ဘော်ဒါဆောင်တွေမှာလည်း လူမရှိသူမရှိ၊ တချိန်က နှစ်လိုဖွယ်ကောင်းလှတဲ့ ပါမောက္ခတွေရဲ့ ဘန်ဂလို တွေမှာလည်း နွယ်ပေတွေ၊ ပေါင်းပင်တွေထူလို့၊ ဗုံးခွဲဖျက်ဆီးတာမခံရခင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ရှိခဲ့တဲ့ နေရာမှာလည်း မြက်တွေပဲ ပေါက်နေကြလေရဲ့။
ဒါကတော့ တချိန်က အာရှမှာ အဆင့်အမြင့်ဆုံး တက္ကသိုလ်တခု၊ ရာစုနှစ်ထက်ဝက်ကြာ စစ်အုပ်ချုပ်ရေးကြောင့် မစွမ်းမသန်ဖြစ်ခဲ့ရတဲ့ ဝမ်းနည်းဖွယ်ရာ ပညာရေးစနစ်တခုရဲ့ ပြယုဂ် ရန်ကုန်တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ မဟာတန်း တက်နေသူတွေပဲ အဲဒီမှာ ကျောင်းတက်ခွင့်ရနေတာပါ။ ကျောင်းသားတွေ ဦးဆောင်တဲ့ အုံကြွမှုတွေကို ကြောက်ရွံ့တာမို့ စစ်အစိုးရက ရန်ကုန်တက္ကသိုလ်ပင်မနဲ့ တခြားနယ်မြေတွေကို ပိတ်ပစ်ခဲ့ပြီး ကျောင်းသားတွေကိုလည်း သင်ကြားမှု အထောက်အကူပြု ပစ္စည်းတွေ နည်းနည်းပဲရှိတဲ့ ဝေလံတဲ့ဒေသတွေဆီ ဖြန့်ထုတ်ခဲ့ပါတယ်။
မြန်မာပြည်လို့ လူသိများတဲ့ ဒီနိုင်ငံက အခုဆိုရင် ပြင်ပကမ္ဘာနဲ့ဆက်ဆံဖို့ တံခါးတွေဖွင့်လိုက်ပြီမို့ အရင်က လုပ်ခဲ့တာတွေရဲ့ အကျိုးဆက်ကို ကြီးကြီးမားမား ခံနေရပါတယ်။ တက္ကသိုလ်တွေကို နှိပ်ကွပ်ခဲ့မှုဟာ ပြန်မရနိုင်တော့တဲ့ မျိုးဆက်တခုကို မွေးဖွားစေခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက နှေးပြီး မြန်မာတွေ ခေါင်းပုံဖြတ်ခံရလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပညာရည်ချို့တဲ့သူတွေက နိုင်ငံအတွင်းကို အစုလိုက်အပြုံလိုက် ဝင်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ၊ အကူူအညီပေးမယ့်သူတွေ၊ ဒေါ်လာမြန်မြန်ရအောင်ရှာမယ့် အမြတ်ကြီးစားတွေနဲ့ ဆက်စပ်ဆောင်ရွက်မှာမို့ ဖြစ်တယ်လို့ ပညာရေးမှာ အထူးကျွမ်းကျင်သူတွေက ပြောကြပါတယ်။
“တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကျနော်တို့ အနည်းဆုံး ၁၀ နှစ် လိုလိမ့်မယ်။ ကျနော်တို့ရဲ့ ပညာရေး ယဉ်ကျေးမှုတခုလုံးကိုလည်း ပြောင်းပစ်ရမယ်။ ဒါပေမယ့် အဲ့ဒီလိုလုပ်ဖို့က သိပ်ခက်ခဲလိမ့်မယ်” လို့ ပညာရေးကိစ္စတွေကို အားပေးလုပ်ဆောင်နေတဲ့ မင်္ဂလာမြန်မာ (Mingalar Myanmar) အဖွဲ့ရဲ့ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။
ကနဦးအဆင့်တွေကိုတော့ ဆောင်ရွက်နေပါပြီ။ အစဉ်အလာမရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး စစ်အုပ်စုရဲ့ အာဏာချုပ်ကိုင်မှုကို လျှော့ချခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်က ပညာရေးကို တိုးတက်အောင်လုပ်သွားမယ်၊ ပညာရေးအဆင့်အတန်းကို နိုင်ငံတကာအဆင့်မီအောင် မြှင့်တင်ဖို့ နိုင်ငံခြားအကူအညီတွေ ရယူသွားမယ်လို့ ပြီးခဲ့တဲ့နှစ်က သူရဲ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမိန့်ခွန်းမှာ ကတိပြုသွားခဲ့ပါတယ်။
စစ်အသုံးစရိတ်တွေကြောင့် အခုအထိ နည်းနေဆဲဖြစ်ပြီး လုံလောက်မှုမရှိဘူးလို့ အကြီးအကျယ် ဝေဖန်ခံနေရတဲ့ ပညာရေး ဘတ်ဂျက်ကိုလည်း ဧပြီလမှာ ဒေါ်လာ သန်း ၃၄၀ ကနေ သန်း ၇၄၀ အထိ တိုးမြှင့်ခဲ့ပါတယ်။ အရင်ကဆိုရင် နိုင်ငံရဲ့ ဘတ်ဂျက် ၂၅ ရာခိုင်နှုန်းလောက်ကို တပ်မတော်အတွက် နှစ်နဲ့ချီ သုံးစွဲခဲ့ပြီး ပညာရေးအတွက်တော့ ၁.၃ ရာခိုင်နှုန်းပဲ သုံးစွဲခဲ့တာပါ။
မြန်မာပြည်ဟာ မျိုးဆက် ၂ ဆက်နဲ့ ဝန်ပိနေတယ်။ အဲဒီမျိုးဆက် ၂ ဆက်ကတော့ ဓာတ်ခွဲခန်း သေသေချာချာ မဝင်ဘူးတဲ့ ဓာတုဗေဒပါမောက္ခမျိုးဆက်နဲ့ ကိရိယာတန်ဆာပလာတွေ မကိုင်ဘူးတဲ့ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာမျိုးဆက်တွေပါပဲလို့ ပညာရေးကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော်က ဆိုပါတယ်။
စီးပွာရေးစီမံခန့်ခွဲမှုနဲ့ မဟာဝိဇ္ဇာဘွဲ့ရထားသူတွေကနေ ရှေ့နေတွေ၊ စာရင်းကိုင်တွေအထိ မလုံလောက်မှုတွေက ပြည့်နှက်နေတာပါပဲ။ ဦးမိုကျော ်အပြောအရ အဲဒါတွေထဲမှာ စိုးရိမ်စရာကောင်းတာကတော့ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ရောက်လာရင် အကြီးအကျယ်လိုအပ်မယ့် ကျွမ်းကျင်တဲ့ နည်းပညာရှင်တွေ၊ အလုပ်သမားတွေ ချို့တဲ့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့ပြစီမံကိန်းရေးဆွဲသူ (Urban Planner) အယောက် ၅၀ ရှိတယ်၊ လိုတာက အယောက် ၅၀၀ လို့ မကြာသေးခင်ကကျင်းပခဲ့တဲ့ ရန်ကုန်အနာဂတ်ဆိုင်ရာ ညီလာခံတခုမှာ အစိုးရအရှိတွေက ပြောကြားခဲ့ပါတယ်။
“မြန်မာပြည်ဟာ ခေါင်းပုံဖြတ်ခံရနိုင်တယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် ဒေသခံတွေအနေနဲ့လည်း အလုပ်နေရာတွေ ယူဖို့ အရည်အချင်း မပြည့်မီဘူးဆိုရင် အကျိုးအမြတ်များတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လွဲချော်သွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားသားတွေက သူတို့လူသူတို့ ခေါ်လာကြမှာမို့ပဲ” လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ပညာရေးကျွမ်းကျင်သူ ဆာဒါ အူမာ အလမ် (Sardar Umar Alam) က ဆိုပါတယ်။
အစိုးရက အဆင့်မြင့်လေ့လာရေး အင်စတီကျု ၁၆၀ ကျော် ပိုင်ဆိုင်ပေမယ့် ဘွဲ့ရတွေကတော့ သူတို့ဘွဲ့တွေကို လှောင်ပြောင်ကြပါတယ်၊ သူတို့ဟာ “ဘွဲ့လက်မှတ်တွေလောက်တောင် တန်ဖိုးမရှိဘူး” လို့ မကြာခဏ ပြောလေ့ရှိကြပါတယ်။
လူအတော်များများကလည်း ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ ဒီနိုင်ငံမှာ အင်္ဂလိပ်စာအရည်အသွေး ဆုံးရှုံးသွားတဲ့အပေါ် နက်နက်ရှိုင်းရှိုင်း နောင်တရနေကြပါတယ်။ လူမျိုးစွဲကြီးတဲ့ မြန်မာအစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက မူလတန်းအဆင့်မှာ အင်္ဂလိပ်စာမသင်ဖို့ ၁၉၆၀ ခုနှစ်ဝန်းကျင်လောက်တုန်းက တားမြစ်ခဲ့တာကိုး။
“ကျနော့်မှာ စိတ်ပညာနဲ့ဘွဲ့ရထားပြီး သိပ်တော်တဲ့ အမျိုးသမီးဝန်ထမ်းတယောက် မန္တလေးမှာရှိတယ်။ ဒါပေမယ့် သူက အင်္ဂလိပ်လို စာလုံးတောင် မပေါင်းတတ်ဘူး” လို့ မြန်မာဈေးကွက်သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (Myanmar Marketing Research & Development Company) ရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးမိုးကျော်က ဆိုပါတယ်။ သူက လန်ဒန်မှာ ကျောင်းပြီးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အစိုးရဆန့်ကျင်သူတွေ ခိုအောင်းရာ ဒုစရိုက်နယ်မြေလို့ သတ်မှတ်ခံရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို စစ်သားတွေက ဗုံးခွဲဖျက်ဆီးလိုက်တဲ့အခါမှာ အများကခေါ်နေကြတဲ့ “ပညာရေးကို စစ်ဆင်ခြင်း (A war on education)” ဖြစ်လာပါတော့မယ်။
ဒါပေမယ့် အမှောင်ဆုံးနေ့တွေက ကျောင်းသားတွေရဲ့ မောင်းနှင်အားနဲ့အတူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ (အောင်မြင်မှုမရခဲ့တဲ့) ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုဆီ ဦးတည်ခဲ့ပါတယ်။ စစ်အစိုးရကတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပိုမဖြစ်အောင် တားဆီးဖို့အတွက် တက္ကသိုလ်တွေကို ပိတ်ပစ်ပြီး ကျောင်းသားတွေကို နယ်ပြန်ပို့တာတွေ စလုပ်ပါတော့တယ်။
“ကျောင်းသားတွေကို စနစ်တကျထိန်းဖို့ လိုတယ်ဆိုတဲ့အသိကြောင့် တက္ကသိုလ်ဘဝဟာ တစစီ ပျက်စီးခဲ့ရပါတယ်” လို့ မြန်မာပြည်ပညာရေးနဲ့ ပတ်သက်ပြီး မကြာသေးခင်ကပဲ ဒေါ်အောင်ဆန်းစုကြည်က အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပြောခဲ့ပါတယ်။
ပညာရေးစနစ်က “စိုးရိမ်စရာ ကောင်းလောက်အောင် အရမ်းကို အားနည်းနေတယ်” လို့ သူက ဖြည့်ပြောပါတယ်။ “ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်တယ်။ ကျောင်းတွေနဲ့ သင်ရိုးညွှန်းတမ်းတွေ ပြီးတော့ ဆရာတွေအတွက် သင်တန်းတွေမှာပဲ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုတာမဟုတ်ဘူး။ ပညာရေးနဲ့ပတ်သက်တဲ့ ကျမတို့ရဲ့ သဘောထားအမြင်ကိုပါ ပြောင်းဖို့လိုတယ်။ အခုရှိနေတဲ့အမြင်က သိပ်ကိုကျဉ်းမြောင်းပြီး တရားသေဆန်လွန်းတယ်” လို့လည်း သူက ဆိုပါသေးတယ်။
အာဏာပိုင်တွေက ကျောင်းသားတွေကို အဝေးသင်ပညာရေးပဲ လုပ်စေချင်တဲ့အတွက် နယ်တွေမှာရှိတဲ့ တက္ကသိုလ် နယ်မြေခွဲတွေမှာ ကျောင်းတက်တာကိုတောင်မှပဲ အားပေးအားမြှောက်ပြုတာ မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ဘွဲ့ရဖို့ အဝေးသင်တက်နေကြရတာပါ။ သူတို့ကို ထုံးစံအတိုင်း အသံသွင်းထားတဲ့ တိပ်ခွေတွေနဲ့ အိမ်မှာ ကိုယ်ဘာသာကိုယ်လုပ်ရမယ့် နမူနာအလုပ် နည်းနည်းပေးပါတယ်။ အတန်းတွေကိုတော့ တနှစ်မှာမှ ၁၀ ရက် လောက်ပဲတက်ဖို့လိုပါတယ်။
“ကျနော်တို့က စာသင်ခန်းထဲမှာမဟုတ်ဘဲ လမ်းတွေထဲမှာပဲ အများကြီး လေ့လာခဲ့ကြရတာ” လို့ ဒေါက်တာဖုန်းဝင်းက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ သူက ဆေးပညာနဲ့ဘွဲ့ရဖို့ ၁၀ နှစ်ကြာခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ၁၀ နှစ်အတွင်းမှာ ကျောင်းက ၃ နှစ် ပိတ်ထားတာကိုး။
အခုဆိုရင် အများစုက ၄၀ တန်းတွေဖြစ်နေကြတဲ့ သူ့မျိုးဆက်အနေနဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ရာထူးကြီးကြီးတွေ ယူနေသင့်ပေမယ့် လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ကြပါဘူး။ ကျောင်းတက်နေစဉ်မှာ ထိုက်သင့်သလောက် မရခဲ့သူတွေဟာ စိတ်ပျက်လက်ပျက်နဲ့ သူတို့အရည်အချင်းနဲ့စာရင် အများကြီးနိမ့်တဲ့ အလုပ်တွေထဲကို ရောက်သွားတာကြပါတယ်၊ ဒါမှမဟုတ်လည်း နိုင်ငံခြားတိုင်းပြည်တွေကို အစုလိုက်အပြုံလိုက် ထွက်သွားကြသူတွေထဲမှာ ပါသွားကြပါတယ်။
အာဏာရှင်အုပ်ချုပ်တဲ့ သက်တမ်းတလျှောက်မှာ မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ တဖြည်းဖြည်း ကျဆင်းခဲ့တာပါ။ စာမေးပွဲတွေမှာ မရိုးမသားလုပ်တာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုကလည်း ကျောင်းထွက်နှုန်းကို အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဖြစ်စေခဲ့ပါတယ် (တကြိမ်မှာဆိုရင် မူလတန်းမပြီးတဲ့ ကျောင်းသားဦးရေက ၇၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပါတယ်)။ တက္ကသိုလ် အဆင့်အတန်းကလည်း ဇောက်ထိုးပြုတ်ကျခဲ့ပါတယ်။
“မြန်မာပြည်မှာ ပါမောက္ခတွေက သုတေသနလုပ်ဖို့ မလိုသလို စာတမ်းရေးဖို့လည်း မလိုဘူး။ သောကြာနေ့မှာ အစိုးရကိုလျှောက်လိုက် တနင်္လာနေ့ဆို ပါမောက္ခဖြစ်လို့ရပြီ” လို့ ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။
မြန်မာပြည်မှာ စစ်အုပ်ချုပ်ရေးကို လျှော့ချလာတာနဲ့အတူ ပြည်သူလူထုကလည်း သူတို့ရဲ့ဒေါသကို ဖွင့်ဟနေကြပါတယ်။ လူသိများတဲ့ ဘလော့ဂ်တခုမှာဆိုရင် စစ်တပ်အရာရှိတွေက သူတို့ရာထူးကိုသုံးပြီး ချမ်းသာအောင် လုပ်နေကြတာကို ပညာရေးဝန်ကြီးဌာနမှာရှိတဲ့ အရာရှိတွေက လျစ်လျူရှုနေကြတယ်လို့ စွပ်စွဲထားပါတယ်။
ဒါပေမယ့် အစိုးရကတော့ နိုင်ငံထဲမှာရှိတဲ့ ကျောင်းသားဦးရေ ၉ သန်းစလုံးကို တိုးတက်အောင်လုပ်ဖို့ ကြိုးစားနေပုံ ပေါ်ပါတယ်။ ဆရာတွေရဲ့လစာကို တလ ဒေါ်လာ ၃၀ အထိ တိုးမြှင့်ပေးခဲ့ပြီး နယ်တွေမှာရှိတဲ့ ဆရာတွေဆိုရင် အဲ့ဒီရဲ့ ၂ ဆ ရကြပါတယ်။
တချိန်တည်းမှာလည်း အရင်တုန်းက နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ရေရှည်ရှိခဲ့တဲ့ အချိတ်အဆက်တွေကို ပြန်လည် ထူထောင်နေပါတယ်။ အမေရိကန်ပြည်ထောင်စုက ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် (John Hopkins University) ဆိုရင် မဟာဘွဲ့ရကျောင်းသားတွေနဲ့ ဆရာသင်တန်းတွေအပေါ် အာရုံစိုက်ဖို့အတွက် ရန်ကုန်တက္ကသိုလ်မှာ အရည်အသွေး ပြည့်မီရေးဌာန (Center of Excellence) တခု တည်ထောင်ဖို့ စီစဉ်နေတာပါ။
“သမ္မတက ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် တကယ့်ကို တွန်းတွန်းတိုက်တိုက် လုပ်နေတာပါ။ ဒါပေမယ့် အပြောင်းအလဲက အထက်အောက်ပုံစံနဲ့ သွားနေတာဆိုတော့ ညွန်ချုပ်အဆင့်မှာပဲ ရပ်သွားတတ်တယ်” လို့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးတွေရဲ့ အကြီးအကဲဖြစ်ခဲ့ဖူးသူ ဦးသော်ကောင်းက ပြောပါတယ်။ “အစိုးရက လွှတ်တော်အမတ်တွေ ပြောတာကိုလည်း နားထောင်နေပါတယ်၊ အမတ်တွေက ဝန်ကြီးတွေဖြေရမယ့် မေးခွန်းခက်ခက်တွေလည်း မေးနေကြပါတယ်” လို့လည်း သူက ဆိုပါတယ်။
မြန်မာပညာတတ် အတော်များများကတော့ သမ္မတအကြံပေး ဒေါက်တာဦးမြင့် ရေးသားပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာအပေါ် အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိတ်အားထက်သန်စွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။ ရန်ကုန်တက္ကသိုလ်ကို သာမန်ဘွဲ့ဆည်းပူးနေတဲ့ ကျောင်းသားတွေအတွက် ပြန်ဖွင့်ပေးဖို့နဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြည်သူတွေရဲ့ အလှူငွေနဲ့ ပြန်တည်ဆောက်ဖို့ စာထဲမှာ သူက တိုက်တွန်းထားတာပါ။ ဒါ့အပြင် “ဒီလိုဆောင်ရွက်တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ မှတ်တိုင်တတိုင် ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ရဲ့ သမိုင်းကဏ္ဍအသစ်ကို လွမ်းမောအောက်မေ့စရာ နည်းလမ်းနဲ့ စလိုက်တာလည်း ဖြစ်ပါလိမ့်မယ်” လို့လည်း သူက စာထဲမှာ ရေးသားထားပါ သေးတယ်။
ဒီစာနဲ့ပတ်သက်ပြီး ထွက်ပေါ်လာမယ့်ရလဒ်ကတော့ အစိုးရရည်ရွယ်ချက်ရဲ့လေးနက်မှုကို စမ်းသပ်တဲ့ အဓိက စမ်းသပ်ချက်တခုကို သက်သေပြနိုင်မှာ ဖြစ်တဲ့အပြင် အစိုးရအနေနဲ့ ကျောင်းသားထုရဲ့အားကို ကြောက်ရွံ့နေတုန်းပဲလားဆို တာကိုပါ သက်သေပြနိုင်မှာဖြစ်ပါတယ်။
Burma’s ‘Lost Generation’ of Students by Denis D. Gray ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။