစားခဲ့ပါသေးတယ်။ ဒီတခါ အစည်းဝေးကျင်းပတဲ့နေရာက ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့တဲ့ ကော်သူးလေအစိုးရ အိမ်ဖြူတော်ရဲ့ အောက်ထပ်မှာပါ။ ကျနော်ကို စပွန်ဆာပေးပြီးခေါ်သွားသူက ကိုမိုးသီးဇွန်။ တကယ်က ဒီအစည်းဝေးဟာ ကျနော့်လို တပ်ရင်းအဆင့်ဥက္ကဋ္ဌတဦးနဲ့ ဘာမှမဆိုင်တဲ့ အပေါ်ထပ်အဆောက်ဦက လူတွေရဲ့ တပ်ပေါင်းစုဗဟိုကော်မီတီ အစည်းဝေးသာ ဖြစ်ပါတယ်။ အစည်းဝေးတောင် မစရသေးဘူး၊ ကျနော်ကို ဘယ်သူဖိတ်ထားတာလဲ၊ အပြင်လူကို ဗဟိုကော်မီတီအစည်းအဝေး ဖိတ်ခွင့့် ရှိသလားဆိုပြီး တပ်ပေါင်းစုခေါင်းဆောင်တချို့ ငြင်းနေကြပါတယ်။ နောက်ဆုံးမှာတော့ လေ့လာသူအဖြစ် တက်ခွင့်ပေးမယ်။ ပင်လယ်ပြင်ကိစ္စမှအပ တခြားကိစ္စတွေမှာ ဆွေးနွေးခွင့်မရှိဘူးဆိုပြီး သဘောတူချက် ရခဲ့ပါတယ်။
ဒါပေမယ့် ကျနော် ဆက်မတက်ဖြစ်တော့ပဲ ပြန်ထွက်လာခဲ့ပါတယ်။ မာနယ်ပလောမှာ ဆွေးနွေးနေလို့ ပင်လယ်ပြင်ကိစ္စလည်း ပါခွင့်ရဖွယ်မရှိ၊ ငါတို့တပ်တွေကို ပြန်ပို့ပေးမဲ့သူလည်း ပေါ်လာဖွယ်မရှိဘူး၊ မင်းသမီးဒေသဆီ ပြန်ပြီး တပ်မဟာ ၄ မှူးနဲ့ ဆွေးနွေးတာကမှ အလုပ်ဖြစ်ဦးမယ်လို့ ဆုံးဖြတ်ပြီး မာနယ် ပလောကနေ မင်းသမီးစခန်းဆီ ကျနော်တဦးတည်း ပြန်လာခဲ့ပါတယ်။