[irrawaddy_gallery]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာအတွင်း ပထမဆုံး ဥရောပခရီးစဉ် တလျှောက်လုံးမှာ သူရဲ့ သွားလာလုပ်ဆောင်မှု မှန်သမျှကို မြန်မာပြည်သူတွေ အပါအဝင်၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ကြ၊ ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာတိုင်း မြန်မာပြည်သူတွေ အထူးစိတ်ဝင်တစား ပြောဆိုဖြစ်ကြတာကတော့ သူ့ရဲ့ ဝတ်စားဆင်ယင်မှုပါပဲ။
ဥရောပကို ခရီးထွက်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းဝတ်စုံတွေ မဝတ်ဘဲ ပြည်တွင်းဖြစ် ရိုးရာထည်တွေကိုပဲ ဝတ်ဆင်ခဲ့တာက မြန်မာပြည်သူတွေအတွက် အားကျစရာ၊ ဂုဏ်ယူဝင့်ကြွား ပြောဆိုစရာ ခေါင်းစဉ်တခုဖြစ်ခဲ့ပါတယ်။
Facebook လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ပြောဆိုကြတဲ့အခါ သူ့ရဲ့ ဝတ်စားဆင်ယင်မှု အကြောင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ စိတ်ဝင်တစား ပြောဆိုကြတာကို တွေ့ရပါတယ်။
တချို့တွေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်ပုံ အမျိုးမျိုးနဲ့ ဓာတ်ပုံတွေကို စုစည်းထားပြီး Facebook ပေါ်မှာ အချင်းချင်းဖြန့်ဝေကြ၊ မြန်မာဆန်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ အနောက်တိုင်းဆန်တဲ့ ဝတ်စားဆင်ယင်မှုတွေကို ချိန်ထိုးပြောဆိုကြတာတွေ ရှိပါတယ်။
ဥရောပ ခရီးစဉ်တလျှောက်လုံး မြန်မာအဝတ်အစားကိုပဲ ဝတ်ခဲ့တာ၊ ဥရောပကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့တဲ့အခါ ကိုယ့်ရိုးရာဝတ်စုံတွေကိုပဲ အများစု ဝတ်ဆင်ခဲ့ကြတာတွေကို ထောက်ပြပြီး
ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ရိုးရာဝတ်စုံတွေအကြောင်း ကမ္ဘာက ပိုသိသွားရတယ်၊ မြန်မာဝတ်စုံတွေရဲ့အလှ ကမ္ဘာကျော်ရတယ်လို့ ပြောဆိုကြတာတွေ တွေ့ရသလို ဒီအချက်နဲ့ ပတ်သက်ပြီး အငြင်းပွားကြတာတွေလည်း ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဥရောပတိုင်းသားတွေအပေါ် မြန်မာဝတ်စုံဖက်ရှင်တွေ လွှမ်းမိုးမှု ရှိတယ်၊ မရှိဘူးဆိုတာကို သေချာမသိနိုင်ပေမယ့် အိမ်နီးချင်း အာရှနိုင်ငံတွေပေါ်ကိုတော့ လွှမ်းမိုးမှု တစုံတရာ ရှိနေပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှုတွေဟာ ကျမကို အင်မတန် လွှမ်းမိုးပါတယ်။ သူနေအိမ်အကျယ်ချုပ်က လွတ်လာပြီးကတည်းက သူဝတ်တာတွေကို ကျမ သတိထားမိပြီး အဲ့ဒီဝတ်စုံလေးတွေကို ကျမ သိပ်ချစ်သွားတယ်။ အဲ့ဒါမျိုးလေးတွေ ကျမ သိပ်ဝတ်ချင်မိတယ်” လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အသံသွင်း အင်ဂျင်နီယာအမျိုးသမီးတဦးဖြစ်သူ ဂျန် က ဧရာဝတီကို ပြောပြပါတယ်။
ဂျန်က သူ့မှာ မြန်မာအကျႌတွေနဲ့ မြန်မာဝတ်စုံ ၇ စုံရှိတဲ့အကြောင်း၊ အဲ့ဒီဝတ်စုံလေးတွေကို မြန်မာပြည်ကနေ မှာယူခဲ့တဲ့အကြောင်း၊ ဖက်ရှင်ချစ်သူ အမျိုးသမီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာဝတ်စုံ ဖက်ရှင်လေးတွေကို ဝတ်ကြည့်စေချင်ကြောင်း သူက ပြောပြပါတယ်။
“အဲ့ဒီအကျႌလေးတွေကို စကပ်လေးနဲ့ တွဲဝတ်တယ်။ ထမီနဲ့ ဝမ်းဆက်လေးတွေကိုတော့ အခမ်းအနား၊ ပွဲလမ်းတွေ ရှိတာအခါ ဝတ်တယ်။ ဝတ်စုံလေးတွေက သိပ်လှတယ်။ အရည်အသွေးလည်း သိပ်ကောင်းတာပဲ။ တခါ အခမ်းအနားတခုသွားတော့ ကျမလို မြန်မာထည်လေးတွေဝတ်တဲ့ အမျိုးသမီးတွေကို တွေ့တယ်ရှင့်။ ကျမတို့ စကားပြောဖြစ်တော့ အောင်ဆန်းစုကြည်ဟာ ကျမတို့ လေးစားတဲ့ စံပြအမျိုးသမီး၊ ကျမတို့ရဲ့ ဖက်ရှင် စံပြပုဂ္ဂိုလ် ဖြစ်နေတာကိုး” လို့ ဂျန်က ပြောပါတယ်။
ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က ဆရာမတယောက်ဖြစ်တဲ့ ဝမ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စုံတွေနဲ့ဆင်တူ ဝတ်စုံတွေ ဝယ်ထားသလို ဥရောပခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဝတ်ခဲ့တဲ့ ဝတ်စုံမျိုးကိုလည်း ဝယ်မယ်လို့ ဆိုပါတယ်။
“သူဝတ်တာလေးတွေ သဘောကျလွန်းလို့လေ။ ရန်ကုန်က ကျမသူငယ်ချင်းတွေဆီကနေ မှာထားတာ။ သူ ILO မှာ မိန့်ခွန်းပြောတဲ့ အဖြူနဲ့အနက် ဝတ်စုံလေးရယ်၊ နိုဗယ်လ်ဆုယူတုန်းကဝတ်တဲ့ အဖြူပေါ် ခရမ်းရင့်ရောင်အပွင့်ထမီနဲ့ ခရမ်းရင့်အကျႌဝတ်စုံမျိုး လိုချင်လို့ ထပ်မှာထားတယ်” လို့ ဆရာမ ဝမ်က ပြောပြပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ (ILO) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောချိန် ဝတ်ခဲ့တဲ့ ပိုးသားအနက်ရောင်ပေါ် အဖြူနဲ့ မီးခိုးဆေးရေးထမီနဲ့ အဖြူရောင်ပေါ် အနက်ရောင်အနားကွပ်အကျႌ၊ အစိမ်းရောင်ပုဝါနဲ့ ဝတ်စုံ၊ နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဗယ်လ်ဆုယူချိန်မှာ ဝတ်ခဲ့တဲ့ အဖြူရောင်ပေါ် ခရမ်းရောင်ဖောက်တဲ့ ချိတ်ထမီနဲ့ ခရမ်းရင့်ပေါ် ကနုတ်ပန်းခက်လေးတွေ ထိုးထားတဲ့အကျႌ၊ ခရမ်းနုရောင် ပုဝါနဲ့ဝတ်စုံ၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရဲ့ သမိုင်းဝင် ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာ ဗြိတိန် ဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန် ဝတ်ခဲ့တဲ့ နီညိုရင့် ချိတ်ဝမ်းဆက်၊ ပြင်သစ်နိုင်ငံကို အသွား ဝတ်ခဲ့တဲ့ စိမ်းပြာနုပေါ် လက်ထိုးပန်းပွင့်လေးတွေ ထိုးထားတဲ့ ဝတ်စုံ၊ ပြင်သစ်သမတ ဖရွန်ဆွာ အောလန်နဲ့ တွေ့ဆုံချိန်မှာ ဝတ်ခဲ့တဲ့ အစိမ်းရောင်ချိတ်ထမီနဲ့ စိမ်းနုရောင် အကျႌဝတ်စုံတွေဟာ မြန်မာအမျိုးသမီးထုကိုသာမက မြန်မာ့ရိုးရာဝတ်စုံတွေကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
“ကျမအရင်က မြန်မာဝတ်စုံတွေကို သိပ်စိတ်မဝင်စားခဲ့ဘူး။ အောင်ဆန်းစုကြည် ILO မှာ မိန့်ခွန်းမပြောခင် ထိုင်စောင့်နေတဲ့ ပုံလေးကို တွေ့လိုက်တော့ မြန်မာဝတ်စုံက တယ်လည်း ကျက်သရေရှိပါလားဆိုပြီး ကျမလည်း အဲ့ဒါမျိုးလေး သိပ်ဝတ်ကြည့်ချင်မိသွားတယ်” လို့ ရန်ကုန်မြို့က ဂျပန် NGO တခုမှာ တာဝန်ကျတဲ့ ဂျပန်အမျိုးသမီး ခဇုကို က ပြောပြပါတယ်။
အရွက်စိမ်းစိမ်း၊ သစ်ခွဖြူလွလွတွေနဲ့ ပြည့်နေတဲ့ ပန်းအိုးကြီးရဲ့ရှေ့မှာ အဖြူအနက်ဝတ်စုံ၊ အစိမ်းရောင် ပုဝါလေးခြုံပြီး ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ပန်ဟာ ပန်းပွင့်ဖြူတွေနဲ့ ပနံရလှပြီး သူ့ကိုဖမ်းစားခဲ့ပါတယ်တဲ့။
ရန်ကုန်မှာ မြန်မာအမျိုးသမီးတွေ တော်တော်များများက ခေတ်ရဲ့သမီးပျိုတွေပီပီ အနောက်တိုင်းဝတ်စုံတွေကို ဝတ်ကြတာကိုပဲ အများစုတွေ့လေ့ရှိပြီး မြန်မာဝတ်စုံလေးတွေ ဝတ်တာမျိုး တွေ့လိုက်ရရင် သူ့အနေနဲ့ အရင်ကထက် ထူးထူးခြားခြား သတိပြုမိ၊ လိုက်ကြည့်မိတယ်လို့လည်း သူက ပြောပါတယ်။
“စကတ်တို့၊ ဘောင်းဘီတို့ကတော့ ဘယ်နိုင်ငံသွားသွား မြင်နေရတော့ မထူးဆန်းဘူး။ မြန်မာဝတ်စုံလေးတွေကျတော့ ကျမတို့အတွက် အမြင်ဆန်းတယ်။ ဝတ်စုံလေးတွေက ချပ်ချပ်ရပ်ရပ်နဲ့ သိပ်ကြည့်လို့ကောင်းတယ်။ ဒီက ရာသီဥတုနဲ့လည်း ကိုက်ညီတယ်လို့ ထင်တယ်လေ။ ချုပ်ပြီးသားတစုံ ဝယ်ဝတ်ကြည့်တာ သိပ်သဘောကျတာပဲ” လို့ ခဇုကိုက ပြောပြပါတယ်။
မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြားထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ဓာတ်ပုံတွေအောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ကျက်သရေဆောင်ဖြစ်တယ်၊ မြန်မာမိန်းကလေးတွေ မြန်မာဆန်ဆန်ဝတ်သင့်တယ်၊ အတုယူသင့်တယ်လို့ တိုက်တွန်းပြောဆိုရေးသားမှုတွေ ပိုမို ပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။
“အခုခေတ် မိန်းကလေးတွေ တော်တော်များများက အတိုတွေ၊ အပြတ်တွေဝတ်မှ လှတယ်၊ ခေတ်မီတယ်ထင်ကြတယ်။ ဥရောပကို သွားတယ်ဆိုပေမယ့် ဘိုလို မဝတ်ဘဲ မြန်မာဆန်ဆန်ဝတ်ဆင်ခဲ့တဲ့ အမေစုရဲ့ ရှေ့ဆောင်လမ်းပြ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး မြန်မာဝတ်စုံလေးတွေဟာလည်း လှတယ်၊ ခေတ်မီတယ်ဆိုတာ မြန်မာမလေးတွေ သိနားလည်သင့်တယ်။ အတုယူသင့်တယ်” လို့ ရန်ကုန်မြို့က မသန္တာက ပြောပါတယ်။
Facebook သုံးသူ တယောက်ကလည်း “အမေစုနဲ့ သူ့ရဲ့ဝတ်စားဆင်ယင်မှုကြောင့် မြန်မာကို ကမ္ဘာက ပိုသိသွားပြီ။ ယဉ်ကျေးတဲ့ မြန်မာတွေဆိုပြီး အမေက ရှေ့က ပုံဖော်ပေးနေသလို၊ မြန်မာမလေးတွေကိုလည်း အမေ့လိုပဲ ရိုးရိုးယဉ်ယဉ်နဲ့ ကျက်သရေရှိစေချင်တယ်။ ကမ္ဘာက မြန်မာကိုသိတာထက် မြန်မာနိုင်ငံက မိန်းကလေးတွေ ပိုသိဖို့လိုတယ်” လို့ ရေးသားထားပါတယ်။
ဝတ်စားဆင်ယင်မှုအပြင် နော်ဝေနိုင်ငံရောက် မြန်မာတွေနဲ့ တွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မြန်မာစာ မြန်မာစကားကို မမေ့ဖို့၊ ကလေးတွေကိုသင်ပေးဖို့၊ မြန်မာစကား ပြောကြဖို့ တိုက်တွန်းတာကိုလည်း အချင်းချင်း ပြန်လှန်ဝေငှကြရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့အတူ ဆွေးနွေးကြတဲ့ နောက်အကြောင်းအရာကတော့ ဝတ်စားဆင်ယင်မှုနဲ့ မျိုးချစ်စိတ်ပါ။
မြန်မာဆန်ဆန် ဝတ်စားဆင်ယင်တာနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတယ်လို့ ပြောလို့မရဘူးလို့ ဆိုသူတွေရှိသလို အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းတယ်ဆိုတာ ဝတ်စားဆင်ယင်မှုလည်းပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီလိုလေး ဝတ်စားဆင်ယင်တယ်ဆိုရင်ပဲ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတာနဲ့ အတူတူပါပဲ ဆိုပြီး ရေးသားကြ၊ မှတ်ချက်ပေးကြ၊ ပြောဆို ဆွေးနွေးကြတာတွေလည်း ဒုနဲ့ဒေးပါပဲ။
အာရှနိုင်ငံတော်တော်များများက ခေါင်းဆောင်တွေဟာ အခုအချိန်မှာဆိုရင် အများစုက အနောက်တိုင်း ဝတ်စုံတွေကိုသာ ဝတ်ဆင်နေကြတာတွေ့ရမှာပါ။
ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး အားကောင်းတဲ့ အိန္ဒိယနိုင်ငံက ခေါင်းဆောင်တွေကတော့ အမြဲတစေ ရိုးရာဝတ်စုံတွေကို ဝတ်လေ့ရှိတာကို သတိပြုမိမှာပါ။ ဒါတွေနဲ့ပတ်သက်လို့ အိန္ဒိယ နိုင်ငံရေး တက်ကြွသူ လူငယ်တယောက်ဖြစ်တဲ့ အမ်မိခ်ကတော့ ရိုးရာထိန်းသိမ်းတယ်၊ အနေထိုင် သိမ်မွေ့တယ်ဆိုတာထက် နိုင်ငံခေါင်းဆောင်တွေရဲ့ ပြည်သူအပေါ်၊ နိုင်ငံအပေါ် ထားရှိတဲ့ စေတနာနဲ့ သူတို့ရဲ့ အမှန်တကယ် လုပ်ဆောင်မှုတွေက ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ရဲ့ ဂန္ဓီကြီး ပြောဖူးတယ်။ ကိုယ့်ရဲ့ စိတ်ကတော့ တိုင်းတပါးက အလေ့အထတွေကို လေ့လာပါ၊ ဖလှယ်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ခြေထောက်ကိုတော့ ကိုယ့်တိုင်းပြည်ရဲ့ မြေပေါ်မှာပဲ စွဲစွဲမြဲမြဲထားပါ။ ဒါမှ တိုင်းတပါးက လေကြမ်းတွေ တိုက်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုး လှုပ်ခါယုတ်လျော့မှု မရှိမှာဖြစ်တယ် ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံအပေါ်ထားတဲ့ သူ့စေတနာကြောင့် နိုင်ငံတကာမှာ သူ့နိုင်ငံကို ကိုယ်စားပြုပြီး တောက်ပနေတော့ သူ့ကြောင့် မြန်မာ့ယဉ်ကျေးမှုက ဂုဏ်ပိုတက်သွားတယ်လို့ ပြောရမှာပါ” လို့ အမ်မိခ် က ပြောပါတယ်။
ဘန်ကောက်က ထိုင်းအမျိုးသမီး ဂျန် ကတော့ “အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတခုတည်း အတွက်တင်မကဘူး၊ ကျမတို့ အာရှအမျိုးသမီးထုအတွက် စံပါပဲ။ ဝတ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတဲ့စိတ်၊ သူ့တိုင်းပြည်အပေါ်ထားတဲ့ စေတနာနဲ့ အနစ်နာခံမှုတွေကို မြန်မာမိန်းကလေးတွေသာမက အမျိုးသမီးတိုင်း သူ့ကို စံနမူနာယူသင့်တယ်” လို့ ဆိုပါတယ်။
ဆက်စပ်ဖတ်ရှုရန်