ဆောင်းပါး

မျှော်သာမျှော်သည် မယုံကြည် ...

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြောပြန်ရင်လည်း အောင်မင်းတို့ လွန်ရာကျဦးမယ် … အဲ ဝန်မင်းရေ … ဆောရီးဗျာ … ဆောရီး … သူ့ဘာသာ တထိန်းထိန်း နဲ့ ငြိမ်းချမ်းရေး ဆင်နွှဲနေတဲ့ ရထားဝန်ကြီးကို ရွဲ့ချင်တဲ့ စိတ်နဲ့ ရေးတာမဟုတ်ပါဘူး။ ဘယ့်နှယ် မြန်မာစကားထဲ အောင်မင်း ဆိုတာကြီးက ပါလာသလဲ ဆိုတာ ကိုတာတေလည်း လင်ဂွစ်စတစ် သုတေသီ မဟုတ်လေတော့ ပြောတတ်ဘူးဗျား။ ကဲ … ကိုတာတေကနေ ကိုလျှာရှည် ဖြစ်တော့မယ်။ တော်ကြာ လွှတ်တော်ထဲ ဆဒ္ဒန်ဆင်မင်းဇာတ် ခင်းတဲ့ ဝန်မင်းကြီးလို အားလုံးက ဝိုင်းသမတာ ခံနေရမှဖြင့်။

အဟုတ်ကို … ပြောပြန်ရင်လည်း ကိုတာတေတို့ လွန်ရာကျဦးမယ်။ ကြည့်လေ … ဇွန်လ တလလုံး မိုးအေးအေးနဲ့ ကွေးမလား ဆို ရင်ထဲမှာ လှပ်လှပ်လှပ်လှပ်နဲ့ ကွေးလို့မရ၊ ထိုင်လို့မရ … ဆရာမကြီး ကြည်အေး ကဗျာလေး ငှားရွတ်ရရင် အိပ်ရာ တွေလည်း ကြေမွတွန့်လိပ် သိပ်စိတ်ညစ်တယ် … ပေါ့ … ဆရာမကြီးကတော့ တကယ်ညစ်မညစ် မသိဘူး၊ ကိုတာတေကတော့ ပျော်တာကို သူများ အမြင်ကတ်မစိုးလို့ ဟန်လုပ်ပြီး ညစ်ချင်ယောင် ဆောင်တာပါ။

မဒမ်တေက ကိုတာတေ့ မချိုမချဉ်မျက်နှာကို ကြည့်ပြီး “တော့်ငယ်ရည်းစားနဲ့ facebook ပေါ်မှာ ပြန်တွေ့ရလို့ ကြည်နူးနေတာ မဟုတ်လား” ဆိုတဲ့ မသင်္ကာမျက်လုံးတွေနဲ့ ရန်ရှာလို့ မနည်းကို ရှင်းပြထားရတာ။ “မဟုတ်ရပါဘူးကွယ် … ယူရို ၂၀၁၂ မှာ စပိန် ဖလားရသွားလို့ပါ” ဆိုပြီး သူနားမလည်တဲ့ ဘောလုံး ဝေါဟာရတွေနဲ့ ကြိတ်မှ ငြိမ်သွားတော့တာ။ ဒါတောင်မှ “ဒါဆို တော် ဘောပွဲနိုင်တယ် မဟုတ်လား၊ ပေး နိုင်တဲ့ ပိုက်ဆံ” ဆိုလို့ ခွကျရသေးတယ်။ စဉ်းစားကြည့်လေ ကိုတာတေက မီဒီယာသမားပါဆို ဘယ်နှယ့် ဘောပွဲလောင်းတတ်မှာတုန်း။ မသကာ ဘောဒိုင်ကိုင်တယ်ဆို တော်သေး။

တကယ်တော့ ဟုတ်သလေ … ဇွန်လကုန်ကစလို့ ကိုတာတေ့တသက် တရုတ်သိုင်းဝတ္ထု အတွဲ ၄၀ စာလောက် ခုတ်နေ ထစ်နေခဲ့တဲ့ စာပေစိစစ်ရေး ဆိုသဟာကြီး ပင်စင်ယူတော့မယ် ဆိုတာကိုး။ မပျော်ရှိမလား။ ကိုတာတေက ဒီမီဒီယာ ဆိုတဲ့ ဟာလေးနဲ့ပဲ လုပ်စားတတ်တဲ့ဟာ။ တချို့ တချို့တွေလို NGO လည်း လုပ်မစားတတ်ဘူးလေ။

အဲ … ပြောရင်းကကို ချော်တောငေါ့ပြန်ပြီ။ အဲသလို ဇွန်တလလုံး ကိုတာတေတို့ မီဒီယာသမားတွေ လည်ပင်း သစ်ကုလားအုပ် ဖြစ်ခဲ့ကြရတာကိုမှ မထောက် … ၊ တကယ်ဆိုရင်တော့ ကုန်းသတ္တဝါထဲမှာ အကြီးဆုံးသော သတ္တဝါကြီးရဲ့ တစုံတရာကို ဝုတ်ဝုတ်လို့ ဟောင်တဲ့အကောင် ခပ်ငယ်ငယ် တကောင်က မျှော်ခဲ့ရတာကိုမှ မထောက် ဆိုပြီး ရေးချင်တာ၊ ကိုတာတေတို့ အယ်ချုပ်ကြီးက ရိုင်းတယ်ဆိုပြီး ငေါက်မစိုးလို့ ရေးတော့ပါဘူး။

ဒီတော့ ကိုတာတေတို့ ဘဝများမှာ မျှော်သာမျှော်သည် မယုံကြည် … ရင်မှာ ဝေဒနာ ပွင့်ခက်အဝါအနီ ဆိုတဲ့ သီချင်းပဲ ညည်းရတော့မယ် ထင်ပါရဲ့။ ရင်မှာ ဝေဒနာကတော့ ပွင့်ခက် အဝါအနီတင်မကဘူး အစိမ်းတွေကော၊ အပြာတွေကော၊ လိမ္မော်၊ ခရမ်း သက်တံရောင်စုံ ကွန့်မြူးနေပြီ … သြော် ဝန်ကြီးရယ် … လုပ်ရက်တယ်။ ဝန်ကြီးတင်မကဘူး ပြန်ကြားရေး တဌာနလုံး လုပ်ရက်တယ်လို့ပဲ ပြောရတော့မှာပဲ။ အေးလေ … ခမျာများမလဲ အိမ်နီးချင်း နိုင်ငံတွေကော၊ ဥရောပတွေကော သူများနိုင်ငံတွေမှာ ဘယ့်နှယ် ခုတ်သလဲဆိုတာ လိုက်လေ့လာနေရတဲ့အတွက် ပေးထားတဲ့ ကတိ မတည်နိုင်သေးတာ ထင်ပါရဲ့လို့ အခုတလော မြန်မာပြည်မှာ ခေတ်စားနေတဲ့ အကောင်းမြင်သမား စတိုင်ဖမ်းပြီး ကိုတာတေ မြင်ကြည့်ချင်ပါတယ်။

သို့သော် …

ဒီသို့သော်က တော်တော့်ကို ခွကျတဲ့ သို့သော်ပဲ။ ကိုတာတေက ဘယ်လိုပဲ အကောင်းမြင်ချင်မြင်ချင် … ရှာကြံမြင်ချင်သော် ငြားလည်း အဲဒီအကောင်းဆိုတာကို ရှာမတွေ့တာ ခက်တယ်။

ကြည့်လိုက်လေ … သမ္မတကြီးကစလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးအလယ် … မိမိတို့ အဆုံး … အဲ အစိုးရမင်းတွေ လွှင့်တဲ့ မိန့်ခွန်းတွေ နားထောင်ရတာများလို့ ယောင်သွားတာပါ၊ ပြောချင်တာက ပြည်သူတွေ အဆုံး … တတိုင်းလုံး တပြည်လုံး ပြုပြင်ပြောင်းလဲရေး ဆိုတဲ့စကားကို တွင်တွင်ကြီး အသုံးပြုနေတဲ့အချိန်မှာ ဒီ ပြန်ကြာရေး တဌာနတည်း ဘယ့်နှယ် နှာစေးနေရသတုန်း။ ဇွန်လထဲမှာ မိုးမိတာ များသွားလို့လား၊ ဒါမှမဟုတ် ဥရောပရာသီဥတု ပြင်းပြင်းဒဏ် ခံလိုက်ရလို့လား၊ ဒါမှဟုတ် တချို့တချို့သော အရှေ့အာရှတွင်းမှာ လည်ကြတဲ့ ပြန်ကြားရေးမင်းတွေ ခမျာ ညလုံးပေါက် ကာရာအိုကေ ဆိုခဲ့ကြရလို့လား … အဲလေ နှာစေးရောဂါနဲ့တော့ မှားကုန်ပြီ။

ဒီလိုဆိုပြန်တော့ ကိုတာတေက တဘက်သက်ကြီး ပြောသလို ဖြစ်နေပါဦးမယ်။ သူတို့ ခမျာများမှာလည်း ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ ရေစီးထဲ စတိတော့ ဝင်မျောကြရှာပါတယ်။ ဘယ်သူမှ သေသေချာချာ မသိလိုက်တဲ့ သတင်းစာ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ်ပွဲဆိုလား တလောက ကျင်းပသွားတာ။ နောက်တခုသော ပြုပြင်ပြောင်းလဲရေးကလည်း ထူးဆန်းပါပေ့၊ မီဒီယာ သမား တွေကို ခေါ်သတိပေးတဲ့သူက ပြန်ကြားရေးဝန်မင်း မဟုတ်ဘဲ ရန်ကုန်တိုင်း ဒေသကြီး ဝန်ချုပ်တဲ့ဗျား၊ ပြောင်းတော့ ပြောင်းကြရှာသား။ အမယ် ညွှန်ချုပ်မင်းကြီး တပါးဆို မြန်မာပြည်တွင်းမှာ ပြောနေကျ စကားတွေ ဥရောပနိုင်ငံတခုကို ပြောင်းပြီး သွားပြောလို့ facebook ပေါ်မှာ ပါးစပ်သေနတ်၊ အဲ လက်သေနတ်တွေနဲ့ တရစပ် အပစ်ခံလိုက်ရပါရောလား။ ဒီတော့လည်း ပြန်ကြားရေးဌာန ပြုပြင်ပြောင်းလဲရေး စိတ်မဝင်စားဘူးလို့ ပြောရမှာ ခက်လှချည်ရဲ့။

သြော် … ခုတော့ ကိုတာတေတို့ဘဝ ဒုံရင်းက ဒုံရင်းပဲ … ဇွန်တလလုံး ပျော်နေခဲ့တဲ့သူက ဇူလိုင်လထဲကို ၂ ရက်ကနေ ၃ ရက် ဝင်တဲ့ထိ ဘာမှ ဖြစ်မလာတော့ မှိုင်ပြီပေါ့။ ဒီတော့လည်း မနေရပါဘူး။ မဒမ်တေက ရောက်လာပြန်တယ်။ “ဘာလဲ ကိုတာတေ … တော့်ကို facebook ထဲက ကောင်မလေးတွေက unfriend လုပ်လိုက်လို့လား” တဲ့။ ဒီမိန်းမနှယ် အိုင်တီခေတ်ထဲ ယောင်တောင်တောင် ဖြစ်လာတဲ့ မီဒီယာသမားရဲ့ မိန်းမ မပြောရဘူး တခုခုဆို ဒီ facebook နဲ့ပဲ ကိုင်ပေါက် နေတော့တာပဲ။ “စိစစ်ရေး မဖြုတ်သေးလို့ဟေ့” လို့ ဘုမှုတ်တော့လည်း သူက မယုံပြန်ဘူး … တဟားဟားရယ်ရင်း တော် စိတ်ကူးယဉ်မနေနဲ့ … တဲ့။ အင်းလေ ဟုတ်တော့လည်း ဟုတ်တာပဲ … ကိုတာတေတို့ မီဒီယာသမားတွေ စာပေစိစစ်ရေးနဲ့ နပန်းလုံး လာတာ တသက်လုံးပဲကို။ ခုမှ ဒင်းမဖြုတ်သေးလို့ ဆိုတဲ့စကားက ယုတ္တိမှ မရှိတာ၊ မဒမ်တေကလည်း ခေသူမှ မဟုတ်ပေဘဲ။

“လာရွှီးမနေနဲ့ … စာပေစိစစ်ရေးဆိုတာ ဘယ်တုန်းက ဖြုတ်ဘူးလို့လဲ၊ ရှင်ဖိန့်ဖိန့်တုန်အောင် ကြောက်တဲ့ ကျမအမေ ရှင့်ယောက္ခမကြီးသာ သေရာက ပြန်ရှင်ချင် ရှင်လာမယ် … အိပ်မက် မက်မနေနဲ့ … ကျမဟင်းချက်မလို့၊ ရှင် ကလေးထိန်း” ဆိုပြီး နှပ်တွဲလောင်းနဲ့ ဂျူနီယာတေကို လက်ထဲထည့်ရင်း တရစပ်ပြောသွားလေရဲ့။ အင်း သမ္မတကြီးကမှ လွတ်ငြိမ်းချမ်းသာခွင့်ကို နည်းနည်းချင်း၊ နည်းနည်းချင်း ပေးဖော်ရသေးတယ် … မဒမ်တေကတော့ ဘယ်လို အယူခံကိုမှ လက်ခံမယ့်ပုံမရဘူး။

ဒီတော့ ဘယ်ရမလဲ … ကိုတာတေတို့ကလည်း ခေသူမှ မဟုတ်ပေဘဲ။ မိန်းမက ကလေးထိန်းဆို … ထိန်းပြီးသား …၊ ငါးပိဟေ့ဆို ကျိုပြီးသား … အဲဒီလို မီးသေချက် ဆိုတော့ ဂျူနီယာတေကို သူ့ကစားစရာတွေ အလယ်မှာ ချထားရင်း ပိုက်ဆံမကုန်တဲ့ အတွေးကို ဆက်နယ်ချဲ့နေလိုက်တယ်။

စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေ ပေါ်လာပါပကောလား။ ဟေမာနေဝင်းသီချင်း မဟုတ်ရပါဘူး။ တကယ်ပါ … အခုများတော့ သူတို့ ပြန်ကြားရေးက ဟိုဂျာနယ်ကို တရားစွဲလိုက်၊ ဒီဂျာနယ်ကို ယာယီနားလိုက်၊ ဒီစာအုပ်တိုက်ကို ခဏ ပိတ်လိုက်နဲ့ … မင်းသား ခေါင်းဆောင်း ချွတ်ပြ နေကြတာ … ကြည့်ပါဦး။ အစကတော့ ကိုတာတေက တကယ့် ဆင်ဖြူတော်ထင်မိတာ၊ လတ်စသတ်တော့ ခရုသင်းစွဲနေတဲ့ ဆင်မည်းကြီးကိုး။ ကိုတာတေတို့သာ ပုံလာလာပြောတိုင်း ယုံမိနေတာပ။

ဘာတဲ့ ဆူပူလှုံ့ဆော်မှုကို ဖြစ်စေတဲ့ အရေးအသားတွေ၊ ပုံတွေ ကြောင့်ဆိုလား …။ တလောက အယ်ဒီတာမင်းကြီး တပါး တရားစွဲ ခံလိုက်ရ ပါရောလား။ ကိုတာတေ စဉ်းစားမိတယ်။ ဒီအယ်ဒီတာ မင်းကြီးနှယ် တရားရုံးမှာ မေးခွန်းလေး ဘာလေး မထုတ်ဘူးလား … လို့။ ကိုတာတေတော့ မေးကြည့်ချင်တယ်။ သူတို့ ပြန်ကြားရေးက ထုတ်တဲ့ သတင်းစာထဲ ခေါင်းမည်းမည်း ကြီးနဲ့ ရေးထည့်လိုက်လို့ လောင်နေတဲ့မီးခဲ ယပ်ခပ်သလို ဖြစ်ခဲ့ရတာကိုတော့ ဘယ်သူမှ တရားမစွဲကြဘူးလား ဆိုတဲ့ မေးခွန်းပါ။ တကယ်မေးရဲလို့တော့ မဟုတ်ဘူးလေ။ စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေ ပေါ်လာတာပါ ဆိုမှ။

ဟုတ်တော့လည်း ဟုတ်သား … သတင်းစာ နှစ်ပတ်ပိတ်တို့ … သတင်းစာ ယာယီထုတ်ဝေခွင့် ရပ်ဆိုင်းတို့ ဆိုတဲ့ ဝေါဟာရတွေ မြန်မာ အဘိဓာန်ထဲမှာမှ မရှိပေဘဲ။ ပြီးတော့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး ဆိုပေမယ့် တချို့သော ဝန်မင်းတွေကတော့ နောက်ဖေးပေါက်ကနေ မီးသတ်လှေခါးလေး ထောင်ပြီး ဘယ်သူမှ မသိအောင် တက်ချင်လည်း တက်ကြပေမပေါ့ …။ အဲဒီတော့ ဒင်းတို့က အလျင် ဥပဒေဆိုတာကြီးရဲ့ အထက်ကို ရောက်ချင် ရောက်နေကြ ပေမပေါ့လေ။

မျှော်ရင်းမျှော်ရင်း … ဝေဒနာ ရင်မှာ အပွင့်အခက် ရောင်စုံနဲ့ ဟတ်ကော့ကြီးတွေ ဖြစ်ကြရတာကတော့ ကိုတာတေတို့ မီဒီယာသမား တွေသာပ။

Did you find apk for android? You can find new Free Android Games and apps.
Loading