ဒုတိယအကြိမ် တပ်ရင်းညီလာခံနဲ့ ရှေ့တန်းသို့ နောက်တခေါက်
မာနယ်ပလောက ရဲဘော်တွေစခန်းကို ပြန်ရောက်ပြီးချိန်မှာ ရှေ့တန်းအသီးသီးက တပ်မှူးတွေကို ဆင့်ခေါ်ပြီး ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ စုံညီအစည်းဝေး သို့မဟုတ် တပ်ရင်းညီလာခံကို ထပ်လုပ်ခဲ့ပါတယ်။ စခန်းကော်မတီဝင်တွေ၊ တပ်မှူးတွေ၊ ဆေး၊ ဆက်သွယ်ရေး၊ ထောက်လှမ်းရေးတပ်ဆွယ်က တပ်ဆွယ်မှူးတွေ အပါအဝင် ကိုယ်စားလှယ် ၃၀ ခန့် ညီလာခံကို တက်ရောက်ခဲ့ပြီး ဘက်မလိုက်အဖွဲ့ ရှေ့ရေးကိစ္စတွေကို ၁၀ ရက်ခန့် ဆွေးနွေးခဲ့ပါတယ်။
ကျနော် မှတ်မိသလောက် အဓိက ဆွေးနွေးတဲ့ အချက်တွေထဲမှာ ဘက်မလိုက်အဖွဲ့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ နှစ်ဖက်ဗဟို နှစ်ခု ပြန်လည်ပေါင်းစည်းရေးအတွက် လုပ်ငန်းစဉ်ဆွဲပြီး အတိအကျဆောင်ရွက်ဖို့၊ တခြား တပ်ရင်းတွေထက်သာအောင် အဖက်ဖက်ကနေ တိုးတက်အောင်ပြင်ဆင်ဖို့၊ ပင်လယ်ပြင် ရန်ပုံငွေရှာနိုင်ရေးအတွက် သီးခြားတပ်စုတခုဖွဲ့ဖို့ အချက်တွေပါဝင်တယ်လို့ထင်ပါတယ်။
ညီလာခံအပြီး နောက်ဆုံးရက်မှာတော့ စခန်းကော်မတီအသစ်၊ တပ်မှူးအသစ်တွေကို ပြန်လည်ရွေးချယ်ခဲ့ပြီး ကျနော်က ဥက္ကဋ္ဌ၊ အရင် ဘန်ဏ္ဍာထောက်ပံ့တာဝန်ခံ ကိုအောင်မော်က အတွင်းရေးမှူးဖြစ်လာပါတယ်။ ဦးဟန်လင်းက စည်းရုံးပြန်ကြားအဖြစ် ဆက်လက်တာဝန်ယူပြီး စခန်းကော်မီတီကို ၅ ဦးတည်းနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ တပ်မှူးတွေအဖြစ်ကတော့ မူလတပ်ရင်းမှူး ကိုသောင်းညွန့်ကိုပဲ တပ်ရင်းမှူးအဖြစ် ဆက်လက်တာဝန်ပေးပြီး မာနယ်ပုလော ပြန်စစ်ကြောင်းမှူး ကိုမင်းဇော်သူက ဒုရင်းမှူး ဖြစ်လာပါတယ်။ တပ်ရေးအရာရှိ ကိုဇော်မင်း (၁၉၉၃ မှာ ရနောင်းဖက်မှာ ကိုမင်းဇော်သူနဲ့အတူ ပျောက်ဆုံး) ကို ပင်လယ်ပြင် စစ်ကြောင်းမှူးအဖြစ် သီးခြားခန့်အပ်လိုက်ပြီး ကိုမင်းဇော်ရွေကိုတော့ တပ်ရေးတပ်ထောက်ဗိုလ် နှစ်ခုစလုံးကို တွဲကိုင်ဖို့ တာဝန်ပေးလိုက်ပါတယ်။
တပ်ခွဲမှူးတွေထဲမှာတော့ မူလခွဲမှူးတွေဖြစ်တဲ့ ကိုခင်မောင်ချိုနဲ့ ကိုသိန်းမြင့်ကျော်တို့ကိုပဲ ဆက်လက် တာဝန်ပေးပါတယ်။ ဒု တပ်ခွဲမှူးကနေ ဒုရင်းမှူးဖြစ်သွားတဲ့ ကိုမင်းဇော်သူ နေရာမှာ ကိုဖိုးချိုခေါ် ကိုညီညီလွင် (အခု သြစတြေးလျ) က တပ်ခွဲ ၂ ရဲ့ ဒု ခွဲမှူးဖြစ်လာပြီး တပ်ခွဲ ၁ ဒု ခွဲမှူးကတော့ မူလ ဒု ခွဲမှူး ကိုကျော်သူကိုပဲ ဆက်လက် တာဝန်ပေးခဲ့ပါတယ်။
အဲဒီလို တပ်ရင်းညီလာခံကျင်းပတဲ့ ကာလဟာ ၁၉၉၂ အောက်တိုဘာ ဝန်းကျင်ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို တာဝန်တွေခွဲပြီးနောက်မှာတော့ ပင်လယ်ပြင်စစ်ကြောင်း အပါအဝင် ရှေ့တန်း အသီးသီးဆီ ကျနော်တို့တပ်တွေ ပြန်ဆင်းကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း DAB စစ်ကြောင်းရဲ့တာဝန် ရှိသူတဦးအနေနဲ့ စစ်ကြောင်း ၁ တည်ရှိရာ နတ်အိမ်တောင်၊ မေတ္တာ၊ ဘန်းချောင်းဒေသဆီ ရှေ့တန်းထွက်ဖို့ပြင်ပါတယ်။ အဲဒီကာလ KNU ဘက်က ကျနော်နဲ့တွဲရတဲ့ စစ်ကြောင်းမှူးကတော့ တပ်မဟာ ၄ စစ်ဆင်ရေးဌာနမှ ဗိုလ်မှူးကြီး မူးကပေါ် ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ကျနော်တောခိုစက ဝင်လာတဲ့လမ်းကြောင်း ဘန်းချောင်းဒေသကို ပထမဆုံးအကြိမ် ပြန်သွားခွင့်ရတာမို့ စိတ်ထဲ အတော်လှုပ်ရှားနေပါ တယ်။
စက်လှေ နှစ်စီးနဲ့ ထွက်လာတဲ့ ကျနော်တို့စစ်ကြောင်းဟာ မင်းသမီးစခန်းကနေ အမိုရွာ၊ ဆင်ဖြူတိုင်ရွာတွေကို ကျော်ပြီး အိုင်ဝိုင်းရွာမ ရောက်ခင်မှာ မိုးချုပ်သွားတဲ့အတွက် ချောင်းဘေးမှာပဲ တညတာ စခန်းချလိုက်ရပါတယ်။ ဘာကြောင့်မှန်းတော့ မသိ။ ဒီလမ်းကြောင်းမှာတော့ အယင် တပ်ခွဲ ၁ ပပြင်ဂွင်ဘက်ကိုဆင်းစဉ်ကလိုမျိုး KNU ဂိတ်ရဲ့ စစ်ဆေးမှုကို ခံရခြင်းမရှိပါ။ အမိုရွာအလွန်မှာ အခြေစိုက်ထားတဲ့ တပ်ရင်း ၁၀ ဂိတ်မှာခေတ္တနားပေမဲ့ “ဝါလဲဂေး ယောက်ဖ” လို့ အပြန်အလှန် နှုတ်ဆက်ရုံထက်ပိုပြီး စစ်ဆေးတာမျိုး မတွေ့မိပါ။
အမိုရွာဟာ အသစ်ဆောက်ထားတဲ့၊ စီးပွားရေးဖြစ်ထွန်းတိုးတက်နေတဲ့ ရွာတခုအသွင်ကို ဆောင်နေပြီး ဆင်ဖြူတိုင်ကတော့ ရာဇဝင်ထဲကရွာအဖြစ် ပိုသရုပ်ပေါ်နေတယ်လို့ ကျနော် စိတ်ထဲထင်မိပါတယ်။ ရှေ့ပိုင်းအခန်းတွေမှာ တင်ပြခဲ့တဲ့အတိုင်း အမရာ၊ ဆင်ဖြူတိုင်၊ အိုင်ဝိုင်းရွာ ဆိုတာတွေဟာ ဒုတိယ ကမ္ဘာစစ်ကာလက ရဲဘော်သုံးကျိပ်စစ်ကြောင်း ထိုင်းနိုင်ငံကနေ ထားဝယ်မြို့ဆီ ချီတက်လာတဲ့လမ်းကြောင်းမှာ အရေးပါတဲ့ရွာတွေ ဖြစ်ပါတယ်။ (အခုတော့ ကန်ချနပူရီ-ထားဝယ် ကားလမ်းစီမံကိန်းသစ်အတွက် အရေးပါတဲ့ရွာတွေ ဖြစ်နေခဲ့ပါပြီ။)
အမရာကနေ မေတ္တာချောင်းဝအထိ တက်လာရတဲ့ တနင်္သာမြစ်ကြောင်းလမ်းဟာ အမရာ-စော်လဝ၊ ချောင်းဖျား-ကော့မပြင်းဘက် ဆင်းတဲ့လမ်းထက် ၃၊ ၄ ဆမက ကျောက်ဆောင်တွေ ထူပြောပြီး ရေကလည်း အလွန်တိမ်တဲ့အတွက် မကြာခဏ လှေဆင်းတွန်းတာ။ လှေကိုကြိုးနဲ့ချည်ပြီး ကုန်းပေါ်ကနေ ဆွဲရတာတွေနဲ့ အချိန် အတော်ကုန်ခဲ့ပါတယ်။ ဒီလိုနဲ့ အိုင်ဝိုင်းရွာမှာ တညအိပ်ပြီး နောက်တနေ့ နေ့လည်ပိုင်းကျမှ ကျနော်တို့ ယာယီစခန်းချမယ့် ကလက်ကီး စခန်းကို ရောက်ပါတယ်။ အဲဒီကာလ ကလက်ကီး အခြေစိုက် KNU တပ်ရင်း ၁၀၊ တပ်ခွဲ ၂ ခွဲမှူးက ဗိုလ်ဒူးနာ (အခု တပ်ရင်း ၁၀ ဒုရင်းမှူး) လို့ ထင်ပါတယ်။ ကလက်ကီးကို ကျနော်တပ်ဖွဲ့ ရောက်သွားချိန်မှာ DAB စစ်ဆင်ရေးမှူးတဦးဖြစ်သူ ဗိုလ်မှူး မူးကပေါ်နဲ့အဖွဲ့ မရောက်သေးတဲ့အတွက် စောင့်နေရပြီး သတင်းတပတ်ခန့်ကြာမှ စစ်ကြောင်းဆက် ထွက်နိုင်ခဲ့တယ်လို့ ကျနော်မှတ် မိနေပါတယ်။
တပ်ခွဲမှူး ဘိုင်သိန်းမြင့်နဲ့ အင်အား ၃၀ ခန့်က နတ်အိမ်တောင်နဲ့ လေးအိမ်စုဖက်ကို ဆက်သွားပြီး ကျနော်နဲ့ ဒုခွဲမှူး ကိုညီညီလွင် အပါအဝင် အင်အား ၃၀ ခန့်က ကျနော်တို့ မူလတောစခိုစဉ်က နေခဲ့ဖူးတဲ့ ဘန်းချောင်းဒေသဆီ ချီတက်လာပါတယ်။ တခြားရဲဘော်တွေအတွက် ဒီဒေသတွေဟာ အခေါက်ခေါက် ရောက်ဖူးပြီးဖြစ်လို့ ဘာမှမထူးဆန်းတော့ပေမဲ့ နှစ်နှစ်လောက်ကြာမှ ရှေ့တန်းတခါရောက်ဖူးတဲ့ ကျနော့်အဖို့တော့ သွားလေရာ အထူးအဆန်းဖြစ်နေပါတယ်။
ကလက်ကီးကနေ လှေစီးပြီးအပေါ်ကို ဆန်တက်လာတော့ မေတ္တာရွာ (အခု မေတ္တာမြို့နယ်ခွဲ) နား အရောက်မှာ လှေရပ်လိုက်ရပါတယ်။ စစ်တပ် ဂိတ်ကိုဖြတ်ရမှာမို့ စစ်ကြောင်းတခုလုံး တောလမ်းကသွားပြီး စက်လှေနဲ့ လှေသမားလောက်ပဲ ဂိတ်ရှေ့က နေဖြတ်သွားမယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ရဲဘော်အားလုံး သိပြီးကိစ္စဖြစ်ပေမယ့် စစ်ကြောင်းမှူးကြီး ကျနော့်အတွက်တော့ ဒါဟာ ပထမဆုံး အတွေ့အကြုံ ဖြစ်နေပြန်ပါတယ်။
မိနစ် ၂၀ ခန့် တောတိုး လမ်းလျှောက်ပြီးတော့ လှေပေါ်ပြန်တက်ရပါတယ်။ နောက်ထပ် မိနစ် ၃၀ ကျော် ကျော် ကြာမှာတော့ ဖေါင်းတောရွာကို ရောက်ပါတယ်။ ဖေါင်းတောရွာဟာ တနင်္သာရီမြစ် လက်တက် ဘန်းချောင်းရဲ့ တဖက်တချက်စီမှာ အိမ်တွေ ဆောက်ထားတာဖြစ်ပြီး ချောင်းဘေးမှာတော့ ကွမ်းသီးဈေး တန်းကြီးရှိနေပါတယ်။ ဒီဈေးတန်းဟာ ရှေ့မှာကျနော်တင်ပြခဲ့ဖူးတဲ့ မက်သလေ၊ မောထာ ကုန်သွယ် ရေးခစန်းတွေလို အတော်စည်ကားတဲ့ ဈေးတန်းကြီးဖြစ်ပြီး ကရင်နယ်မြေတလျှောက်က ထွက်သမျှ ကွမ်းသီးတွေ ရောင်းချတဲ့ အဓိကနေရာကြီး ဖြစ်ပါတယ်။ အများအားဖြင့် ဒီဈေးတန်းကို KNU တပ်တွေက ထိမ်းချုပ်ထားပြီး နဝတတပ်တွေလည်း မကြာခဏ ဝင်လာလေ့ရှိတယ်လို့ ဆိုပါတယ်။ ကျနော်တို့တပ်တွေကတော့ အဲဒီဈေးတန်းအတွင်း ဒီတိုင်းပဲဝင်သွားပါတယ်။ ဈေးထဲရှိ လူအားလုံးဟာ ထားဝယ်ကရင် တွေဖြစ်ကြပြီး ကျောင်းသားတွေနဲ့ ရင်းနှီးနေသူတွေ၊ နောက်တခါ ထားဝယ်မှာနေစဉ်က ကျနော်တို့ကို သိဖူးတဲ့လူတွေ ဖြစ်နေတဲ့အတွက် သူတို့ဧည့်ခံသမျှ ကျနော်တို့တပ်ဖွဲ့ အားပေး ခဲ့ကြတာကို အမှတ်ရနေပါတယ်။
ဖောင်းတောရွာပြင်က တောင်ကုန်းပေါ်မှာ တညအိပ်ပြီးတဲ့နောက် လှေစီးလိုက်၊ လမ်းလျှောက်လိုက်နဲ့ ကထောင်းနီဒေသဆီ ကျနော်တို့စစ်ကြောင်း ဆက်လက်ချီတက်ခဲ့ပါတယ်။ လမ်းမှာတညအိပ်ပြီး နောက်တရက်မှာတော့ ကျနော်တို့ စတင်တောခိုစဉ်က မယ်ညား-ပါသားနဲ့ ဝါးရင်းတုတ်သင်တန်း တက်ဖူးတဲ့ KNU တပ်ခွဲ ၁-ရုံးဆီ ရောက်လာပါတယ်။ အဲဒီအချိန်အထိ မြို့နယ်ဥက္ကဋ္ဌအဖြစ် ပဒိုရေမွန်ဗူး၊ တပ်ခွဲမှူးအဖြစ် ဗိုလ်ဖားခလေးတို့ ဆက်လက်တာဝန်ထမ်းနေဆဲ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ကျနော်တို့မှာလည်း လှည်းနဲ့ နွားနဲ့ဖြစ်နေပြီဆိုတော့ အရင်တုန်းကလို KNU ကနေရာ ချပေးတဲ့ တဲအိုပျက်မှာ နေစရာမလိုတော့ဘဲ ကိုယ်တဲကိုယ်ဆောက်။ ကိုယ်ရိက္ခာကိုယ်မှာပြီး KNU ရုံးနဲ့ မနီးမဝေးက တောင်ကုန်းတခုမှာ စခန်းချလိုက်ပါတယ်။
မူလအစီစဉ်တိုင်းဆိုရင် ဒီမှာရုံးစိုက်ပြီး ကျနော်တို့ တောစခိုစဉ်က ရောက်ခဲ့တဲ့ ဗကပ-ဂွင်တောင်ပျောက်၊ မကဲ-ရှင်မုတ္ထိးဘက်နဲ့ သရက်ချောင်းဘက်ကို လှုပ်ရှားဖို့ဖြစ်ပေမယ့် ဗကပနဲ့ ကျနော်တို့ စစ်ကြောင်းအကြား ဆက်သွယ်ရေးစက် အဆက်အသွယ် အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရှေ့တန်းသွားမယ်ဆိုပြီး ထွက်လာတဲ့ ကျနော်တို့စစ်ကြောင်းဟာ ဘန်းချောင်းဒေသရှိ ကထောင်းနီ ရွာဝန်းကျင်က ကရင်ရွာလေးတွေရဲ့ ခရစ်စမတ်ပွဲတွေဆီ လှည့်လည်ရင်းနဲ့ အချိန်ကုန်ခဲ့ရပါတယ်။ ကထောင်းနီ၊ ကျောက်ထူ၊ သပြုချောင်း စသဖြင့် ကရင် ထားဝယ်ရွာတွေ ဝန်းကျင်းမှာ သတင်း နှစ်ပတ်လောက်ကြာ ပြီးတဲ့အခါမှာတော့ နောက်တန်းမှာ တခြားတာဝန်ရှိတွေ လုပ်စရာရှိလို့ ကိုညီညီလွင်နဲ့အဖွဲ့ကို ထားခဲ့ပြီး ကျနော်နဲ့ ရဲဘော်နှစ်ဦး မင်းသမီးစခန်းဆီ တောလမ်းကနေ ကုန်ကြောင်းနဲ့ ပြန်လာခဲ့ပါတယ်။

မာနယ်ပုလောသို့ တတိယခရီးစဉ်
စခန်းကို ပြန်ရောက်ပြီးနောက်မှာတော့ ကျနော်တို့အဖွဲ့ရဲ့ မူလတာဝန်ဖြစ်တဲ့ နှစ်ဖက်ဗဟို ပြန်လည် ပေါင်းစည်းရေးအတွက် ဗဟိုဒေသဆီ သွားရောက်ညှိနှိုင်းရေး လုပ်ငန်းစဉ် စပါတယ်။ ဥက္ကဋ္ဌဖြစ်တဲ့ ကျနော်၊ အတွင်းရေးမှူး ကိုအောင်မော်၊ စည်းရုံး-ပြန်ကြား တာဝန်ခံ ဦးဟန်လင်းနဲ့ ဝါရင့် ရဲဘော်တဦးဖြစ်သူ ကိုအောင်သန့် (ထားဝယ်ကောလိပ်၊ ယခု ကနေဒါ) တို့ကို ဒီကိစ္စဆောင်ရွက်ဖို့ စခန်းကော်မတီက တာဝန်ပေးလိုက်ပါတယ်။
ဒီတကြိမ်မှာတော့ ပင်လယ်ပြင်စစ်ကြောင်းကနေ ရန်ပုံငွေအနည်းအကျဉ်း ရှာထားနိုင်ပြီဆိုတော့ ထိုင်းနိုင်ငံထဲ ဒီတိုင်း ခိုးမသွားတော့ဘဲ ချင်းမိုင်ဒေသရှိ ထိုင်း ထောက်လှမ်းရေးအရာရှိတဦးဆီ အရင်သွားပြီး ၃ လကနေ ၆ လအထိ သုံးနိုင်တဲ့ လက်မှတ်တွေ လုပ်ကြပါ တယ်။ ချင်းမိုင်မှာ အဲဒီလိုလုပ်နေတုန်း ပင်လယ်ပြင် စစ်ကြောင်းကနေ ရနောင်းဘက်ကနေတဆင့် အရေးပေါ်ဖုန်း ဝင်လာတဲ့အတွက် ပင်လယ်ပြင်နဲ့ ဆက်စပ်ပြီး တာဝန်ယူနိုင်သူ ဦးဟန်လင်းကို ရနောင်းမြို့ဆီဆင်းဖို့ အရေးပေါ် တာဝန်ပေး လိုက်ရပါတယ်။
အဲဒီနောက် ကျနော်၊ ကိုအောင်မော်နဲ့ ကိုအောင်သန့်တို့ သုံးဦးဟာ ချင်းမိုင်ရှိ အတိုက်ခံရုံးခန်းတွေ၊ NGO ရုံးတွေကို လေ့လာ၊ လိုအပ်တာတွေကို သတင်းတပတ်ခန့် ပြင်ဆင်ပြီးနောက်မှာတော့ ချင်းမိုင်-မယ့်စရိယန်း-စောလဲထ လမ်းကြောင်းအတိုင်း မာနယ်ပလောဒေသဆီ ခရီးထွက်လာခဲ့ပါတယ်။ စောလဲထ ရောက်တော့ အခြေအနေတွေက အတော်ပြောင်းလဲတိုးတက်နေပါပြီ။
ကိုနိုင်အောင်တို့ ဗဟိုစီးပွားရေးဌာနက ဖွင့်ထားတဲ့ ဈေးဆိုင်တခုကို ကမ်းနားက ဈေးတန်းထဲမှာတွေ့ရပြီး အဲဒီဆိုင်ကိုတာ ဝန်ယူနေသူက အစောပိုင်းခန်းတွေမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ကျနော်ရဲ့တပ်ခွဲ ၃ ခွဲမှူးဟောင်း ကိုမြင့်အောင် (ယခု နယူးဇီလန်) ဖြစ်နေပါတယ်။ နောက်တခါ ကျနော်တို့စခန်းကပဲ ကိုကင်းရှိန် (ယခု အမေရိကန်) နဲ့ တခြား ရဲဘော်တချို့ကိုလည်း စောလဲထာနဲ့ ဒေါင်းဂွင် (သံလွင်မြစ်ဘေးရှိ ဒါးဂွင်ဒေသကို ကျောင်းသားတွေက ဒေါင်းဂွင်လို့ အမည်ပြောင်းပြီး ကိုနိုင်အောင်တို့ ဗဟိုဌာနချုပ်ရုံးစိုက်ထားတဲ့နေရာ) အကြား စက်လှေတွေနဲ့ အသွားအပြန် လုပ်နေတာကို တွေ့ရပါတယ်။
သံလွင်မြစ်ကမ်း လှေဆိပ်ဘေးရှိ ကမ်းနားသောင်ပြင်ဈေးတန်းမှာ ပစ္စည်းမျိုးစုံ ရောင်းချနေတာ တွေ့ရပြီး ဗွီဒိယိုရုံတွေနဲ့ အတော် စည်ကားနေပါတယ်။ စောလဲထဈေး ခေတ်ကောင်းဆုံးအချိန်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။ အဲဒီဈေးရဲ့နောက်ဘက် တောင်ကျောပေါ်က ကိုမြင့်အောင်တို့ရဲ့ ယာယီအိမ်မှာ တညတာခစန်းချပြီး နောက်တရက်မှာတော့ မာနယ်ပလောကို ကျနော်တို့အုပ်စု ခရီးနှင်ခဲ့ပါတယ်။ ဒီတကြိမ် မာနယ်ပုလောကတော့ ၉၂ စစ်ပွဲတုန်းကလို ခြောက်သွေ့သွေ့ မဟုတ်တော့။ စစ်ပွဲမဖြစ်ခင်ကထက်တောင် ပိုမိုစည်ကားနေပြီး မြို့တော်တခုလို ဖြစ်နေပါတယ်။
ကျနော်တို့အုပ်စု မာနယ်ပလောကို ရောက်တော့ ပထမဆုံး သွားတည်းတဲ့နေရာက လောကွားလူကုန်းရှိ ကိုနိုင်အောင်တို့ ဗဟိုရုံးခွဲစခန်း ထောက်မှာပါ။ ဘာကြောင့်လဲဆိုရင် ABSDF ပေါင်းစည်းရေး ဆွေးနွေးဖို့ လာတဲ့လူတွေအနေနဲ့ KNU ဘားတိုက်မှာ တည်းဖို့ကလည်း မသင့်တော်။ နောက်တခါ အယင် ၉၂ တုန်းက ကျနော် မကြာခဏ ရောက်ခဲ့ဖူးတဲ့ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်ကလည်း မာနယ်ပုလော နောက်ကျော ကွန်မန်ဒိုကုန်းပေါ်မှာ မရှိတော့ဘဲ သံလွင်မြစ်ဘေးက သေလောထာအရပ်ဆီ ပြောင်းသွားပြီဖြစ်ပါတယ်။
ဒီလိုနဲ့အရင် ၉၂ တုန်းက ကိုမျိုးသိန်းတို့၊ ဦးဟန်လင်းတို့ တည်းခဲ့တဲ့ အဆောင်ဟောင်းမှာပဲ ကျနော်တို့ သုံးဦး စခန်းချလိုက်ပါတယ်။ အဲဒီအချိန် ကိုနိုင်အောင်တို့ ဗဟိုစခန်းထောက် ကိုယ်စားလှယ်က ကျနော်တို့စခန်းကနေ ဗဟိုမှာတာဝန်ကျတဲ့ ကိုတင့်အောင် (အခု သြစတြေးလျ) လို့ထင်ပါတယ်။ သူ ဆက်သွယ်ပေးမှုအရ နောက်တရက်မှာတော့ ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင် ကိုယ်တိုင်ရောက်လာပြီး ကျနော်တို့အဖွဲ့နဲ့ လာတွေ့ပါတယ်။
အဲဒီလို ကိုနိုင်အောင်တို့နဲ့ ကျနော်တို့အဖွဲ့ကြား နှစ်ဖက်ပေါင်းစည်းရေး ဆွေးနွေးပွဲအစီစဉ်တွေ ဘယ်မှာ ဘယ်လိုလုပ်မလဲဆိုပြီး အလွတ်သဘော ပြောနေစဉ် ရောက်လာသူကတော့ ဒီလိုဆွေးနွေးဖို့ရှိတဲ့အကြောင်း ကျနော်သတင်းပို့ထားလို့ ရောက်လာတဲ့ မော်ကဲဒေသ ဘက်မလိုက်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသန့်ဇင်ဦး (အခု ဖင်လန်နိုင်ငံ) ဖြစ်ပါတယ်။

ABSDF ဗဟို နှစ်ခြမ်း ကွဲပြီးတဲ့နောက်ပိုင်း မင်းသမီးဒေသနဲ့ သီဘောဘိုး-မောကဲဒေသမှာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ နှစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဗဟို နှစ်ခုစလုံးက ကျနော်တို့ မင်းသမီးဒေသ ဘက်မလိုက်ကိုသာ အသိမှတ်ပြုပြီး မောကဲဒေသ ဘက်မလိုက်ကိုတော့ အသိမှတ်မပြုနိုင်ဘူးလို့ ပြောပါတယ်။ ဒီအတွက် ပြန်လည် ပေါင်းစည်းရေးဆွေးနွေးပွဲမှာ မောကဲဒေသ ဘက်မလိုက်ကို တက်ခွင့်မပြုနိုင်ဘူးလို့ ကိုနိုင်အောင်တို့ဘက်က ကန့်ကွက်တဲ့အတွက် ကျနော်ရဲ့ ဖိတ်ကြားချက်အရ ရောက်လာသူ ကိုသန့်ဇင်ဦးကို ဘယ်လိုရှင်းပြရမှန်း မသိအောင် ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ တောင်းတောင်းပန်ပန်နဲ့ ကိုသန့်ဇင်ဦးကို အခြေနေတွေကို ရှင်းပြပြီး မာနယ်ပလောကနေ မောကဲဒေသဆီ ပြန်လွှတ်လိုက်ရပါတယ်။