ပြည်တွင်းမှာဖြန့်ချိတဲ့ The Yangon Times ဂျာနယ်မှာ ဆရာငွေကြည်ရဲ့ ကာတွန်းလေးကို တွေ့ရတော့ facebook မှာ မိတ်ဆွေတွေက share ကြပါတယ်။ ကာတွန်းကတော့ “သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းညွှန်ချက်ကို တပြေးညီချီတက်တဲ့” ဒါပေမယ့် ခေါင်းပဲပါတယ်၊ ကိုယ်မပါဘူးဖြစ်နေတယ်။
ကာတွန်းဆရာက ဒီနေ့ တိုင်းပြည်မှာ အမှန်တကယ်ဖြစ်ပေါ်နေတာကို တကွက် ကာတွန်းလေးနဲ့ ထိထိမိမိ သရော်လိုက်တာပဲဖြစ်ပါတယ်။
ဦးသိန်းစိန်ကို သမ္မတအဖြစ် ခန့်အပ်ပြီးတဲ့ အချိန်ကစပြီး ပြုပြင်ပြောင်းလဲရေးကိစ္စကို အတွင်တွင် ပြောကြားခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့နောက်ဆုံးပိတ် ပြောခဲ့တဲ့ လမ်းညွှန် မှာကြားချက်မှာ ဆိုရင်လည်း အတော်ကို ပြည့်ပြည့်စုံစုံ ပါတာတွေ့ရပါတယ်။ ဒီအကြောင်း ကိုလည်း “သမ္မတဦးသိန်းစိန် ခင်းတဲ့လမ်း” ဆိုပြီး ကျနော်ရေးခဲ့ဖူးပါတယ်။
ဒါပေမယ့် အားလုံးသိတဲ့အတိုင်း ပြုပြင်ပြောင်းလဲရေးကို အစိုးရထဲမှာ မလုပ်ချင်သူတွေက များနေတယ်၊ သမ္မတနောက်ကို မလိုက်တဲ့သူတွေအများအပြား ရှိနေပါတယ်။ ဒါကြောင့်လည်း သမ္မတ ဦးသိန်းစိန်က နောက်ပြန်ဆွဲသူတွေ၊ ရှေးရိုးစွဲသူတွေ နောက်ချန်နေရစ်ခဲ့လို့ ပြောခဲ့ရတာပါ။
သာမန်ရုံးစာရေး ဝန်ထမ်းကအစ ဝန်ကြီးအဆင့်အထိ သူ့ထိုင်ခုံလေး ပြုတ်သွားမှာ၊ သူ့အကျိုးစီးပွား ထိခိုက်သွားမှာ၊ သူရနေတဲ့ “ခွင်” လေးပိတ်သွားမှာ စိုးရိမ်ပြီး အရင်က ကျင့်သုံးခဲ့တဲ့ စနစ်ဟောင်း၊ အကျင့်ဟောင်း၊ မူဟောင်းတွေနဲ့ လမ်းဟောင်းမှာပဲ ပျော်မွေ့အသားကျနေပြီး ပြုပြင်ပြောင်းလဲရေး ဆေးခါးကြီးကို မသောက်ချင်ကြဘူးလို့ သုံးသပ်မိပါတယ်။
မြန်မာပြည်က ပြည်သူပြည်သားတွေ ခမျာမှာတော့ လက်တွေ့ အကောင်အထည်ဖော်မှု အတော့်ကို နည်းနေသေးပေမယ့် သမ္မတမိန့်ခွန်းတွေထဲက ပြုပြင်ပြောင်းလဲရေး ဆိုတာတွေကို ကြိုဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်အတွက်၊ သူတို့တွေအတွက် တကယ်အကျိုးရှိနိုင်တယ် ဆိုတာကို သိနေတာကိုး။ ဒါကြောင့် လူလည်း မပြောင်းချင်၊ မူလည်းမပြောင်းချင်တဲ့ ရှေးရိုးစွဲတွေက နောက်ချန်နေခဲ့တဲ့ အတွက် ခေါင်းပဲ ရှေ့ကနေထွက်သွားပြီး ကိုယ်က ကျန်ခဲ့တာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံကို ကမ္ဘာ့ပထမတန်းနိုင်ငံဖြစ်အောင် လုပ်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် လီကွမ်ယုက သူ့ရဲ့ စာအုပ်တအုပ်မှာ ရေးဖူးပါတယ်၊ တိုင်းပြည်အုပ်ချုပ်ချင်တဲ့ ခေါင်းဆောင်တွေဟာ vision ရှိပြီး အမြင် ကျယ်တာအပြင် ရိုးသားမှုလည်း ရှိဖို့လိုပါတယ်တဲ့။ ကဲဒါဆိုရင် အမြင်ကျယ်ပြီး ရိုးရိုးသားသား တိုင်းပြည်အကျိုး ထမ်းရွက်မယ့်သူတွေ မြန်မာအစိုးရထဲမှာ ဘယ်နှယောက်ပါသလဲ မတ်တတ်ရပ်ပြပါလို့ မိဘပြည်သူတွေဘက်က တောင်းဆိုသင့်ပါတယ်။ သမ္မတက မိဘပြည်သူလို့ ပြောခဲ့လို့ သတိပေးတာပါ။
အစိုးရဘက်က တာဝန်ယူမှု ဘယ်လောက်ကင်းသလဲ ဆိုရင် ဒုတိယသမ္မတ တင်အောင်မြင့်ဦး နုတ်ထွက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အခုထက်ထိ အားလုံးကို ရေရေရာရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်မှာကော၊ သူ အရပ်သားတာဝန်ကို ထမ်းဆောင်စဉ်မှာပါ ရေနံသဘာဝဓာတ်ငွေ့ ရောင်းတဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ၊ နေပြည်တော် ဆောက်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဘဏ္ဍာငွေ ဒေါ်လာသန်းပေါင်း များစွာကို သူ့အိတ်ထဲ ထည့်သွားတယ် ဆိုတဲ့ သတင်းတွေ အခုထိ ထွက်နေဆဲပါ။ ဒီသတင်းတွေ မှန်၊ မမှန် ရှင်းဖို့ လိုပါတယ်။ သူဟာ အသွင်ကူးပြောင်းရေး စနစ်သစ်ကို မကြိုက်လို့ ထွက်တာလား၊ ခေါင်းရွေ့တဲ့ဘက်ကို မလိုက်နိုင်လို့ ထွက်စာတင်တာလား စဉ်းစားစရာပါ။
အခုလတ်တလောဖြစ်နေတဲ့ လျှပ်စစ်မီး ကိစ္စဟာလည်း ခေါင်းပဲရွေ့ပြီး ကိုယ်မရွေ့တဲ့ ကိစ္စနဲ့ ပတ်သက် နေပါတယ်။ အုပ်ချုပ်တဲ့ စနစ်ကြီးမှားနေတာ၊ အုပ်ချုပ်တဲ့ ဌာနဆိုင်ရာ လူတွေရဲ့ တာဝန်ယူမှု ကင်းမဲ့နေတာ၊ ပြုပြင်ပြောင်းလဲရေး အင်ဂျင်စက်ကြီး မနိုးသေးတာကို မီးမောင်း ထိုးပြလိုက်တာပါ။ အစိုးရဘက်က ဌာန ဆိုင်ရာတွေ ဝန်ကြီးဌာနတွေရဲ့ ဒီပြဿနာ ကို လတ်တလော ဖြေရှင်းပုံတွေက ဆေးမြီးတိုနဲ့ ကုစားနေတာပဲ ဖြစ်ပါတယ်။ အရင်တုန်းကလည်း ဒီလိုနည်းလမ်းဟောင်းတွေနဲ့ပဲ ကြိုးစားဖြေရှင်း ပေးခဲ့တာပါ။ ရေရှည် မခံပါဘူး၊ နာတာရှည်ရောဂါသည်ကို ဓာတ်စာလေးတိုက်ပြီး ကုဖို့ ကြိုးစားနေတာပါ။ ရှင်းရှင်းပြောရရင် အစိုးရဟာ စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေကို ပြည်သူတွေအတွက် မဖြည့်ဆည်းနိုင်ဘူး ဆိုတာ ပြနေပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကို ရေနံ၊ သဘာဝဓာတ်ငွေ့တွေ ရောင်းစားနေခဲ့တဲ့ ကိစ္စတွေ၊ အိမ်နီးချင်းတွေနဲ့ ရေအားလျှပ်စစ် စီမံကိန်း စာချုပ်တွေချုပ်ထားပြီး ရေနံ၊ သဘာဝဓာတ်ငွေ့တွေက ရောင်းလို့ရတဲ့ နိုင်ငံတော် ဘဏ္ဍာတွေ ဘယ်ရောက်ကုန်သလဲဆိုတဲ့ ကိစ္စတွေ ဒေသခံ ပြည်သူတွေ ဘာမှ သိခွင့်မရတဲ့ကိစ္စတွေဟာ ပွင့်လင်းမြင်သာမှုရှိရမယ်လို့ ပြောနေတဲ့ခေတ် မှာ ဝန်ကြီးဌာနတွေက ရေငုံနုတ်ပိတ်ထားပြီး တိုင်းပြည် အတွင်း အမှောင်ချထားနေဆဲ ဖြစ်ပါတယ်။
နောက်ဆုံးတော့ သမ္မတက ပြည်သူတွေ သဘောတွေ့မယ့်၊ နိုင်ငံတကာ သဘောကျမယ့် မိန့်ခွန်း လှလှလေးတွေ တခုပြီးတခု ပြောနေတာပဲ အဖတ်တင်ပြီး လက်တွေ့ အကောင်အထည် ဖော်ဆောင်မှု ဘာမှမရှိရင်တော့ လေထဲမှာ တိုက်အိမ်ဆောက်နေ သလိုပဲ မြန်မာပြည်အခြေအနေက ဘာမှ တိုးတက်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ဒီတပါတ်တော့ ကာတွန်းဆရာ ငွေကြည်ရဲ့ ခေါင်းပဲရွေ့ပြီး ကိုယ်မရွေ့တဲ့ ကာတွန်းလေးကို ကြည့်ပြီး သဘောကျနေမိပါတယ်။