
ထပ်စကဲ၊ ပရာကျွတ်နဲ့ ဟွာဟင်ဖက်မှာ တနှစ်နီးပါးကြာပြီးတဲ့အခါမှာတော့ ပူးတွဲပင်လယ်ပြင် ကိစ္စတာဝန် ပြီးသွားတဲ့အတွက် မင်းသမီးဒေသဆီ ကျနော်တို့ ပြန်လာခဲ့ပါတယ်။ ကျနော် ပြန်ရောက်တဲ့အချိန်မှာ ဗလဖ တာဝန်ခံဟာ အကြောင်းအမျိုးမျိုးကြောင့် မင်းသမီးစခန်းမှာ ရုံးမထိုင်ဘဲ ကန်ချနပူရီမြို့ပေါ်ရှိ ပဒိုဆန်နီရဲ့အိမ်မှာ အခန်းတခုငှားပြီး ရုံးထိုင်နေတာ တွေ့ရပါတယ်။ ဒီအတွက် ဗလဖ အစည်းဝေး လုပ်တဲ့အခါတိုင်း မင်းသမီးဒေသရှိ ဗလဖ အဖွဲ့ဝင်တွေ။ တပ်ရင်း ၃ ခုက ကိုယ်စားလှယ်တွေအားလုံး ကန်ချနပူရီမြို့ပေါ် တက်ကြရပါတယ်။ အဲဒီအချိန်မှာ နယ်စပ် ဖုနန်းလွန်ရွာ (အခု ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က နောက်ဆုံးထိုင်းရွာ) ကနေ ကန်ချပူရီအထိ လိုင်းကားပြေးနေပြီ ဖြစ်တဲ့အတွက် သွားလာရေးကိစ္စ သိပ်အခက်ခဲ မရှိတော့ပါ။
အဲဒီကာလဟာ ၁၉၉၄ နှောင်ပိုင်းလို့ ယူဆရပါတယ်။ ဗလဖ အစည်းဝေးအတွင်း ဆွေးနွေးတဲ့ အကြောင်းရာတွေထဲမှာ စခန်းသစ်ကိစ္စ၊ ပင်လယ်ပြင်ကိစ္စ၊ မဟာမိတ်ဆက်ဆံရေး ကိစ္စတွေအပြင် ဒေသတခုတည်းရှိ ABSDF တပ်ရင်းတွေကို တရင်းတည်းအဖြစ်ပေါင်းပြီး စနစ်တကျပြန်လည် စုဖွဲ့ရေးကိစ္စ ပါဝင်တယ်လို့ ကျနော်အမှတ်ရနေပါတယ်။ ဆိုလိုတာကတော့ မင်းသမီးနဲ့ စခန်းသစ်ဒေသရှိ ဒေါက်တာနိုင်အောင် ဗဟို လက်အောက်ခံတပ်ရင်း ၃ ခုဖြစ်တဲ့ ၁၀၁၊ ၂၀၁ နဲ့ ၂၀၃ တပ်ရင်း ၃ ခုကို ပေါင်းပြီး တောင်ပိုင်းဒေသ တပ်ရင်း ၁ အဖြစ် ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ ဒီအတွက် တပ်ရင်း ၃ ခုမှ တပ်မှူးတချို့ ဒေါင်းဂွင်ဗဟို မကျခင်လေးမှာ ကျင်းပတဲ့ တပ်မှူးညီလာခံဆီတက်ပြီး ဆွေးနွေးကြပါတယ်။
အဲဒီလိုအဆင့်ဆင့် ဆွေးနွေးမှုတွေအပြီး ပြန်လည်စုဖွဲ့လိုက်တဲ့ တပ်ရင်း ၁ မှာ ခေါင်းဆောင်ဖြစ်လာသူတွေကတော့ ၁၀၁ တပ်ရင်းမှူး ကိုချစ်ကိုကို (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲအတွင်း ကျဆုံး) က တပ်ရင်းမှူး၊ ၂၀၁ တပ်ရင်းမှူး ကိုဇော်သန်းက ဒုရင်းမှူး (နောက်ပိုင်းမှာ ဆရာအောင်မြင့်က ဒုရင်းမှုးဖြစ်လာပြီး ကိုဇော်သန်းက ထောက်လှမ်းရေဗိုလ်အဖြစ် တာဝန်ပြောင်းခဲ့ပါတယ်)။ ၂၀၃ တပ်ရင်းမှူး ကိုချမ်းနိုင်က တပ်ရေးဗိုလ်၊ ၂၀၁ ရေး-ထောက်ဗိုလ် ကိုဝင်းအောင်က တပ်ထောက်ဗိုလ်၊ ၂၀၃ တပ်ရေးအရာရှိ ကိုလှရွေက ရင်းအရာခံဗိုလ် ဖြစ်လာပါတယ်။ တပ်ရင်း ၁ အပေါ်မှာတော့ အတွင်းရေးမှူး ၁ ကိုအောင်ထူး ဦးဆောင်တဲ့ တောင်ပိုင်း ဗလဖအဖွဲ့က အရင်တိုင်းပဲ ဆက်လက် တာဝန်ယူထားပါတယ်။ (နောက်ပိုင်းမှာတော့ တခြားဒေသတွေမှာလဲ အလားတူ တပ်တွေပေါင်းစပ်မှုကို ဆက်လုပ်ခဲ့ပြီး တပ်ရင်း ၁ ကနေ တပ်ရင်း ၄ အထိ တပ်ရင်း ၄ ခုပဲ ဒေါက်တာနိုင်အောင် ဗဟိုအောက်မှာ ထားပါတော့တယ်။ တခါ တနှစ်လောက်ကြာပြီးချိန်မှာ ကိုမိုးသီးဇွန် ဗဟိုလက်အောက်ခံ တပ်ရင်းတွေလည်း အလားတူ ပေါင်းစည်းမှုတွေလုပ်ခဲ့ပြီး တပ်ရင်း ၅ ကနေ တပ်ရင်း ၈ အထိ ပေါ်ပေါက်လာပါတယ်)။
အဲဒီလို စုဖွဲ့မှုအသစ်တွေလုပ်ပြီး သိပ်မကြာခင် ၁၉၉၅ အောက်တိုဘာလထဲမှာတော့ စတုတ္ထအကြိမ် ညီလာခံလုပ်မယ်လို့ ဒေါက်တာနိုင်အောင် ဗဟိုဖက်ကနေ ဖိတ်စာရောက်လာပါတယ်။ ဒီအတွက် အရင်ကရှိပြီးသား လုပ်ထုံးလုပ်နည်းတွေအတိုင်း ညီလာခံကိုယ်စားလှယ်တွေ ရွေးချယ်ပါတယ်။ တပ်ရင်း ၁ ကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာသူတွေကတော့ ၁၀၁ မှ လက်ရှိ ဗဟိုဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်၊ တပ်ရင်းမှူး ချစ်ကိုကို။ နောက် အရှည်ကြီးချစ်ကိုလို့ ကျနော်တို့ခေါ်ကြတဲ့ နောက်ထပ်အမည်တူ ချစ်ကိုကိုလည်း ပါပါတယ်။ ၂၀၁ မှ လက်ရှိ ဗဟိုဒုဥက္ကဋ္ဌ ကိုကျော်ကျော်၊ အထွေထွေအတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး ၂ ကိုဌေးအောင်၊ ပြန်ကြားရေးတာဝန်ခံ ကိုခင်မောင်ဝင်း၊ နိုင်ငံခြားရေးဌာနမှ ကိုမင်းအောင်၊ တပ်မှူးတွေထဲမှ ဆရာအောင်မြင့်နဲ့ ဗလဖအဖွဲ့ဝင်ထဲက ကိုသိန်းဆောင်နဲ့ ကျနော်တို့ ပါဝင်ပါတယ်။ ၂၀၃ မှ ဗလဖအဖွဲ့ဝင်တဦးဖြစ်သူ ကိုသောင်းထွန်း၊ တပ်မှူး တဦးဖြစ်သူ ကိုချမ်းနိုင်နဲ့ နောက်တဦးတို့ ပါဝင်ပါတယ်။
စတုတ္ထအကြိမ်ညီလာခံ ကျင်းပတဲ့နေရာကတော့ ထိုင်းနိုင်ငံ မယ့်စရီယန်းမြို့နယ် သံလွင်မြစ်ဘေး တောနက်ကြီးထဲက ရောင်နီဦးစခန်းမှာ ဖြစ်ပါတယ်။ အဲဒီကာလဟာ မာနယ်ပလောဌာနချုပ်နဲ့ ဒေါင်းဂွင်ဌာနချုပ်အပါဝင် သောင်ရင်းနဲ့ သံလွင်မြစ်တကျောရှိ KUN နဲ့ ABSDF စခန်းအားလုံးနီးပါးကို နဝတနဲ့ DKBA တပ်တွေက သိမ်းထားပြီး ဖြစ်တဲ့အတွက် ဒီဒေသရှိ ABSDF တပ်တွေအားလုံး တပ်တည်ဒေသ အတိအကျမရှိဘဲ ရွှေ့ပြောင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ မယ့်စရီယန်းမြို့ပေါ်ရှိ ABSDF ရုံးကနေ 4-wheel ကားတွေနဲ့ ခဲရာခဲဆစ်သွားရပြီး တောနက်ကြီးထဲရှိ လျှိုမြောင်နဲ့ စမ်းချောင်းလေးတခုရဲ့ ဘေးမှာ အဲဒီရောင်နီးဦးစခန်းကို တွေ့ရပါတယ်။ အင်ဖက်မိုး ဝါးတဲ ၅ လုံး ၆ လုံးခန့် တွေ့ရပြီး ညီလာခံ ကိုယ်စားလှယ်တွေ၊ လုံခြုံရေးတာဝန်ရှိသူတွေ၊ ချက်ပြုတ်ရေးတာဝန်ခံတွေ အပါအဝင် အားလုံးမှ လူ ၁၀၀ လောက်ပဲရှိမယ်လို့ ထင်ပါတယ်။ ကျန်တဲ့ ဗဟိုတခုလုံးက လူတွေကတော့ သံလွင်မြစ်ဘေး မြန်မာဘက်ကမ်း ဝဲကြီးနဲ့ ထိုင်းဖက်ကမ်းက ဒုက္ခသည်စခန်းတွေမှာ ယာယီခိုလှုံနေကြတယ်လို့ သိရပါတယ်။
ဒီညီလာခံမှာ ဆွေးနွေးတဲ့ အကြောင်းရာများစွာထဲမှာ ဗဟို ၂ ခုပေါင်းစည်းရေးအတွက် ဆက်လက်ဆောင်ရွက်ဖို့ကိစ္စ၊ လွတ်မြောက်နယ်မြေသစ် ရှာဖွေရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် ဘယ်လို သဘောထားမလဲဆိုတဲ့ အချက် ၃ ခုကို ကျနော် အမှတ်ရနေပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို နေရာပေးဖို့ကိစ္စနဲ့ လူ့အခွင့်ရေး ကိစ္စတွေလည်း ပါတယ်လို့ အမှတ်ရနေပြီး ”မြန်မာအမျိုးသမီးသမဂ္ဂ” BWU ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူခဲ့တယ်လို့ ထင်ပါတယ်။
ညီလာခံနောက်ဆုံးနေ့မှာတော့ ဗဟိုကော်မတီအသစ်ကို ရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဒေါက်တာနိုင်အောင်။ ဒုဥက္ကဋ္ဌအဖြစ် ကိုကျော်ကျော်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ကိုစိုင်းမြတ်သူ၊ အတွင်းရေးမှူး ၁ အဖြစ် ဒေါက်တာမြင့်ချို၊ အတွင်းရေးမှူး ၂ အဖြစ် ကိုဌေးအောင်တို့ ဖြစ်လာပါတယ်။ လူသစ်တန်းတွေထဲမှာတော့ ရှေ့မှာပြောခဲ့တဲ့ ၁၀၁ မှ အ ရှည်ကြီး ချစ်ကိုကို၊ မောကဲဒေသမှ မိချမ်းနဲ့ ကျနော်တို့ ၃ ဦးက အရန်ဗဟိုကော်မတီဝင်တွေ ဖြစ်လာတာကို အမှတ်ရနေပါတယ်။
စင်ပြိုင်အစိုးရ အသံလွင့်ဌာနအတွက် သူပုန်သတင်းထောက်များ အလိုရှိသည်

ရောင်နီဦးစခန်းမှာကျင်းပတဲ့ စတုတ္ထအကြိမ် ညီလာခံအတွင်း အထက်ဖော်ပြပါ ကိစ္စတွေအပြင် ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ အသံလွင့်ဌာန ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) အတွက် သတင်းပို့ပေးရေးကိစ္စကိုလည်း ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ (၁၉၉၁ မှာ နိုဗယ်ငြိမ်းချမ်းရေးဆုရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ် အမှီပြုပြီး ၁၉၉၂ ဇူလိုင်လ ၁၉ ရက်နေ့မှာ စတင်ပေါက်လောက်လာခဲ့တဲ့ နော်ဝေးနိုင်ငံ အော်စလိုမြို့အခြေစိုက် DVB ဟာ အခုနှစ် ဇူလိုင် ၁၉ အာဇာနည်နေ့မှာ နှစ် ၂၀ သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။) ကျနော်မှတ်မိသလောက် အဲဒီအချိန်မှာ ကျနော်ဟာ တောင်ပိုင်းဒေသ ဗလဖရဲ့ဲ ပြန်ကြားရေးတာဝန်ခံအဖြစ် တာဝန်ယူထားပြီး ရတဲ့သတင်းတွေအားလုံးကို ဆက်သွယ်ရေးစက်တွေကနေ တဆင့် ဗဟိုပြန်ကြားရေးဌာနဆီ နေ့စဉ်ပို့ပေးနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအတွက် ဗဟိုပြန်ကြားရေးတာ ဝန်ခံလည်းဖြစ်၊ DVB ဆိုင်ရာ ABSDF ကိုယ်စားလှယ်လည်းဖြစ်တဲ့ ကိုခင်မောင်ဝင်းက ကျနော်အပါဝင် ဒေသအသီးသီးက ပြန်ကြားရေးတာဝန်ခံတွေကို သီးခြားခေါ်ယူပြီး DVB ဆီ သတင်းပေးပို့ရေးကိစ္စ အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။
ABSDF လှုပ်ရှားမှုသတင်း၊ မဟာမိတ်လှုပ်ရှားမှုသတင်း၊ တိုက်ပွဲသတင်း၊ လူ့အခွင့်ရေးချိုးဖောက်မှုသတင်းတွေကို စုဆောင်းပေးပို့တဲ့အခါ အရင်လို အချက်အလက် အကြမ်းထည်အတိုင်း မပို့ဘဲ သတင်းတပုဒ်အဖြစ် အသေချာရေးပြီးမှ သတင်းထောက်အမည် တခုခုတပ်ပြီးပေးဖို့ ကိုခင်မောင်ဝင်းက ပြောပါတယ်။ ဒီအတွက် ဒေသတခုချင်းအလိုက် သတင်းထောက်အမည် (တချို့ကတော့ ကလောင်အမည်လို့ခေါ်ကြပြီး ဒီလို ဒေသအလိုက်အတွက် အမည်ပေးတာဟာ DVB ရဲ့ ထူးခြားမှုလို့ ဆိုနိုင်ပါတယ်) တွေကို ရွေးချယ်ကြပါတယ်။ တောင်ပိုင်း ပြန်ကြားရေးတာဝန်ခံ ကျနော်လည်း ဘာအမည် ရွေးရမှန်းမသိတာနဲ့ ပြည်တွင်းမဂ္ဂဇင်းတွေမှာ ကြားဖူးသလိုလိုရှိတဲ့ “ထက်အောင်ကျော်” ဆိုတဲ့ အမည်ကို အဆိုတင် လိုက်ပါတယ်။ အဲဒီ အမည်ဟာ တနေ့နေ့မှာ ကိုယ့်အမည်ဖြစ်လာလိမ့်မယ်လို့ လုံးဝမျှော်လင့် မထားခဲ့ပါ။ တကယ်ကတော့ ဒေသအသီးသီးအတွက် ဒီလိုသတင်းထောက် အမည်တွေ မရွေးခင်ကတည်းက ဗဟိုပြန်ကြားရေး တာဝန်ခံ ကိုခင်မောင်ဝင်းက ”ဘမောင်ဇင်”၊ ABSDF သတင်းတွေအားလုံးကို တည်းဖြတ်ပြီး DVB အတွက် အဓိက ပို့ပေးနေသူ ဗဟိုသုတေသနဌာနမှူး ကိုခင်သန်းက ”မောင်ပိုင်ထွန်း” အပါဝင် တခြား ကလောင်အမည် ၂ ခုလောက်နဲ့ သတင်းတွေ ရေးသားပေးပို့နေခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီအချိန်ထိ DVB ဟာ တောထဲကနေ ကျနော်တို့ ရေးပို့လိုက်တဲ့သတင်းတွေကို ပြန်ဖတ်တာ၊ Bangkok Post နဲ့ The Nation က မြန်မာသတင်းတွေကို ဘာသာပြန်ပြီး ပြန်ဖတ်တာကိုပဲ အဓိကထား လုပ်နေရတဲ့ အဆင့်မှာပဲရှိပါသေးတယ်။ အဲဒီကာလက အခုခေတ်လို ကွန်ပြူတာ၊ အင်တာနက်ကနေ သတင်းပို့တာ၊ ဒစ်ဂျစ်တယ်နဲ့ အသံလွှင့်နိုင်တာမျိုးတွေ မရှိသေးဘဲ တိတ်ခွေတွေနဲ့ သွားနေရဆဲဖြစ်ပါတယ်။ ရှေ့တန်းဒေသအသီးသီးက သတင်းတွေကို ရှေ့တန်း ပြန်ကြားရေး တာဝန်ခံတွေက နောက်တန်းရှိ ကျနော့်ဆီ ဆက်သွယ်ရေးစက်ကနေ တဆင့်ပေးပို့၊ အဲဒီသတင်းတွေကိုမှ ပြန်စုပြီး ကျနော်က ထပ်မံပြင်ဆင်ရေးသား၊ ပြီးတော့မှ မင်းသမီးစခန်းကနေ ဗဟိုဌာနချုပ်ဆီ ဆက်သွယ်ရေးစက်နဲ့ပို့၊ ဗဟိုကမှတဆင့် Fax ထိုးပြီး ဘန်ကောက်ရုံးကိုပို့၊ ဘန်ကောက်ကမှတဆင့် အော်စလို DVB ရုံးက ဖုန်းခေါ်လာတဲ့အချိန်မှာ Fax နဲ့ ပို့ပေးရတဲ့ အသံမပါတဲ့ အသံလွင့်ဌာန ခေတ်ဦးပိုင်းမီဒီယာ အခြေနေမျိုး ဖြစ်ပါတယ်။
တော်လှန်မီဒီယာ ခေတ်ဦးပိုင်း စိတ်လှုပ်ရှားဖွယ် သူပုန်သတင်းထောက်ဘဝ

ကျနော် မှတ်မိသလောက်ဆိုရင် ဝင်းထိန်ကနေ ထက်အောင်ကျော်အဖြစ် တရားဝင်သတ်မှတ်တဲ့နေ့ဟာ ၁၉၉၈ နွေရာသီတုန်းက မယ်ဟောင်ဆောင်မှာ ကျင်းပတဲ့ မီဒီယာသင်တန်းမှာလို့ ထင်ပါတယ်။ “ကျန်တဲ့သူတွေက အမည်ရင်းတွေနဲ့ ပြန်လုပ်ကြပေမယ့် ခင်ဗျားကိုတော့ ထက်အောင်ကျော်အဖြစ် ပရိသတ်က သိပြီးသားဆိုတော့ အဲဒီအမည်ကိုပဲ ဆက်ယူစေချင်ပါတယ်” ဆိုပြီး ABSDF ခေါင်းဆောင်တဦးလည်းဖြစ်၊ သင်တန်း တာဝန်ရှိသူတဦးလည်းဖြစ်တဲ့ ကိုစိုင်းမြင့်သူ (အခုချိန်ထိ NDD မှာ တာဝန် ထမ်းဆောင်နေဆဲ) က အကြံပြုတဲ့အတွက် ဒီလိုဖြစ်လာတာလို့လည်း ပြောနိုင်ပါတယ်။ မင်းသမီးစခန်း ကျပြီးကာစ၊ ဘန်ကောက်ကို ရောက်ကာစ၊ တနည်းအားဖြင့် တောတွင်းသတင်းထောက်ကနေ မြို့ပေါ် သတင်းထောက်ဖြစ်ကာစမှာ ပထမဆုံးတက်ဖူးတဲ့ သင်တန်းကတော့ IMMF (The Indochina Media Memorial Foundation) နဲ့ DVB ဖွင့်လှစ်တဲ့ ၂ ပတ်ကြာ အခြေခံ အသံလွှင့်သတင်းထောက်သင်တန်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတုန်းက သတင်းစာပညာဆိုတာကို နကန်းတလုံးမှ နားမလည်ဘဲနဲ့ တောထဲမှာ နေရင်းထိုင်ရင်း သတင်းထောက်ဖြစ်လာတဲ့ ကျနော်အဖို့တော့ ဒီသင်တန်းဟာ တကယ့်ကို အရေးကြီးပါတယ်။ သင်တန်းပို့ချတဲ့ အနောက်တိုင်း ဝါရင့်သတင်းစာဆရာတွေနဲ့ တွေ့တော့မှပဲ ကိုယ်ပို့နေသမျှ သတင်းအတော်များများဟာ “ဝါဒဖြန့်ချိရေး” ဆန်နေမှန်းသိလာခဲ့ပြီး ဝါဒဖြန့်တာနဲ့ “သတင်းစစ်စစ်” ကို ကွဲကွဲပြားပြား သိလာခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံပညာရေးစနစ်ထဲမှာ သတင်းစာပညာ သင်ရိုးညွှန်တမ်း မရှိတဲ့အဖြစ်ကိုလည်း စိတ်နာမိပါတယ်။ ကျနော်တို့ ကျောင်းတက်စဉ်ကတော့ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာနဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေကလွဲပြီး တခြား မီဒီယာတွေမရှိသေးဘဲ လုံးချင်း အချစ်ဝတ္ထုတွေ ခေတ်အစားဆုံး အချိန်ဖြစ်ပါတယ်။ တက္ကသိုလ်ဝန်းကျင်မှာတော့ စာပေဝါသနာပါသူတွေ စုပေါင်းပြီး ထုတ်ဝေတဲ့ ကဗျာစာအုပ်ငယ်လေးတွေ ခေတ်စားခဲ့ပါတယ်။ ဒါကြောင့် ကဗျာတွေ၊ စာတွေကို စိတ်ဝင်စားသူအများစုဟာ မြန်မာစာကို ယူကြတယ်လို့သိရပါတယ်။
ဒါပေမယ့် ကျနော်ကိုယ်တိုင်ကတော့ စာရေးတာကို ဝါသနာပါလို့ မြန်မာစာကို ယူတယ်ဆိုတာထက် ဆယ်တန်းအောင်မှတ်က အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို မမှီလို့ မြန်မာစာကိုယူ လိုက်ရတာဆိုရင် ပိုမှန် မယ်ထင်ပါတယ်။ တက္ကသိုလ် ၅ နှစ်တာကာလအတွင်း ကဗျာတွေ၊ ဆောင်းပါးတွေရေးပြီး မဂ္ဂဇင်းမျိုးစုံကို ပို့ဖူးခဲ့ပေမယ့် တခါမှ ပုံနှိပ်ဖော်ပြ ခံရခြင်း မရှိခဲ့ပါဘူး။ စာပေလုပ်သားအဖွဲ့ဝင်ဖြစ်သွားတဲ့ မြန်မာစာမေဂျာက ရေးဖော်သူငယ်ချင်းတဦးကတော့ ကိုယ်ယုံကြည်တဲ့အတိုင်း လျှောက်မရေးဘဲ အယ်ဒီတာအကြိုက်၊ ထုတ်ဝေသူအကြိုက် ပေါ်လစီဆောင်းပါးတွေ၊ ကဗျာတွေရေးဖို့၊ အဲဒီလိုရေးပြီး ပုဒ်ရေ ၁၀ ကျော်ပါမှ စာပေလုပ်သားဖြစ်မယ်လို့ အကြံပေးခဲ့ဖူးတာကို အမှတ်ရနေပါတယ်။ ဒါပေမယ့် အဲဒီကတည်းက သူပုန်စိတ်ဝင်နေသလား မပြောတတ်ပါဘူး။ ကိုယ်ထင်တာ ကိုယ်ရေးတဲ့ဉာဉ်ကို မစွန့်နိုင်တဲ့အတွက် ထားဝယ်ကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်မှာ ၃ ကျပ်တန် ကဗျာစာအုပ် ၂ အုပ်လောက် ထုတ်ဝေဖူူးတာကလွဲရင် ပုံနှိပ်ဖော်ပြခံရတဲ့စာမျိုး ရေးသားနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
တခါ တောထဲရောက်တော့လည်း ကလောင်စွမ်းပြချင်သူ အတော်များများက “ဒေါင်းအိုးဝေ” မှာ အပြိုင်အဆိုင် ရေးနေကြပေမယ့် ကျနော်က မရေးဖြစ်ခဲ့ပါ။ ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၉၃ နှောင်းပိုင်း ပင်လယ်ပြင်စစ်ကြောင်းမှာ တာဝန်ယူနေစဉ်အတွင်း ရေးသားခဲ့တဲ့ “သစ်မရမီ ဝါးပေါင်းကွပ်ခြင်း” ဆိုတဲ့ ဆောင်းပါးတပုဒ်ပဲ ဒေါင်းအိုးဝေမှာ ပါခဲ့ဖူးပါတယ်။ မာနယ်ပလောအခြေစိုက် DAB နဲ့ တပ်ပေါင်းစု အင်အားအကောင်းဆုံးချိန်မှာ တပ်ပေါင်းစုမူကိုပယ်ပြီး စစ်အစိုးရနဲ့ အပစ်ရပ်သွားတဲ့ KIO ကို ဝေဖန်တဲ့ ဆောင်းဖြစ်ပါတယ်။
အနှစ်ပြန်ချုပ်ရရင်တော့ ဆောင်းပါးလည်း အသေချာမရေးဖူး၊ မီဒီယာအကြောင်းလဲ ဘာမှမသိ၊ စာပေအသိုင်းဝိုင်းနဲ့လည်း မနီးစပ်ဖူးတဲ့ကျနော်ဟာ တတ်သိနားလည်လို့ သတင်းထောက် ဖြစ်လာတာမဟုတ်ဘဲ တော်လှန်ရေး တာဝန်တရပ်အနေနဲ့ DVB သတင်းထောက်တာဝန်ကို ယူလိုက်တယ် ဆိုတဲ့သဘောပါ။
မယ်ဟောင်ဆောင်က သတင်းထောက်သင်တန်းကို ရောက်နေသူ အားလုံးဟာလည်း ကျ နော့်လိုပဲ ဂျာနယ်လစ်ဇင်ဆိုတာကို မြန်မာနိုင်ငံက ကျောင်းတွေမှာ တခါမှ မသင်ဖူးခဲ့တဲ့ လူတွေလို့ ထင်ပါတယ်။ ဒါပေမယ့် သင်တန်းသားတွေထဲ ပါလာတဲ့ ကိုအောင်ဇော်ကတော့ ချွင်းချက်ဖြစ်နိုင်ပြီး အဲဒီ အချိန်ကတည်းက သူဟာ Bangkok Post နဲ့ The Nation မှာ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေ ရေးနေသူ၊ RFA သတင်းထောက်အဖြစ် တာဝန်ထမ်းနေသူ၊ Irrawaddy စာစောင်ကို အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေနေသူ ဖြစ်ပါတယ်။ “အောင်ဇော်ဆိုတာ ဦးတင့်ဇော်တို့အရွယ် တက္ကသိုလ်က ကျောင်းဆရာကြီးတဦးလို့ပဲ ထင်ထားတာ” ဆိုပြီး ကျနော်ကပြောတော့ သင်တန်းသားအားလုံး ဝိုင်းရယ်ကြတာကို မှတ်မိနေပါသေးတယ်။ အဲဒီအချိန်မှာ ဗကသခေါင်းဆောင်ဟောင်း တက္ကသိုလ်ဆရာတဦးဖြစ်သူ ဦးတင့်ဇော်ဟာလဲ RFA သတင်းထောက်အဖြစ် သတင်းပို့နေသူ ဖြစ်ပါတယ်။
“အင်္ဂလိပ်လိုရေးဖို့ ဘာမှတွန့်မနေနဲ့။ ခင်ဗျားပြောချင်တာကို ခင်ဗျားနားလည်သလိုသာ လိုတိုရှင်း ချရေးလိုက်ပါ။ ခင်ဗျားဆိုလိုရင်းကို အယ်ဒီတာ နားလည်ဖို့က အဓိကပဲ” လို့ ကိုအောင်ဇော်က ပြောပါတယ်။ ဆိုလိုတာကတော့ အင်္ဂလိပ်လို ဆောင်းပါးရေးတာကို တက္ကသိုလ်က ပါမောက္ခတွေ၊ ကထိကတွေ၊ ပညာရှင်တွေသာ လုပ်နိုင်တဲ့အလုပ်၊ ပညာတပိုင်းတစနဲ့ တော်လှန်ရေးထဲ ပါလာတဲ့၊ အင်္ဂလိပ်စာကို ဘုန်ကြီးကျောင်းလေသံနဲ့ ပြောနေတဲ့ကျနော်တို့လို “ဘဂဝါ အင်္ဂလိပ်စာသမား” တွေ မလုပ်နိုင်ဘူးလို့ ထင်နေခဲ့တဲ့ ကျနော်ရဲ့တွေဝေမှုတွေကို သူက အားပေးခဲ့တာပါ။
အင်္ဂလိပ်ဘာသာနဲ့ သတင်း၊ ဆောင်းပါး ရေးတယ်ဆိုတာဟာ ပညာရှင်တွေ စာတန်းပြုစုသလို ပညာရပ်ဆိုင်ရာ စကားလုံးကြီးကြီးတွေနဲ့ ရေးတာမျိုးမဟုတ်ဘဲ ကိုယ်ပြောချင်တဲ့ အဓိကအချက် စာဖတ်သူဆီရောက်ဖို့က အဓိကပါ။ “Perfect ဖြစ်မှရေးမယ်၊ Perfect ဖြစ်မှ လုပ်မယ်ဆိုပြီး စောင့်နေရင် ခင်ဗျား ဘယ်တော့မှရေးဖြစ်၊ လုပ်ဖြစ်မှာတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ကိုအောင်ဇော်ရဲ့ စကားက ကျနော့်အတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။
ဒီသင်တန်းအပြီးမှာတော့ ကျနော်ဟာ ဘန်ကောက်အခြေစိုက် DVB သတင်းထောက်အဖြစ် အချိန်ပြည့် တာဝန်ထမ်းခဲ့ပြီး အင်္ဂဘာသာနဲ့ ဆောင်းပါးတွေလည်း စရေးဖြစ်ခဲ့ပါတယ်။ ဒီလိုပြောလိုက်လို့ အခုခေတ် DVB သတင်းထောက်တွေလို ကိုယ်ပိုင်ရုံးခန်းတွေ၊ ကိုယ်ပိုင်ကွန်ပြူတာတွေ၊ ကိုယ်ပိုင် လက်ကိုင်ဖုန်းတွေနဲ့ အလုပ်လုပ်နေတယ်လို့ မထင်လိုက်ပါနဲ့။ ရတဲ့ထောက်ပံ့ကြေးက တလမှ ဘတ် ၃၀၀၀ နဲ့ ၅၀၀၀ အကြား၊ အဲဒီငွေနဲ့ နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ်၊ တယ်လီဖုန်းစရိတ် အကုန်လုံး လောက်အောင်သုံးဖို့ဆိုတာ ဘယ်လိုမှ မလွယ်ပါ။ ဒီတော့ နေတာက ဘန်းကပိ the Mall ကုန်တိုက်အနီးရှိ ABSDF ရဲ့ ထောက်ပံ့ရေးရုံးခန်း (ABSDF ရုံးခန်းတွေဟာ လူနေဆောင်လည်း ဖြစ်ပါတယ်)၊ သုံးတာက ရုံးတယ်လီဖုန်းနဲ့ ဖက်စ်ဖြစ်ပြီး ဖုန်းဘေလ်တွေကို တာဝန်ယူ ရှင်းပေးရပါတယ်၊ ရုံးမှာ ကွန်ပြူတာ ရှိပေမယ့် သုံးချင်သူများလွန်းလို့ တန်းစီစောင့်ရတဲ့အပြင် အဲဒီကာလက ကွန်ပြူတာလည်း မသုံးတတ်သေးပါ။ ဒီတော့ DVB ဘန်ကောက်ရုံး တာဝန်ခံ ကိုဘမောင်ဇင် ထုတ်ပေးထားတဲ့ မီဒီဒစ် ကက်ဆက်တလုံးနဲ့ အင်တာဗျုးလုပ်၊ ပြီးရင် အဲဒီထဲမှာပဲ တခါတည်းအသံတွေကို အကြမ်းတည်းဖြတ်၊ လိုတဲ့အသံတွေကို နံပတ်စဉ်မှတ်ပြီး အော်စလိုရုံးက ဖုန်းခေါ်လာတဲ့အချိန်မှာ DVB မူပိုင် အပေါက်ဖောက်ထားတဲ့ တယ်လီဖုန်းကို ဝိုင်ယာကြိုးအသွယ်သွယ်နဲ့ ဂျွိုင်းပြီး ဒီတိုင်းပို့ရတဲ့ဘဝပါ။
ဘန်ကောက်မှာ တာဝန်ထမ်းနေစဉ် ကာလအတွင်း စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးကြုံလိုက်ရတဲ့ သတင်းကြီး ၂ ခုကတော့ စွမ်းအားမြင့် စစ်သည်တော်များအဖွဲ့ VBSW က မြန်မာသံရုံးကို ဝင်စီးမှုနဲ့ God Army က ရတ်ချပူရီဆေးရုံကို ဝင်စီးမှုတွေပဲ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းသမားတဦးရဲ့ Professional media ethic နဲ့ အတိုက်အခံ ရေဒီယိုရဲ့သတင်းထောက်၊ သူပုန်တဖြစ်လဲ သတင်းထောက်တဦးရဲ့ အတိုက်အခံဖက်ကို ဘက်လိုက်ချင်တဲ့ Activist ဆန်တဲ့ အားပြိုင်မှုတွေကို တကယ်စမ်းသပ်တဲ့ သတင်း ၂ ပုဒ်လို့လည်း ဆိုနိုင်မယ်ထင်ပါတယ်။
အထူးသဖြင့် ဘန်ကောက်သံရုံးကို စီးနင်းထားချိန် VBSW ခေါင်းဆောင် ကိုဂျော်နီ (ABSDF တပ်ဖွဲ့ဝင်ဟောင်း၊ ၂၀၀၂ ခုနှစ် နှောင်းပိုင်းမှာ လုပ်ကြံခံရသလိုလိုနဲ့ ပျောက်ဆုံးသွားသူ) နဲ့ ကျနော်ရလိုက်တဲ့ Exclusive တယ်လီဖုန်း အင်တာဗျူး၊ ကိုဂျော်နီတို့အဖွဲ့ ရဟတ်ယာဉ်စီးပြီး သံရုံးကနေ နယ်စပ်က God Army စခန်းဆီ ထွက်ခွာသွားတဲ့ Live သတင်းပေးပို့ချက်တွေဟာ အထက်ဖော်ပြပါ အားပြိုင်မှုကို အထင်းသား ပေါ်လွင်စေခဲ့ပါတယ်။ ဒါကြောင့်လည်း သူပုန်ဖက်ကိုယိမ်းတဲ့ သူပုန်အားပေး သတင်းထောက်အဖြစ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံခဲ့ရဖူးတာကို ကျနော် အမှတ်ရ နေဆဲဖြစ်ပါတယ်။