ဆရာလူထုစိန်ဝင်းနှင့် ကျနော့်ကို ချိတ်ဆက် ပေးခဲ့သူကတော့ တချိန်က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Mrs. Vicky Bowman ဖြစ်ပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံက ဘရပ်ဆဲလ်မြို့ရှိ အဲဒီတုန်းက သူ့ရဲ့ နေအိမ်မှာ မြန်မာထမင်းဟင်း ချက်ကျွေးပြီး သံအမတ်မဖြစ်ခင် ကတည်းက မြန်မာပြည် ရောက်ရင် သူ တွေ့ရမယ့် သူတွေ၊ ပြည်တွင်းနဲ့ ပြည်ပကို ဆက်သွယ်ပေးရမယ့် သူတွေရဲ့ စာရင်းကို ပြောပြပါတယ်။ ဒါကြောင့်လည်း ဆရာ လူထု စိန်ဝင်းနဲ့ ကျနော်တို့ အကြား အပြန်အလှန် ဆက်သွယ်မှုတွေ ရခဲ့ပါတယ်။
ဒီကြားထဲမှာ Vicky က ဆက်သွယ်ပေး တာကတော့ ဆရာ ဒေါက်တာ ဦးမြင့်ပါပဲ။ ဆရာမြင့်က သူရေးထားတဲ့ စီးပွားရေး ဆိုင်ရာ ဆောင်းပါးတွေကို ကျနော့်ဆီကို ၂၀၀၀ ပြည့်နှစ် ဦးပိုင်းလောက် ကတည်းက ဖတ်ဖို့ဆိုပြီး ပို့ပေးဖူးပါတယ်။ ကျနော်က ဧရာဝတီ မဂ္ဂဇင်းကို ဆရာမြင့်ဆီရော၊ ဆရာကြီး လူထု စိန်ဝင်း ဆီကိုပါ Vicky ဆီကတဆင့် ပုံမှန် ပို့ပေးခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျနော်နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ Vicky က ပြည်တွင်းမှာ မဂ္ဂဇင်းကို တရားမဝင် ဖြန့်ချိပေးသူ ဆိုပါတော့။
ဆရာလူထု စိန်ဝင်းကိုတော့ နောက်ပိုင်း ဖုန်းပြော ဆက်သွယ်ခွင့်ရတဲ့ အချိန်မှာ ဆရာက ရင်းနှီး ခင်မင်ပြီးသား သူတဦးလို ကျနော့်ကို ဖုန်းပေါ်ကနေ နှုတ်ဆက်ပါတယ်။ ဆရာက နွေးနွေးထွေးထွေးပဲ ဖုန်းထဲကနေ သူရင်ဖွင့်ချင်တာတွေ၊ ပြောချင်တာတွေကို ပြောတတ်ပါတယ်။
မြန်မာပြည်ကို ၂၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ခွင့်ရတော့ ရတဲ့ ဗီဇာလေး ၅ ရက်အတွင်း နောက်ဆုံး ပြန်မယ့်ရက်မှာ ဆရာလူထုစိန်ဝင်းကို တွေ့ဖို့ ဆုံးဖြတ်ထားတဲ့ အတိုင်း လေဆိပ်မဆင်းခင် ဆရာ့ကို ဝင်တွေ့ ဂါရဝပြုပါတယ်။ အဲဒါက ဖေဖော်ဝါရီ လဆန်းတုန်းကပါ။
ဆရာကတော့ အောက်စီဂျင်ပိုက်နဲ့ မောနေတယ်။ ကျနော့်ကို လက်ကာပြပြီး ခဏစောင့်ဖို့ ပြောတယ်။ ပြီးတော့ ဆရာက ပြောတော့တာပါပဲ။ လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတာတွေကို မယုံသေးတဲ့အကြောင်း၊ အရင်တုန်းက အစိုးရ အဆက်ဆက်မှာလည်း ဒီလိုပဲ တံခါးတွေကို ဖွင့်လိုက်၊ ပိတ်လိုက်၊ ငြိမ်းချမ်းရေး လုပ်လိုက်၊ ဖျက်လိုက် ဖြစ်ခဲ့ပေါင်းများပြီ ဆိုပြီး ဆရာက ပြောတာပါ။
“ဆရာကတော့ သူတို့ကို မယုံဘူး” လို့ ဆရာကြီးက ခပ်ရှင်းရှင်းပဲ ပြောပါတယ်။
ဆရာ့ကို သဘောကျလေးစားတာက ဆရာဟာ အရင် စစ်အစိုးရကိုလည်း ပြတ်ပြတ်သားသား ဝေဖန်သလို၊ အတိုက်အခံ ပါတီတွေကိုလည်း မညှာမတာ ဝေဖန် ထောက်ပြတတ်ပါတယ်။
သတင်းစာ ဆရာ ဆိုတာမျိုးက နှစ်ဘက်စလုံးကို မျက်နှာမလိုက်ဘဲ ဝေဖန်ထောက်ပြနိုင်မှ ဆိုတဲ့အခါကျတော့ နှစ်ဘက်စလုံးက လေးစားချစ်ကြောက်တာ၊ တခါတလေ မုန်းတီးတာကိုပါ ခံရတတ်တာ သတင်းစာဆရာ ကောင်းတွေရဲ့ သဘာဝပါ။ ဘာကြောင့်လဲဆိုတော့ သူက သူ့အလုပ်ကို သူလုပ်တာကိုး။ ဘက်တဘက်ကို မလိုက်ဘဲ၊ ဘုန်းတော်ဘွဲ့ မရေးဘဲ၊ Mouthpiece အလုပ်မခံဘဲ ရဲရဲဝံ့ဝံ့ ထောက်ပြရေးသားတာ သတင်းစာဆရာကောင်းတွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ဆရာလက်ဆောင် ပေးလိုက်တဲ့ စာအုပ်တွေထဲက “ပန်းတိုင်က ဘာလဲနှင့် အခြားဆောင်းပါးများ” မှာ ဆရာက အခုလို ရေးထားတာ တွေ့ရပါတယ်။ “မှန်တာရေးရင် မုန်းတယ်” တဲ့။ “လျှော့ရေးလို့မရသလို ပိုရေးလို့လည်း မရပါဘူး၊ ဖော့ရေးလို့ မရသလို ဖိရေးလို့လည်း မရပါဘူး” တဲ့။ “သတင်းသမားဆိုတာ အဖြစ်အပျက်ကို၊ ခေတ်ကို မှတ်တမ်းတင်သူသာ ဖြစ်ပါတယ်။ အမှန်ကို အမှန်အတိုင်း ပြောသူ၊ ရေးသူ၊ မှတ်တမ်းတင်သူကတော့ အမှန်ကို ရင်မဆိုင်ရဲသူတိုင်းက မုန်းတာ ခံရမြဲဖြစ်တယ်” တဲ့။ အနှစ်ချုပ်ကတော့ သတင်းစာသမားဟာ ပြည်သူ့ ဝန်ထမ်းဖြစ်တယ်လို့ ဆရာက ပြောခဲ့တာပါ။
ရှင်ကြီးဝမ်းလည်း ဝင်ခဲ့၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးတဲ့ ကျနော်တို့ဟာ ခေတ်ကို ပါးပါးနပ်နပ် လိမ်လိမ်မာမာ ဖြတ်ကျော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကိုလည်းဆရာရဲ့ ဆောင်းပါးတွေမှာ တွေ့ရပါတယ်။ ဆရာက နိုင်ငံတကာ အရေးတွေကိုလည်း ရေးပြတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ ပေါ်လစီကိုလည်း မညှာမတာ ဝေဖန်တယ်။ လူငယ်တွေကို အသိပညာပေးတယ်။
ဆရာ့ရဲ့ ၂၀၀၉ – ၂၀၁၀ ဝန်းကျင်က ရေးခဲ့တဲ့ ဆောင်းပါးတွေကို ပြန်ဖတ်ရင် ဒေါသသံတွေပါတယ်၊ မချိတင်ကဲ အသံတွေ ပါနေတယ်။ ဖြစ်ချင်စိတ်ဇော စေတနာတွေ အပြည့်နဲ့ စာဖတ်သူတွေကို နည်းပေါင်းစုံနဲ့ ဆင်ဆာဆိုတာကို ဆန့်ကျင်ပြီး တင်ပြ ရေးသားခဲ့တာ တွေ့ရ၊ ဖတ်ရပါတယ်။ တကယ်တော့ အဲဒီကာလက စစ်အစိုးရရဲ့ အခြေခံဥပဒေကို အတင်းအကျပ် အတည်ပြု ပြီးခါစ၊ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကာလတွေပါ။ ဆရာ့ဆောင်းပါးတွေကို ဖတ်ပြီး ကျနော် ပြုံးမိပါတယ်။
ဆရာ့ဆောင်းပါးထဲတွေရဲ့ စိတ်ဝင်စားစရာ ခေါင်းစဉ်ခွဲလေးတွေထဲမှာ “ရက်တိုသင်တန်းတက်ပြီး ဆရာကြီးလုပ်သူ” တဲ့ … “ဇီးကွက်စီးပွာရေး” တဲ့ … “စာနယ်ဇင်းသမား ဆိုတာ နိုင်ငံရေးသမား မဟုတ်ဘူး” တဲ့ … “ပြင်ညာယှိ” တဲ့ … “မင်းဆရာ ယောင်ယောင် မလုပ်နဲ့” တဲ့ … “ကိုဖိုးသိ (Mr. Know all) ဂိုက်ဖမ်းနေလေ့ရှိကြတယ်တဲ့ …။ ဆရာက အလွှာအသီးသီးက အရောင်မျိုးစုံနဲ့ နေထိုင်တဲ့ ပြည်တွင်းပြည်ပက မြန်မာတွေကို ဝေဖန်ပြထားတာပါ။
ဆရာ့ရဲ့ ဆောင်းပါးတွေက စာပေစိစစ်ရေးရဲ့ လက်ချက်နဲ့ စာဖတ်သူတွေ လက်ထဲ မရောက်တာတွေ ရှိခဲ့ပါတယ်။ မြန်မာပြည်မှာ သတင်းစာ လွတ်လပ်ခွင့်သာ ရှိမယ်ဆိုရင်၊ ဆရာသာ အသက်ထင်ရှား ရှိနေဦးမယ်ဆိုရင် ဆရာကြီး ရေးမယ့် ဆောင်းပါးတွေကို မြန်မာပြည်က သတင်းစာ ပရိသတ်တွေ အများကြီး လွတ်လွတ်လပ်လပ် ဖတ်ခွင့် ရမှာပဲလို့တော့ တွေးမိပါတယ်။
ဆရာဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်၊ စစ်အာဏာရှင်တွေရဲ့ ခေတ် စနစ်ဆိုးရဲ့ အောက်မှာ သတင်းစာဆရာဘဝကို ခံယူပြီး တိုက်ပိတ်ခံ၊ ကျွန်းပို့ခံပြီး သေတဲ့အထိ မိမိယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ရေးသားဖို့ ကြိုးစားခဲ့တဲ့ သတင်းစာ ဆရာကြီးတဦးပါ။
ဆရာ လေဖြတ်ဝေဒနာ ခံစားရပြီး အောက်စီဂျင်ဗူးနဲ့ အသက်ရှုနေရတဲ့ အချိန်နောက်ပိုင်း ဆရာက မြန်မာပြည်ရဲ့ အခြေအနေကို မျက်ခြေပြတ်မခံဘဲ ကြိုးစားပြီး ရေးသားခဲ့တဲ့ ဆောင်းပါးတွေကလည်း အများအပြားဖြစ်ပါတယ်။
ဆရာဟာ အိမ်ပေါ်မှာပဲ အောက်စီဂျင်ဗူးနဲ့ အသက်ဆက်နေရတော့ လက်တွေ့နဲ့ ကင်းကွာနေပြီး ဆရာ့ရဲ့ ဆောင်းပါးတချို့ဟာဆိုရင် လူတချို့၊ အုပ်စုတချို့ ပြောချင်တာတွေကို ပြောပေးထားတာဆိုတဲ့ ဝေဖန်သံ တချို့လည်း ကျနော် ရန်ကုန်မှာရှိတုန်း ကြားခဲ့ရပါတယ်။
ဒါပေမယ့် ကျနော်ကတော့ ဆရာဟာ အမှန်တရားကို မြတ်နိုးသူ၊ သတင်းတွေကို မြတ်နိုးသူ၊ မြန်မာ့နိုင်ငံရေး မျက်ခြေမပြတ်အောင် စောင့်ကြည့်လေ့လာခဲ့သူ၊ လူငယ်တွေကို တိုးတက်ကြီးပွား စေလိုသူလို့ ယုံကြည်ပြီး ဆရာ့ကို လေးစားပါတယ်။
မြန်မာပြည်မှာ သတင်းစာ စာနယ်ဇင်းလောကကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ် အတွင်း ဆရာခံစား ခဲ့ရတဲ့ ဝေဒနာလိုပဲ အသက်ဆက်ဖို့ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ ဆရာ့ရဲ့ အမြင်တွေ၊ အာဘော်တွေကို ဆင်ဆာဖြတ်တောက် သူတွေဟာ သူရဲဘောကြောင်တဲ့သူတွေပါပဲ။
ဆရာမြင်ချင်တဲ့ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၊ ပြည့်ဝတဲ့ သတင်းစာ လွတ်လပ်ခွင့်ရှိတဲ့ မြန်မာနိုင်ငံကိုတော့ ဆရာမြင်သွားခွင့် မရလိုက်ပါဘူး။
ဒီတော့ နောက်ဆုံးအချိန်အထိ ဆရာဟာ မြန်မာနိုင်ငံကို ဒီလမ်းကြောင်းပေါ် ရောက်အောင် သူ့ရဲ့ သတင်းစာပညာနဲ့ အားကြိုးမာန်တက် တွန်းတင် ပေးခဲ့တဲ့ သတင်းစာ ဆရာကြီး တဦးဖြစ်ပါတယ်။ ဆရာ့ရဲ့ တပည့်တွေ၊ စာဖတ်ပရိသတ်တွေသာ မကဘဲ နိုင်ငံတော်ကလည်း ဆရာ့ကို ဂုဏ်ပြုသင့်ပါတယ်။