ဆောင်းပါး

အဝေးရောက် ခေါင်းဆောင်အတွက် မွေးနေ့ပွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး အပေါက်ဝမှာ NLD လုံခြုံရေးတွေနဲ့ ပရိသတ်တွေ ပိတ်နေပေမယ့် ရုံးထဲက တေးသီချင်းသံကိုတော့ လူသံသူသံတွေကြားကပဲ ပီပီသသ ကြားနေရပါတယ်။

“နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့ နေ့သစ်ကို ရောက်မယ်… ယုံကြည်ချက်နဲ့ ကြိုးစားထားမှ တချိန်မှာ အောင်မြင် လွတ်မြောက်မယ် မဟုတ်လား …။ သံသရာလမ်းဟာ မချောမွေ့တတ်တော့ တာဝန်ကိုယ်စီ အားတင်း ရှေ့ဆက်လှမ်း…။

အရှုံးမပေးနဲ့ မိငယ်ရေ… ရဲရင့်မှ ကျော်ဖြတ်သွား … အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ… တကယ် ကိုယ်ကျိုးစွန့်နိုင်မှ…”

တေးရေး တေးဆို ကိုရဲလွင်ရဲ့ ပီသပြီး အင်အားရှိတဲ့ အသံနဲ့ သံပြိုင်ပုဒ်ကို ရောက်တိုင်း အပြိုင်လိုက်ဆိုကြတဲ့ ပရိတ်သတ်ရဲ့ အသံနဲ့အတူ မွေးနေ့ရှင်မရှိတဲ့ မွေးနေ့ပွဲကို ကျင်းပနေကြတာပါ။

၂၀၁၂ ဇွန်လ ၁၉ ရက် အင်္ဂါနေ့ ဒီနေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ မြန်မာပြည်မှာ သူ့မွေးနေ့ပွဲကို ကျင်းပနေကြပေမယ့် သူကိုယ်တိုင်ကတော့ ကမ္ဘာ့ ဟိုတဘက်ချမ်းကို ရောက်နေချိန် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်ကလည်း သူ့ကိုချစ်တဲ့၊ သူ့ကို မျှော်လင့်တဲ့ သူတွေဟာ မွေးနေ့ရှင်မပါတဲ့ မွေးနေ့ပွဲတွေကို နှစ်ပေါင်းများစွာ ကျင်းပခဲ့ကြပါတယ်။

ဒီနှစ်ကျင်းပတဲ့ မွေးနေ့ပွဲမှာလည်း မွေးနေ့ရှင် မရှိဘူး ဆိုပေမယ့် ခါတိုင်းနှစ်တွေလို ဝမ်းနည်းကြေကွဲမှု၊ မရေမရာ မျှော်လင့်မှုတွေနဲ့ မဟုတ်ဘဲ အနှောင်အဖွဲ့ကင်းကင်း၊ ပျော်ရွှင်လွတ်လပ်ခြင်း၊ ဂုဏ်ယူဝံ့ကြွားခြင်းတွေနဲ့ ပြည့်နေတယ်လို့ NLD ပါတီဝင် အမျိုးသမီးတဦးက ပြောပါတယ်။

“ဟိုးအရင်က အန်တီက နေအိမ်အကျယ်ချုပ်လေ၊ ဘာမဆို ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ရတယ်။ မနှစ်က မွေးနေ့မှာ အန်တီရှိတယ်။ ဒီနှစ် သူ မရှိပေမယ့် အန်တီဟာ နိုင်ငံရပ်ခြားမှာ၊ ကမ္ဘာမှာ အကြီးကျယ် အခမ်းနားဆုံး ဆုတခုကို သွားလက်ခံနေတာ ဆိုတော့ စိတ်ထဲမှာ အလိုလိုပျော်နေတယ်” လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးသမား ၅ ဦးကို အညတြ သူရဲကောင်းဆု ပေးအပ်လိုက်တယ်လို့ သိရတယ်။

မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အညတရ သူရဲကောင်းဆုအဖြစ်
နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်မှုနဲ့ အကျဉ်းကျခံနေရဆဲ နိုင်ငံရေး အကျဉ်းသား ၃ ဦးနဲ့ အကျဉ်းထောင်ကနေ လွတ်မြောက် လာပြီးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၂ ဦးကို ပေးအပ်ချီးမြှင့် လိုက်တာပါ။

အညတရ သူရဲကောင်းဆုရတဲ့သူတွေကတော့ ပုသိမ်ထောင်က လွတ်မြောက်လာတဲ့ ကိုကပ်ခွင်လန် (ခ) အန်ထိုနီ၊ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ဦးခေမာစာရ (ခ) ကိုချမ်းသာ၊ မြင်းခြံထောင်မှာပဲ ရှိသေးတဲ့ ဒေါက်တာ ကျော်ကျော်၊ မြင်းခြံထောင်က လွတ်မြောက်လာတဲ့ မလှလှမော်နဲ့ သာယာဝတီ ထောင်မှာ အကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ ကိုလကျာ်ထွန်းတို့ ဖြစ်တယ်လို့ NLDဗဟိုအမျိုးသမီးလုပ်ငန်း အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူ တဦးက ဆိုပါတယ်။

အညတရ သူရဲကောင်းဆု ရရှိသူတဦးဖြစ်တဲ့ ကိုအန်ထိုနီက အခုလို ဆုရရှိတဲ့အတွက်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခါသမယမှာ ဂုဏ်ပြုခံရတာရယ်ကြောင့်အတွက် အလွန်ဝမ်းမြောက်တယ်လို့ ပြောပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မနှစ်က ဒေါ်အောင်ဆန်းစုကြည်ရှိစဉ်ကလိုပဲ မွေးနေ့ဇီဝဒါန ငှက်လွှတ်ပွဲ၊ သီချင်းဖျော်ဖြေပွဲ၊ မွေးနေ့ကိတ် လှီးပွဲ၊ မွေးနေ့ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် NLD ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့လည်းဖြစ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ထားတဲ့ ဒီနေ့မှာ ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်မှာ “အသိပညာနှင့်ဗဟုသုတပြည့်စုံသော ပညာတတ်အမျိုးသမီးများ ပေါ်ပေါက်ရေး၊ အမျိုးသမီးများအတွက်
အားနည်းချက်ရှိစေသော ဥပဒေများကို ပြင်ဆင်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးများတွင် အမျိုးသမီးများဦးဆောင်ပါဝင်ရေး၊ လွတ်လပ်သော အမျိုးသမီး အဖွဲ့အစည်းများ ဖွဲ့စည်းရေး၊
အဖွဲ့အစည်း အချင်းချင်းညီညွတ်ရေးတို့ ဆောင်ရွက်သွားမည်” ဆိုပြီး ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကနေ ဇွန်လ ၁၃ ရက်နေ့က ထွက်ခွာသွားတာ ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့မှာတော့ နော်ဝေးနိုင်ငံ အော်စလိုမြို့ မြို့တော် ခမ်းမ လူထုပရိသတ် ရှေ့မှာ နိုဘဲလ် မိန့်ခွန်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အနောက်နိုင်ငံ ခရီးစဉ်ဖြစ်တဲ့ ဒီခရီးစဉ်ဟာ သူကိုယ်တိုင်ကို သာမက မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့ကြတဲ့၊ သူ့ကို မျှော်လင့်တဲ့ ပြည်သူတွေ၊ ကမ္ဘာမှာ ရှိတဲ့ သူ့ကို ချစ်တဲ့ ပြည်သူတွေကိုပါ စိတ်လှုပ်ရှားစေခဲ့တယ်လို့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတဦးက ဆိုပါတယ်။

“မြန်မာအမျိုးသမီးဝတ်စုံနဲ့ အဲဒီလို လူထု ပရိသတ် အများကြီးရဲ့အလယ်မှာ တွေ့လိုက်ရတော့ မျက်ရည်တောင် ဝဲမိပါတယ်။ ကျွန်မတို့ တသက်လုံး ခေါင်းငုံ့နေခဲ့ရတာပါ။ ဒီတခါတော့ ခေါင်းမော့နိုင်ပြီ ထင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် သတင်းကို ကြည့်လိုက်ရတဲ့ သူ့ရဲ့ခံစားချက်ကို ပြောပါတယ်။

ရန်ကုန်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘဲလ် ဆုယူတဲ့သတင်းကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကနေ ကြည့်လိုက်ရတဲ့ သူတွေကလည်း ဝမ်းသာဝမ်းနည်း ဖြစ်ကြရတယ်၊ ဂုဏ်ယူတယ်လို့ ပြောကြပါတယ်။

“လူတွေက သူစင်ပေါ်ကို လမ်းလျှောက်လာတော့ အားလုံး မတ်တပ်တွေ ထရပ်၊ အကြာကြီး လက်ခုပ်တီးတယ်။ အဲဒီမှာ အမေစု မျက်နာကို ရိုက်ပြထားတာ၊ သူက လက်ခုပ်သံတွေ ရပ်အောင် စောင့်နေရတာ၊ နားလည်ရခက်တယ်၊ မျက်လုံးတွေက … အဲဒီမြင်ကွင်းကို ကြည့်ပြီး ဝမ်းနည်းလာတယ်။ ပြီးတော့ ဒီလောက် တကမ္ဘာလုံးက ဝိုင်းပြီး ကြည့်နေကြတာ။ ဘုရင်တွေ၊ ဘုရင်မတွေ ရှေ့မှာ သူ စကားကို အေးဆေး ဆေးဆေး ပြောနိုင်ပါ့မလားလို့ စိတ်ပူတယ်။ ဒါပေမယ့် လက်ခုပ်သံတွေ ရပ်သွား တော့ သူ စကားစပြောတာနဲ့ မျက်ရည်တွေ ကျလာတယ်။ ပျော်လို့ပါ” လို့ ရန်ကုန်မှာနေတဲ့ အမျိုးသမီးတဦးက ဆိုတယ်။

လက်ဘက်ရည်ဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ ဦးအောင်မင်းကတော့ မြန်မာအမျိုးသမီး တစ်ယောက်ကို ဒီလို ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မြင်လိုက်ရတာ ဝမ်းသာဝမ်းနည်း ဖြစ်မိတယ်၊ ဒီလို ဖြစ်သင့်တာ ကြာပြီလို့ ပြောပါတယ်။ ဒါပေမယ့် မြန်မာပြည် မီးလိုပူနေတဲ့ အချိန် ထွက်သွားတာကိုတော့ စိတ်ထဲ နည်းနည်းခုမိတယ်၊ မြန်မာပြည်က တိုင်းရင်းသားတွေအရေးကို ဟိုက မီဒီယာတွေကို ပြတ်ပြတ် ပြောနိုင်ပါစေလို့ မျှော်လင့်တယ်လို့ သူက ဆက်ပြောတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင်ပါဝင်တဲ့ မွေးနေ့ပွဲ တရပ်ကို အင်္ဂလန်နိုင်ငံမှာ ကျင်းပမှာပါ။ NLD ရုံးချုပ်မှာ ကျင်းပတဲ့ မွေးနေ့ပွဲကတော့ NLD ပါတီဝင်တွေ အပါအဝင် သူ့ကိုချစ်ခင်တဲ့ ပရိသတ် ၁၀၀ ကျော်တို့ ဆင်နွဲှနေပါတယ်။ အင်တာနက် လူမှု ကွန်ရက် စာမျက်တခုဖြစ်တဲ့ facebook ပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းသံတွေ ပလူပျံနေတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ သူ့မွေးနေ့အတွက် ဘာဆုတောင်းချင်လဲ ဆိုတဲ့ နိုင်ငံတကာသတင်းထောက် တွေရဲ့ မေးခွန်းကို “ပျော်ရွှင်ပါစေ မြန်မာပြည်” လို့ ဖြေခဲ့ကြောင်း သိရပါတယ်။

အောင်သက်ဝိုင်း ပူးပေါင်းရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading