တနာရီဆိုတာ သူတို့အတွက် ဘာမှမကြာလိုက်ပေမယ့် ဒီခဏအတွက် သူတို့ကြိုတင်ပြင်ဆင်ခဲ့ကြရတယ်။ “အမေစု” နဲ့ တွေ့ခွင့်က နောက်တကြိမ် မသေချာဘဲကိုး။
နော်ဝေနိုင်ငံ ဘာဂန်မြို့ အခြေစိုက် ရပ်ဖ်တို ဖောင်ဒေးရှင်းက ကမကထ လုပ်ပေးတဲ့ မြန်မာမိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို နော်ဝေတင်မက အနီးအနားက ဆွီဒင်၊ ဒိန်းမတ်နဲ့ ဂျာမနီကနေ အရောက်လာကြတဲ့
ချင်း၊ ကရင်၊ ရခိုင်၊ မြန်မာတိုင်းရင်းသား ၃၅၀ လောက်ဟာ စိတ်လှုပ်ရှားနေကြတယ်။
ဒေါ်အောင်ဆန်းစုကြည် မိနစ်အနည်းငယ် နောက်ကျပြီး ရောက်လာပေမယ့် အခန်းရှေ့က စင်မြင့်ပေါ် တက်လာတဲ့အခါ အားလုံးက မတ်တတ်ရပ်ပြီး လက်ခုပ်ဩဘာပေးကြတယ်။
နက်ပြာရောင် အပေါ်အကျႌ၊ နက်ပြာအခံပေါ် ရွှေရောင်ဖောက်ထားတဲ့ချိတ်ထမီနဲ့ သနပ်ခါးရောင်ပုဝါကို ဆင်မြန်းထားတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဟာ အခန်းထဲမှာ နေရာယူထားတဲ့ တိုင်းရင်းသားတွေကိုကြည့်ပြီး တိုင်းရင်းသားလူမျိုးစုတွေ အားလုံးညီညွတ်ရေး ကိစ္စနဲ့ သူ့ရဲ့ စကားကို အစပြုလိုက်တယ်။

“ဘယ်ပဲရောက်ရောက် ကျမတို့ နိုင်ငံသားတွေ တွေ့တဲ့အခါတိုင်း ကျမ ပထမဦးဆုံး ပြောတဲ့ဟာက ညီညီညွတ်ညွတ် နေကြပါဆိုတဲ့ ဟာပါ။ အသိုင်းအဝန်း သေးသေးလေးနဲ့ ပြည်ပကို ရောက်နေတဲ့အခါကြရင် တချို့က သေးလေလေ ရန်ဖြစ်လေလေလား မသိဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတော့ အားလုံးက ရယ်မောပြီး လက်ခုပ်တီးကြတယ်။
ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ပြေငြိမ်းရေး၊ ပြည်ပအခြေစိုက် တိုင်းရင်းသားများက တတ်နိုင်သမျှ ဝိုင်းလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က “မီးကို မမွှေးပါနဲ့။ ပိုပြီး မီးတောက်ကြီးအောင် ယပ်ခပ်မပေးပါနဲ့။ ပိုပြီးတော့ အမုန်းတရားတွေကို မပွားစေဖို့ အပြောအဆိုတွေ ရှောင်ကျဉ်ပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်” လို့ ဆက်ပြောပါတယ်။
ဆက်ပြီး တန်းတူရေးရှိမှ ညီညွတ်ရေးရှိမှာ ဖြစ်ကြောင်းနဲ့ လူနည်းစုရဲ့ ခံစားချက်ကို သဘောပေါက် ခံစားတတ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
ကြွရောက်လာတဲ့ သူတွေကြားမှာ မြန်မာက လူနည်းစုဖြစ်ပုံရကြောင်း ထောက်ပြပြီးတော့ “ဒါမှ ကျမတို့ ဗမာတွေ ကိုယ်ချင်းစာတတ်မှာ” လို့ ပြတ်ပြတ်ပြောတာကိုက တိုင်းပြည်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လေသံနဲ့ ဟန်ပန်အတိုင်းပါပဲ။
အချိန်ပြည့်ခါနီးမှာ တက်လာကြသူတွေနဲ့ အမေးအဖြေပြုလုပ်ပါတယ်။ စတြာဗားငါး မြို့က လာတဲ့ ချင်းအမျိုးသား ကိုဗန်ထန်း၊ ဘာဂန်က မအေးအေးလင်း၊ ဘာဂန်ကပဲ ကရင်တိုင်းရင်းသူ နော်စတားဒီနဲ့ မြန်မာမူစလင်လူငယ် ကိုဝေယံဦးတို့က တိုင်းရင်းသား အရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသမီး အခွင့်အရေး၊ အပစ်အခတ် ရပ်စဲရေး၊ ပညာရေး စတဲ့ အကြောင်းတွေ မေးတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့ဝသီအတိုင်း ရှင်းရှင်းနဲ့ ပြတ်ပြတ် ပြန်ဖြေတယ်။
ဘာဂန်မြို့ မြန်မာမိသားစုဝင်တွေ ကိုယ်စား နိုင်ငံရေးအကျဉ်းသားဟောင်း ကိုချိုချိုထွန်းငြိမ်းက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အတွက် လှူဒါန်းငွေ နော်ဝေငွေ ခရိုနာ ၇၂၀၀ ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ပါတယ်။
“ဒီက မြန်မာတွေ စေတနာက ဘာပေးရင်ကောင်းမလဲ စဉ်းစားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် လာတုန်း လူမှု အထောက်အပံ့ပေးနေတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူတာ အကောင်းဆုံးလို့ ဆုံးဖြတ်ဖြစ်သွားတာ” လို့ ကိုချိုချိုထွန်းငြိမ်းက ဧရာဝတီကို ပြောပြပါတယ်။
ဘာဂန် မလာခင် အော်စလိုမှာလည်း မြန်မာမိသားစု ၆၀၀ လောက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခဲ့ပါသေးတယ်။ အဲဒီပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာတွေ ဘယ်အရပ်ရောက်ရောက် ကိုယ့်အချင်းချင်း တည့်အောင်နေဖို့၊ ကိုယ့်ကို အိမ်ရှင်တွေ မငြိုငြင်စေဖို့ ပြောပါသေးတယ်။
မြန်မာပြည် ပြန်ချင်ကြတယ်လို့ တွေ့သူတိုင်းက ပြောတော့ သူက “ကျမတို့ နိုင်ငံဟာ ကိုယ့်အမေအိမ်လိုပေါ့။ ဘယ်တော့ပြန်ပြန် အမြဲကြိုနေတဲ့ နေရာမျိုးဖြစ်အောင် ကျမတို့ အကောင်းဆုံး ကြိုးစားသွားပါ့မယ်” လို့ ကတိခံခဲ့ပါသေးတယ်။
ဘာဂန်မှာ မြန်မာအသိုင်းအဝန်းကို ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာစကား ထိန်းသိမ်းကြဖို့ မှာပါတယ်။ မြန်မာတွေနဲ့တွေ့လို့ အချိန်တနာရီ ပြည့်တဲ့အခါ အနီးမှာထိုးထားတဲ့ စင်မြင့်တခုဆီ ပွဲဆက်တော့ ထောင်ချီစောင့်နေတဲ့ ဘာဂန်သားတွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်ရပါတယ်။
တောင်စဉ် ၇ ထပ် ဝိုင်းနေပြီး အေးချမ်းလှတဲ့ ဘာဂန်မြို့ရဲ့ မြို့လယ်မှာ ကလေး၊ လူငယ်၊ လူကြီး အရွယ်စုံဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ မိန့်ခွန်းကို စူးစူးစိုက်စိုက် နားထောင်ခဲ့ကြတယ်။
ရှေးဦးစွာ ဘာဂန်ကို ကျေးဇူးတင်ကြောင်း သူက ပြောပါတယ်။

“ကျမအတွက်သာမက မြန်မာတွေ အားလုံးအပေါ် ဆောင်ရွက်ပေးခဲ့တာကို ဘယ်လို ကျေးဇူးတင်ရမှန်း မဖော်ပြတတ်တော့ ကျေးဇူးတင်ပါတယ်လို့ပဲ ပြောပါရစေ။ မြန်မာပြည်မှာ ကျမတို့ စဉ်းစားသင့်တယ်၊ ဒီအဝေးကြီးက ဘာဂန်မှာတောင် ကျမတို့ လူမျိုးတွေကို လုံခြုံမှု ပေးနိုင်ရင် ကိုယ့်အစိုးရကရော ဒီလို စိတ်ထားမျိုး ဘာကြောင့် မထားနိုင်ရမလဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တိုင်းပြည်တပြည်မှာ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်တို့ဟာ သန်စွမ်းစွာ ဘက်ညီဖို့ လိုကြောင်း၊ လုံခြုံရေးကို အကြောင်းပြုပြီး လွပ်လပ်ရေးကို မကန့်သတ်သင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
ဇွန်လမှာ ရေမခဲတော့ပေမယ့် သမပိုင်းဇုံကလာသူတွေအတွက် အေးနေသေးတဲ့ နော်ဝေရဲ့ ရာသီဥတု အကြောင်း ဘာဂန်သားတွေကို ဒေါ်အောင်ဆန်းစုကြည်က အရွှန်းဖောက်လိုက် ပါသေးတယ်။
“နော်ဝေဟာ အေးတဲ့နိုင်ငံပဲ။ ကျမ မငြင်းပါဘူး။ ဒါပေမယ့် ရှင်တို့ရဲ့ ဆုံးဖြတ်ချက် ပြတ်သားတာတွေ၊ ကြင်နာမှုတွေနဲ့ ကျမကို နွေးထွေးစေခဲ့တယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့အချိန်မှာ လက်ခုပ်သံတွေဟာ ပက်တုပ် မရတော့ လောက်အောင်ပါပဲ။
ဘာဂန်ရဲ့ ရပ်ဖ်တို ဖောင်ဒေးရှင်းက ဆုဟာ မြန်မာ့ဒီမိုကရေစီရေးကို ပထမဦးဆုံး အသိအမှတ်ပြု ချီးမြှင့်ခဲ့တာကြောင့်
“မြန်မာပြည်ကို ပြန်ရောက်ရောက်၊ ဘယ်ကိုပဲ ကျမရောက်ရောက်ပါ။ ရှင်တို့ဟာ ကျမနဲ့အတူ အမြဲရှိနေမယ်ဆိုတာ ရှင်တို့ကိုသိစေချင်ပါတယ်” လို့လည်း ပြောပါသေးတယ်။
ဘာဂန်ကို ဒါပထမဆုံး ရောက်တာဖြစ်ပြီး ရတဲ့အချိန် ၅ နာရီအတွင်း ဘယ်ကိုမှ မနှံ့ခဲ့တာကြောင့် ဘာဂန်ရဲ့ ဇစ်မြစ်ကို အစုံအစေ့ မလေ့လာရဘူး၊ ဒါကြောင့် နောက်တခေါက်လာနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း သူ ပြောပြီးတဲ့အချိန်မှာ နိုင်ငံတကာက လာအခြေချသူတွေကို နော်ဝေစာသင်ပေးတဲ့ ကျောင်းက ကျောင်းသူကျောင်းသားတွေရဲ့ ဂီတနဲ့ အက တင်ဆက်မှုနဲ့ ပွဲကို အဆုံးသတ်ခဲ့တယ်။
ကရင်လို အတောလေးနဲ့စ၊ နောက် ဝါးညှပ်အက၊ အာဖရိကန်ဘိနဲ့ နော်ဝေအက ရောသမမွှေ၊ ရက်ဂေး ဂျက်ဇ် မြူးဇစ်အက တွေနဲ့ လူဆိုတာ ဘာသာအယူ၊ အသားအရောင်မခွဲ၊ နယ်စည်းမခြား တသားတည်းဆိုတာ အဲဒီ နိုင်ငံတကာကျောင်းသား တွေရဲ့ တင်ဆက်မှုက သက်သေပြခဲ့ပါတယ်။