ဆောင်းပါး

ဖျက်ဆီးခံရတော့မယ့် သမိုင်းဝင် အုတ်ဂူ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လူနေတဲအိမ်စုများကို ကျော်သည်နှင့် ခြံနွယ်ပိတ်ပေါင်းများဖုံးနေသည့် အုတ်ဂူများကို စတင်တွေ့ရသည်။ အုတ်ဂူများအကြား ကြွပ်ကြွပ်အိပ်၊ အဝတ်စုတ်၊ အမှိုက်သရိုက်များ ပြည်နှက်နေသည့် လူသွားလမ်းလေး အတိုင်းလျှောက်နေရင်း တနေရာ အရောက်တွင် လိုက်လံပို့ဆောင်သည့် အဒေါ်ကြီးက “ဒါ ထိုင်းဘုရင်ဂူပဲ ”ဟု ဆိုလိုက်သည်။

သူ ညွန်ပြရာကို ကြည့်လိုက်တော့တခြားအုတ်ဂူတွေထက် ကြီးမားပြီး စေတီငယ်တဆူနီးပါးအရွယ်ရှိ ဂူပြဿဒ်ကြီး တခုကိုတွေ့ရသည်။

“မြန်မာပြည်ကို လာလည်တဲ့ ထိုင်းလူမျိုးတွေ ဒီဂူကိုလာပြီး ဆီမီး၊ အမွှေးနံသာတိုင်တွေနဲ့ လာကန်တော့ကြတယ်” ဟု အဒေါ်ကြီးက ရှင်းပြသည်။

ပတ်ဝန်းကျင်ရှိ အညစ်အကြေးများကို ရှောင်တိမ်းပြီး အုတ်ဂူကို အနီးကပ်လေ့လာကြည့်သည့်အခါ ပြိုပျက်နေသည့်နေရာများမှ ရှေးအုတ်များပေါ်ထွက်နေပြီး တံခွန်တိုင်အလား မြင့်မားသည့် အုတ်တိုင်ကြီးကို ကြည့်ခြင်းဖြင့် အထိမ်းအမှတ် ဂူပြဿဒ် သို့မဟုတ် ဗိမ္မာန်တခုအဖြစ် ရည်ရွယ်ပြီးတည်ဆောက်ထားမှန်း သိသာလှ၏။

ဤအုတ်ဂူကား နာမည်ကျော် တောင်သမန်အင်းစောင်းရှိ လင်းဇင်းကုန်းသုဿန်မှ သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး ၏ ဂူပြဿဒ်ဖြစ်သည်။

မြန်မာ့သမိုင်းမှတ်တမ်းများအရ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် ၁၇၆၇ ခုနှစ် အယုဒ္ဓယသို့သွားရောက် စစ်ပြုရာ ယိုးဒယားမင်း အပါအဝင် ညီတော်၊ နှမတော်၊ မိဖုရား၊ မောင်းမမိဿံ၊ သူဌေးသူကြွယ်၊ ပန်းတိမ်၊ ပန်းပဲ၊ ပန်းရံ၊ ရွှေခြည်ထိုး လက်မှုပညာသည်များ၊ အဆိုအတီးပညာရှင်များ၊ အချက်အပြုတ် ကျွမ်းကျင်သူများမှအစ အားလုံးကို သုံ့ပန်းအဖြစ် အင်းဝသို့ ခေါ်ဆောင်ခဲ့ပြီး မန္တလေး ရွှေတချောင်းမြောင်း ဘောင်တလျှောက်နှင့် မင်းသားစုအရပ်တွင် နေရာချထားပေးခဲ့သည်ဟု သိရသည်။

အိုးဝေ ဦးညိုမြ ရေးသားပြုစုသော “ကုန်းဘောင်ရှာပုံတော်” တွင် ထိုင်းဘုရင် ၏ သမီး  ကျောက်ဖွားစော (သခင်ဥ) ကို ဆင်ဖြူရှင်မင်းက မိဖုရား မြှောက်သည်ဟုလည်း ပါရှိသည်။

အဆိုပါ နန်းကျဘုရင် ကျောက်ဘွားဒေါက် မဒူးဝါးသည် ဘိုးတော်ဘုရားလက်ထက်၌ နတ်ရွာစံ၍ အမရပူရရှိ လင်းဇင်းကုန်း သုဿန်တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။

မန္တလေးမြို့ခံ သမိုင်းပညာရှင် ဒေါက်တာ တင်မောင်ကြည်က “သမိုင်းမှတ်တမ်းအရ သုံ့ပန်းအဖြစ် ဘုန်းကြီးဝတ်နဲ့ ပါလာတယ်လို့ ဆိုတယ်။ နတ်ရွာစံတော့ လင်းဇင်းကုန်းမှာ မြှုပ်တယ်လို့သိရတယ်။ ဒါပေမယ့် သင်္ချိုင်းစာတော့ မရှိဘူး” ဟုဆိုသည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ပညာသွားရောက်သင်ယူခဲ့စဉ်က ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါးအား လင်းဇင်းကုန်းသုဿန်တွင် မြုပ်နှံသည့် အထောက်အထားများ ရှေးဟောင်း ပုရပိုက်ပန်းချီတချပ်မှ တွေ့ရှိသဖြင့် ကူးယူဖော်ပြဖူးကြောင်း၊ ဒေါက်တာတင်မောင်ကြည်က ပြောသည်။

ယခုအခါ မန္တလေးအာဏာပိုင်များက အဆိုပါ ထိုင်းဘုရင့်ဂူ အပါအဝင် သမိုင်းဝင် အဓိကရပုဂ္ဂိုလ်များ မြှုပ်နှံထားသော လင်းဇင်းကုန်းသုဿန်ကို ဖျက်သိမ်းကာ မြေကွက်ရိုက်ပြီး မြို့ကွက်အသစ် အစီအစဉ်တရပ်ကို အကောင်အထည် ဖော်နေသည်။

ဤသို့ ရှေးကျသော သမိုင်းဝင် လင်းဇင်းကုန်းသုဿန်ကို ဖျက်ဆီးပစ်မည်ဆိုလျှင်သမိုင်းအမွေအနှစ်အရ ဆုံးရှုံးပြီး တိုးတက်လာသည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ထိခိုက်လိမ့်မည်ဟု မန္တလေးမြို့ရှိ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်သူများက ဆိုသည်။

တောင်သမန်းအင်းအနီး သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးများကို ထိန်းသိမ်းနေသည့် ရှေးဟောင်း သုတေသနပညာရှင် ကိုငြိမ်းဝင်းကလည်း “ထိုင်းတွေ အမြဲလာကန်တော့တယ်။ မလာခင် လေးငါးရက်အလို တိုးရစ်ဂိုက်က ကျနော်ကို အကြောင်းကြားရင် အလုပ်သမားငှားပြီး ချုံနွယ်ပိတ်ပေါင်းတွေရှင်း၊ သန့်ရှင်းရေး လုပ်ထားရတယ်။ ဘာပဲပြောပြော သူတို့လည်း စိတ်ထိခိုက်မှာပေါ့ ” ဟု ပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းအသိပညာပြန့်ပွားရေးအသင်း (Siam Society) အဖွဲ့က မြန်မာယဉ်ကျေးမှုဝန်ကြီးဌာနသို့ ထိုင်းဘုရင်၏ အုတ်ဂူကို ဖျက်ဆီးမပစ်ရန်နှင့် ပြုပြင်ခွင့်ပေးရန် မေတ္တာရပ်ခံထားသည်ဟု သိရသော်လည်း အဆိုပါ Siam Society ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ မဟုတ်မှန်ကြောင်း ငြင်းဆိုသွားသည်။

ကုန်းဘောင်ခေတ် မြန်မာဘုရင်များလက်ထက် အင်းဝ၊ အမရပူရနှင့် မန္တလေးတဝိုက်၌ နေထိုင်ကြသော မူစလင် (ပသီ)၊ ထိုင်း၊ လာအို၊ အာမေးနီးယန်း၊ တရုတ် စသည့် လူမျိုးများသေဆုံးလျှင် မြုပ်နှံရန် ဤ လင်းဇင်းကုန်းသုဿန်တွင် လူမျိုး၊ ဘာသာအလိုက် နေရာများ သတ်မှတ်ပေးထားကြောင်း သိရသည်။

ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန်အဖြစ် ခန့်အပ်ခံရသည် ဘိုင်ဆပ်၊ ဦးပိန်တံတားကို တည်ဆောက်ခဲ့သည့် ဦးပိန်၊ ပသီစာဆိုတော် ဦးနုနှင့် အစ္စလမ်သာသနာပိုင် အာဗစ်ရှာဟ်ဟိုစနီတို့၏ ဂူဗိမ္မာန်များကိုလည်း အစ္စလမ်ဘာသာဝင်များ မြုပ်နှံရာအပိုင်းတွင် တွေ့ရသည်။

တောင်သမန်အင်းစောင်းတွင် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ အုတ်ဂူနှင့်  အိုးဝေဦးညိုမြ၏ အထိမ်းအမှတ် ကျောက်တိုင်လည်း ရှိသည်။

ဂူဗိမ္မာန်များနှင့် သင်္ချိုင်းစာများသည် သမိုင်းမှတ်တမ်းမျာအရ အရေးပါကြောင်း သမိုင်းပညာရှင်များက ပြောဆိုနေသော်လည်း  မြန်မာနိုင်ငံတွင် အစိုးရက သင်္ချိုင်းသုဿန်မျာကို ဖျက်ဆီး၍ အိုးအိမ်အဆောက်အဦးများနှင့် မြို့ကွက်အသစ်များ ဖော်ထုတ်လျှက် ရှိသည်။

၁၉၉၇ ခုနှစ် စစ်အစိုးရလက်ထက်တွင် မြန်မာ့သမိုင်း၌ အရေးပါသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်မှ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများအား မြှုပ်နှံရာ ရန်ကုန်မြို့ရှိ သမိုင်းဝင် ကြံတောသင်္ချိုင်းကို ဖြိုဖျက်ပြီး ကားပွဲစားတန်း ပြုလုပ်ခဲ့သည်။

သင်္ချိုင်းအုတ်ဂူများကို ထိန်းသိမ်းစောင့်ရှောက်သည့်ဓလေ့ နည်းပါးသည့် မြန်မာနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဗြိတိသျှ စစ်သားများအပါအဝင် ဓနသဟာယနိုင်ငံများမှ စစ်သည်များကို မြှုပ်နှံသည့် မင်္ဂလာဒုံ ထောက်ကြန့်  စစ်သင်္ချိုင်းတခုသာလျှင် ထိန်းသိမ်းစောင့်ရှောက်မှု အကောင်းဆုံးပြုလုပ်သည်ကို တွေ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading