ရွှေတိဂုံဘုရားနဲ့ မလှမ်းမကမ်း စိမ်းစိုတဲ့ရပ်ကွက်ထဲက ခြံဝင်းတခုရဲ့အပြင်မှာ ကားကိုရပ်လိုက်ပြီး ကိုဇော်သက်အောင်က သူ့သားကို လှမ်းပြောလိုက်ပါတယ်။ “သားရေ ဒီနေရာက ဗိုလ်ချုပ်အောင်ဆန်း နေသွားခဲ့တဲ့ နေရာပေါ့”သူ့ အမျိုးသမီးကလည်း ဟုတ်တယ်သားရဲ့ဆိုတဲ့သဘောနဲ့ ခေါင်းညိတ် ပြလိုက်ပါတယ်။
အဲ့ဒီနောက် လင်မယား ၂ ယောက်ဟာ သူတို့ရဲ့ တဦးတည်းသောသားလေးကို တောင်ကုန်းပေါ်မှာ တည်ဆောက်ထားပြီး ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်လို့ အမည်ပေးထားတဲ့ ကိုလိုနီပုံစံ ၂ ထပ် သစ်သားအိမ်ဆီ ခေါ်သွားကြပါတယ်။
“ဗိုလ်ချုပ်ကို ဓာတ်ပုံထဲမှာတော့ သူမြင်ဖူးတယ်။ ဒါကြောင့် ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး ပိုသိလာအောင် သူ့ကို ဒီခေါ်လာတာ” လို့ အသက် ၈ နှစ်အရွယ် မောင်တက်ထွဋ်အောင်ရဲ့ဖခင် ကိုဇော်သက်အောင်က ပြောပြပါတယ်။
အကြီးစားပြင်ဆင်မှုတွေ လုပ်ဖို့ဆိုပြီး ၅ နှစ်လောက် ပိတ်ထားခဲ့ပြီးတဲ့နောက် ဗိုလ်ချုပ်ရဲ့မိသားစုဘဝကို အများပြည်သူ လေ့လာနိုင် ဖို့ အခုဆိုရင် ဒီပြတိုက်ကို ပြန်ဖွင့် လိုက်ပါပြီ။
တောင်စောင်းမှာခတ်ထားတဲ့ တံတိုင်းတွေကို ပိုခိုင်ခံ့အောင်လုပ်တာ၊ အမိုး၊ လူသွားလမ်းနဲ့ လှေကားတွေကို ပြင်တာ စတဲ့ မွမ်းမံမှုတွေ လုပ်ပြီးတဲ့နောက် သက်တမ်း ၉၁ နှစ်ရှိပြီဖြစ်တဲ့ အဆောက်အအုံကို မတ်လ ၂၄ ရက်နေ့မှာ ပြန်ဖွင့် လိုက်တဲ့အကြောင်း ရန်ကုန် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူးနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသောင်းဝင်းက ရှင်းပြပါတယ်။
“ဒီနေရာကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ အဓိကရနိုင်တဲ့နေရာတခု ဖြစ်စေချင်ပါတယ်။ ပြီးတော့ လူ ငယ် တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်သူလဲ၊ သူဘယ်လိုနေထိုင်ခဲ့သလဲ ဆိုတာတွေကို နားလည်နိုင်ဖို့ လေ့လာစရာအဖြစ် နဲ့ လည်း ရှိစေချင်ပါတယ်”လို့ သူက ဆိုပါတယ်။
မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့မိသားစုဟာ ဒီအိမ်ကို ၁၉၄၅ ခုနှစ်မှာ တရုတ်လင်မယား ဆီက ငှားရမ်းပြီး နေထိုင်ခဲ့တာပါ။ ဗိုလ်ချုပ်ကတော့ ၁၉၄၇ ခုနှစ် ဂဠုန်ဦးစော လက်ချက်နဲ့ လုပ်ကြံမခံရခင် အထိ ဒီအိမ် မှာ ၂ နှစ်လောက် နေသွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။
ဗိုလ်ချုပ်ကျဆုံးပြီးတဲ့နောက် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ဟာ သားသမီး ၃ ယောက် (ဦးအောင်ဆန်းဦး၊ ဦးအောင်ဆန်းလင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်) ကို ကြည့်ရှုစောင့်ရှောက်ရင်း သားလတ်ဖြစ်သူ ဦးအောင်ဆန်းလင်း နေအိမ် ရေကူးကန်မှာ ရေနစ်ကွယ်လွန်ချိန် ၁၉၅၃ ခုနှစ်အထိ ဒီအိမ်မှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ တက္ကသိုလ်ရိပ်သာလမ်း အင်းလျားကန်ဘေးက အိမ်ကို ပြောင်း ရွှေ့ ခဲ့ပါတယ်။
မြန်မာအစိုးရက ဗိုလ်ချုပ်အောင်ဆန်းအရင်နေခဲ့တဲ့အိမ် (အခုပြတိုက်) ကို ၁၉၄၈ ခုနှစ်မှာ ကျပ်ငွေ ၃ သောင်းနဲ့ ဝယ်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ ပြတိုက်အဖြစ် ပြောင်းခဲ့တာလို့ မော်နီတာ အပါတ်စဉ်ဂျာနယ်ပါ ဆောင်းပါးတပုဒ်အရ သိရပါတယ်။
ဒါပေမယ့် ပြန်လည်မွမ်းမံဖို့ဆိုပြီး ၁၉၉၉ ကနေ ၂၀၀၇ ကြားမှာ ပြတိုက်ကို ယာယီပိတ်ထားခဲ့ပါတယ်။ အဲ့ဒီကာလတွေမှာ နှစ်စဉ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်ဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အာဇာနည်နေ့(ဇူလိုင် ၁၉) တရက်တည်းပဲ အများပြည်သူ လေ့လာနိုင်အောင် ပြတိုက်ကို ဖွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အလားတူ ပါပဲ။
တရားဝင်မှတ်တမ်းတွေအရ ပြတိုက်ပြန်ဖွင့်တဲ့ မတ်လ ၂၄ ကနေ မေလဆန်းအထိ နိုင်ငံခြားသား ၁၄၀ အပါအဝင် ပြတိုက်ကို လာလေ့လာသူ ၁၄၁၉ ယောက်ရှိသွားပြီလို့ သိရပါတယ်။ “ပြတိုက်ဆိုတာက အကျိုးအမြတ်ရတဲ့ ဝန်ဆောင်မှု မဟုတ်ဘူးလေ၊ ဒါကြောင့် လူတိုင်းလာကြည့်နိုင်အောင် ဝင်ကြေးကို သင့်တော်တဲ့နှုန်းထား (၁ ယောက်ကို ကျပ် ၃၀၀) သတ်မှတ်ထားတာပါ” လို့ ဦးသောင်းဝင်းက ပြောပြပါတယ်။
ပြတိုက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ပိုင်ပစ္စည်းပစ္စယအများအပြားကို ပြသထားတာ တွေ့ရပါတယ်။ အဲ့ဒီအရာတွေထဲမှာ သူလုပ်ကြံခံရတဲ့နေ့အထိ စီးခဲ့တဲ့ အင်္ဂလန်နိုင်ငံထုတ် Wolsely ကားအနက်ကနေ ၁၉၄၀ ခုနှစ်တွေ အစောပိုင်း အင်္ဂလန်ကို သွားတဲ့ခရီးစဉ်အတွင်းမှာ ပထမဆုံး အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး (Jawaharlal Nehru) ပေးခဲ့တဲ့ ကုတ်အကျႌ အရှည်ကြီး အထိ ပါဝင် ပါတယ်။
ဘာသာရပ်မျိုးစုံ (အသုံးချ သင်္ချာပညာ၊ လေကြောင်း ကာကွယ်ရေးကနေ နိုင်ငံတော်စီးပွားရေးနဲ့ ဒီ အိပ်ချ် လောရင့်စ် – D.H. Lawrence – ရဲ့ လက်ရွေးစဉ် ဝတ္ထုတိုတွေ အထိ) ပါဝင်တဲ့ စာအုပ်ပေါင်း ၂၄၀ ကိုလည်း ပြသထားတာ တွေ့ရ ပါတယ်။ စာပေဝါသနာရှင်တွေအတွက် စိတ်ဝင်စားစရာနေရာတခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အိမ်အောက်ထပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့မိသားစုရဲ့ ဓာတ်ပုံတွေ၊ ပန်းချီပုံတွေကို ပြသထားပြီး အပေါ်ထပ်က အထူး အစည်း အဝေးခန်းကိုတော့ ဗိုလ်ချုပ်မိန့်ခွန်းတချို့ထဲက ကောက်နုတ်ချက်တွေနဲ့ တန်ဆာဆင်ထားပါတယ်။ အဲ့ဒီအထဲမှာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး သူ့လမ်းညွှန်ချက်ထဲက “ကမ္ဘာပေါ်တွင် မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေမျှ ပြည့်စုံသည်မရှိ” ဆိုတဲ့ ကောက်နုတ်ချက်လည်း ပါဝင်ပါတယ်။
လွတ်လပ်ရေးသူရဲကောင်းရဲ့ နေအိမ်ဟာ ရိုးရှင်းမှုနဲ့သာ လွှမ်းခြုံနေပြီး ကြွားဝါမှုလက္ခဏာ ကင်းမဲ့နေပါတယ်။ အိမ်ထဲမှာ ရှိတဲ့ အရာတွေနဲ့ အိမ်ကိုတန်ဆာ ဆင်ထားတာတွေက ပျော်ရွှင်တဲ့ မိသားစုဘဝတခုအဖြစ် သာယာနိုင်ဖို့ ဘယ်သူ မဆိုလိုအပ်တဲ့ အခြေခံ လိုအပ်ချက်တွေသာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ပိုင်ဘဝအကြောင်းကို သိလိုလှတာမို့ မဝေဇင်တယောက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို မေလ ဆန်း မှာ အလည်သွားခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိပြီး လုပ်ငန်းစီမံဘာသာရပ်နဲ့ ဘွဲ့ရပြီးပေမယ့် ဘဝမှာ ပထမဆုံး အကြိမ် အဲ့ဒီ နေရာကို အလည်သွားဖြစ်တာပါ။ “ဗိုလ်ချုပ်ဟာ သိပ်ရိုးရှင်းတဲ့ ပုံစံနဲ့ နေထိုင်သွားခဲ့တယ်ဆိုတာ ကျမ အခုယုံပါပြီ” လို့ ပြတိုက်ကို လေ့လာအပြီးမှာ သူက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ အာဏာရှိတာတောင် အဲ့ဒီအာဏာနဲ့ သူ့ကိုယ်ကျိုးအတွက် ဘယ်သောအခါကမှ အသုံးမချ ခဲ့ဘူးဆိုတာ ကို သူအိမ့်မှာ ဇိမ်ခံပစ္စည်းတွေမရှိတာက အခိုင်အမာပြဆိုနေပါတယ်။ အဲ့ဒါကြောင့်လည်း တနိုင်ငံလုံးက သူ့အပေါ် ပိုပြီး လေးစား တန်ဖိုး ထားခဲ့တာပါ။ “အစိုးရထဲက တချို့လူတွေ ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူသင့်တယ်” လို့ အင်္ဂလိပ်စာနဲ့ ဘွဲ့ရထားတဲ့ အသက် ၂၄ နှစ်အရွယ် မမေမိုးက ဆိုပါတယ်။
ခေတ်မီ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ နိုင်ငံ့သူရဲကောင်းအဖြစ် ဆက်လက်အသိအမှတ်ပြုခံနေရပေမယ့် ဗိုလ်ချုပ် အောင်ဆန်း ကို လူထုရဲ့အသိကနေ ဖယ်ရှားတဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ သူ့ရဲ့ဂုဏ်သတင်းကို မှေးမှိန်အောင် ဆောင်ရွက်ခဲ့တဲ့ ကာလတခု လည်း ရှိခဲ့ပါတယ်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာလွှမ်းမိုးမှု မြင့်မား လာတဲ့အခါမှာ စစ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာမှန်သမျှကို ချောင်ထိုးခဲ့ပါတယ်။ အစိုးရကျောင်း တွေနဲ့ ရုံးတွေမှာရှိတဲ့ သူ့ရဲ့ ပုံတူပန်းချီ၊ ဓာတ်ပုံတွေကိုလည်း စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ ပုံတွေနဲ့ အစားထိုးခဲ့ပါတယ်။
ဒါ့အပြင် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ခြင်္သေဟာ မြန်မာ ငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်ပုံနေရာမှာ ၁၉၉၀ ခုနှစ်တွေကစလို့ အစားထိုးနေရာယူခဲ့ပြီး အာဇာနည်နေ့ဟာလည်း ပြီးခဲ့တဲ့နှစ်အထိ အသံတိတ် အခမ်းအနားတခုဖြစ်ခဲ့ပါတယ်။ မူလတန်း ကျောင်းသုံးစာအုပ်မှာလည်း ဗိုလ်ချုပ် အောင်ဆန်းအကြောင်း အကျဉ်းချုပ်သာ ဖော်ပြ ထားပြီး သူ့အထ္တုပ္ပတ္တိအဖြစ် စာကြောင်း ၁၀ ကြောင်းရှိတဲ့ ကဗျာတပုဒ် ထည့်သွင်းထားပါတယ်။
“စစ်အစိုးရဟောင်းရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် အခုဆိုရင် နောက်မျိုးဆက်လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်း ဘယ်သူ ဆို တာကို နည်းနည်းပဲသိကြတော့တယ်၊ ဒါမှမဟုတ်လည်း လုံးဝမသိကြတော့ဘူး”လို့ ကိုဇော်သက်အောင်က ပြောပြပါတယ်။
“ဘုရား ဘုရား ဗိုလ်ချုပ်ပုံတွေ ရောင်းနေကြလို့ တော်ပါသေးရဲ့။ အဲ့လိုမှမဟုတ်ရင် ဗိုလ်ချုပ်က ဘယ်လိုပုံမျိုးဆိုတာတောင် ကျနော် တို့ ကလေးတွေကို ပြစရာရှိမှာမဟုတ်ဘူး”လို့လည်း သူက ဆိုပါသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဟာ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီးတော့သာ မကပဲ သူ့ရဲ့အဆိုအမိန့်တွေကိုပါ နောင်လာနောက်သားတွေ ပိုပြီးသိလာစေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ကိုဇော်သက်အောင်က မျှော်လင့်နေပါတယ်။
“နိုင်ငံ့ အကျိုးစီးပွားအတွက် ရိုးသားပြီး ကိုယ်ကျိုးမငဲ့ဘဲ အလုပ်ကြိုးစားတဲ့ ‘အောင်ဆန်းစိတ်ဓာတ်ရှိတဲ့’ လူငယ်တွေ ကျနော်တို့ လိုတယ်၊ အထူးသဖြင့် နိုင်ငံက အသွင်ကူးပြောင်းနေတဲ့ အခုလိုကာလမှာ အဲ့ဒီလိုလူငယ်တွေ ကျနော်တို့ လိုတယ်” လို့ သူက ဆက်ပြောပါတယ်။
ပြတိုက်ကို ကြည့်ပြီးတဲ့အခါ သူ့သားက “သားကတော့ ဗိုလ်ချုပ်လို စစ်သားမဖြစ်ချင်ဘူး။ သေနတ်ဆို ကြောက်တယ်” လို့ သူ့မိဘတွေကို ပြောလိုက်ပါတယ်။ “ဒါပေမယ့် သားက ဆရာဝန်ဖြစ်ချင်တယ်၊ ပြီးတော့ ဗိုလ်ချုပ်လို ရိုးသားတဲ့ လူတယောက်လည်း ဖြစ်ချင်တယ်” တဲ့။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ရုံးပိတ်ရက်မှအပ ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့အထိ (နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ) ဖွင့်လှစ် လျက်ရှိသည်။ ဝင်ကြေးအဖြစ် လူကြီးတဦး (နိုင်ငံခြားသားအပါအဝင်) လျှင် ၃၀၀ ကျပ်နှင့် အသက် ၁၂ နှစ်အောက် ကလေးတဦးလျှင် ၁၀၀ ကျပ် သတ်မှတ်ထားသည်။ ကျောင်းသား/သူများအတွက် ဝင်ကြေး အခမဲ့ဖြစ်သည်။