[irrawaddy_gallery]
ပူပြင်းသည့် နေရောင်အောက်တွင် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ တံတားဦး-ကျောက်ဆည် လမ်းခွဲထဲသို့ လူအပြည့် တင်ဆောင်လာသည့် ဟိုင်းလပ်ကား၊ ဂျစ်ကားများ သွားနေကျထက် ပိုမိုများပြားစွာ မောင်းဝင်နေကြသည်။
အမေဂျမ်းနတ်ပွဲကို လမ်းကြုံလိုက်လာတဲ့ အမေသောင်းက “သားတို့၊ အဲ့ဒီ ကားတန်းသွားတဲ့နောက်လိုက် … အဲ့ဒီ ကားတန်းသွားတဲ့နောက်ကို လိုက်” ဟု ပြောသည်။
နတ်ပွဲကျင်းပသည့်ရွာက ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် ဟု သိထားသောကြောင့် နားမလည်သဖြင့် ပြန်မေးမိရာ အမေသောင်းက “ဟုတ်တယ် သားရယ်။ ဒါပေမယ့် လမ်းသစ်ပေါ်ကသွားရင် တိုးဂိတ်က ၂ ထောင်၊ ၃ ထောင် တောင်းတော့ သားတို့ ပိုက်ဆံအပို ကုန်မစိုးလို့ပါကွယ်။ ရှေ့က ကားတွေကလည်း အဲ့ဒါကြောင့် ဒီလမ်းကျဉ်းလေးကနေ ရှောင်မောင်းနေကြတာ။ အဆင်ပြေတဲ့ သူတွေကျတော့ ၂ ထောင်၊ ၃ ထောင်ဆိုတာ ဘာမှမဟုတ်ပေမယ့် ရှေ့က ကားတွေ တော်တော်များများက နတ်ပွဲအချိန်မှာ ပလိပ်နဲ့ အမေဂျမ်းနတ်ပွဲကို ပြေးကြတဲ့ ကားတွေလေ။ သူတို့အတွက်ကတော့ ၂ ထောင်လည်း ၂ ထောင်၊ ၃ ထောင်လဲ ၃ထောင်ပေါ့” ဟု ရှင်းပြသည်။
အမေဂျမ်းနတ်ပွဲ ကျင်းပရာ အေးကြည်ကုန်းရွာသည် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၇ အနီး အေးကြည်ကုန်းရွာတွင် တည်ရှိသည်။
အမေဂျမ်းနတ်ပွဲကို နယုန်လပြည့်ကျော် ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များ (ဇွန်လ ၁၇၊ ၁၈) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပသည့် နေ့များတွင် အေးကြည်ကုန်း ရွာတွင်သာမက အနီးဝန်းကျင်ရှိ ဥမင်ရွာ၊ အိမ်ကန်ရွာ၊ ဘုရားကြီးကုန်း ရွာများတွင်လည်း နတ်ကန္နားပွဲများ ကျင်းပကြသည်။
နယုန်လပြည့်ကျော် ၁၄ ရက်နေ့တွင် အေးကြည်ကုန်းရွာနှင့် တမိုင်ခန့်သာဝေးသည့် အမေဂျမ်းတောင်တွင် ဆွမ်းလောင်းလှူပွဲကို ကျင်းပကြသည်။ အဆိုပါနေ့တွင် အမေဂျမ်းတောင်ပေါ်သို့ လာရောက်အလှူခံကြသော ရဟန်းသံဃာတော်များ၊ အလှူခံပုဂ္ဂိုလ်များ အများအပြားလာရောက်ကြသည်။ ရွာခံများ လာရောက်လည်ပတ်သူများကလည်း တောင်ပို့တက်ရောက်ကာ လောင်းလှူကြသည်။
အမေဂျမ်းနတ်ပွဲကျင်းပရာ အေးကြည်ကုန်းရွာသို့ မရောက်မီ လမ်းတလျှောက်တွင် အလှူခံမဏ္ဍပ်များကိုလည်း အများအပြား တွေ့ရသည်။
“ဒီနားဝန်းကျင်က ရွာတွေက ပွဲတော်ရက်တွေမှာ ထွက်ပြီး အလှူခံကြတာ သားတို့ရေ၊ သူတို့က အလှူခံရင်းနဲ့ လက်ဖက်တို့၊ အအေးတို့၊ သရက်သီးတို့ကို စတုဒိသာကျွေးကြတယ်။ ဒီမှာက ဓလေ့လိုဖြစ်နေပြီလေ” ဟု အမေသောင်းက ပြောသည်။
လမ်းတလျှောက်တွင် “ပိုက်ဆံကြဲပါဗျိုး” ဟု အော်ဟစ်နေကြသော ကလေးငယ်များကိုလည်း တွေ့ခဲ့ရသည်။
အမေသောင်းက ဒေသဓလေ့ မိရိုးဖလာ ယုံကြည်ချက်များကို ပြောပြနေသည်။ အမေဂျမ်းနတ်ပွဲသို့ နှစ်စဉ် လာရောက်သည်မှာ အနှစ် ၄၀ ရှိပြီ ဖြစ်ကြောင်း၊ စီးပွားလာဘ်လာဘကောင်းရန် လာရောက်ဆုတောင်းကြောင်းများ ရှင်းပြသည်။
အမေဂျမ်းဇာတိသည် ရွှေတောင်ရွာဖြစ်ကြောင်းမှ အစချီ၍ ငယ်နာမည် မချမ်းသာဖြစ်ကြောင်း၊ သူခိုးကြီး ငတက်ပြားနှင့် ရည်ငံကြောင်း၊ လင်ဖြစ်သူအတွက် ထန်းရှည်ရှာပေးရင်း မချမ်းသာပါ ထန်းရည်စွဲခဲ့ကြောင်း၊ ထန်းရည်မူး၍ နှုတ်ကြမ်းလျှာကြမ်း ဖြစ်လာမှ မချမ်းမှ မဂျမ်း ဖြစ်သွားကြောင်း၊ အင်းဝတွင် တံခါးမှူးကို ဆဲရေးရာမှ ရိုက်နှက်ခံရပြီး သေဆုံးက နတ်ဖြစ်ကြောင်း စသည့် ပါးစပ်ရာဇဝင်များကို စီကာပတ်ကုံးပြောပြသည်။
“ဟောဟို အရှေ့က အမေဂျမ်းတောင်ပေါ့။ အဲဒီတောင်ရဲ့ အရှေ့ဘက်ကွေ့လိုက်ရင် အေးကြည်ကုန်းရွာကို ရောက်ပြီ” ဟု အမေသောင်းက လမ်းညွှန်သည်။
လမ်းချိုးလေးကို ကွေ့လိုက်သည်နှင့် ရန်ကုန်-မန္တလေးလမ်းသစ်ကြီးကို ဘွားခနဲတွေ့လိုက်သည်။ လမ်းသစ်ကြီး၏ အရှေ့ဘက်ခြမ်းတွင် နတ်ပွဲကျင်းပရာ ကျေးရွာကို စည်ကားစွာတွေ့မြင်ရသည်။
နတ်ပွဲထဲသို့ ဝင်လိုက်သည်နှင့် ထန်းနှင့်ပြုလုက်ထားသော ထန်းလက် ဦးထုပ်များ၊ ထိုးမုန့် လမုန်၊ ဆနွမ်းမကင်းဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ မြန်မာ့ရိုးရာ ဖိုးဝရုပ်၊ ဇီးကွက်ရုပ် အစရှိသည့် အရုပ်ဆိုင်များကို တွေ့ရသည်။
နတ်ဆိုင်းသံများနှင့် အမေဂျမ်း၏ နတ်နန်းသည် အထူးစည်ကားလှသည်။ နတ်နန်းသို့ လာရောက်သူများ တိုးဝှေ့နေကြသည်။ ပွဲလာပရိသတ်မှာ အမျိုးသမီးဦးရေကများသည်။ လူငယ်ထက် လူကြီးက များသည်။
နတ်နန်းဝန်းကျင်တွင် ပန်းရောင်းသူများ ကန်တော့ပွဲရောင်းသူများ၊ ထန်းရည်ရောင်းသူများကို တွေ့ရသည်။ ပွဲတော်လာသူ တော်တော်များများလက်ထဲတွင် ထန်းရည်အိုးလေးများကို တွေ့ရသည်။
ထန်းရည်ရောင်းသူတဦးက “ပွဲတော်ရက်မှာ မိုးရွာပေမယ့် ထန်းရည်က ပျက်သွားတယ်မရှိဘူး။ ပွဲတော်က ထန်းရည်ကို သောက်လို့ ဝမ်းလျှောဝမ်းပျက်တယ်ဆိုတာ တခါမှ မဖြစ်ခဲ့ဖူးဘူး” ဟု ပြောသည်။
ပန်းရောင်းနေသူ ရွာခံဈေးသည်တဦးကလည်း “ပွဲတော်ရက်ပြီးရင်တော့ ဘယ်လောက်မြတ်သလဲပဲ တွက်ရတယ်။ ပွဲတော်တွင်းမှာ ရောင်းခဲ့ရသမျှတော့ အမြတ်နည်းသည်၊ များသည်ပဲရှိတာ။ ဘယ်တော့မှ မရှုံးဖူးဘူး။ အမေ့ကျေးဇူးတွေပေါ့။ ကျုပ်တို့ ဒေသက ရွာတွေတော်တော်များများကတော့ အမေ့ကိုပဲ အားထားနေရတာ” ဟု ဆိုသည်။
နတ်နန်းထဲတွင် နတ်ဝင်သည်တဦး နတ်ပူးနေသည်။
“ဒါက အမေဂျမ်းရဲ့ နတ်နန်းပဲ။ ဒီနန်းပေါ်မှာ နတ်ချော့မယ့် နတ်ကတော်တွေက တယောက်ကို မိနစ် ၄၀ စီချော့ရတယ်။ ရန်ကုန်၊ မန္တလေးနယ်ပေါင်းစုံက နာမည်ကြီး နတ်ကတော်တွေ အများကြီးလာကြတယ်။ ရွာထဲနဲ့ ဒီနားဝန်းကျင်က ရွာတွေမှာတော့ ကန္နားလေးတွေက အများကြီးရှိတယ်။ ပွဲတော်မတိုင်မီ တပတ်လောက်ကတည်းက ဒီမှာလာနေပြီး ပြင်ဆင်ကြရတယ်” ဟု နတ်ကတော်တဦးက ပြောပြသည်။
အညာနွေ နေပူပူတွင် မိရိုးဖလာ ယုံကြည်မှုအတွက် အားလုံးမှာ စိတ်အားထက်သန်နေကြသည်။ ခေတ်သစ်ကမ္ဘာကြီး ပြင်ပတွင် မည်သို့ပင် လည်ပတ်နေပါစေ မြန်မာပြည် အလယ်ပိုင်းတနေရာမှ ဒေသခံများနှင့် ယုံကြည်၍ လာရောက်သူများအဖို့ မျှော်လင့်ချက်၊ ကိုးစားချက်များနှင့် ဓလေ့ထုံးစံများ ထုံမွန်းနေသည့် သီးသန့် ကမ္ဘာတခု၊ အစဉ်အလာ ယုံကြည်ချက်များနှင့် အညာဓလေ့ တောဓလေ့ အခင်အကျင်းတို့ဖြင့် လှုပ်ရှားနေသည့် သီးခြား ပတ်ဝန်ကျင်လေးတခုအဖြစ် မြင်တွေ့နေရတော့သည်။