ဆောင်းပါး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ အက်ကြောင်းထင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စီးပွားရေးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လောနေကြတာရယ်၊ လူ့အခွင့်အရေးအဖွဲ့တွေက ရင်းနှီးမြှုပ်နှံမှု မလုပ်သေးဖို့ တွန်းတွန်းတိုက်တိုက် လုပ်နေတာရယ်တွေကြောင့် အမေရိကန် နိုင်ငံရေးပါတီ ၂ ခုစလုံးက ရှားရှားပါးပါး တညီတညွတ်တည်း သဘောထူထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒမှာ အက်ကြောင်းတွေ ထင်နေပါပြီလို့ အေပီသတင်းတပုဒ်က ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့တာမို့ စစ်တပ်ကြီးစိုးတဲ့ မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုအနေနဲ့ သံခင်းတမန်ခင်း ဖြတ်တောက်ထားရာကနေ ပြန်လည်ရုတ်သိမ်းနေပြီး စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေကိုလည်း လျှော့ချဖို့ လုပ်နေတာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာ နိုင်ငံဆိုင်ရာပေါ်လစီမှာ လူ့အခွင့်အရေးကိစ္စတွေက အသာစီးယူထားရာကနေ အခုတော့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မထိုးဖောက်ရသေးတဲ့ နောက်ဆုံးကျန် အာရှဈေးကွက်တခုကို ကုန်သွယ်မှု အခွင့်အလမ်းတွေ ရလာအောင် အမေရိကန်အစိုးရက ကြိုးစားနေပါပြီ။

အမေရိကန်ပါတီ ၂ ရပ်စလုံးက လေးစားတန်ဖိုးထားပြီး မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် အဓိကဩဇာလွှမ်းတဲ့ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရက်ပါတီဝင် အထက်လွှတ်တော်အမတ်တဦးက ပြီးခဲ့တဲ့ တပတ်အတွင်းမှာ ထူးထူးခြားခြား ဝေဖန်ခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ စီးပွားရေး ဆက်စပ်လုပ်ကြမယ့် နိုင်ငံခြားကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ မြန်မာနိုင်ငံ အခြေအနေ၊ အစိုးရပိုင် သဘာဝဓာတ်ငွေ့လုပ်ငန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်းမှာ သတိပေးခဲ့တာမို့ သူက အခုလို ဝေဖန်ခဲ့တာပါ။ ထင်ရှားတဲ့ ရီပတ်ဘလီကန် (Republican) ပါတီဝင် အထက်လွှတ်တော် အမတ်တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိုးရိမ်မှုတွေကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ဒီကွဲပြားမှုတွေက အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်ဆိုင်ရာမူဝါဒကို ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုရအောင် ဆက်လက်ထိန်းထားနိုင်ဖို့အရေးမှာ အခက်အခဲတွေ ပိုပြီးရှိလာနေပြီဆိုတာကို ဖော်ညွှန်းနေတာပါပဲ။

မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေတွေ သိပ်ကိုစိုးရိမ်စရာ ကောင်းနေဆဲအချိန် (လူအတော်များများ သေဆုံးခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင်နဲ့ မွတ်ဆလင်တွေအကြား အကြမ်းဖက်မှုတွေ၊ မြန်မာပြည်အနောက်ပိုင်းမှာ ဖြစ်ပေါ်နေချိန်နဲ့ အစိုးရတပ်တွေက နိုင်ငံမြောက်ဖျားမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်) မှာ အမေရိကန် လွှတ်တော်ထဲမှာလည်း မြန်မာပြည်နဲ့ပတ်သက်ပြီး အချေအတင်ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အမေရိကန်ပါတီကြီး ၂ ရပ်ရဲ့ ရှားပါးလှတဲ့ နိုင်ငံရေးညီညွတ်မှုဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒချမှတ်ရေးအပေါ်မှာ ပေါင်းဆုံခဲ့ကြတာကတော့ အထင်အရှားပါ။ ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်ဖို့အတွက် အားပေးအားမြှောက်ပြုဖို့ မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချရာမှာ ဒီမိုကရက်ပါတီဝင်တွေရော ရီပတ် ဘလီကန်ပါတီဝင်တွေကပါ ထောက်ခံအားပေးခဲ့ကြတဲ့အပြင် အထက်လွှတ်တော်ကလည်း ဒဲရက် မစ်ချယ် (Derek Mitchell) ကို ၂၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ဖို့ ဇူလိုင်လ ၁ ရက်နေ့တုန်းက သဘောတူခဲ့ပါတယ်။ မစ္စတာ ဒဲရက် မစ်ချယ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ ခြစားမှုတွေ ပိုကြီးထွားလာတာမျိုး မဖြစ်ရအောင်နဲ့ စစ်တပ်နဲ့ အချိတ်အဆက်ရှိတဲ့ အခွင့်ထူးခံ စီးပွားရေးအသိုင်းအဝိုင်းကို ဒီ့ထက်ပိုပြီး လက်ဝါးကြီး ပိုမအုပ်ရအောင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုခွင့်ပြုမလဲ ဆိုတဲ့နေရာမှာတော့ အမေရိကန်အစိုးရထဲမှာတောင် သဘောထားအမြင်တွေ မတူကြပါဘူး။

အမေရိကန်ရဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်းတွေအတွက်တော့ အချိန်က အဓိကကျတဲ့အရာဖြစ်ပါတယ်။ ဥရောပကုမ္ပဏီတွေက မြန်မာပြည်မှာ လုပ်ငန်းလည်ပတ်ဖို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ကြပြီ ဖြစ်တဲ့အပြင် သူတို့အစိုးရတွေကလည်း ၂ လ ဒါမှမဟုတ် ၃ လအတွင်းမှာ မြန်မာပြည်က ကုန်းတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တွင်း ၁၈ တွင်းကို လေလံဆွဲကြတော့မှာကိုး (ဒါက အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်းကြီးတွေအနေနဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေက လက်ရှိချုပ်ကိုင်ထားတဲ့ အကျိုးအမြတ်များတဲ့ ကဏ္ဍထဲကို ဝင်ရောက်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတရပ် ဖြစ်ပါတယ်)။

အခုဆိုရင် စီးပွားရေးလုပ်ငန်း ၃ သန်းကျော်ကို ကိုယ်စားပြုထားပြီး စည်းရုံးရေးအား ကောင်းလှတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်း (U.S Chamber of Commerce) က ရှေ့ဆက်သွားဖို့ အမေရိကန် အစိုးရကို တိုက်တွန်းနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ရော့ဒမ် ကလင်တန် (Hillary Rodham Cliton) က အမေရိကန် ကုမ္ပဏီတွေကို မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းခဲ့တာ ရက်သတ္တပတ် ၇ ပတ်ကြာခဲ့ပြီဖြစ်ပေမယ့် အစိုးရအနေနဲ့ အခုအချိန်အထိ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ မထုတ်ပြန်သေးတဲ့အပေါ် စိတ်ပျက်မိတယ်လို့လည်း အဲဒီ ကုန်သည်ကြီးများအသင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီမိုကရက်ပါတီဝင် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ဟာ မြန်မာပြည်နဲ့ ဆက်စပ်ဆောင်ရွက်ဖို့ အချိန်အတော်ကြာကတည်းက တိုက်တွန်းခဲ့သူဖြစ်ပြီး မြန်မာပြည်အပေါ် ချမှတ်ထားခဲ့တဲ့ အမေရိကန်အစိုးရရဲ့ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှု အားလုံးကို ရုတ်သိမ်းဖို့အတွက် သူ့အစိုးရကို ဖိအားပေးဖို့ ရီပတ်ဘလီကန်ပါတီဝင် တယောက်နဲ့ အဖွဲ့ဖွဲ့ခဲ့သူလည်း ဖြစ်ပါတယ်။ သူက “နိုင်ငံခြားအစိုးရတရပ်ရဲ့ တာဝန်ရှိသူတယောက်က ကျနော်တို့ ဘယ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု လုပ်သင့်တယ်၊ ဘယ်ကဏ္ဍမှာတော့ မလုပ်သင့်ဘူးဆိုတာကို ပြောသင့်ပါသလား” လို့ မေးခွန်းထုတ်ပြီး ပြီးခဲ့တဲ့တပတ်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ခဲ့တာပါ။

အခြားတဖက်မှာတော့ ရီပတ်ဘလီကန်ပါတီဝင် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်မြင်ချက်ကို ထောက်ခံခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanmar Oil and Gas Enterprise – MOGE) မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခွင့်မပေးခင် အဲဒီ လုပ်ငန်းမှာရှိနေတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေတာတွေ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေနဲ့ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိုးရိမ်မှုတွေကို အရင်ကိုင်တွယ်ရမယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီအခြေခံ သဘောထားတွေကို ပိုဦးစားပေးရမယ်” လို့ သူက ဆိုပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ အမေရိကန်အစိုးရဟာ အခုဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်မှု အကျိုးစီးပွားတွေကို ပိုဦးစားပေးနေပြီလို့ ပြောကြပါတယ်။

“ရည်ရွယ်ချက်အသစ်တွေက မြန်မာပြည်ဆိုင်ရာ မူဝါဒအတွက် အချက်အချာဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်အဟောင်းတွေနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေကြပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ရဲ့ ဝါရှင်တန်ဒီစီရုံး ဒါရိုက်တာ တွမ် မာလင်နောင်စကီး (Tom Malinowski) က ဆိုပါတယ်။ “ဒါက လာမယ့် လအနည်းငယ်မှာ လေလံပစ်မယ့် သဘာဝဓာတ်ငွေ့တွင်းတွေကို အမေရိကန်ကုမ္ပဏီတွေ မလွတ်သွားရအောင် ကူညီဖို့ပါပဲ” လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ တိုင်းရင်းသားအင်အားစုတွေအပေါ် အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးအချိတ်အဆက် စတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း အစိုးရက

ဆက်လက်ထုတ်ဖော် ပြောဆိုနေပေမယ့် အမေရိကန်အရာရှိတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေအပေါ် အကဲဖြတ်ကြည့် မယ်ဆိုရင် မကြာသေးခင် လတွေအတွင်းမှာ သိသိသာသာ ပြောင်းလဲသွားတာကို တွေ့ရမှာဖြစ်ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု တားမြစ်ရေးဥပဒကို “ပစ်မှတ်ထား” လျှော့ချလိုက်တယ်လို့ ဧပြီလအစောပိုင်းက ကြေညာတဲ့အခါမှာ စိုက်ပျိုးရေး၊ Telecommunications (ရေဒီယို၊ တယ်လီဖုန်း၊ ကြေးနန်း၊ တယ်လီဗေးရှင်း စတာတွေနဲ့ ဆက်သွယ်ခြင်း) နဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍမျိုးတွေမှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ အစိုးရအရာရှိတွေက ကနဦး အားပေးကြတာပါ။ သဘာဝသယံဇာတအရင်းခံ လုပ်ငန်းမျိုးတွေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နောက် ၆ ပတ်အကြာ ဟီလာရီ ကလင်တန်က ကြေညာချက်နဲ့ပတ်သက်ပြီး အသေးစိတ် ပြောတဲ့အခါမှာတော့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတူးဖော်တာ အပါအဝင် ကဏ္ဍအား လုံးမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ကြဖို့ အမေရိကန်ကုမ္ပဏီတွေကို ဆော်ဩခဲ့ပါတယ်။

ဒီလို ကဏ္ဍအားလုံးမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ပြောတာဟာ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (Kachin Women’s Association Thailand) ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး မွန်းနေလီလို တက်ကြွလှုပ်ရှားသူတွေကို ဒေါသဖြစ်စေပါတယ်။ မြန်မာအစိုးရစစ်တပ်က ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ သူ့မွေးရပ် ကချင်ပြည်နယ်မှာ ဆက်ပြီးဖြစ်ပွားနေဆဲပဲလို့ သူက ပြောပါတယ်။ အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ ကြံရာပါ မဖြစ်စေဖို့အတွက် ဥပဒေအရ အသေအချာ စည်းနှောင်ကာကွယ်ဖို့ တောင်းဆိုတဲ့ လက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှုတခုကို သူက အင်တာနက်ပေါ်မှာ စတင်ဖြန့်ဝေခဲ့ပြီး အဲ့ဒီတောင်းဆိုလွှာက ရက်သတ္တပါတ် ၅ ပတ်အတွင်း လက်မှတ်ပေါင်း ၁၂၅၀၀၀ ခု ရရှိခဲ့ပါတယ်။

“နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေနဲ့ အလွန့်အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုတာက ခွဲလို့မရနီးပါးဖြစ် နေကြတာပါ” လို့ သူရဲ့ အီးမေးလ်ထဲမှာ ရေးထားပါတယ်။ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကြောင့် မကြာခဏဆိုသလိုပဲ မြေသိမ်းတာတွေနဲ့ ရွာတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းတာတွေ ဖြစ်တတ်တယ်လို့လည်း မွန်းနေလီက ဆိုပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ခင်မှာ လုပ်ငန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားဖို့ မျှော်လင့်ထားတယ်လို့ သမ္မတ အိုဘားမားအစိုးရကတော့ ပြောခဲ့ပါတယ်။ ပြီးတော့ အဲဒီကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်ကပိုင်တဲ့ ဒါမှမဟုတ် စစ်တပ်က စီမံလည်ပတ်တဲ့ လုပ်ငန်းကြီးတွေနဲ့ စီးပွားရေးလုပ်တာကို ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ရေနံကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လိုအပ်ချက်ဖြစ်တဲ့ မြန်မာအစိုးရပိုင် MOGE နဲ့ စပ်တူလုပ်ဖို့ အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေကို ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကိုတော့ မပြောခဲ့ပါဘူး။

မူဝါဒဆိုင်ရာအကြံပေးအဖွဲ့ဖြစ်တဲ့ အမေရိကန်လုံခြုံရေးသစ်ဌာန (Center for a New American Security) က ပက် ထရစ် ခရိုနင် (Patrick Cronin) ကတော့ ဥရောပ၊ ရုရှ၊ တရုတ်၊ အိန္ဒိယနဲ့ အခြား အာရှနိုင်ငံတွေက မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ် ရင်းနှီးမြှုပ်နံှနိုင်တဲ့အချိန်မှာ အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးတွေကို ဘေးဖယ် ထားတာဟာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို အထောက်အကူ မပြုတဲ့အပြင် ထိခိုက်စေလိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းအစီအရင်ခံတဲ့အပိုင်းမှာ လိုအပ်ချက်တွေ (ဥပမာ – မြန်မာအစိုးရကို ငွေပေးချေရတာတွေနဲ့ ပတ်သက်ပြီး ဘယ်လို စောင့်ကြည့်စစ်ဆေးတယ်ဆိုတာမျိုး) ထပ်ထည့်ဖို့ တောင်းဆိုတာတွေကို အာခံမှာနဲ့ တပြိုင်နက်တည်း ပြည်ပမှာ ခြစားမှုကင်းအောင် အမေရိကန်ကုမ္ပဏီတွေကို စည်းကမ်းဥပဒေတွေနဲ့ ထိန်းချုပ်ထားခြင်းက လူ့အခွင့်အရေး ပြဿနာတွေ ကြီးကြီးမားမားရှိနေတဲ့ နိုင်ငံတခုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်ရင် တခုကိုရဖို့ အခြားတခုပေးရတာမျိုး (Trade-off) ဖြစ်နိုင်လိမ့်မယ်လို့ ပက်ထရစ် ခရိုနင်က သုံးသပ်သွားပါတယ်။

Matthew Pennington ၏ Consensus Cracking on US Policy toward Myanmar as Business, Human Rights Lobbies Clash ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading