
ပညာတပိုင်းတစနဲ့ တော်လှန်ရေးထဲပါလာတဲ့ ကျနော်တို့ အချင်းချင်းကြား နိုင်ငံခြားထွက်ပြီး ပညာဆက်သင်သင့်၊ မသင့် အငြင်းပွားမှု ကြီးကြီးမားမား ရှိခဲ့တဲ့အကြောင်း ရှေ့ပိုင်းအခန်းတွေမှာ ကျနော် တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော်တို့အကြား အငြင်းမပွားဘဲ အားလုံးသဘောတူတဲ့ အချက်ကတော့ တပ်ဖွဲ့ဝင်မိသားစုတွေက မွေးဖွားလာတဲ့ မျိုးဆက်သစ် ကလေးငယ်တွေ၊ နောက်တခါ ရှေ့တန်းမှာ စစ်ကြောင်းသွားရင်းနဲ့ တွေ့ရတဲ့ မိဘမဲ့ကလေးငယ်တွေ၊ ပြည်တွင်းစစ်ရဲ့သားကောင်တွေ၊ မိဘက ကျောင်းမထားပေးနိုင်တဲ့ ကလေးငယ်တွေအတွက် မူလတန်းကျောင်းတခု ဖွင့်ပေးမှဖြစ်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီစဉ်းစားချက်ကို စတင်အဆိုပြုလာသူကတော့ စခန်းကော်မတီ အဆက်ဆက်ရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်ပြီး အခု ဗလဖခေတ်မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူနေသူ ကျောင်းဆရာ ဦးဟန်လင်း ဖြစ်ပါတယ်။
တကယ်ကတော့ ဒီလိုစာသင်ကျောင်းတခု ဖွင့်ဖို့လိုနေတယ်လို့ ဦးဟန်လင်း တင်ပြနေတာ အတော်ကြာနေခဲ့ပါပြီ။ ဒါပေမယ့် တော်လှန်ရေးကို မနက်ဖြန်၊ သန်းဘက်ခါ အောင်မြင်တော့မလိုလို ထင်နေတဲ့ ကျနော်တို့လူငယ်တွေက စစ်တိုက်ဖို့ပဲ အားသန်နေပြီး အနာဂတ်အတွက် ပြင်ဆင်စဉ်းစားရကောင်းမှန်း သိပ်အလေးမထားခဲ့ပါ။ ဒါကြောင့်လဲ ဒီကိစ္စကို စတင်အဆိုပြုသူဟာ ကျောင်းဆရာဟောင်း တဦးလည်းဖြစ်၊ သားသမီး ၅ ဦးရဲ့ ဖခင်လည်းဖြစ်တဲ့ ဦးဟန်လင်းဖြစ်နေတာ သဘာဝကျတယ်လို့ ပြောရမှာပါ။ သူရဲ့ အဆိုပြုချက်ကို အကောင်ထည်ဖော်တဲ့အနေနဲ့ “ပျိုးပန်းဝေ” စာသင်ကျောင်းကို စတင်ခဲ့တဲ့အချိန်ကတော့ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာလို့ ထင်ပါတယ်။ ကျနော်တို့ ကော်မတီဝင်တွေအကြား “ပျိုး” နဲ့ “ပြုံး” ကို အပြန်အလှန် ဆွေးနွေးငြင်းခုံခဲ့ကြပြီး နောက်ဆုံးမှာတော့ အပြုံးကိုဆိုလိုတာ မဟုတ်ဘဲ အနာဂါတ်ကိုပြုစုပျိုးထောင်မယ့် ပန်းပျိုးလက်သဘောကို ဆိုလိုတာလို့ သဘောတူချက်ရပြီးမှ “ပျိုးပန်းဝေ” ဆိုတဲ့ ကျောင်းဆိုင်းဘုတ်ကို ရွေးခဲ့တာဖြစ်ပါတယ်။
ဒီကျောင်းအတွက် ပထမဆုံးရောက်လာတဲ့ ကျောင်းသား ၃ ဦးကတော့ ကျနော်တို့ စတင်တောခိုရာဒေသ ဘန်းချောင်းဝန်းကျင် ထားဝယ်-ကရင်ကျေးရွာငယ်လေးတခုက မိဘက ကျောင်းမထားပေးနိုင်တဲ့ အသက် ၆ နှစ်ဝန်းကျင် ကျောင်းသူလေး ၂ ဦးနဲ့ ကျောင်းသားလေးတဦး ဖြစ်ပါတယ်။ ဒုတိယကတော့ နတ်အိမ်တောင်နဲ့ ပြည်ခြား-ပုလောဖက်မှာ မိဘက ကျောင်းမထားပေးနိုင်တဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ တတိယအင်အားစုကတော့ တပ်ရင်း ၃ ခုပေါင်း ရဲဘော်မိသားစုတွေက မွေးထားတဲ့ မျိုးဆက်သစ် ကလေးငယ်တွေ၊ ဦးဟန်လင်းတို့ မိသားစုလို မိသားစုအလိုက် တောခိုလာတဲ့ အင်အားစုတွေထဲက ကလေးငယ်တွေ ဖြစ်ပါတယ်။ ရှေ့မှာပြောခဲ့တဲ့အတိုင်း မနက်ဖြန်၊ သန်းဘက်ခါ တော်လှန်ရေး အောင်မယ်လို့ ထင်နေတဲ့ ကျနော်တို့ လူငယ်တွေဟာလည်း ရဲဘော်မိသားစုတွေကနေ မွေးလာတဲ့ ကလေးငယ်တွေ အသက် ၆ နှစ်ပြည့်လို့ မူလတန်းကျောင်းသား အရွယ်ရောက်လာတာကို မျက်စိရှေ့မှာ မြင်တော့မှပဲ “သြော် ငါတို့တော်လှန်ရေးက ၆ နှစ်တောင်ကျော်ခဲ့ပြီပဲ” လို့ စဉ်းစားမိလာစေခဲ့ပါတယ်။
ရပ်ဝေးကနေ ရောက်လာတဲ့ ကလေးငယ်အားလုံးကို အဆောင်မှာထားပေးပြီး ကျွေးမွေးမှုကိစ္စ အားလုံးကို ကျောင်းကပဲ တာဝန်ယူရပါတယ်။ ရဲဘော်မိသားစု သားသမီးတွေကတော့ အိမ်ထောင်သည် လိုင်းကနေ ကျောင်းလာတက်ကြပါတယ်။ ကျောင်းဝတ်စုံ အဖြူ-အစိမ်းကအစ၊ စာအုပ်စာတန်းဖိုး အပါအဝင်အားလုံးကို တပ်ရင်းရန်ပုံငွေထဲကနေ သုံးစွဲရတာဖြစ်ပြီး တချို့ကိုတော့ ရှေ့ပိုင်းမှာတင်ပြခဲ့ဖူးတဲ့ ရတ်ချပူရီအခြေစိုက် ခရစ်ယာန်ကယ်ဆယ်ရေးအဖွဲ့ COERR က ကူညီပေးခဲ့ပါတယ်။ ဖွင့်ကာစမှာ ကျောင်းသား ကျောင်းသူ ၃၀ လောက်ရှိမယ်လို့ ထင်ပါတယ်။ ကျောင်းဆရာတွေကတော့ ဒီကိစ္စကို စတင် အဆိုပြုသူ ဆရာဦးဟန်လင်းက ကျောင်းအုပ်ဆရာကြီး၊ သူ့ရဲ့အမျိုးသမီး ဒေါ်ဌေးဌေးရီက ကျောင်းဆရာမကြီး၊ နောက်တခါ ရဲမေတဦးဖြစ်သူ မခင်ခင်ဝင်းက ကျောင်းဆရာမ၊ နောက် ရဲဘော်တွေထဲကလည်း အချိန်ပိုင်း လုပ်အားပေးဆရာတွေအဖြစ် ဝင်လုပ်ပေးခဲ့ကြပါတယ်။
ဒီကျောင်းမှာ ဘာတွေသင်မလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ကော်မတီဝင်တွေအကြား အတော် ငြင်းခုန်ဆွေးနွေးခဲ့ရပါသေးတယ်။ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံတွင်းမှာ (အဲဒီကာလကတော့ ရန်သူ စစ်အစိုးရလို့ ကျောင်းသားတွေက ခေါ်တဲ့) အစိုးရက သတ်မှတ်ထားတဲ့ သင်ရိုးညွန်းတမ်းအတိုင်းသင်မယ်။ ဒါပေမယ့် အချက်လက်အမှားတွေ၊ ဝါဒဖြန့်တာတွေ ပါနေတဲ့ သမိုင်းဘာသာကိုတော့ မသင်ဘူး။ တကယ်လို့ သင်မယ်ဆိုရင်လည်း အချက်လက်အမှားတွေကိုဖယ်ပြီး လိုသလောက် အချက်တွေကိုပဲ ရွေးသင်မယ်လို့ ကျနော်တို့ သဘောတူခဲ့ပါတယ်။
ဆိုလိုတာကတော့ အမြင်မတူတဲ့ နိုင်ငံရေးကိစ္စကို ဘေးဖယ်ထားပြီး မျိုးဆက်သစ်ကလေးငယ်တွေ စာတတ်မြောက်ရေးအတွက် သက်သက်အဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချၤာနဲ့ ပထဝီဘာသာတွေကိုသာ ဦးစားပေး သင်ပေးခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပိုင်း ဦးဟန်းလင်းတို့မိသားစု ထိုင်းထဲထွက်သွားတဲ့ အခါမှာတော့ ဗလဖအဖွဲ့ဝင်တဦးဖြစ်သူ အင်ဂျင်နီယာ ကိုသိန်းဆောင်က ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ယူပြီး ကိုလေး (နောက်ပိုင်း တပ်ရင်း ၁ ရဲ့ ဒုရင်းမှူးဖြစ်လာသူ) က ကျောင်းဆရာအဖြစ် မင်းသမီးခစန်းကျတဲ့ ၁၉၉၇ ဖေဖော်ဝါရီလအထိ တာဝန်ယူခဲ့တာကို ကျနော်အမှတ်ရနေပါတယ်။
သူတို့ ၂ ဦးအပါဝင် ကျောင်းဆရာအတော်များများဟာ စေတနာအလျောက် ဝင်ရောက်ကူညီ နေကြတာသာဖြစ်ပြီး ဆရာဖြစ်သင်တန်းတွေ တခါမှ တက်ဖူးသူတွေ မဟုတ်ပါ။ နောက်ပိုင်းမှာတော့ ဗဟိုဖက်မှာ ကျောင်းဆရာသင်တန်းတွေ ဖွင့်လာတာ၊ ထူးချွန်တဲ့ဆရာတွေကို အနောက်နိုင်ငံတွေအထိ ပညာတော်သင် ပို့တာတွေ လုပ်ပေးခဲ့ပြီး ဗဟိုကျောင်းက ကိုလှဌေးဟာ အင်္ဂလန်နိုင်ငံ နယူးကာဆယ် တက္ကသိုလ်ကနေ သင်ကြားရေးပညာ မဟာဘွဲ့ရတဲ့အထိ ထူးချွန်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီကာလ ကျနော်တို့အကြား အငြင်းပွားနေတဲ့ အချက်တခုကတော့ မြန်မာနိုင်ငံမှာ ကျောင်းဆရာ အတွေ့အကြုံရှိသူတွေ တောထဲမှာ ကျောင်းဆရာ ဆက်လုပ်သင့်၊ မသင့်ကိစ္စပါ။ “လက်နက်ကိုင်ပြီး စစ်တိုက်ချင်လို့ တောခိုလာပါတယ်ဆိုမှ ကျောင်းဆရာ လုပ်ခိုင်းနေပြန်ပြီ။ ကျောင်းဆရာ ဆက်လုပ်ချင်မှာတော့ ဘာလို့တောခိုတော့မှာလဲ၊ ထားဝယ်မှာပဲနေပြီး စာဆက်သင်နေမှာပေါ့” လို့ တော်လှန်ရေးတပ်မှူး တာဝန်ကို ကျောင်းဆရာတာဝန်ထက် ပိုတန်ဖိုးထားတဲ့ ကျောင်းဆရာဟောင်းတဦးက ပြောဖူးတာကို ကျနော် မှတ်မိနေပါတယ်။
မင်းသမီးစခန်းက ပျိုးပန်းဝေကျောင်းကိုကျော်ပြီး တော်လှန်ရေး နယ်မြေတခုလုံးရဲ့ အဲဒီကာလ ပညာရေးအခြေနေကို အကြမ်းဖျင်းတင်ပြရမယ်ဆိုရင် ABSDF တပ်ရင်းအတော်များများမှာ ပျိုးပန်းဝေလို မူလတန်းကျောင်းတွေ အသီးသီးပေါ်လာသလို ဗဟိုမှာလည်း ”ရောင်နီဦး” အလယ်တန်း၊ နောက်ပိုင်းမှာတော့ အထက်တန်းကျောင်းအထိ ပေါ်လာခဲ့ပါတယ်။ တော်လှန်ရေးသက်တမ်း ၇ နှစ်အရွယ် ABSDF မှာတောင် ဒီလိုကျောင်းတွေ ပေါ်လာပြီဆိုရင် တော်လှန်သက်တမ်း နှစ် ၄၀ ကျော်ရှိနေပြီဖြစ်တဲ့ KNU အပါဝင် တိုင်းရင်းလက်နက်ကိုင် အဖွဲ့တွေမှာ မူလတန်းကနေ အထက်တန်း အထိ၊ တချို့ဒေသတွေမှာဆိုရင် တက္ကသိုလ်နီးနီး အဆင့်တွေအထိ စနစ်တကျ သင်ကြားပေးနေလိမ့်မယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ အဲဒီကာလက ချင်းမိုင်အခြေစိုက် အမျိုးသားကျန်းမာရေးနဲ့ ပညာရေးကော်မတီ (NHEC) ရဲ့ စာရင်းဇယားတွေအရဆိုရင် အပစ်ရပ်နယ်မြေအပါဝင် တော်လှန်ရေးနယ်မြေ တကျောမှာ အထက်တန်းကျောင်းပေါင်း ၁၉ ကျောင်း၊ အလယ်တန်းကျောင်းပေါင်း ၉၅ ကျောင်း၊ မူလတန်းကျောင်း ၁၂၀၉ ကျောင်းရှိပြီး ကျောင်းသားကျောင်းသူဦးရေ တသိန်းခွဲခန့် ရှိတယ်လို့ သူတို့ရုံးက ကျောက်သင်ပုန်းပေါ်မှာ ရေးထားတာကို ကျနော်တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် ဒီကျောင်းတွေအတွက် သင်ရိုးညွန်းတမ်းတွေကတော့ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသလို KUN နယ်မြေ ကော်သူးလေအစိုးရ ပညာရေးစနစ်ကတမျိုး၊ ကရင်နီအစိုးရ ပညာရေးနစ်ကတဖုံ၊ မွန်ပြည်သစ်နယ်မြေကတနည်း၊ ကချင်နယ်မြေကတမျိုး၊ ABSDF လိုအဖွဲ့က တမျိုး စသဖြင့် အမျိုးမျိုးကွဲပြားနေပါတယ်။ ဒါကြောင့် NHEC ကဦးစီးပြီး လွတ်မြောက်ဒေသ တခုလုံးအတွက် သင်ရိုးညွန်းတမ်းရေးဆွဲရေး ဆယ်မီနာတခု လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အခုနှစ် ၂၀ ကြာပြီးတဲ့အချိန်မှာတော့ ဒီစာသင်ကျောင်းအများစုဟာ တော်လှန်ရေးနယ်မြေကနေ ဒုက္ခသည်စခန်းတွေဆီ ပြောင်းပြီး ဆက်လက် သင်ကြားပေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
သူပုန်တွေ ဥပုသ်စောင့်တဲ့နေ့

ပညာရေးအကြောင်းကနေ ဘာသာရေးဖက်ကို ဆက်ပြောရမယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်သူပုန်တွေ တောထဲမှာ ရဟန်းခံရှင်ပြုပွဲ အကြီးအကျယ်လုပ်ပြီး လနဲ့ချီ တရားထိုင်နေကြတယ်ဆိုရင် စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ ရှေ့ပိုင်းအခန်းတခုမှာ ကျနော်တင်ပြခဲ့ဖူးတဲ့အတိုင်း မောင်တော်စခန်းကနေ အမရာစခန်းဆီ ပြောင်းလာကတည်းက အဲဒီမှာ ဘုန်းကြီးကျောင်းဟောင်း တဆောင်ရှိနေပါတယ်။ သစ်တိုင်၊ ဝါးကြမ်းခင်း၊ ဝါးပြားမိုး (ကြားခတ်ဝါးလုံးကို ၂ ခြမ်းခွဲ၊ အတွင်းက အဆစ်တွေကို ထွင်ပြီး ပက်လက်တခြမ်း၊ မှောက်ခုံတခြမ်းနဲ့ စနစ်တကျမိုးထားတာဟာ အတော်ထူးခြားပါတယ်) ပေ ၂၀၊ ၁၂ ပေ ပတ်လည်လောက်ရှိတဲ့ ဒီကျောင်းဟာ ကျနော်တို့စခန်းမှာ ရှိသမျှအဆောက်ဦတွေထဲ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက ဘုန်းကြီးကျောင်းရှိပြီး ဘုန်းကြီးမရှိတဲ့ ဒုက္ခပါ။
ဒီနေရာမှာလည်း ရှေ့မှာပြောခဲ့တဲ့အတိုင်း သက်ကြီးဝါကြီး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာဦးဟန်လင်းကပဲ ဦးဆောင်ပြီး “ဓမ္မစင်္ကြာအသင်း” ကို ဖွဲ့စည်းကာ ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဓမ္မစင်္ကြာရွတ်ကြပါတယ်။ အသင်းဝင်အများစုဟာ ရဲမေတွေဖြစ်ကြပေမယ့် ရဲဘော်အတော်များများလည်း ဘာသာရေးကို စိတ်ဝင်စားတာ တွေ့ရပါတယ်။ ဒီလို ဓမ္မာစင်္ကြာရွတ်တဲ့အပြင် သာရေး၊ နာရေး အခမ်းအနားတွေကိုလည်း ဒီကျောင်းမှာပဲ ကျင်းပကြပါတယ်။ အဲဒီအခမ်းနားတွေထဲက လူသိများတဲ့ အဖြစ်ပျက်တခုကတော့ မင်းသမီးစခန်းမှာ ရဲမေတွေထဲက ပထမဆုံး မင်္ဂလာဆောင်တဲ့ အတွဲတတွဲ မင်္ဂလာပွဲကျင်းပနေစဉ် တက်ရောက်အားပေးတဲ့ ပရိတ်သတ်များလွန်းလို့ ဘုန်းကြီးကျောင်း ဝါးကြမ်းခင်းပြိုကျပြီး ကိုးယို့ကားယားဖြစ်သွားတဲ့ အဖြစ်ပါ။ အဲဒီနောက်ပိုင်းမှာတော့ ဝါးလုံးတွေနေရာမှာ သစ်လုံးတွေနဲ့ အစားထိုးပြီး ဘုန်းကြီးကျောင်းကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
ဒီလို သာရေးကိစ္စမှာ ဘုန်းကြီးမရှိလို့ သိပ်ပြဿနာမရှိပေမယ့် နာရေးကိစ္စမှာတော့ ဘုန်းကြီးမရှိရင် အတော်အခက်ခဲရှိပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၉၁ ဒီဇင်ဘာလအစောပိုင်း တပ်ရင်း ၃ ခြမ်းမကွဲမီလေးမှာ ငှက်ဖျားရောဂါနဲ့ အမရာစခန်းမှာ ပထမဆုံး ကွယ်လွန်သွားတဲ့ ကိုအောင်ဆန်း အသုဘချချိန်အထိ သရဏဂုံတင်ဖို့အတွက် ဒီကျောင်းမှာ ဘုန်းကြီး အတည်တကျ မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ သာရေးနာရေး ကိစ္စတွေအတွက် ဘုန်းကြီးမရှိရင် မဖြစ်ဘူးဆိုပြီး အသက်ခပ်ကြီးကြီး ဆံပင်ဖြူဖြူ ဦးရှိန်ကို ထိုင်းနယ်စပ်က ထိုင်း-ကရင် ဘုန်းကြီးကျောင်းဆီပို့ပြီး ရဟန်းဝတ်ခိုင်းခဲ့ပါတယ်။ သူလူထွက်ပြီး နောက်ပိုင်းမှာတော့ လူငယ်ထဲက ကိုသန်းဇော် (အခု အမေရိကန်) ရဟန်းဝတ်ပြီး ဦးဇင်းသန်းဇော်အဖြစ် လူသိများခဲ့ပါတယ်။ သူဟာ မင်းသမီးစခန်းကျတဲ့ ၁၉၉၇ ဝန်းကျင်အထိ ကျောင်းထိုင်ဆရာတော်အဖြစ် တာဝန်ယူပေးခဲ့ပါတယ်။
တော်လှန်ရေးသက်တမ်း ကြာလာတာနဲ့အမျှ ရှေ့မှာပြောခဲ့တဲ့ ပျိုးပန်းဝေလို စာသင်ကျောင်းတွေ လိုလာသလို အသက် ၇ နှစ်၊ ၈ နှစ်ကလေးငယ်တွေကို ရှင်ပြုပေးချင်တဲ့မိဘတွေလည်း အတော်များများ ပေါ်လာပါတယ်။ တခါ ကျနော်အပါဝင် အသက် ၂၀ ဝန်းကျင်မှာ တောခိုလာတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း ရဟန်းဝတ်ချင်စိတ်တွေ ပေါ်ပေါက်လာပါတယ်။ ဘာကြောင့် ရဟန်းဝတ်ဖို့ လိုအပ်သလဲဆိုတာကို ဘာသာရေးသဘောအရ ကျနော် သိပ်နားမလည်ပေမယ့် အသက် ၁၀ နှစ်ဝန်းကျင်မှာ ကိုယ်ရင် ဝတ်ကြပြီး အသက် ၂၀ ကျော်ရင် ရဟန်းဝတ်ကြတာဟာ မြန်မာနိုင်ငံမှာ မြင်နေရတဲ့ ရိုးရာဓလေ့တခု ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၂၀ ကျော်ကာစ တက္ကသိုလ်က ကျောင်းပြီးတာနဲ့ ရဟန်းဝတ်ပေးမယ်လို့ မိဘက ပြောထားချိန်၊ ကျောင်းပြီးဖို့ လပိုင်းအလိုမှာ တောခိုလာတဲ့ ကျနော်ဟာ မိဘဆန္ဒ ပြည့်အောင်လို့ ရဟန်းဝတ်ချင်တာလည်း ဖြစ်နေနိုင်ပါတယ်။ ကျန်တဲ့ရဲဘော်တွေလည်း ကျနော်လိုပဲ ဖြစ်ဖို့များပါတယ်။ ဒီအတွက် နယ်စပ် ဖုနန်းလွန်ကျေးရွာရှိ ထိုင်း-ကရင် ကျောင်းက ကျောင်းထိုင်ဆရာတော်၊ တခါ ဘန်းချောင်းဒေသရှိ သပြုချောင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်၊ နောက်တခြားဒေသက ကျောင်းထိုင်ဆရာတော် ၃ ပါးကို ပင့်ဖိတ်ပြီး ကျနော်တို့စခန်းမှာ ရဟန်းခံပွဲတွေ၊ ရှင်ပြုပွဲတွေ နှစ်စဉ်လိုလို ကျင်းပခဲ့ကြပါတယ်။
ရှင်ပြုပွဲကို ခပ်ကျဉ်းကျဉ်းနဲ့ လုပ်လို့ရပေမယ့် ရဟန်းခံပွဲအတွက်တော့ သိမ် မရှိမဖြစ် လိုအပ်လာပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် ပထမဆုံးအကြိမ် ရဟန်းခံ သိမ်တက်ပွဲကို စခန်းပိုင်စက်လှေကို ရေသိမ်အဖြစ် အသုံးပြုပြီး အဲဒီလှေပေါ်မှာ ဥပဇ္ဈယ်ဆရာအပါဝင် သံဃာတော် ၃ ပါးနဲ့ ရဟန်းလောင်းတို့ နေရာယူပြီး အကျဉ်းရုံးလုပ်လိုက်ပါတယ်။ ဒုတိယအကြိမ်မှာတော့ တိုင်ကီပုံးတွေနဲ့ ဝါးဖောင်အသေချာလုပ်ပြီး ရေသိမ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီရေသိမ်ပေါ် ဘုန်းကြီးတွေတက်ရ ဆင်းရလွယ်အောင်ဆိုပြီး ကမ်းနားဖက် နေရာရွှေ့ရင်းနဲ့ ကြိုးပြတ်ပြီး ဝါးဖောင်မျောသွားတဲ့အတွက် မနည်းလိုက်ဆယ်ခဲ့ရဖူးတာကိုလည်း အမှတ်ရနေပါတယ်။
ကျနော်အပါဝင် ဦးဟန်လင်းရော၊ ဗဟိုအတွင်းရေးမှုး ကိုမျိုးဝင်းရော စုစုပေါင်း ၂၄ ဦး ရဟန်းဝတ်တဲ့ပွဲကတော့ မင်းသမီးစခန်းမှာ ကျင်းပခဲ့သမျှ ပွဲတွေထဲမှာ အကြီးကျယ်ဆုံးလို့ ပြောနိုင်ပြီး ၁၉၉၅ အောက်တိုဘာလမှာ ကျင်းပတာဖြစ်ပါတယ်။ ကျနော့်လိုပဲ မြန်မာနိုင်ငံမှာတုန်းက ရဟန်းမဝတ်ရသေးသူ အများကြီးရှိပုံရပါတယ်။ တပ်ရင်း ၃ ခုပေါင်းက ရဟန်းဝတ်ချင်သူ ၅၀ လောက် စာရင်းပေးပေမယ့် ဘဏ္ဍာရေးအခြေနေ၊ နေရာထိုင်ခင်း အခြေအနေ၊ တာဝန်ခွဲဝေမှု အခြေအနေ၊ လုံခြုံရေး အခြေအနေတွေအရ အားလုံးတပြိုင်တည်း ဝတ်လို့မဖြစ်။ ဒီတော့ ၂၄ ဦးပဲရမယ်လို့ သတ်မှတ်ပြီး ဒုလ္လဘမဲ နိုက်ကြရပါတယ်။ ကံကောင်းလေ့ မရှိတဲ့ကျနော်ဟာ ကိုယ်တိုင်မဲ မပေါက်ဘဲ မဲပေါက်တဲ့ ရဲဘော်တဦးက သူမဲကို ပြန်လှူတဲ့အတွက် အခုလို ရဟန်းဝတ်ခွင့် ရလိုက်တာ ဖြစ်ပါတယ်။ စုပေါင်းဘုံကထိန်ပွဲနဲ့ သင်္ကန်းတွေအတွက် ကုန်ကျငွေတွေကို ရှေ့တန်းအသီးသီးက စေတနာရှင်တွေ၊ ထိုင်းနိုင်ရောက် ကျောင်းသားဟောင်းတွေ၊ နိုင်ငံခြားက မြန်မာအလှူရှင်တွေအပြင် ဂျပန်မိတ်တွေ ဖြစ်တဲ့ ကင် (Ken) နဲ့ ဝိသာခါ ကာဝါဆကီ (Visakha Kawasaki) တို့ကလည်း ကူညီပေးခဲ့ကြတယ်လို့ ကျနော် အမှတ်ရနေပါတယ်။
အဲဒီအချိန်မှ ာတပ်ရင်း ၃ ခုပေါင်းထားပြီး ကာလဖြစ်တဲ့အပြင် ဘုန်းကြီးကျောင်းကိုလည်း စခန်းနောက်ကျော၊ အာဇာနည်ကုန်းအနီးက တောင်ကျောပေါ် ရွှေ့ပြောင်းထားပြီးကာစ၊ သွပ်မိုး၊ သစ်ကာ ၂ ထပ်ကျောင်းဆောင်ကြီးအဖြစ် သားသားနားနား အသစ်ဆောက်လုပ်နေတဲ့ ကာလဖြစ်ပါတယ်။ KNU ကျောင်းသားရေးရာ တာဝန်ခံ ပဒိုမန်းငြိမ်းမောင် အပါအဝင် ဗုဒ္ခဘာသာကို စိတ်ဝင်စားတဲ့ KNU ကျေးရွာတွေမှ ပုဂ္ဂိုလ်တွေ၊ အမရာကျေးရွာမှာ ပုဂ္ဂိုလ်တွေ၊ တနင်္သယရီ မြစ်ရိုးတလျှောက် ကျေးရွာတွေက ပုဂ္ဂိုလ်တွေ ဒီပွဲကို လာနွှဲကြပါတယ်။ တခါ နယ်စပ်ဖုနန်းလွန် ကျေးရွာရှိ ထိုင်း-ကရင် ကျောင်းထိုင်ဆရာတော်ရဲ့ စည်းရုံးမှုကြောင့် ထိုင်းနိုင်ငံသား အတော်များများလည်း ကျနော်တို့ရဲ့ ရဟန်းခံပွဲဆီ လာရောက်အားပေးတဲ့အတွက် အတော်စည်းကားခဲ့တာကို အမှတ်ရနေပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံဘက်က အလှူရှင်တွေကနေ ဉာဏ်တော် ၃ ပေလောက်အမြင့်ရှိတဲ့ ကြေးဆင်းတုတော်တဆူကို ကျနော်တို့စခန်းက ဘုန်းကြီးကျောင်းအတွက် လာလှူပါတယ်။ ဦးဟန်လင်း ဦးဆောင်တဲ့အဖွဲ့က အခမ်းမနားနဲ့ကြိုဆိုပြီး ဘုရားပွဲအဖြစ် စည်စည်ကားကား ကျင်းပခဲ့တာကို မှတ်မိနေပါတယ်။ ၁၉၉၇ ဖေဖော်ဝါရီလ မင်းသမီးခစန်းကနေ ကျနော်တို့ ခွာစစ်ဆင်ချိန်မှာ ပျိုးပန်းဝေ ကျောင်းအပါအဝင် ကျန်တဲ့ အဆောက်ဦတွေအားလုံး မီးလောင်ပျက်စီးသွားပေမယ့် ဆင်းတုတော်ရှိတဲ့ ဒီဘုန်းကြီးကျောင်းကတော့ ကျည်မခ မီးမလောင်ဘဲ မပျက်မစီး ဒီအတိုင်း ကျန်နေခဲ့တာကို ကျနော် အမှတ်ရနေပါတယ်။ ။