ဆောင်းပါး

ရန်ကုန် သွားရေး လာရေး အဆင်မပြေသေး ...

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တွင် အချိန်ကာလကြာရှည်စွာ မြို့တွင်းခရီးသွားများ နိစ္စဓူဝ ကြုံတွေ့နေကြရသည့် ယာဉ်အစီးရေနှင့် ခရီးသည် မမျှတမှု အချိုးအစားမှာ တနေ့တခြားကြီးထွား လာနေသည်။

ချိုင့်ခွက် အရွယ်အစားမျိုးစုံဖြင့် ပြည့်နှက်နေသည့် ရန်ကုန် လမ်းမကြီးများပေါ်တွင် နေ့စဉ်ပြေးဆွဲနေကြသည့် ယာဉ်လိုင်းများက တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းကမှ စတင်ပေါ်ထွက်လာသည့် အထူးသီးသန့်ဟူသော မထသ၊ ပါရမီ၊ အဓိပတိ၊ ရွှေဧည့်သည် ဟူသည့် ယာဉ်လိုင်းများသည်လည်း အခြားယာဉ်လိုင်းများထက် ဈေးနှုန်းပိုများသည်မှလွဲ၍ တစုံတရာ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုမျိုး ခရီးသည်များကို မပေးနိုင်ကြပေ။

နေ့စဉ် ဆိုသကဲ့သို့ နံနက် ၇ နာရီမှ ၁၀ နာရီအကြားနှင့် ညနေ ၅ နာရီမှ ည ၈ နာရီအကြား ပြေးဆွဲနေသည့် ယာဉ်လိုင်းမျိုးစုံ ပေါ်တွင် အသက်အရွယ်စုံ အမျိုးသား၊ အမျိုးသမီးများမှာ ရင်ချင်း အပ်ပြီး လည်းကောင်း၊ ကျောခြင်းကပ်ပြီး လည်းကောင်း၊ တဦးနှင့် တဦး ထပ်လျက်လည်းကောင်း၊ အတက်အဆင်း ခြေနင်းနေရာများအထိ တွယ်စီးကြပြီး လည်းကောင်း ပုံသဏ္ဍာန်မျိုးစုံဖြင့် လိုက်ပါနေကြရသည်။

ထို့အပြင် ဟောင်းနွမ်းပြီး အစိတ်အပိုင်းများစွာ ကျိုးပဲ့ ပျက်စီးနေပြီဖြစ်သည့် ယာဉ်အိုယာဉ်ဟောင်းများကိုသာ အသုံးပြုနေကြရခြင်း နှင့်တချိန်တည်းမှာပင် သက်သောင့်သက်သာ ဖြစ်သည့် ဝန်ဆောင်မှုမျိုးကို ယခုအချိန်အထိ မရရှိကြသေးပေ။

ရန်ကုန်မြို့၏ ခရီးသွားပမာဏ တဖြည်းဖြည်းမြင့်တက်လာခြင်းအပေါ်တွင် အစိုးရက လိုအပ်သည့်ယာဉ်စီးရေနှင့် ကောင်းမွန်သည့် ဝန်ဆောင်မှုများကို သေချာစွာမဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်ယာဉ်မောင်းတချို့က ပြောကြသည်။

“ရန်ကုန်မြို့ရဲ့လမ်းမတွေ တနေ့တခြား ပိုပိုဆိုးဝါးလာနေတဲ့အပေါ်မှာ မြို့တွင်းပြေးဆွဲနေကြတဲ့ ယာဉ်လိုင်းတွေရဲ့ အဂါၤမစုံတော့တဲ့ ပြဿနာ၊ ခရီးသည်အင်အားနဲ့ လက်ရှိယာဉ်အင်အားက ဘယ်လိုမှ မမျှတနိုင်တော့တဲ့အခြေအနေက ဆက်စပ်နေတယ်။ ကြာ လာ ရင် မကောင်းတော့ဘူး။ လမ်းတွေမကောင်းတဲ့အပေါ် ယာဉ်ကပါမကောင်းတော့ဘူး။ အဲ့ဒီ အပေါ်မှာ ခရီးသည်ဝိတ်က တအား များနေတာတွေက ကြာလာရင်ပြဿနာ ဖြစ်လာမှာ သေချာတယ်။ အဓိကအချက်ကို မြန်မြန်ဆန်ဆန် ပြင်ဆင်ပေးဖို့ အစိုးရ လုပ်သင့်  ပြီ။ ဒီကဏ္ဍကလည်း တခြားကဏ္ဍတွေလို အရေးကြီးနေပါတယ်”ဟု စင်္ကာပူနိုင်ငံရောက် လမ်းတံတား အင်ဂျင်နီယာ အမျိုးသား တဦးက ပြောကြားသည်။

ဆယ်စုနှစ် တစုကျော်ကြာ သေချာစွာပြန်လည်ပြင်ဆင်မှုမရှိသေးသည့် ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများပေါ်တွင် အချိန်နှင့်အမျှပြေးဆွဲနေကြသည့် ယာဉ်လိုင်းများကို စီးနင်းလိုက်ပါနေသူခရီးသည် အရေအတွက်မှာ နေ့စဉ် သိန်းသုံးဆယ် နီးပါးရှိပြီး မထသ ယာဉ်လိုင်း တခုတည်းသည်ပင် နေ့စဉ် ခရီးသွားပြည်သူ သိန်း ၂၀ နီးပါးကို သယ်ယူပို့ဆောင် ပေးနေရသည်။

ရန်ကုန်မြို့တွင်း နေ့စဉ်သွားလာနေကြသည့် ခရီးသွား သိန်း ၃၀ နီးပါးအသုံးပြုနေကြသည့် ယာဉ်လိုင်းများ၏ သုံးပုံတပုံမှာ အထူး သီးသန့် ဟူသော ယာဉ်များပင်ဖြစ်သည်ဟု မထသ ယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

“ယာဉ်လိုင်းတွေနဲ့ ခရီးသည်မမျှတတော့တာ မှန်ပါတယ်။ ဒါက အခုချိန်မှမဟုတ်ဘဲ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော် ကာလကတည်း ကပါ။ ယာဉ်လိုင်းတွေ ထပ်တိုးလာလည်း ခရီးသည်အင်အားကို မထိန်းနိုင်ဘူးဆိုတာ ယာဉ်လိုင်းအရေအတွက် နည်းနေသေးလို့ပါ။ ရှင်းနေတာပဲ။ ဒါကို ယာဉ်လိုင်းတွေကလည်း ထပ်ဖြည့်ဖို့လုပ်နေကြပါတယ်”ဟု အထက်ပါ မထသ တာဝန်ရှိသူက ဆက်လက်ပြော ကြားသည်။

မှတ်တိုင်တွင် ချောင်သည့်ကားကို စောင့်မျှော်နေသူတချို့ (ဓာတ်ပုံ - blogcatalog.com)

ယခုလက်ရှိ မြန်မာနိုင်ငံတွင် တန်ဖိုးပိုမိုသက်သာသည့် မိုဘိုင်းဖုန်းများကို ချထားပေးခြင်း၊ အသစ်ပြင်ဆင်လိုက်သည့် မော်တော် ယာဉ် တင်သွင်းခွင့် မူဝါဒသစ်များ သတ်မှတ်ပေးခြင်း၊ အခွန်ကဏ္ဍတွင် လျှော့ပေါ့ပေးခြင်းများသည် လူတန်းစားတချို့အတွက် အဆင်ပြေလာစေသော်လည်း အခြေခံလူတန်းစား အများဆုံး အားထားနေရသည့် မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်မူ သိသာသည့်ပြောင်းလဲမှု တစုံတရာ ပေါ်ထွက်လာခြင်း မရှိသေးပေ။

နေ့စဉ် ယာဉ်လိုင်းပေါင်း ၅၀ ကျော်က ပြေးဆွဲနေသည့် ယာဉ်အစီးရေမှာ ၁၅၀၀ နှင့် ၁၆၀၀ ကြားတွင်ရှိနေသည်။ ယင်းပမာဏ၏ သုံးပုံတပုံမှာ အနည်းဆုံး ယာဉ်စီးခ၂၀၀ ကျပ်မှ အများဆုံး ၃၀၀ အထိရှိသော အထူးမဟုတ်တော့သည့် သီးသန့် ယာဉ်လိုင်း အမည် ခံ လိုင်းများပင်ဖြစ်သည်။

နိုင်ငံတခု၏ အဓိကကျသော စီးပွားရေးလုပ်ငန်း တိုးတက်ကောင်းမွန်ရန်အတွက် နောက်ထပ် အဓိကကျသည့် အခြေခံလုပ်သား အများဆုံး အသုံးပြုနေကြသည့် ယာဉ်လိုင်းများ၏ အခန်းကဏ္ဍသည် လက်ရှိအချိန်တွင် ပိုမိုအရေးပါလာပြီဖြစ်ကြောင်း ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ဒီမှာသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သတ်ပြီး အဓိကလုပ်သင့်တာက အများကြီးပဲ။ ပထမ လမ်းတွေပြင်ရမယ်။ အပေါ်ယံမရဘူး။ နောက် ယာဉ်လိုင်းတွေ ထပ်တိုးရမယ်။ အများကြီးပေါ့။ နောက် ခရီးသည်တွေကို သက်သောင့်သက်သာဖြစ်စေမယ့် ဝန်ဆောင်မှုမျိုးပေးဖို့ တော်တော်ကို လိုအပ်နေပြီ။ ဒီအချက်က တော်တော်အရေးကြီးတယ် လေ”ဟု ယာဉ်မောင်းလုပ်သက် ၁၀ နှစ်ကျော်ရှိပြီဖြစ် သည့် အသက် ၅၀ အရွယ်ရှိ မထသ ယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်မြို့တွင်း နေ့စဉ်နှင့်အမျှ ယာဉ်လိုင်းများကို စီးနင်းအသုံးပြုနေကြသည့် ခရီးသွားအများစု အဓိက ကြုံတွေ့နေကြရသည့် ပြ ဿနာ များမှာ ယာဉ်တစီး၏ အင်္ဂါရပ် ပြည့်စုံမှုမရှိတော့သည့် ယာဉ်အိုများကို စီးနင်းရခြင်း၊ ခရီးသည်များ၏ အသက်အန္တရာယ်လုံခြုံ ရေးထက် ဝင်ငွေပိုမိုရရှိရေးကိုသာ ဦးစားပေးသည့် ယာဉ်လိုင်းအရေအတွက်က များပြားနေခြင်း၊ အထူး အမည်ခံ သီးသန့်ကားများသည် ရိုးရိုးယာဉ်လိုင်းများထက် ခရီးသည်ပိုမိုတင်ဆောင်ခြင်းနှင့် အမျိုးသမီးများ၏ ကာအိန္ဒြေ လုံခြုံမှုကို မပေးနိုင်ခြင်းတို့ဖြစ်သည် ဟု ခရီးသည်တချို့က ပြောကြသည်။

“ဟိုအရင်ကတည်းကလည်း ယာဉ်လိုင်းတွေ ကျပ်ခဲ့တာ အခုထိပဲ။ ဘာမှ ပြောင်းလဲလာတာ မရှိဘူး။ တနေ့တနေ့ လိုင်းကားစီးရတဲ့ ဒုက္ခက မနည်းလှဘူး။ အမျိုးသမီးတွေအတွက်ဆို ပိုဆိုးပါတယ်။ အမျိုးသမီးတွေလည်း အမျိုးသားများနည်းတူ ခိုစီး၊ တွယ်စီး နေရ တာတွေက အများအမြင် မကောင်းတော့ဘူး။ ဒီ သယ်ယူပို့ ဆောင်ရေးကဏ္ဍကို သိသိသာသာတော့ ပြောင်းလဲပေးဖို့ လိုနေပါပြီ” ဟု အသက် ၃၅ နှစ်ခန့်ရှိ နေ့စဉ် လိုင်းကားအသုံးပြုရသူ ကုမ္ပဏီ မန်နေဂျာတဦးက ဆိုသည်။

မထသနှင့် ပါရမီ ယာဉ်လိုင်းတို့မှ တာဝန်ရှိသူများ၏ အဆိုအရ နောက်ထပ် ထပ်မံဖြည့်တင်းမည့် ယာဉ်လိုင်း အရေအတွက် ငါးခု အထိ ရှိနေပြီး လတ်တလောတွင် စီအင်န်ဂျီ ဓာတ်ငွေ့ လုံလောက်စွာ မရရှိသောကြောင့် မပြေးဆွဲနိုင်သေးခြင်းဖြစ်သည်ဟု သိရ သည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် စင်္ကာပူ ကဲ့သို့သော နိုင်ငံများတွင် အခြေခံလူတန်းစား အများဆုံး အသုံးပြုကြသည့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍများကို နိုင်ငံခြားသားများပါ အသုံးပြုနိုင်ကြသည့်တချိန်တည်း၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများနှင့် ကမ္ဘာလှည့် ခရီးသွားများမှာ သီးသန့် အငှားယာဉ်များကိုသာ အများဆုံးအသုံးပြုနေကြရသည်ဟု ပြည်ပရောက် မြန်မာနိုင်ငံသား တချို့က ပြောသည်။

“လက်ရှိပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ နိုင်ငံတနိုင်ငံကို နိုင်ငံတကာက ကြည့်မယ်ဆိုရင် ဒီလိုမြို့တွင်း သယ်ယူပို့ဆောင်ရေး က အစ ကြည့်တော့မှာ။ ဒါကိုချန်ထားလို့ မရဘူး။ ဥပမာ ထိုင်းမှာ ကြည့်မလား၊ စင်္ကာပူမှာ ကြည့်မလား။ အများပြည်သူ အတွက် ဈေးနှုန်းသင့်တင့်တဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍ တခု အောင်မြင်ဖို့ တော်တော် အရေးကြီးတယ်။ လက်ရှိ မြို့တွင်း ပြေးဆွဲနေတဲ့ သယ် ယူပို့ဆောင်ရေးစနစ်ကိုပါ အခုကစပြီး လုံးဝအသစ်ဖြစ်အောင် ပြောင်းလဲပစ်ဖို့ လိုနေပြီ။ အခြေခံလူတန်းစားတွေ အတွက်လည်းကြည့် ရမယ်။ နိုင်ငံတကာက ဝင်လာမယ့်ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း ကြည့်ရမယ်”ဟု နိုင်ငံတကာအတွေ့အကြုံရှိသည့် ပြည် တွင်း စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောဆိုသည်။

အထက်ပါပြဿနာများအပြင် ခရီးသည် ဝန်ဆောင်မှု ကောင်းစွာပေးနိုင်မည့် ကျွမ်းကျင်ယာဉ်လုပ်သား လိုအပ်မှုသည်လည်း တဆက်တည်းဖြစ်နေသည့် အကြောင်းအရင်းတခု ဖြစ်သည်။

“ဥပမာ ခရီးသည်နဲ့ အဓိကဆက်ဆံရတဲ့ ယာဉ်နောက်လိုက်ပေါ့။ သူတို့ရဲ့ ခရီးသည်ကိုဆက်ဆံတဲ့ဝန်ဆောင်မှုက အရမ်းအရေးကြီး တယ်။ အခုလက်ရှိ ယာဉ်နောက်လိုက်အများစုရဲ့ ခရီးသည် ဝန်ဆောင်မှုက အခြေအနေဆိုးနေတယ်။ ဒါက အစိုးရရဲ့လိုအပ်ချက်ပါပါတယ်။ သူတို့ ကောင်းကောင်း သင်ကြားပေးဖို့ လိုတယ်”ဟု ရန်ကုန်မြို့တွင်း နေထိုင်သူ အငြိမ်းစား ကျောင်းအုပ် ဆရာတဦးက လည်း ပြောကြားသည်။

လက်ရှိကြုံတွေ့နေရသည့် မြို့တွင်းယာဉ်လိုင်းများ၏ ပြဿနာကို ဖြေရှင်းရာတွင် အစိုးရအနေဖြင့် ပြည်သူနှင့်တသားတည်းကျမည့် ပုဂ္ဂလိက ယာဉ်လိုင်းများကိုလည်း အများအပြားခွင့်ပြုသင့်ကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တချို့က အကြံပြု ကြသည်။

အစိုးရအနေဖြင့် မြို့တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ခရီးသည်နှင့် ယာဉ်လိုင်းမျှတရန် ယာဉ်လိုင်းများ ထပ်မံဖြည့်တင်းပေး မည် ဆိုလျှင်လည်း လက်ရှိ ရန်ကုန်မြို့၏ လမ်း စနစ်များနှင့် အံဝင်ခွင်ကျဖြစ်မည်မဟုတ်ဘဲ သွားလာရေး ပိုမိုခက်ခဲလာစေမည်ဖြစ် သည်။

ဤသို့သော ဘတ်စ်ကား အိုကြီးများနှင့်လည်း ရန်ကုန်သားများ သွားလာကြရ (ဓာတ်ပုံ - molon.de)

မြို့တွင်းသယ်ယူပို့ဆောင်ရေးတွင် ယာဉ်အစီးရေများကို ထပ်မံဖြည့်တင်းမည်ဆိုလျှင် လက်ရှိ လမ်း စနစ်များကို ယခုထက် ပိုမို ကောင်းမွန်ရန် ဆောင်ရွက်ခြင်းနှင့် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ မီးပွိုင့်ပိတ်ဆို့မှုနှင့် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာများ စသည်တို့ကို စနစ်တကျ စီမံခန့်ခွဲပေးရန် လိုအပ်မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံရောက် လမ်း တံတား အင်ဂျင်နီယာ တဦးက ဆို သည်။

ထို့ကြောင့် လက်ရှိအချိန်အထိ ကာလကြာရှည်စွာ ကြုံတွေ့နေရသည့် မြို့တွင်း သယ်ယူပို့ဆောင်ရေးပြဿနာသည် အလျှင်အမြန် ဖြေရှင်းရတော့မည့် အခန်းကဏ္ဍ တခု ဖြစ်နေပါသည်။     ။

Loading