[irrawaddy_gallery]
ဇွန် ၁၂ ရက်နေ့ညက တညလုံးမိုးရွာလို့ တမြို့လုံး ငြိမ်နေတယ်။ ခါတိုင်းနေ့တွေလို ဘယ်မှာမီးလောင်နေပြန်ပြီ ဆိုတဲ့ သတင်းမကြားရဘူးလို့ ဒေသခံ တယောက်ကပြောတယ်။
ဒါပေမယ့် ဒီနေ့ ဇွန် ၁၃ ရက်နေ့မှာတော့ လောင်စာဆီဈေးနဲ့ တခြားစားသောက်ကုန် တော်တော်များများ ဈေးတက်ကုန်တယ်။ တချို့ စားသောက်ကုန်တွေကို ဝယ်လို့ မရတော့ဘူးလို့ သိရတယ်။ လောင်စာဆီက တဂါလန်ကို ကျပ် ၄၀၀၀ လောက် ရှိခဲ့ရာကနေ ဒီနေ့မနက်မှာ တဂါလန် ၆ ထောင်လောက် ဖြစ်သွားတယ်။ စစ်တွေက ဈေးတွေကို မေလ ၃၀ ရက်ကတည်းက ပိတ်ထားပေမယ့် အပြင်မှာ စားသောက်ကုန် ဝယ်လို့ အဆင်ပြေတယ်လို့ ဆိုတယ်။
ဒီမနက်မှာတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးခြောက်၊ ဆီ စတဲ့ အခြေခံစားကုန် တချို့ကို တော်တော်ရှာဖွေ ဝယ်ယူနေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်မနက်လုံး မိုးက ရွာလိုက် တိတ်လိုက်ဖြစ်နေတုန်း ၈ နာရီခွဲလောက်မှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးနားမှာ မီးလောင်မှု တခုဖြစ်တယ်။ တခြား အဓိကရုဏ်း ဘာမှ မဖြစ်လိုက်ဘဲ မီးသတ်က အချိန်မီ မီးငြှိမ်းလိုက်နိုင်တယ်။ မိုးရွာနေတာ ကြောင့်လည်း မီးက တခြားကို ထပ်မကူးဘဲ လွယ်လွယ်ကူကူ ငြှိမ်းလိုက်နိုင်တာ။ ဘာကြောင့်လောင်တယ် ဆိုတာ အတိအကျ မသိရဘူး။
မနက် ၉ နာရီ ၂၀ မှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဦးဇော်ဇော်၊ ရုပ်ရှင်မင်းသား ပြေတီဦးနဲ့ ဒါရိုက်တာ ဝိုင်းတို့အဖွဲ့ အဲကမ္ဘောဇ လေယာဉ်နဲ့ စစ်တွေကို ရောက်လာကြတယ်။ ရခိုင် အဓိကရုဏ်းကြောင့် ဘေးဒုက္ခ ရောက်နေရသူတွေကို
ကယ်ဆယ် ကူညီဖို့အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဘောလုံးအသင်း ပိုင်ရှင်တွေကိုယ်စား ဦးဇော်ဇော်က ကျပ် ၅၀၀၉ သိန်း လှူဒါန်းတယ်။ ဒီလှူဒါန်းပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ရုံးမှာ လုပ်တာပါ။
ဝန်ကြီးချုပ်ရုံးမှာ လှူပြီးတော့ စစ်တွေမြို့တွင်း မီးရှို့ခံလိုက်ရလို့ အိမ်ခြေယာမဲ့ဖြစ်သွားတဲ့ ဒုက္ခသည်တွေ အများဆုံးထားရှိရာ မဟာဇေယျသိဒ္ဓိ အဓိဌာန်ကျောင်းမှာ စားသောက်စရာနဲ့ စောင်၊ အဝတ်အစား စတာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကြပါတယ်။ မဟာဇေယျ သိဒ္ဓိ အဓိဌာန်ကျောင်းမှာ ခိုလှုံနေသူ ရခိုင်တိုင်းရင်းသား ၁ သောင်းကျော် ရှိမယ်လို့ ခန့်မှန်းရပြီး စာရင်းအတိအကျကိုတော့ မသိနိုင်သေးဘူလို့ အဓိဌာန်ကျောင်းရဲ့ ဂေါပက တဦးက ပြောတယ်။
စစ်တွေမြို့ထဲမှာရှိတဲ့ နာဇီနဲ့ မင်းဂံ ရပ်ကွက်တွေက လာရောက်ခိုလှုံသူ စုစုပေါင်း ၅ ထောင်ကျော်ရှိပြီး သဲချောင်းစတဲ့ နယ်ဘက်က တက်လာသူတွေကလည်း အဆက်မပြတ် ဝင်ရောက်နေဆဲလို့ သူက ဆိုပါတယ်။
ဒုက္ခသည်တွေကို စစ်တွေမြို့ပေါ်က အားမာန် ကာရာတေးအဖွဲ့ကနေ တာဝန်ယူ ကျွေးမွေးနေပြီးတော့ တခြား ငွေကြေး ချမ်းသာတဲ့ အလှူရှင်တချို့ လှူဒါန်းထားတာလည်း ရှိတယ်လို့ သိရတယ်။ အစားအသောက်တွေ၊ စောင်တွေကို ကိုယ်တိုင်ကိုယ်ကျ လာလှူဒါန်းတာကတော့ ဦးဇော်ဇော်တို့ အဖွဲ့က ပထမဆုံးလို့ သိရပါတယ်။
စစ်တွေမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေကို အနည်းနဲ့ အများ လက်ခံထားပြီးတော့ အများဆုံး သောင်းဂဏန်းကနေ အနည်းဆုံး ရာဂဏန်းထိရှိတယ်လို့သိရတယ်။ ဒုက္ခသည်တွေရဲ့ စားရေးသောက်ရေးကို နီးစပ်ရာ ရပ်ကွက်တွေက တအိမ်ကို ထမင်း တစ်ထုပ် ပို့ပေးကြသလို ငွေကြေးတတ်နိုင်သူတွေက ဆန်အိတ်၊ ဆီစသည်ဖြင့် ထောက်ပံ့တာတွေလည်း ရှိပါတယ်။
ဒုက္ခသည်တွေဟာ အိမ်မီးရှို့ခံရပြီး အသက်လု ပြေးလာရတဲ့အတွက် အဝတ်အစား၊ အထုပ်အပိုးလည်း ဘာမှ မပါတာ များတယ်လို့ လမ်းမတော် တောင်ရပ်ကွက်မှာရှိတဲ့ ကယုချောင်း ကျောင်းတိုက်က ဘုန်းတော်ကြီး တပါးက မိန့်ပါတယ်။
မိုးရာသီလည်း ရောက်လာပြီ ဖြစ်လို့ အဝတ်အစားနဲ့ စောင်တွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် မလိုက်နာသူတွေ ရှိတဲ့အကြောင်း၊ ဒီနေ့က စပြီး ထုတ်ထားတဲ့ ကြေညာချက်နဲ့ စည်းကမ်းတွေ ဖောက်ဖျက်ရင်၊ လက်နက်ကိုင်ဆောင်ရင် ပစ်ခတ်ဖမ်းဆီး အရေးယူသွားမှာ ဖြစ်တဲ့အကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက လုံထိန်းတွေပါတဲ့ ကားနဲ့ မြို့တွင်းမှာ လှည့်လည် ကြေညာပါတယ်။ အဲဒါက မွန်းတည့် ၁၂ နာရီလောက်မှာပါ။ အဲဒီ မတိုင်ခင်ကတည်းက မြို့ထဲမှာ မနေ့က တွေ့ရတဲ့ ဝါးချွန်တွေ၊ တုတ်တွေ၊ ဓားတွေ လုံး၀ မတွေ့ရ တော့ပါဘူး။
စစ်တွေသချႋုင်းက ဘင်္ဂါလီ ရပ်ကွက်ထဲက ဖြတ်သွားရတဲ့အတွက် ဈာပန ရှိရင်တောင် ၂ ခု ၃ ခု တခါတည်း ဆုံပြီး လုံခြုံရေး ယာဉ်တန်းနဲ့ ချနေရတယ်လို့ သိရပါတယ်။
မိုးက တနေ့လုံး အဆက်မပြတ်ရွာနေပြီးတော့ စစ်တွေမှာ ကျန်နေသေးတဲ့ ဘင်္ဂါလီရပ်ကွက်တွေကို စစ်တပ်က စောင့်ကြည့် ထိန်းသိမ်းနေပါတယ်။ ရပ်ကွက်ထဲက ဘင်္ဂါလီတွေလည်း အပြင်မထွက်အောင်၊ အပြင်ကလူ အထဲမဝင်အောင် ဟိုဘက်ဒီဘက် ဘက်စုံက ပိတ်ပြီး ကင်းချထားတာကို တွေ့ရပါတယ်။ လမ်းဆုံ လမ်းခွတွေ၊ လူပြတ်လပ်တဲ့ နေရာတွေက ယူနီဖောင်း အပြည့်အစုံ ဝတ်ထားတဲ့ လုံထိန်းနဲ့ တပ်မတော်သားတွေကို မေးလိုက်ရင် ဒီနေ့တော့ အေးအေးဆေးဆေးပဲ လို့ ပြုံးပြီး ဖြေကြပါတယ်။
ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီ (RNDP) က တာဝန်ရှိသူ တဦးကတော့ ရာသီဥတုကြောင့် ငြိမ်သက်နေပေမယ့် ဘာကိုမှ စိတ်မချရဲသေးဘူးလို့ ဆိုပါတယ်။ နောက်ပြီး အခုလို အစိုးရက အထိန်းအသိမ်းကောင်းလို့ အခြေအနေတွေ ငြိမ်သက် သွားမယ် ဆိုရင်တောင် ဒါဟာ ရေတိုကုစားမှု တစ်ခုဖြစ်ပြီး တချိန်မဟုတ် တချိန်မှာ အလားတူ ပြဿနာမျိုး ပိုမိုဆိုးဆိုးရွားရွား ထပ်ဖြစ်နိုင်တယ်လို့ သူက သုံးသပ်တယ်။ ရေရှည် ဖြေရှင်းမယ်ဆိုရင် ရခိုင်ပြည်နယ်တင်မကဘဲ တနိုင်ငံလုံးမှာ အိမ်ထောင်စု ဇယား၊ မှတ်ပုံတင်နဲ့ တိုက်ဆိုင်ပြီး စီမံချက်ချ ရှင်းလင်းစေလိုတယ်လို့ သူက ဆိုတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနကိုလည်း မှတ်ပုံတင်တွေ အလွယ်တကူ ထုတ်မပေးဖို့ မေတ္တာရပ်ခံချင်တယ်လို့ RNDP တာဝန်ရှိသူက ပြောတယ်။
ဇွန် ၁၃ ကတော့ ငြိမ်ငြိမ်သက်သက် ပြီးဆုံးသွားပါပြီ။ နေ့စဉ်ရက်ဆက် မအိပ်မနေ ကင်းစောင့်ခဲ့ရတဲ့ ရခိုင် လူငယ်တချို့လည်း နေ့ခင်းဘက်မှာ နားချိန်ရလိုက်ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတော့ မှန်းဖို့ ခက်နေပါ သေးတယ်။ ။