နွေအညာသည် အလွန်ပူသည်။ ရန်ကုန်-မန္တလေး လမ်းသစ်ကြီးပေါ်မှ မောင်းနှင်လာသော ကားပေါ်တွင် ပူပြင်းသောလေကို ရှုရှိုက်ရင်း လမ်းဘေးဝဲယာမှ မြင်ကွင်းများဆီ စီးမြောနေသည်။ မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်သို့ ချိုးဝင်လိုက်သည်နှင့် အညာ၏ မူပိုင်ပုံရိပ်များက စောင့်ကြိုနေသည်။

ပူပြင်းသော နေရောင်ခြည်အောက်မှ ဖုန်တလိမ်းလိမ်း ရောစပ်နေသော မြင်ကွင်းတွင် လုပ်ငန်းခွင်ဝင်နေကြသော အညာသူအညာသား တောသူတောင်သားများစွာကို မြင်တွေ့ရသည်။ တချို့က နွားလှည်းမောင်းရင်း၊ တချို့က တရုတ်လုပ် ဆိုင်ကယ်မောင်းရင်း၊ တချို့က ထော်လာဂျီကို မောင်းနှင်ရင်း လုပ်ငန်းခွင်အသီးသီးတွင် မြင်ရသည်။
တဖြည်းဖြည်း ပြောင်းလဲလာသည့် မြင်ကွင်းများစွာထဲတွင် ထိုးထိုးထောင်ထောင် ထွက်နေသော ထန်းပင်အစုအဖွဲ့များကလည်း စိတ်ဝင်စားစရာကောင်းလှသည်။ မြန်မာတွေ ကြိုက်နှစ်သက်သည့် ထန်းရည်ချို၊ ထန်းရည်ခါး၊ မြန်မာအိမ်တိုင်း ဝယ်ယူသုံးဆောင်လေ့ရှိသည့် ထန်းလျက်၊ အေးမြသော ဆောင်းရာသီတွင် မီးလှုံရင်း စားကြသည့် ထန်းမြစ် စသည်တို့ကြောင့် ထန်းပင်တပင်လုံးတွင် ပစ်ရက်စရာမရှိဟု ပြောကြသည်။
ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပေါ်၊ ညောင်ဦးနှင့် ၁၇ မိုင်အကွာရှိ ထန်းတောမှ အဘရွှေက “ထန်းပင်က ထွက်သမျှကတော့ လွှင့်ပစ်စရာကို မရှိပါဘူး။ ထန်းရွက်ထန်းလက်တွေကို အဘတို့ဆီမှာ အိမ်မိုး၊ တဲမိုးကြတယ်။ ထန်းသီးခြောက်ကို ခွဲပြီး ထန်းမှုတ်လုပ်တယ်။ ထန်းဖိုက ထန်းနို့ခြောက်ကို ပြာချပြီး ကလေးအနာပေါက်ရင် ဆေးထည့်လို့ရတယ်။ ထန်းလက်မှာလည်း လူသုံးကုန်ပစ္စည်းဖြစ်တဲ့ ကုလားထိုင်တွေဘာတွေ လုပ်လို့ရတယ်။ နောက် အသုံးတည့်တာတွေလဲ အများကြီးရှိသေးတယ်” ဟု ရှင်းပြသည်။
“ထန်းပင်ကတော့ ထန်းဖိုပင်ရယ် ထန်းမပင်ရယ်ဆိုပြီး နှစ်မျိုးရှိတယ်။ ထန်းရည်က ပုံမှန် ၈ လလောက် ထွက်တယ်။ ထန်းဖိုရာသီက တပို့တွဲလကနေ ကဆုန်၊ နယုန်အထိပဲ။ ထန်းမကတော့ တန်းခူးကနေ တန်ဆောင်မုန်းအထိ ထွက်တယ်ဗျ” ဟု အဘရွှေက ဆိုသည်။
အညာနွေနေပူနှင့် ထန်းရည်ကား အလွန်လိုက်ဖက်သည်။ ထန်းရည်သောက်သူ တော်တော်များများသည် ထန်းပင်ခြေရင်းတွင် ထန်းလက်ဖျာခင်းပြီး ထန်းပင်ပေါ်မှ ထန်းတက်သမားချလာသော ပင်ကျရည်ကို အလွန်နှစ်သက်ကြသည်။
ပင်ကျရည် နှင့်ပတ်သက်ပြီး အဘရွှေ၏ သားဖြစ်သူ ကိုမောင်ပြုံးက အထက်အညာနှင့် အောက်အရပ် အသုံးအနှုန်း ကွဲပြားပုံကို ပြောပြသည်။
“ကျနော်တို့ဆီမှာ ပင်ကျရည်ဆိုတာ မရှိဘူးဗျ။ အဲဒီဟာက အောက်ပိုင်း ရန်ကုန်ဘက်ပိုင်းတွေက ထွက်လာတဲ့ အသုံးအနှုန်းပါ။ ကျနော်တို့ ဒေသမှာတော့ ထန်းပင်ပေါ်က ချလာတဲ့ ထန်းရည်ချိုကို ထန်းရည်ခါး ဖြစ်ဖို့အတွက် မြေပေါ်ရောက်မှပဲ အချဉ်ဖောက်ကြတာ။ အချဉ်ဖောက်တယ်ဆိုတာကလည်း ကောက်ညှင်းကို လှော်ပြီးထောင်းလို့ရတဲ့ အနယ်နဲ့ အချဉ်ဖောက်တာ။ အဲဒီလို အချဉ်ဖောက်ပြီး ၂၄ နာရီကြာမှ အခါးဖြစ်တာပါ။ လုံးဝမကျသေးခင် အောက်က ပွက်ပွက် ပွက်ပွက်နဲ့ နည်းနည်းလေးပွက်နေတဲ့ အချိန်မှာ လှယ်ပြီးသောက်ရင် အဲ့ဒါကို ပုဇွန်ဆိတ်ခုန်လို့ ခေါ်တယ်ဗျ။ သူက မခါးဘူး၊ အချိုဓာတ်ပါတယ်။ ချိုပြင်းပေါ့။ မူးတယ်။ အဲဒီ ပွက်ပွက် ပွက်ပွက်ဖြစ်နေတဲ့ အမြှုပ်တွေ ငြိမ်သွားပြီဆိုရင် ထန်းရည်က ကောင်းကင်မိုးပြာရောင် လဲ့လဲ့လေးဖြစ်သွားတယ်။ အဲဒီအချိန်မှာ လှယ်သောက်ရင် အဲ့ဒါကို ဒီဒေသမှာ ငှက်ခါးတောင်လို့ ခေါ်တယ်။ အဲဒါမှ ထန်းရည်ခါးအစစ်” ဟု ကိုမောင်ပြုံးက ရှင်းပြသည်။

“ပင်ကျရေဆိုတာလဲဗျာ၊ ထန်းရည်ကို အချဉ်ဖောက်တဲ့ အိုးကို ထန်းရည်စက်လေးတွေကျတဲ့ ထန်းစအောက်မှာ ခံထားပြီး ထန်းပင်ပေါ်မှာတင် အချဉ်ဖောက်လိုက်တာပဲဗျ။ ထန်းရည်က တစက်ချင်းကျနေတော့ ကျတဲ့အချိန်မှာ ဖောက်ပြီးသား ဖြစ်သွားတာပေါ့ဗျာ” ဟု ဆက်လက်ရှင်းပြပါသည်။
ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ တျာချင်းတွင် ထန်းတက်သမားတို့ ဘဝကို “နွေဦးကာလ၊ မြူထသောခါ၊ ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး” ဆိုပြီး ဖွဲ့ခဲ့သည်။ ယခုခေတ် ထန်းတက်သမားတွေ ဘဝကသည်လည်း ဘာများထူးခြားပါသနည်း။
ဤထန်းတောတွင် ကိုမောင်ပြုံးကိုယ်တိုင် ၈ တန်းကျောင်းသား အရွယ်ကတည်းက ထန်းတက်ခဲ့သည်။ ယခုလက်ရှိ ဓာတုဗေဒ အဓိကနှင့် သိပ္ပံဘွဲ့ရထားသော်လည်း မိဘလက်ငုတ်လက်ရင်းဖြစ်သော ထန်းအလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်နေသည်ဟု သိရသည်။ ထန်းတောအတွင်းမှာပင် ထန်းရည်ဆိုင်လေးကို ဆောက်လုပ်ထားသည်။ ကျယ်ဝန်းပြီး သပ်ရပ်လှသည့် ဆိုင်ကလေးကို ထန်းပင်မှထွက်သည့် ထန်းပစ္စည်းများဖြင့် ပြင်ဆင်ထားသည်။
“ဆိုင်ဖွင့်တာတော့ ၁၃ နှစ်လောက်ရှိပြီ။ ဒီဆိုင် မဖွင့်ခင်တုန်းကထိ ဆင်းဆင်းရဲရဲနဲ့ နေခဲ့ရတာပဲ။ ဒီဆိုင်လေး ဖွင့်ကာစကလည်း ရုန်းကန်ရတာပဲ။ နောက်မှ တဖြည်းဖြည်း အဆင်ပြေလာတာ။ အဘမှာက ကလေး ၅ ယောက်ရှိတယ်။ ၄ ယောက်က ဘွဲ့ရသွားပြီ။ ကျောင်းသားစရိတ်နဲ့ မိသားစုစရိတ်က ဒီဆိုင်လေးကြောင့်ပဲ အဆင်ပြေနေတာ” ဟု အဘရွှေက ဆိုင်နံရံတွင် ချိတ်ဆွဲထားသည့် သားသမီးများ၏ ဘွဲ့ဓာတ်ပုံများကို ကြည့်ရင်းပြောသည်။
ကိုမောင်ပြုံးက မိသားစု တနိုင်တပိုင်း ထန်းလုပ်ငန်းနှင့် ပတ်သက်၍ “ဒီဆိုင်မှာ ခင်းထားတဲ့ ထန်းလျက်၊ ထန်းအရက် (နှစ်စက်ရည်) တွေကို ကျနော်တို့ ကိုယ်တိုင်ပဲ လုပ်ပါတယ်။ ထန်းရည်တမြူဆိုရင် ထန်းလျက်က ၂၀ သားကနေ ၂၅ ကျပ်သားအထိရတယ်။ အဲဒီက ထွက်လာတဲ့ထန်းလျက်က ထန်းရည်ကောင်းရင် နည်းနည်းဖြူတယ်။ ပုံမှန်ကတော့ ထန်းလျက်က အညိုရောင်ပဲ။ ဖြူစွတ်နေတာ လိုချင်ရင်တော့ ချွတ်ဆေးနဲ့ ချွတ်ရတယ်။ ပွဲရုံတွေက ဖြူမှ ကြိုက်တယ်။ ဈေးကောင်းပေးတယ်” ဟု ရှင်းပြသည်။
ထန်းလျက်တချို့ကို ရန်ကုန်သို့ တိုက်ရိုက် ပို့ကြောင်း၊ တချို့ကို ရွားအနီး ပွဲရုံးများသို့ ပို့ကြောင်း၊ ရန်ကုန်က နယ်ထက် ကောက်ဈေး ၁၅၀ ခန့် ပိုရကြောင်း သိရသည်။
“ကျနော်တို့ ငယ်ငယ်တုန်းကတော့ ဖက်တောင်းနဲ့ ပို့တာပေါ့။ အခုတော့ ဂျပ်ဖာနဲ့ ဖြစ်သွားပြီ။ ပွဲရုံတွေကတော့ ထန်းတောင်သူရှိတဲ့ ရွာတိုင်းမှာရှိတယ်” ဟု ကိုမောင်ပြုံးက ဆိုသည်။
“အဘဆိုင်မှာတော့ ချွတ်ဆေးနဲ့ ချွတ်ထားတဲ့ ထန်းလျက်တွေ မရောင်းဘူး။ သဘာဝထန်းလျက်၊ ဇီးထန်းလျက်တွေပဲ ရောင်းတယ်။ သဘာဝထက် ဘယ်ဟာက ပိုကောင်းမလဲဗျာ … နော” ဟု အဘရွှေက ဝင်ပြောသည်။
နှစ်စက်ရည်ဆိုသည့် တံဆိပ်များကပ်ထားသော ပုလင်းများအကြောင်း မေးကြည့်ရာ “ထန်းအရက်ပါပဲ။ ထန်းလျက်ကို အရည်ဖြစ်အောင် မီးဖိုပေါ်မှာ ပြန်ဖျော်ပြီး ကောက်ညှင်းလှော်ထောင်းထားတဲ့ အရည်ထည့်ပြီးရင် အရက်ချက်တယ်။ အဲဒီ အရက်ချက်တော့ ပုလင်းထဲကို အစက်လေးတွေ တစက်ချင်းကျတယ်။ ချက်ထားတာကုန်သွားရင် တစက်ချင်းကျထားတဲ့ အရက်ကို နောက်တခါ ထပ်ချက်တယ်။ တစက်ချင်းပဲ ထပ်ကျတယ်။ အဲဒီလို နှစ်ခါပြန်ကျတဲ့ အရည်မို့လို့ နှစ်စက်ရည်လို့ ခေါ်တာပါ” ဟု ကိုမောင်ပြုံးက ရှင်းပြသည်။
ဈေးနှုန်းကိုမေးကြည့်တော့ တစ်လုံးကို ၆၀၀၀ ကျပ်ဟု သိရသည်။
ညနေပိုင်း ထန်းပင်တက်ဖို့အတွက် ကိုမောင်ပြုံး စတင်ပြင်ဆင်နေသည်။ ထန်းသမားတွေက ထန်းပင်ကို မနက်တကြိမ်၊ ညနေတကြိမ်တက်ကြပြီး တန်းခူးလထဲရောက်လျှင် နေ့ခင်းဘက်၌ ထန်းပြင်ရန် တကြိမ်တက်ရသည်ဟု သိရသည်။
သားဖြစ်သူ မောင်ပြုံး ထန်းပင်တက်သည်ကို ကြည့်ရင်း အဘရွှေက “ထန်းပင်တက်ရတာလည်း အသက်ကို ဖက်နဲ့ထုပ်ပြီး တက်ရတာ။ အဘတသက်မှာ ထန်းပင်ပေါ်က ပြုတ်ကျပြီး သေသွားတဲ့ ထန်းသမားတွေ အများကြီးတွေ့ဖူးတယ်။ တချို့များဆို မိသားစုက ရွာထဲအလုပ်သွားလုပ်ကြ၊ ပြန်လာတဲ့အချိန် အဖေကြီးက ထန်းပင်ပေါ်က ပြုတ်ကျပြီး သေနေတာတွေ့ရတယ်။ ပြုတ်ကျလို့ကတော့ သေရင်သေပဲ၊မသေလို့ ဒုက္ခိတဖြစ်လို့ကတော့ ကျန်တဲ့မိသားစုမှာ ဒုက္ခရောက်ကရော။ ဆေးကုဖို့က ငွေမရှိနဲ့ ဆိုတော့ …။ ဒါကြောင့် ထန်းသမားတွေအကုန်လုံးက ထန်းပင်ပေါ်က ပြုတ်ကျပြီဆိုရင် တခါထဲသေဖို့ ဆုတောင်းကြတယ်” ထန်းတက်သမားတို့ အသက်နှင့် ရင်းရပုံကို ပြောပြသည်။
“ထန်းပင်တွေကလဲ အဘရဲ့ အဘိုးအဘေးတွေရဲ့ အမွေဆိုတော့ အဘလက်ထဲ ရောက်တော့လည်း ဒီထန်းအလုပ်ပဲ လုပ်ခဲ့ရတယ်။ အခု အဘရဲ့ သားတွေကိုလည်း ဒီထန်းပင်တွေပဲ အမွေပေးစရာရှိတယ်။ ဖြစ်နိုင်ရင် လူငယ်လေးတွေ ပညာတွေတတ်ကြလျက်နဲ့ ထန်းပင်ပေါ် မတက်စေချင်ဘူး။ သူတို့က တက်လူတွေလေ။ သူတို့လေးတွေ ထန်းပင်ပေါ်တက်နေတာ တွေ့ရတော့ အဘ စိတ်မကောင်းဘူး” ဟု အဘရွှေက မျက်ရည်စို့လျက် ပြောသည်။
အဘပြောပြနေတဲ့ စကားတွေကို ဒီထန်းပင်တွေ ကြားသွားရင် အဘရွှေကိုများ စိတ်ဆိုးသွားမလားဟု တွေးမိသည်။
ထန်းပင်တပင်သည် တန်ဖိုးကြီးလှသည်။ မိသားစုစားဝတ်နေရေးအတွက် ထန်းပင်တက်နေရသော ထန်းတက်သမားတွေ၏ အသက်ကလည်း ပို၍ ပို၍ တန်ဖိုးကြီးလှသည် မဟုတ်ပါလော။