ကျနော်တို့အဖွဲ့ ပင်လယ်ပြင် စစ်ကြောင်းရုံးမှာ တာဝန်ထမ်းဆောင်နေစဉ် ၁ လကျော်၊ ၂ လ ဝန်းကျင်ကြာတဲ့အခါမှာ ကိုနိုင်အောင်တို့ ဗဟိုမှ အထွေထွေအတွင်းရေးမှူး ကိုမျိုးဝင်း ကျနော်တို့ရုံးဆီ ရောက်လာပါတယ်။ သူရဲ့အဓိက ဦးတည်ချက်ကတော့ ပင်လယ်ပြင်ရုံးရှိ ကျနော်တို့ကိုအခြေခံပြီး ဒီဒေသမှာလွတ်မြောက်နယ်မြေတခု ရှာဖွေဖို့၊ ပြီးရင် မင်းသမီးဖက်က တပ်တချို့ကိုခေါ်ယူပြီး အမြန်ဆုံးအခြေ စိုက်လှုပ်ရှားဖို့ဖြစ်ပါတယ်။ ဘာကြောင့် နယ်မြေသစ်ရှာဖို့ ဖြစ်လာသလဲဆိုတဲ့ နောက်ခံအချက်လက်တွေကို ကျနော်အသေချာ မမှတ်မိတော့ပေမယ့် အဲဒီကာလအတွင်း KNU မြိတ်-ထားဝယ်ခရိုင်နဲ့ တောင်ပိုင်း ဗလဖအကြား ဆက်ဆံရေးက သိပ်အဆင်မပြေလှပါ။ နောက်တခုကတော့ KNU က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်သွားရင် ငါတို့တပ်တွေ ဘယ်မှာနေမလဲ။ ကိုယ်ပိုင်နယ်မြေ ရှာထားမှဖြစ်မယ် ဆိုတဲ့ စဉ်းစားချက်မျိုးလဲ ရှိနေတယ်လို့ ထင်ပါတယ်။
တခါ လက်တွေ့အခြေနေအရလည်း အမရာစခန်း (မင်းသမီးစခန်း) မှာ နေရတဲ့ဘဝကို KNU ဆီ အိမ်ငှားပြီးနေ နေရတဲ့သဘော။ အရာအားလုံး KNU ခွင့်ပြုချက်ရမှ လုပ်ခွင့်ရတဲ့သဘော ဖြစ်နေတဲ့အတွက် ရဲဘော်အများစုက နောက်တန်းမှာ နေရတာမပျော်ဘဲ ရှေ့တန်းက ရွာတွေမှာချည်း အမြဲတမ်း နေချင်နေတာကို ကျနော် သတိထားမိပါတယ်။ KNU အပေါ် ဘယ်လောက်အထိ မှီခိုနေရသလဲဆိုရင် ကျနော်တို့ခစန်းကနေ ထီးထာကို သွားမယ်ဆိုရင် KNDO ဂိတ်မှာ လက်မှတ်ယူရပါတယ်။ အလားတူ ထီးခီးသွားမယ်ဆိုရင်လဲ လက်မှတ် လိုပါတယ်။ နောက်တခါ ထီးခီးနေက ထိုင်းဖက်ထွက် မယ်ဆိုရင်လည်း KNU လက်မှတ်ကို ထီးခီးရုံးမှာ တခါ ထပ်တောင်းရပြန်ပါတယ်။
နောက်ထပ် တိုက်ဆိုင်မှုတခုကတော့ အဲဒီလို နယ်မြေသစ်ရှာဖို့ ကျနော်တို့ ကြိုးစားနေတဲ့ ကာလဟာ ကိုမိုးသီးဇွန်တို့ ဗဟိုကလည်း ထပ်စကဲမြို့အနီးရှိ ချုံချီနဲ့ ဟွေးဖတ်စခန်းဝန်းကျင်မှာ လွတ်မြောက်နယ်မြေတခု ထူထောင်ပြီး သူတို့ရဲ့ဗဟိုဌာနချုပ်ကိုတောင် မာနယ်ပလောဖက်ကနေ တောင်ပိုင်း ဒေသဆီ ပြောင်းကာ ပင်လယ်ပြင်လှုပ်ရှားမှုကို အရှိန်မြင့် ဆောင်ရွက်နေတဲ့ကာလည်း ဖြစ်ပါတယ်။
ဒီလိုနယ်မြေသစ် ရှာဖွေဖို့အတွက် ကျနော်တို့ရဲ့ အဓိကမဟာမိတ် ဖြစ်လာသူကတော့ ကျနော်တို့လိုပဲ နယ်စပ်မှာ နယ်မြေအတိအကျ မရှိသေးတဲ့ ဗကပ မြိတ်ခရိုင်ဖြစ်ပါတယ်။ ဒီလိုရှာဖွေဖို့အတွက် ကျနော်တို့ ရွေးချယ်လိုက်တဲ့ နေရာကတော့ ချုံချိစခန်းကနေ အပေါ်ဖက်ကို မိုင် ၁၀၀ ကျော်ဝေးတဲ့ နာမည်ကြီး ပင်လယ်အပန်းဖြေစခန်း ဟွာဟင်မြို့နဲ့ ဘန်းလအု-ရေတံခွန်ရဲ့ နောက်ကျော၊ မြန်မာဖက်က ဆိုရင်တော့ မြိတ်ခရိုင် တနင်္သာရီ သစ်တောကြိုးဝိုင်း နောက်ကျောပေါ်က ခေါင်ယိုင်ဒေသဖြစ်ပါတယ်။ လှပခန့်ငြားလှတဲ့ သဲသောင်ဖြူနဲ့ ပင်လယ်ပြာ၊ ဘန်ကောက်မြို့က ဟိုတယ်တွေနီးပါး အမြင့်ရှိတဲ့ ကြယ်ငါးပွင့်ဟိုတယ်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပြည်ညှပ်နေတဲ့ ဟွာဟင်ပင်လယ်ကမ်း ခြေမြို့ကလေးက နေ ၂ နာရီနီးပါး ကားမောင်းသွားပြီးတဲ့ အခါမှာတော့ ထိုင်းနိုင်ငံဖက်က နောက်ဆုံးကျေးရွာ ခေါင်ယိုင်ကို ရောက်ပါတယ်။ အဲဒီရွာက သူကြီးအိမ်မှာ တညအိပ်ပြီးတဲ့နောက်မှာတော့ တခါမှ မရောက်ဖူးသေးတဲ့ အဲဒီနယ်မြေသစ်၊ စခန်းသစ်ဒေသဆီ လမ်းပြတဦးနဲ့အတူ ကိုယ်စားလှယ် ၂ ဦးနဲ့ ဗကပ ရဲဘော် ၂ ဦး သွားဖို့ ပြင်ပါတယ်။
မူလအစီစဉ်အရဆိုရင် ကျနော်တို့ဆီက ကိုသန်းနိုင်နဲ့ ဗကပမှ ကိုဖေကြည်တို့ သွားဖို့ တာဝန်ပေးထားပေမယ့် သွားခါနီး မနက်စောစော အဝတ်စားနဲ့ အထုတ်အပိုးတွေပြင်တော့မှ ကျနော်တို့ကို လိုက်ပို့တဲ့ ထိုင်းထောက်လှမ်းရေးက ထလာပြီး “သန်းနိုင်ပုံက ပိန်ပိန်ချုံးချုံးနဲ့ မဖြစ်ဘူးထင်တယ်။ မင်းက တုတ်တုတ်ခိုင်ခိုင်နဲ့ ဘာကြောင့်မသွားတာလဲ။ မင်းသွားမှ ပိုအဆင်ပြေမယ်” ဆိုပြီး အဆိုပြုလာပါတယ်။ ဒီအဆိုကို ကိုဖေကြည်က ထောက်ခံပြီး ကိုသန်းနိုင်ကပါ မြှောက်ပေးလိုက်တဲ့အတွက် နောက်ဆုံးတော့ အဖော်လိုက်လာတဲ့ ကျနော်က အဓိကနေရာမှာ နောက်တခါ ပါသွားပြန်တယ်ဆိုပါတော့။
ကျနော်မှတ်မိသလောက်ဆိုရင် ကျနော်တို့မှာ ဘာသေနတ်မှမပါဘူး။ ထိုင်းထောက်လှမ်းရေးက ပေးလိုက်တဲ့ ကင်မရာတလုံးနဲ့ ရိက္ခာတွေ ထည့်ထားတဲ့ ကျောပိုးအိတ်တလုံးကိုလွယ်ပြီး ကိုဖေကြည် နောက်ကို ကျနော် လိုက်သွားပါတယ်။ ကိုဖေကြည်ကလည်း ဒီလမ်းကို သိပုံမရသေး။ ဒီတော့ ထိုင်း-ကရင် တဦး လမ်းပြတဲ့အတိုင်း ချောင်းရိုးလေးတလျောက် ကျနော်တို့ ၅ ဦး လျှောက်သွားကြပါတယ်။ တောက အတော်နက်ပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ခရီးကသိပ်မတွင်လှ၊ တောင်ခပ်မြင့်မြင့် တလုံးကိုကျော်၊ နောက်ထပ်တွေ့တဲ့ စမ်းချောင်းလေးအတိုင်း ဆက်လျှောက်ပြီး ညနေ ၄ နာရီခန့်မှာတော့ မြန်မာနယ်စပ်အနီးကို ရောက်လာပြီး စမ်းချောင်းဘေးမှာ ကရင်တဲအိမ်ကြီးတလုံးကို တွေ့လိုက်ရပါတယ်။ လမ်းပြ ကရင်ဖထီးက ဟာလဲဂေး၊ ဝါလဲဂေးနဲ့ ကရင်လို နှုတ်ဆက် ပြောဆိုအပြီးမှာတော့ အဲဒီအိမ်မှာ ညအိပ်ဖို့ ကျနော်တို့ စခန်းချလိုက်ပါတယ်။
နောက်တနေ့ မနက်မှာတော့ အဲဒီအိမ်ကနေ မြန်မာနယ်စပ်ဖက် တောင်ထိပ်ဆီ ကျနော်တို့လမ်း ဆက်လျှောက်သွားပါတယ်။ လူသွားလမ်းကြမ်းလေးရှိနေပြီး တောင်ထိပ်နယ်စပ် တည့်တည့်မှာ နတ်စင်လေးတခု ဆောက်ထားတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ နတ်စင်ဘေးက တောင်ထိပ်ကျော လမ်းတလျှောက်မှာတော့ ဆင်ချေးတွေကို တွေ့ရတဲ့အတွက် တောဆင်ရိုင်းတွေ ကျက်စားတဲ့နေရာလို့ လမ်းပြဖထီးက ပြောပါတယ်။
သစ်ပင်ကြီးတွေကြားမှာ ဝါးရုံပင်တွေကိုလည်း တွေ့ရပြီး ဆင်တိုးထားတဲ့၊ ဆင်တွေ ဆွဲစားထားတဲ့ နေရာတွေကိုလည်း တွေ့ရပါတယ်။ အဲဒီ နတ်စင်ကနေ မြန်မာဘက် ရေဝေတောင်တန်းအတိုင်း နာရီဝက်လောက် ဆက်ဆင်းလာတဲ့ အခါမှာတော့ တောအုပ်က ထိုင်းဘက်ကထက် ပိုထူ၊ သစ်ပင်တွေကလည်း ပိုကြီးပြီး နေရောင်တောင် ကောင်းကောင်း မရဖြစ်နေပါတယ်။ အဲဒီတောအုပ်ထဲမှာ မြန်မာဘက်ကရေစီးလာတဲ့ စမ်းချောင်းငယ်တခုကို တွေ့ရပြီး ဒီနေရာမှာ ကျနော်တို့ ABSDF စခန်းသစ် အထိုင်ဖို့ ကျနော်နဲ့ကိုဖေကြည် သဘောတူ ရွေးချယ်လိုက်ပါတယ်။
ပစ္စည်းမဲ့တော်လှန်ရေးနဲ့ NGO ယဉ်ကျေးမှု
နယ်မြေသစ်တခု ရှာဖို့ထွက်လာတဲ့ ကျနော်တို့ ၄ ဦးဆီမှာ ဓား ၂ လက် ၃ လက်ကလွဲပြီး ဘာလက်နက်မှပါမလာ။ နောက်တခါ ရှေ့တန်း၊ နောက်တန်းနဲ့ ဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေးစက်လည်း ပါမလာပါ။ ဒါပေမယ့် ကျနော်တို့အုပ်စု ဒီနေရာသစ်ဆီ ထွက်မလာခင်ကတည်းက ဘယ်နေ့မှာ ဘယ်ကိုရောက်မယ်၊ ဘယ်သူတွေက ဘယ်နေရာမှာ စောင့်ပါလို့ အတိအကျ ချိန်းဆိုထားပြီး ဖြစ်တဲ့အတွက် အဲဒီအချိန်ဇယားအတိုင်း ဝင်အောင် ကိုဖေကြည်နဲ့ကျနော် ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ နယ်မြေသစ်အနေထား၊ စခန်းချမယ့် မြေအနေထားတွေကို လေ့လာပြီးတဲ့အခါမှာတော့ ကရင်အဖိုးကြီးအိမ်မှာပဲ တည ထပ်အိပ်ရပါတယ်။
နောက်တနေ့ မနက်စောစောမှာတော့ ရှေ့မှာ ဗိုလ်မှူးစိုးလွင် ပြောခဲ့ဖူးတဲ့ ဗကပ မြိတ်ခရိုင် တောတွင်းစခန်းရှိရာဆီ ကျနော်တို့ချီတက်ခဲ့ပါတယ်။ ဒီခရီးက နယ်စပ်နဲ့ ထိုင်းရွာလောက် မဝေးပေမဲ့ လမ်းမှာ စမ်းချောင်းမရှိ၊ တောင်ထိပ်ကျော တလျှောက်ဖြတ်သွားရမှာမို့ ရေဗူးတွေကို အသေအချာ ပြင်ဆင်ယူသွားရပါတယ်။ ကျနော်တို့ရောက်နေတဲ့ တောင်ထိပ်ကနေ မြန်မာဘက်က တောင်တန်းတွေကိုရော၊ ထိုင်းဖက်က တောင်တန်းတွေနဲ့ ရွာတွေကိုပါ အပေါ်စီးကနေ မြင်နေရပြီး ရှုခင်းက အတော်လှပ၊ လေကလည်း တဖြူးဖြူးတိုက်နေပါတယ်။ အဲဒီကာလဟာ ၁၉၉၄ နွေရာသီ သင်္ကြန်မတိုင်မီလေးလို့ ထင်ပါတယ်။
အဲဒီတောင်ကျောကို တနေကုန်နီးပါး လျှောက်ပြီး ညနေ ၃ နာရီလောက်မှာတော့ တောင်ယာခင်းလိုလို၊ ငှက်ပျောခင်းလိုလို၊ ဥယဉ်ခြံလိုလို တခုထဲက ဗကပ မြိတ်ခရိုင်စခန်းခွဲဆီ ကျနော်တို့ ရောက်သွားပါတယ်။ အဲဒီကာလ စခန်းတာဝန်ခံက ဗိုလ်စိုးဝေ ဖြစ်ပါတယ်။ အဲဒီမှာ မင်းသမီးဘက်ကနေ ဆင်းလာပြီး ကျနော်တို့အလာကို အသင့်စောင့်နေတဲ့ ကျောင်းသားတပ်တွေနဲ့ တွေ့ပါတယ်။ အဲဒီစစ်ကြောင်းကို ဦးစီးလာသူတွေကတော့ ၂၀၃ တပ်ရင်းမှ တပ်ရင်းမှူး ကိုမဲချော ခေါ် ကိုချမ်းနိုင် (ပြန်ဝင်)၊ ၂၀၁ တပ်ရင်းမှ တပ်ခွဲမှူး ဘိုင်လာမန် ခေါ် ကိုခင်မောင်ချို (အခု အမေရိကန်) နဲ့ ဒုခွဲမှူး ကိုစိုးမင်းအောင် (အခု ဒိန်းမတ်) တို့ ဖြစ်ပါတယ်။
ဗိုလ်စိုးဝေတို့ရဲ့ ဗကပ တောတွင်းစခန်းဟာ ကျနော်တို့ နေခဲ့ဖူးတဲ့ မင်းသမီး၊ ချုံချိအပါဝင် နယ်စပ်တကျောက ကရင်၊ မွန်၊ ကျောင်းသားစခန်းတွေနဲ့ လုံးဝကွာခြားပြီး တကယ်ကို သီးခြား တောတွင်းစခန်းတခု ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့စခန်းနဲ့ ပြင်ပကမ္ဘာ ဆက်သွယ်ဖို့ ကားလမ်းလည်းမရှိ၊ လှေလမ်းလည်း မရှိပါ။ မင်းသမီးဘက်ကနေ လှေနဲ့ဆင်းလာတဲ့ ကျနော်တို့ ရဲဘော်တွေလာရာ တနင်္သာရီမြစ်လက်တက် ချောင်းရှိရာ နေရာကိုတောင် ဒီစခန်းနဲ့ နေ့ဝက် ခရီးရှိတယ်လို့ ဆိုပါတယ်။ မီးစက်လည်းမရှိ၊ တီဗီလည်း မရှိပါဘူး။ (အဲဒီ ကာလကတည်းက ကျနော်တို့ မင်းသမီးနဲ့ ချုံချိဒေသတွေမှာ မီးစက်တွေ၊ တီဗီစလောင်းတွေရှိနေပြီ ဖြစ်ပါတယ်)။ NGO လည်းမသိ၊ ကွန်ပြူတာကိုလည်း မမြင်ဘူးသေးတဲ့ တကယ့်ကို တောတွင်းခစန်းတခုပါ။
ဒီစခန်းက ဗကပ ရဲဘော်တွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွွေရဲ့ ဝတ်စားဆင်ယင်မှုကလည်း ကျနော်တို့ ရဲဘော်တွေနဲ့ ဘာမှမဆိုင်၊ ကျနော်တို့ဆီက ပုဂ္ဂိုလ်တွေ ပြောက်ကျားယူနီဖောင်းတွေကို ပြောင်ပြောင်ရောင်ရောင် ဝတ်ထားနိုင်ပေမယ့် ဒီစခန်းက လူတွေမှာတော့ ယူနီးဖောင်းလည်းမရှိ၊ အရပ်ဝတ်တွေကလည်း ဟောင်းနွမ်းစုတ်ပြတ်နေ။ ပြီးတော့ သူတို့ မျက်နှာတွေကလည်း အဟာရမပြည့်ဝတဲ့ မျက်နှာမျိုး၊ ဖြူဖတ်ဖြူရော်နဲ့။ ကျနော်တို့ ငယ်ငယ်တုန်းက ကြားဖူးတဲ့ “တောလူ” တွေဆိုတာကို သွားသတိရမိစေပါတယ်။
နောက်တခါ ဒီလူတွေဟာ ကျနော်တို့ နယ်စပ်အခြေစိုက် စခန်းတွေကလူတွေလို NGO အလှူနဲ့ ထိုင်းကလာတဲ့ ဆန်ကို စားနေတာမျိုးမဟုတ်။ သူတို့ကိုယ်တိုင် တောင်ယာခုတ်ပြီး အဲဒီက စပါးတွေကို နေလှန်းကြိတ်ခွဲ။ ဖြစ်သလိုထွင်းထားတဲ့ သစ်သားဆုံတွေထဲမှာ ထည့်ပြီး ထုကြိတ်နေတာကို ကျနော်ကိုယ်တိုင် မြင်ခဲ့ရပါတယ်။
နယ်စပ်ဖက်ရောက်နေတာ ၅ နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ကျနော်အဖို့တော့ ဒီမြင်ကွင်းဟာ တကယ့်ကို အထူးအဆန်းပါပဲ။ နောက်တခါ အဆက်သွယ်ပြတ်ပြီး တောထဲမှာနေတယ်ဆိုတော့ တောထွက်ဟင်းသီး ဟင်းရွက်မျိုးစုံကို ရနိုင်ပေမယ့် ဟင်းချက်ဖို့ဆီမရှိ၊ အချို့မှုန့်မရှိ၊ ငါးသေတ္တာ မရှိ၊ ကြက်သွန်နီမရှိ စသဖြင့် ဘာမှသိပ်မရှိဘူးဆိုတော့ သူတို့စားတဲ့ဟင်းက စားမကောင်းတဲ့အပြင် အဟာရလည်း မပြည့်ဝတာ သိပ်မဆန်း။ ဒီလိုပြောနေလို့ ကျနော်တို့ ရဲဘော်တွေက အဟာရပြည့်တဲ့ အစာတွေကို ကောင်းကောင်းမွန်မွန် စားနေရတယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ကျနော် ရောက်ဖူးသမျှ စခန်းတွေအားလုံး ကိုစိုးဝေတို့ တောတွင်းစခန်းထက်တော့ သာတယ်ဆိုတာကို ကျနော်သိနေပါတယ်။
အဟာရမပြည့်၊ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ကလေးငယ်တွေကို ကျနော်တို့ စစ်ကြောင်းမှာ ပါလာတဲ့ ဆေးမှူးတွေက စမ်းသပ်ကုသမှု လုပ်ပေးခဲ့တာကို ကျနော်မြင်ခဲ့ရပါတယ်။ စစ်ကြောင်းတွေနဲ့အတူ ဆေးမှူးတွေရော၊ ဆက်သွယ်ရေး စက်တွေပါ ပါလာပြီ ဖြစ်တဲ့အတွက် ကျနော်တို့ ၂ ဖွဲ့ပေါင်းမိပြီဖြစ်ကြောင်းနဲ့ ထူးခြားဖြစ်စဉ်အားလုံးကို ဗဟိုနဲ့ မင်းသမီးဒေသရှိ ဗလဖဆီ ကျနော်တို့ တင်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
စခန်းသစ် သို့မဟုတ် ရွှေပြည်တော် ဆန်သယ်တိုင်းဝေး
အဲဒီ တောတွင်းစခန်းမှာ တညအိပ်ပြီး နောက်တနေ့မှာတော့ အင်အား ၅၀ ကျော် ၆၀ လောက် ရှိတဲ့ ကျနော်တို့ စစ်ကြောင်းဟာ လက်နက်အပြည့်အစုံနဲ့အတူ တပ်တည်ဒေသအသစ်၊ စခန်းအသစ် ဆောက်မယ့် နယ်စပ်ဒေသဆီ ပြန်ချီတက်လာပါတယ်။ ညနေ ၄ နာရီလောက်မှာတော့ ရှေ့မှာပြောခဲ့တဲ့ ကျနော်တို့ ယာယီစခန်းချရာ ကရင်ဖထီးရဲ့ အိမ်ဆီရောက်လာပါတယ်။ သေနတ်တွေ၊ ယူနီဖောင်းတွေနဲ့ လူအများကြီးကို ရုတ်တရက် တွေ့လိုက်ရတဲ့ ကရင်မိသားစုဟာ ကျနော်တို့ကို ကြောက်လန့်နေတဲ့အတွက် မနည်းတောင်းပန်ခဲ့ရတာကိုလည်း ကျနော် မှတ်မိနေဆဲဖြစ်ပါတယ်။ သူတို့မကြောက်အောင်ဆိုပြီး ကျနော်တို့စစ်ကြောင်း တခုလုံးကို သူတို့အိမ်နဲ့ ခမ်းလှမ်းလှမ်းရှိ စမ်းချောင်းဘေးမှာ နေရာယူခိုင်းလိုက်ရပါတယ်။ နောက်တနေ့ မနက်မှာတော့ စစ်ကြောင်းနဲ့အတူ နယ်စပ် တောင်ထိပ်ကိုကျော် စခန်းဆောက်မယ့်နေရာကို စစ်ရေးတာဝန်ခံတွေကိုပြပြီး တောခုတ်ရှင်းလင်းကာ စခန်းသစ်ကို စဆောက်ပါတော့တယ်။
ဒါပေမယ့် ဘာမှ အဆင်သင့်မဖြစ်သေးတဲ့အတွက် ညနေပိုင်းမှာတော့ ထိုင်းဖက်ခြမ်းရှိ ဖထီးအိမ်ဘေးက စမ်းချောင်းအနီးကိုပဲ ပြန်လာပြီး အဲဒီမှာ ၄၊ ၅ ရက်ကြာပြီးမှ မြန်မာဘက်ကို ပြောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျနော်နဲ့ ကိုဖေကြည်ကတော့ တပ်တခုလုံး မြန်မာဘက်ပြောင်းတဲ့အထိ စောင့်မနေတော့ဘဲ တညအိပ်ပြီးတဲ့နောက် ထိုင်းရွာ ခေါင်ယိုင်ဆီ ပြန်ထွက်လာခဲ့ပါတယ်။ အဲဒီကစပြီး ဒီဒေသမှာ ကျနော်တို့ ABSDF တောင်ပိုင်းဒေသ စခန်းသစ်ဆိုပြီး ပေါ်လာပါတယ်။ နေရာသစ်မို့လို့ “စခန်းသစ်” ဆိုပြီး အလွယ်ခေါ်လိုက်ပေမယ့် တချို့ရဲဘော်တွေကတော့ ဒီနေရာဟာ ဝေးလံခေါင်သီလွန်းတဲ့အတွက် “ရွေပြည်တော်” မျှော်တိုင်းဝေးအဖြစ် နာမည်ပေးကြပါတယ်။ နောက်ပိုင်းမှာတော့ အနီးစပ်ဆုံးနဲ့ လူသိအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေမြို့ကို အစွဲပြုပြီး “ဟွာဟင် စခန်း” အဖြစ် အခေါ်များခဲ့ပါတယ်။
စခန်းသစ်မှာ ကျနော်တို့တပ်တွေချည်း ၆ လကျော် နေပြီးတဲ့အခါမှာတော့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်လိုက်တဲ့အတွက် ချုံချီဒေသအခြေစိုက် ဗိုလ်မှူးစိုးလွင် ဦးစီးတဲ့ ဗကပ မြိတ်ခရိုင်တပ်ဟာလည်း ကျနော်တို့စခန်းသစ်ဆီ ရောက်လာခဲ့ပါတယ်။ ဒီစခန်းဟာ ထိုင်းနယ်စပ်ရွာနဲ့ ၆ နာရီခန့် လမ်းလျှောက်ရပြီး ကားလမ်း၊ လှည်းလမ်းလည်း မရှိတဲ့အတွက် နယ်စပ်နေက စခန်းအထိ ဆန်သယ်ရတဲ့ အလုပ်ကိုက တာဝန်တခုလို ဖြစ်လာခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာတုန်းကတော့ ကရင်နီဒေသဘက်ရှိ ၃၀၃ တပ်ရင်းကနေ လား ၄ ကောင်ကို ထရပ်ကားတွေနဲ့သယ်ပြီး ဆန်သယ်ခိုင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မြောက်နဲ့တောင် ရာသီဥတု အအေး၊ အပူ ကွာခြားလို့လား မသိပါ၊ အဲဒီ လားတွေအားလုံး ဟွာဟင်ဒေသ စခန်းသစ်ကိုရောက်ပြီး ၂ လ လောက်အတွင်း သေဆုံးသွားပါတယ်။
ကိုယ်စားဖို့ဆန် ကိုယ်သယ်ရတဲ့ကိစ္စကို စာမဖွဲ့လောက်ဘူးဆိုပေမယ့် စခန်းသစ်ဒေသ ဆန်သယ်ရတဲ့ ဒုက္ခကတော့ ကျနော်တို့အတွက် စာဖွဲ့လောက်တယ်လို့ ထင်ပါတယ်။ ကျနော်ရောက်ဖူးသမျှ ABSDF စခန်းတွေထဲမှာ စခန်းသစ်လောက် ဝေးလံခေါင်ဖျားတဲ့စခန်း မတွေ့ဖူးခဲ့ပါ။ ရှေ့ပိုင်းမှာတင်ပြခဲ့ပြီး ဖြစ်တဲ့အတိုင်း ထိုင်းနယ်စပ် နောက်ဆုံးရွာဖြစ်တဲ့ ခေါင်ယိုင်ရွာ၊ သံပုရာခြံရှိ ဂိုဒေါင်ကနေ ကျနော်တို့ ABSDF စခန်းရှိတဲ့ မြန်မာဘက် နယ်မြေထဲအထိ ၁၂ မိုင်ကျော် ခရီးရှိပြီး ၆ နာရီလောက် လမ်းလျှောက်ရပါတယ်။ ကားလမ်း၊ လူသွားလမ်း ဘာမှမရှိတဲ့အတွက် သဘာဝအတိုင်းရှိနေတဲ့ စမ်းချောင်းလေးအတိုင်း လျှောက်ပြီး ဆန်ကီလို ၂၀ ကျော် ထမ်းသွားရတဲ့အလုပ်ဟာ သိပ်မလွယ်လှ။ ဆန်သယ်တဲ့ အလုပ်တခုတည်းနဲ့တင် အချိန်အတော်ကုန်နေတဲ့ ကိစ္စအပေါ် ရဲဘော်တချို့ ငြီးငြူကြတာကို ကျနော် အမှတ်ရနေပါတယ်။