“အညံ့စား ဆန်တပြည် ၈၅၀ ရှိတယ်၊ ကုန်ဈေးနှုန်းတက်တယ်၊ ဒါကြောင့် သမီးတို့ လုပ်ခလစာ တိုးတောင်းရတာပါ” လို့ ဆိုလာသူက အသက် ၁၆ နှစ် အရွယ် လှိုင်သာယာ စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းက တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမ မနွယ်နီထွန်းပါ။
အဆက်မပြတ်ရွာသွန်းနေတဲ့ ရန်ကုန်မိုးအောက်မှာ အလုပ်သမ စုစုပေါင်း ၂၀၀ ကျော်လောက် မနွယ်နီထွန်းနဲ့အတူ ထီးတွေဆောင်းပြီး စက်ရုံ ဝင်ပေါက်ရှေ့မှာ လုပ်ခလစာတိုးမြှင့်ရေး အတွက် ဆန္ဒပြနေကြပါတယ်။
စိုစွတ်နေတဲ့ မိုးရေတွေအကြား ခြေဆင်း ထိုင်သူထိုင်၊ မတ်တပ်ရပ်သူ ရပ်နဲ့ တောင်းဆိုချက် မရမချင်းဆန္ဒပြမယ်လို့လည်း အလုပ်သမ အများစုက ဆိုပါတယ်။
အသက်အရွယ်အားဖြင့် အမျိုးမျိုးကွာခြားပေမယ့် တူညီတဲ့ အချက်ကတော့ လာရောက်ပြီး မေးမြန်တဲ့ မီဒီယာသမားတွေကိုပဲဖြစ်စေ၊ စာနာစိတ်နဲ့ မေးမြန်းတဲ့ သူတွေကိုပဲ ဖြစ်စေ အားလုံးဝိုင်းအုံလို အားတက်သရော၊ တယောက်တပေါက် သူတို့ ရည်ရွယ်ချက်ကို ရှင်းပြကြပါတယ်။
သမီးက ၁၆ နှစ်၊ ၁၉ နှစ်၊ ၂၀ စတဲ့ စကားတွေကို ယဉ်ကျေးစွာ ပြုံးရယ်ပြီး ပေါ့ပေါ့ပါးပါး ဖြေကြားနေပေမယ့်၊ အားလုံးဟာ စာသင်ကျောင်းကို စွန့်ခွာပြီး အိမ်ရဲ့ တာဝန်တွေကို ယူနေရသူတွေပါ။
သူတို့လေးတွေ အများစုကတော့ ဒေသတွင်း အုပ်စုလိုက် ရွှေ့ပြောင်းမှု (Internal Migration) လို့ ဆိုရမယ့် မိမိရပ်ရွာမှာ အလုပ်အကိုင် အဆင်မပြေတဲ့အတွက် အလုပ်အကိုင် ပေါများတဲ့ အရပ်ကို ရွှေ့ပြောင်းလာသူတွေ ဖြစ်ပါတယ်။
မြို့ကြီးပြကြီးဖြစ်တဲ့ ရန်ကုန်မြို့ကို လမ်းကြောင်းသင့်ရာ ဧရာဝတီတိုင်း ပုသိမ်၊ ကျုံမငေး၊ ညောင်တုန်း၊ စက်ကော့၊ဆားမလောက် စတဲ့ ဒေသတွေက အပြင် အညာဒေသကလည်း လာရောက်လို့ လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်နဲ့ တခြား စက်ရုံတွေမှာ သင့်တင့်တဲ့ အလုပ်တွေကို လုပ်ကိုင် နေသူတွေဖြစ်ပါတယ်။
အများစုရဲ့ ဝင်ငွေကတော့ လုပ်ခလစာ ကျပ် ၃ သောင်းခွဲကနေ ၆ သောင်းအထိ ရရှိပြီး ဒီဝင်ငွေနဲ့ အိမ်ငှား၊ အဆောင်ငှား စရိတ်နဲ့ စားစရိတ်ကိုနုတ်၊ ကျန်ငွေကို ဇာတိမှာ ကျန်ခဲ့တဲ့ မိဘမောင်ဘွားတွေကို ထောက်ပံ့ ရတဲ့အတွက် ပိုလျှံမှု မရှိဘူးလို့ သိရတယ်။
ပါးမှာ သနပ်ခါး ပါးကွက်ကြားကွက်လို့ သင့်တင့်လုံခြုံတဲ့ အဝတ်အစားလေးတွေကို ဝတ်ဆင်ထားပေမယ့် အားလုံးကတော့ ဆင်းရဲနွမ်းပါးတဲ့ အသွင်ကို ဆောင်နေကြပါတယ်။
၁၅ နှစ်အရွယ်သာ ရှိသေးတဲ့ ၉ တန်းကျောင်းသူ မအေးအေးမွန်ကတော့ ကျောင်းပိတ်ချိန် ခဏ အလုပ်ဝင်ရောက် လုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။
“သမီးက ကျောင်းပိတ်တုန်း အစ်မနဲ့အတူ အလုပ်ဝင်လုပ်တာ၊ အကူပေါ့၊ တလပဲရှိသေးတယ်။ ၁ သောင်းကျော်တော့ ရပါတယ်၊ အိမ်အတွက်ပေါ့။ အခုတော့ အစ်မတွေလိုပဲ သပိတ်မှောက်လိုက်တယ်” လို့ သူက ပြောပါတယ်။
အလုပ်သမားတွေရဲ့အရေးကို အားတက်သရော လိုက်ပါဆောင်ရွက်နေသူ တိုင်ရီအလုပ်သမားသပိတ် ခေါင်းဆောင် ကိုမျိုးမင်းသိန်း ကတော့ အခုလို အလုပ်သမား သပိတ်တွေ နေရာအနှံ့ ဖြစ်နေရတာဟာ အစိုးရဝန်ထမ်းတွေ လစာတိုးပေမယ့် ပုဂ္ဂလိက အလုပ်သမားတွေ လစာတိုးမြှင့်မရလို့၊ လစာမတိုးပေမယ့် ကုန်ဈေးနှုန်းက ဒလဟော တက်လာပြီး အဆင်မပြေမှုတွေ များလာတဲ့အတွက်ကြောင့် ဖြစ်တယ် ဆိုတာကို ရှင်းပြတယ်။
ဒါ့အပြင် အလုပ်သမားရပိုင်ခွင့်၊ အပိုအလုပ်ချိန်ကြေး၊ နားနေခွင့်၊ ရက်ပျက်အတွက် ပေးလျှော်ရတဲ့ ဒဏ်ကြေး၊ အလုပ်ခွင် အတွင်း ထိုင်ရာကမထရဆိုတဲ့ အတင်းမဓမ္မ ခိုင်းစေမှု၊ တနေ့ အပေါ့အပါး နှစ်ကြိမ်သာသွားရမယ်လို့ ကန့်သတ်ချုပ်ချယ်မှုတွေ ကြောင့် အခုလို ဆန္ဒ ဖော်ထုတ်ရတာလို့လည်း သူက ဆိုပါတယ်။
လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်ရှင် အလုပ်သမားပြဿနာတွေ မကြာခဏဖြစ်ပေါ် နေပေမယ့် အစိုးရ တာဝန်ရှိသူတွေက ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးခြင်း မရှိဘူး၊ ဒါကြောင့်လည်း ဒီလို အလုပ်သမားအရေးတွေ အစိုးရအနေနဲ့ ပြေလည် အောင်ဖြေရှင်းပေးသင့်တယ်လို့ ယူဆတယ် ဆိုတဲ့အကြောင်း သူကပြောပါတယ်။
အလုပ်သမားဆန္ဒပြမှုတွေ မကြာခဏ ဖြစ်ပွားလာတဲ့ လှိုင်သာယာစက်မှုဇုန်မှာ စက်ရုံပိုင်ရှင် အများစုက ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံ အာဏာပိုင်တချို့ကို စည်းရုံးပြီး အလုပ်သမားတွေကို စောင့်ကြည့်နေတာ တွေ့ရပါတယ်။
တော်ဝင်မြန်မာ စက်ရုံမှာဆိုရင် စက်ရုံပေါက်ဝကို ပိတ်ဆို့ထားတဲ့ ဆန္ဒပြအလုပ်သမ တဦးကို စက်ရုံစောင့် အမျိုးသားတဦးက ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာရခဲ့ပြီး အမှုဖွင့် တိုင်ကြားဖို့ လုပ်ဆောင်နေကြပါတယ်။
အလားတူ မနီးမဝေး လမ်းတလမ်း မှာရှိတဲ့ မြနှင်းဆီ အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမ ၁၀၀ ကျော် ဆန္ဒ ပြနေပြီး သူတို့ရဲ့ စားဝတ်နေရေး မပြေလည်မှုတွေကြောင့် လစာတိုးမြှင့်ဖို့ တောင်းဆိုတာအပြင် အလုပ်ရှင်နဲ့ အလုပ်သမား အကြား ဆက်ဆံရေး စတဲ့ ကိစ္စရပ်တွေကိုလည်း ပြေလည်အောင် ဖြေရှင်းချင်တယ်လို့ သိရပါတယ်။
သူတို့အတွက် လုပ်ခလစာကို နောက်ထပ် ၂ သောင်းလောက် တိုးမြှင့်ပေးဖို့ တောင်းဆိုထားပေမယ့်လည်း စက်ရုံကတော့ ကျပ် ၅ထောင်ပဲ တိုးမြှင့်ပေးတဲ့ အကြောင်း၊ ဒါကြောင့် မရမချင်း တောင်းဆိုသွားမှာ ဖြစ်တဲ့အကြောင်း အလုပ်သမတွေက ဆိုပါတယ်။
Hall Mark တံဆိပ်နဲ့ ဂျပန်နိုင်ငံကို အဝတ်အထည်တင်သွင်းနေတဲ့ မြနှင်းဆီ အထည်ချုပ် စက်ရုံမှာ အလုပ်သမ ၈၅၀ လောက်ဟာ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ အလုပ်လုပ်ကိုင် နေပါတယ်။
ဆန္ဒပြ အလုပ်သမတွေကတော့ အလုပ်ခေါ်ယူစဉ်က စက်ရုံနဲ့ သဘောတူညီခဲ့တဲ့ ခံစားခွင့်တချို့ကို မရတဲ့အပြင်၊ အမျိုးသမီး အိမ်သာမှာ ယောကျာ်လေးတွေကို အစောင့်ချထားတာ မျိုးတွေပါ လုပ်လာတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်၊ ဒါကြောင့်လည်း လစာတိုးပေးရေးအပြင် တခြား ထိန်းချုပ်မှုတွေကိုပါ လျှော့စေချင်တယ်လို့ ဆိုပါတယ်။
အပြင်မှာ ဆန္ဒပြမှုတွေဖြစ်နေပေမယ့် မြနှင်းဆီ စက်ရုံထဲမှာတော့ မီးစက်ကြီး တလုံးကို ဆူဆူညံညံ မောင်းနှင်ထားပြီး ဆန္ဒပြမှုမှာ ပါဝင်ခြင်းမရှိတဲ့ အလုပ်သမားတချို့ဟာ မီးချောင်းတွေအောက်မှာ အလုပ်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
ဆန္ဒပြရာမှာ မပါဝင်တဲ့ မသွယ်သွယ်မိုးကတော့ အခုရရှိတဲ့ လစာငွေနဲ့ မပိုလျှံပေမယ့် လောက်ငတဲ့အကြောင်း၊ သူ့နံဘေးမှာ ရပ်နေတဲ့ အလုပ်ရုံ အကြီးအကဲ ဒေါ်ရီရီလွင်ရဲ့ စကားလမ်းကြောင်းကိုလိုက်လို့ အေးစက်စက် ပြောပါတယ်။
ဘယ်လိုပင်ဖြစ်စေကာမူ အလုပ်သမားအများစုကတော့ တောင်းဆိုလို့ ရရှိမယ့် အခွင့်အရေးထက် အလုပ်ကနေ ထုတ်ပယ်မခံရရေးက ပိုအရေးကြီးတယ်ဆိုတာ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ပေါ်လွင်နေပါတယ်။
စက်ရုံပိုင်ရှင် ကိုမိုးပွင့်ကတော့ သူတို့အနေနဲ့ အလုပ်သမားခံစားခွင့်ကို တတ်နိုင်သမျှ လိုက်လျောထားတယ် ဆိုတဲ့ အကြောင်း၊ လူနည်းစုကသာ ဆန္ဒပြနေကြတာ ဆိုတဲ့အကြောင်း၊ သူတို့ကတော့ အလုပ်သမားတွေ တောင်းဆိုတဲ့ အတိုင်း လစာ တိုးမြှင့်ပေးရရင် ရေရှည်မှာ စက်ရုံ ရပ်တည်ရေးအတွက် အခက်အခဲရှိမယ် ဆိုတဲ့အကြောင်း ပြောပါတယ်။
“ကျနော်တို့က အလုပ်သမားတွေကို လစာတိုးမြှင့်ပေးပေမယ့် ကျနော်တို့ရောင်းတဲ့ ကုန်ပစ္စည်းကတော့ ဈေးတက်လို့ မရဘူး။ ဈေးတက်တောင်းရင် အလုပ်ရှင်က ဗီယက်နမ်တို့၊ ဘင်္ဂလားဒေရှ်တို့ စတဲ့ ဈေးကွက်တွေကို ပြောင်းသွားရင် စက်ရုံပိတ်ရလိမ့် မယ်” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီး ပုံမှန်မရရှိတာကလည်း ပြဿနာတရပ်ဖြစ်နေတယ်လို့ သူက ဆက်ပြောတယ်။ လောင်စာဆီ ဒီဇယ်ကို ဝယ်ပြီး မီးစက်မောင်းရတာကြောင့် ကုန်ကျစရိတ် မြင့်တက်လာတယ်၊ အလားတူ သယ်ယူပို့ဆောင်ရေးနဲ့ တခြား အထွေထွေ စရိတ် မြင့်တက်လာတာကြောင့်လည်း အလုပ်သမားတွေ တောင်းဆိုတဲ့ လုပ်ခလစာ တိုးမြင့်ရေးက မဖြစ်နိုင်ဘူးလို့ သူက အကြောင်းပြပါတယ်။
ရှေ့မှာ အလုပ်သမ ၁၀၀ ကျော်ဆန္ဒ ပြနေပေမယ့်လည်း ဆန္ဒမပြတဲ့ အလုပ်သမားတွေက စက်ရုံထဲမှာ အလုပ်လုပ်နေကြ တာပဲလို့ စက်ရုံရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ ကိုမိုးပွင့်က ဆိုပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကိုယ်စားလှယ် စတိဗ်မာရှယ်ကတော့ အဓမ္မ လုပ်အားပေးခိုင်းစေတဲ့ ကိစ္စနဲ့ ကလေးစစ်သား အရေးကိုသာ ဦးစားပေး လုပ်ဆောင်နေပြီးတော့ အလုပ်သမားအရေးကို မူ လျစ်လျူရှုထားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဝေဖန်နေကြပါတယ်။
အလုပ်သမား ၈၅၀ လောက်ရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမတွေဟာ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ အလုပ်လုပ်ကြရပေမယ့် အချိန်ပိုလုပ်ခအဖြစ် တနာရီကို ၆၀ ကျပ်သာ ရရှိတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။
ပြုပြင်ပြောင်းလဲရေး အစပြုကာစ မြန်မာနိုင်ငံရဲ့ လတ်တလော အနေအထားမှာ လျှပ်စစ်မီး ပုံမှန်မရတဲ့အတွက် ဆန္ဒပြမှုတွေ၊ အခြေခံ အလုပ်သမား လစာငွေ တိုးမြှင့်တောင်းဆို ဆန္ဒပြမှုတွေ၊ မြေသိမ်းယာသိမ်း ခံရတဲ့ တောင်သူလယ်သမား တွေရဲ့ ဆန္ဒပြမှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေပါတယ်။
ရန်ကုန်မြို့က နိုင်ငံရေး လေ့လာသူတွေကတော့ ဒီပြဿနာတွေကို အစိုးရအနေနဲ့ သေသေချာချာ ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် သပိတ်တွေ ပိုဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။