[irrawaddy_gallery]
နိုင်ငံခြား သတင်းထောက်တဦးနဲ့အတူ အချုပ်ခန်းထဲမှာ တညတာ
ကျနော်တို့အုပ်စု ရဟန်းဝတ်တဲ့အချိန်ဟာ ၇ ရက်ထက် မပိုပါဘူး။ ရှေ့တန်းထွက်ရေးကိစ္စ၊ တခြားကိစ္စတွေအတွက် အစည်းအဝေး လုပ်စရာရှိလို့ဆိုပြီး တောင်ပိုင်း စစ်ဒေသတာဝန်ခံ ကိုမျိုးဝင်းနဲ့ ကျနော်အပါဝင် တာဝန်ရှိသူ ၄၊ ၅ ဦး အရင် လူထွက်လိုက်ရပါတယ်။ ကျန်တဲ့ ရဲဘော်တချို့ကတော့ ၁၀ ရက်ကနေ သတင်း ၂ ပတ်အထိ ဆက်ဝတ်ကြပါတယ်။
ကျနော်တို့ တောင်ပိုင်းစစ်ဒေသ အစည်းဝေးရဲ့ ဆုံးဖြစ်ချက်ကတော့ ပြည်ခြား-ပုလောဒေသဆီ ခရီးထွက်ပြီး ရှေ့တန်းတပ်တွေကို ပြန်လည်စုဖွဲ့ရေး။ လူထုစည်းရုံးဟောပြောရေး၊ အထူးသဖြင့် အဲဒီအချိန်ဟာ နဝတကနေ အမျိုးသားညီလာခံ ပြန်လည် ကျင်းပမယ်လို့ ကြေညာထားချိန်ဖြစ်တဲ့အတွက် အဲဒီညီလာခံကို (အဲဒီကာလ စကားလုံးအတိုင်းဆိုရင်) ဘက်ပေါင်းစုံကနေ အဆင့်တိုင်း၊ အဆင့်တိုင်းမှာ ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဖြစ်ပါတယ်။
အလားတူ စစ်ကြောင်းတွေ တခြားစစ်ဒေသတွေမှာလည်း တပြိုင်တည်း ထွက်ကြတယ်လို့ ထင်ပါတယ်။ ဒီလို စစ်ကြောင်းထွက်ဖို့ ပြင်နေတုန်း ဗဟိုကနေ ကျနော်တို့ဆီ ကြေးနန်းတခု ဝင်လာပါတယ်။ အရင်က ဗဟိုဖက်မှာ လုပ်အားပေး အင်္ဂလိပ်စာပြကျောင်းဆရာအဖြစ် ၃ လခန့် လုပ်ပေးဖူးတဲ့ နယူးဇီ လန်နိုင်ငံသား ဒေးဗစ် (အဲဒီကာလတွေအထိ မိသားစုအမည်တွေကို အလေးထားရမှန်း ကျနော်တို့ မသိဘဲ ပထမအမည်တွေ၊ အမည်တိုတွေကိုပဲ မှတ်ထားလေ့ရှိပါတယ်) ဟာ အခု သြစတေးလျ သတင်းဌာနအတွက် ဓာတ်ပုံသတင်းထောက်အဖြစ် ဘန်ကောက်ကို ရောက်နေကြောင်း၊ သူဟာ ABSDF အကြောင်း ရုပ်သံမှတ်တမ်းတခု လုပ်ချင်နေကြောင်း၊ ဒါကြောင့် သူ့ကို ကျနော်တို့ စစ်ကြောင်းနဲ့အတူ ရှေ့တန်းခေါ်သွားဖို့ ဖြစ်ပါတယ်။ ဒီအတွက် တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ခံ ကျနော်ဟာ မင်းသမီးခစန်းကနေ ဘန်ကောက်ကို အမြန်တက်ပြီး အဲဒီပုဂ္ဂိုလ်ကို သွားခေါ်ရပါတယ်။
အဲဒီကာလတွေဟာ မင်းသမီးကနေ ကန်ချနပူရီ၊ ဘန်ကောက်ကို ကျနော်တို့ ကျောင်းသားတွေ ဒီလိုပဲ လိုင်းကားစီး ခိုးသွားနေကြဖြစ်ပြီး နယ်စပ်ရှိ ထိုင်းထောက်လှမ်းရေး၊ နယ်ခြားစောင့် ထိုင်းစစ်သားတွေကလည်း မသိဟန် ဆောင်ပေးထားတဲ့သဘော ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ မသိလိုက်တဲ့အချက်က သူတို့ မသိချင်ဟန် ဆောင်ပေးထားတာဟာ ကျနော်တို့ တောထဲက ကျောင်းသားတွေကိုသာဖြစ်ပြီး နိုင်ငံခြားသားကိုတော့ ကျနော်တို့လို ခိုးဝင် ခိုးထွက် ခွင့်ပြုမှာမဟုတ်ဘူး ဆိုတဲ့အချက်ပါ။ နိုင်ငံခြားသားတွေထဲမှာလည်း ဂျပန်နဲ့ အာရှသားတွေဆိုရင် ကျနော်တို့ ကျောင်းသားတွေလို ဟန်ဆောင်သွားလို့ ရပေမယ့် အခုရောက်လာတဲ့ မောင်ဒေးဗစ်က ဖြူဖြူထွားထွားနဲ့ အရပ် ၆ ပေကျော် ရှိသူဆိုတော့ “အဝေးက မြင်နိုင်သည်” ဆိုတဲ့ ပုံမျိုးဖြစ်နေပါတယ်။ ဒါကို သတိမထားမိတဲ့ ကျနော်ဟာ မောင်ဒေးဗစ်နဲ့အတူ ဖုနန်းလွန် ရွာထဲမှာ လိုင်းကားပေါ်ကဆင်း၊ အဲဒီရွာနဲ့ ကျနော်တို့ စခန်းရှိရာ ထီးခီးနဲ့ အလယ်စတိုဘက်သွားတဲ့ လမ်းဆုံလမ်းခွမှာ ဝါးတားဂိတ် ၂ ခုပိတ်ပြီး စောင့်ဖမ်းနေတဲ့ ထိုင်းနယ်ခြားစောင့်တပ်ကို ရှောင်ပြီး ကျနော်တို့ ခိုးသွားနေကြ တောလမ်းလေးအတိုင်း ဖြတ်လျှောက်လာခဲ့ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် ဖုနန်းလွန်ရွာလယ်ကနေ ချွန်မိုင်းဟောင်းက ကရင်အိမ်တန်းတွေရှိရာ နေရာအထိလျှောက်ရတဲ့ ဒီတောလမ်းဟာ ၁၅ မိနစ်လောက်သာ ကြာပေမယ့် ဒီတကြိမ်မှာတော့ ကျနော်တို့ လမ်းမှားနေလို့ သတ်မှတ်ချိန်ထက် ပိုကြာသွားခဲ့ပါတယ်။ မိနစ် ၂၀ လောက်ကြာပြီးတဲ့အချိန် ကရင်အိမ်တန်းဖက်က ကားလမ်းကြမ်းဆီ ကျနော်တို့ ၂ ဦး ချဉ်းကပ်လာချိန်မှာ ထိုင်းဘာသာန ဲ့စကားပြောသံတွေ၊ စစ်ဘွတ်ဖိနပ်သံတွေ ရုတ်တရက် ကြားလိုက်ရပါတယ်။ တခုခုတော့ လွဲနေပြီဆိုတာကို သိလိုက်တာနဲ့ ဒေးဗစ်လက်ကိုဆွဲပြီး သစ်ပင်ကြီးတပင်နောက်မှာ ကျနော်တို့ နေရယူလိုက်ပါတယ်။ အသေချာ ချောင်းကြည့်လိုက်တော့ အနက်ရောင် ယူနီးဖောင်းဝတ်ထားတဲ့ ထိုင်းစစ်သား ၅ ဦး၊ သူတို့လက်ထဲမှာ M 16-နဲ့ M 79 တွဲထားတဲ့ လက်နက်တလက်၊ M 16 ရိုးရိုးက ၄ လက် ပါတဲ့အပြင် ရှေ့ထွက်မိုင်းတွေရော၊ လက်ပစ်ဗုံးတွေရော၊ လှံစွပ်တွေရော၊ ဓားတွေရော၊ ကြိုးတွေရော၊ ဝေါ်ကီတော်ကီ စကားပြောစက်တွေရော စုံလိုပါပဲ။
ဒီပုံအတိုင်း ဆိုရင်တော့ ကျနော်တို့ တောထဲဝင်သွားတာကို ရွာသားတွေက ထိုင်းစစ်တပ်ဆီ သတင်းပို့လိုက်လို့ တောနင်းလာရှာတယ်ဆိုတာ ဖြစ်ဖို့များပါတယ်။ ဆက်ပုန်းနေရင် ပစ်ခတ်ခံရမယ့် အခြေအနေအထိ ဖြစ်သွားနိုင်တယ်လို့ တွက်ဆပြီး သစ်ပင်နောက်ကနေ ထွက်၊ ထိုင်းလို မတတ်တတတ် အော်ပြီး “ကျနော်တို့ ဒီမှာပါ” လို့ ပြောကာ အဖမ်းခံလိုက်ရပါတယ်။ ဒေးဗစ်ကိုကြည့်တော့ မျက်စိမျက်နှာပျက်လို့။ ကျနော်လည်း ဘာလုပ်ရမှန်းမသိ။ ထိုင်းတဝက်၊ အင်္ဂလိပ်တဝက်၊ လက်ဟန်ခြေဟန်တဝက်နဲ့ ရှင်းပြပေမယ့် စကားက လိုရင်းမရောက်။ ဒီတော့ ကျနော်တို့ ၂ ဦးကို သေနတ်နဲ့တေ့ပြီး ရှေ့မှာပြောခဲ့တဲ့ ဝါးတားဂိတ်ရှိရာ နယ်ခြားစောင့် တပ်စခန်းဆီ ခေါ်လာခဲ့ပါတယ်။ အဲဒီ ဂိတ်တဲဘေးက သားသားနားနား အဆောင်ထဲကို ကျနော်တို့ ၂ ဦး ရောက်တဲ့အချိန်မှာတော့ အရာရှိလို့ ယူဆရတဲ့ စစ်ဗိုလ်တဦးက ကျနော့်ကို မေးခွန်းတွေ မေးပါတယ်။
အဓိက မေးခွန်းကတော့ တရားဝင်လမ်းကြောင်းကနေ မသွားဘဲ ဘာကြောင့်တောထဲကနေ ခိုးသွားတာလဲ၊ ငါတို့ အသိမခံနိုင်တဲ့ လျှို့ဝှက်အစီအစဉ်တွေ မင်းတို့မှာ ရှိနေလား၊ နိုင်ခြားသားနဲ့ မင်းတို့ ဘာတွေလုပ်ဖို့ စီစဉ်ထားလဲဆိုတဲ့ စွပ်စွဲချက်တွေ၊ သံသယတွေ ပါဝင်နေပါတယ်။ ဒီလို ကျနော်တို့ အပြန်အလှန် ပြောနေတုန်း စကားပြန်အဖြစ် ရောက်လာသူကတော့ KNU တပ်မဟာ ၄ ပို့ဆောင်ရေးဌာနမှ ကားသမား ကိုဘချော ဖြစ်ပါတယ်။ တခါ သူနဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာသူကတော့ တပ်မဟာ ၄ နဲ့ ချုံဖုံမိုင်း ရေကန်ဘေးက နေအိမ်တွေဆီမှာ တလှည့်စီနေပြီး နယ်မြေသတင်းယူနေသူ၊ အဲဒီလို သတင်းယူရင်းနဲ့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေကို ကူညီနေသူလို့ ပြောနိုင်တဲ့ ထိုင်းထောက် လှမ်းရေးအဖွဲ့မှ ကျနော်နဲ့ ရင်းနှီးတဲ့ ဗိုလ်တဦး ဖြစ်ပါတယ်။
အဲဒီ ထောက်လှမ်းရေးဗိုလ်ဟာ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်ပြီး ကျနော်တို့ကို စိတ်မပူဖို့၊ မနက်ဖြန်ကျရင် ကန်ချနဘူရီမြို့ပေါ်တက်ပြီး ပြေလည်အောင် သူဖြေရှင်းပေးမယ်လို့ အာမခံ သွားပါတယ်။ ဒါပေမယ့် လောလောဆယ်ကတော့ တာဝန်အရ ကျနော်တို့ကို ထိမ်းသိမ်းထားရမှာ ဖြစ်တဲ့အတွက် ဂိတ်တဲဘေးက အချုပ်ဆောင်လိုနေရာထဲ ကျနော်တို့ ၂ ဦးကို သွင်းလိုက်ပါတယ်။ စောင်တွေ၊ ခေါင်းအုံးတွေ အသေချာရှိနေတဲ့အပြင် အနီးအနား ထိုင်းဆိုင်ကနေ ထမင်းကြော်ပါ မှာပြီးကြွေးထားတဲ့အတွက် ကျနော်စိတ်ထဲ အဖမ်းခံနေရတယ် ဆိုတာကို မေ့သွားပါတယ်။ ဒီလိုနဲ့ ညမအိပ်ခင် အပေါ့သွားမယ်ဆိုပြီး အပြင်ထွက်သွားတော့ သေနတ်ကို အဆင်သင့်ကိုင်ထားတဲ့ ထိုင်းစစ်သားက ထိုင်းဘာသာနဲ့ တခုခု အော်ပြောပါတယ်။ သူဘာပြောမှန်း မသိတဲ့ ကျနော်က ရှေ့နားက ခြုံပုတ်ဆီ ဆက်တိုးပြီး မအောင့်နိုင်တော့တဲ့ကိစ္စကို ဖြေရှင်းဖို့ ပြင်လိုက်ပါတယ်။ နောက်ထပ် စစ်သား ၄ ဦးလောက် ရောက်လာပြီး ကျနော်ကိုလာဝိုင်းပါတယ်။ နောက်ပိုင်းမှ ပြန်သိရတာက ကျနော်တို့ ထွက်ပြေးတယ်ဆိုရင် ပစ်မိန့်ပေးထားတဲ့အတွက် ရှုးရှုးပေါက်ဖို့ တောတိုးတဲ့ကျနော်ကို တောထဲထွက်ပြေးတယ်ထင်ပြီး အပစ်ခံရမဲ့ဘေးက သီသီလေး လွတ်ခဲ့တာဖြစ်ပါတယ်။
နောက်တနေ့ မနက်မှာတော့ ထောက်လှမ်းရေးပိုင် ဂျစ်ကားတစီးရောက်လာပြီး နယ်ခြားစောင့်တပ်က စစ်ဗိုလ်ရယ်၊ ထောက်လှမ်းရေးရယ်၊ ကျနော်တို့ ၂ ဦးရယ် ကန်ချနပူရီမြို့ပေါ်ကို ပြန်တက်လာပါတယ်။ ကန်ချနပူရီ-ဆိုင်ယုပ် လမ်းဆုံအနီးရှိ ရဲစခန်းတခုဆီဝင်ပြီး ဖြစ်စဉ်အသေးစိတ်ကို ထောက်လှမ်းရေးမှူးက ပြောပြပါတယ်။ ဒီဖြစ်စဉ်အပေါ် နယ်ခြားစောင့်တပ်က ဖမ်းသင့်တယ်လို့ တင်ပြပြီး ထောက်လှမ်းရေးက လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ကိစ္စအပေါ် သူတို့ ၂ ဦး အမြင်မတူတဲ့အပေါ် သူတို့ထက် ပိုတာဝန်ကြီးတဲ့ ရဲမှူးကြီးတဦးဆီမှာ လာပြီး အဆုံးအဖြတ်ခံယူတဲ့ သဘောပါ။ နာရီဝက်လောက် အပြန်အလှန် ဆွေးနွေးပွဲ အပြီးမှာတော့ ကျနော်တို့ကို လွှတ်ပေးဖို့၊ ဒါပေမယ့် နောက်ဆိုရင် ဒီလိုခိုးသွားတာကို ရှောင်ပြီး သူတို့ဆီမှာ တရားဝင် ခွင့်ပြုချက်တောင်းပြီးမှ သွားဖို့ ရဲမှူးကြီးက သြဝါဒပေးပြီး ပြန်လွှတ်လိုက်ပါတယ်။
ကင်မရာသာကိုင်တဲ့ စစ်ကြောင်းမှူးနဲ့ တတိယ အကြိမ် ရှေ့တန်းခရီးစဉ်
ဖုနန်းလွန်ကနေ တပ်မဟာ ၄ ဌာနချုပ် ထီးခီးကိုရောက်တော့ ကျနော်တို့ရဲ့သတင်းကို KNU အရာရှိတွေ အားလုံးသိပြီးနေပါပြီ။ KNU ဟာ နိုင်ငံခြားသတင်းထောက်တွေကို သူတို့ကိုယ်တိုင် ဖိတ်ပြီး နောက်တန်း၊ ရှေ့တန်း နေရာအတော်များများကို ပြသနေပေမယ့် သူတို့ကို အသိမပေးဘဲ ကျနော်တို့ အစီစဉ်နဲ့ ဒီလိုမျိုး သီးခြား ခေါ်လာတာကိုတော့ သိပ်ကြိုက်ပုံမရ။ ဒါပေမယ့် တားဆီးဖို့ကလည်း မသင့်တော်တာနဲ့ ဘယ်နား မခေါ်သွားနဲ့၊ ဘယ်ဟာတွေကို မပြနဲ့လို့ ကျနော်ကို တီးတိုးပြောပြီး နိုင်ငံခြားသားအတွက် ရှေ့တန်းခရီး သွားခွင့်လက်မှတ် ရေးပေးလိုက်ပါတယ်။ အဲဒီတော့မှ မောင်ဒေးဗစ်ရဲ့ မျက်နှာ ပြုံးရိပ်သန်းလာပြီး သူကင်မရာကိုထုတ်ကာ စတင်ရိုက်ပါတော့တယ်။ သူ ပထမဆုံးရိုက်တာက ကျနော်တို့ မင်းသမီးစခန်းမှာ အဲဒီကာလက တပတ်တခါ ပုံမှန်ကျင်းပနေကျ တပ်ရင်းဆွေးနွေးပွဲဖြစ်ပါတယ်။
စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာနက ဦးစီးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲအတွင်း လက်တလောဖြစ် ပေါ်နေတဲ့သတင်းတွေ၊ နိုင်ငံရေးအခြေနေတွေ၊ တပ်တွင်းအခြေနေတွေ၊ ရှေ့တန်းအခြေနေတွေ အသီးသီးကို တင်ပြီး အပြန်အလှန် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သည်လိုင်းက မွေးကင်းစ သားသည်အမေတွေပါ တက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲဟာ ကျနော်တို့အတွက် သိပ်မထူးဆန်းပေမယ့် နိုင်ငံခြား သတင်းထောက်တဦး အတွက်တော့ တွေ့သမျှအားလုံးဟာ အထူးအဆန်း ဖြစ်နေပုံရပါတယ်။ ရှေ့က သဘာပတိ ကိုမျိုးဝင်းက အမျိုးသားညီလာခံကို ဘယ်လို တိုက်ဖျက်ရမယ်လို့ အားပါးတရ ပြောနေချိန်မှာ အနောက်ဖက်က ကလေးမိခင်တဦးက ကလေးကို နို့တိုက်ပြီး ချော့သိပ်နေပါတယ်။ ရဲဘော်တချို့ ဆေးလိပ်ဖွာပြီး တီးတိုးပြောနေတဲ့ ပုံမျိုးတွေကို မောင်ဒေးဗစ်ရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ တွေ့ရပါတယ်။
တခါ ငှက်ဖျားတက်နေတဲ့ ဆေးရုံပေါ်က ကလေးငယ်တွေ၊ ဆေးဝါးမလုံလောက်လို့ ငြီးနေတဲ့ ဆေးမှူး၊ အိမ်ထောင်သည်လိုင်းက အဟာရပြတ်နေပုံပေါ်တဲ့ နှပ်ချေးတွဲလောင်းနဲ့ ကလေးငယ်တွေ၊ ရှေ့တန်းထွက်မယ်ပြောပြီး ကျည်ဆံမရှိတဲ့အတွက် အိမ်ထောင်သည်လိုင်းက ရဲဘော်တွေဆီမှာ ကာဘိုင် ကျည်တတောင့်ချင်း လိုက်စုနေတဲ့ပုံ။ ရှေ့တန်းမှာ သူ့ကိုယ်သူ သေကြောင်းကြံတဲ့ ရဲဘော်တဦးရဲ့ ကျည်ဘေးထွက်ပြီး ချော်ထိလို့ ကိုယ်တပိုင်း သေသွားတဲ့ ရဲဘော်ရဲ့ခံစားချက်။ ဒီလိုရှုပ်နေတဲ့ကြားထဲ ရှေ့မှာပြောခဲ့တဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးဇင်းသန်းဇော်နဲ့ အဖွဲ့ ဆွမ်းခံကြွလာပုံတွေကို မောင်ဒေးဗစ်က အမိအရ ဗီဒီယိုမှတ်တမ်းတင်ထားပါတယ်။
ဆိုလိုတာတော့ ဒီလိုသရုပ်မှန် ပြကွက်မျိုးတွေဟာ နိုင်ငံတကာရုပ်သံမှတ်တန်းအတွက် အရေး ကြီးပေမဲ့ အဲဒီကာလမှာ သတင်းထောက်ဖြစ်ကာစ ကျနော်က သတင်းတန်ဖိုး၊ ရုပ်သံတန်ဖိုးကို ကောင်းကောင်း နားမလည်သေး။ မြန်မာ့ရုပ်သံမှာပြနေကျ ဗဟိုသတင်းစဉ်လို ဝါဒဖြန့်ချိရေးဆန်ဆန် မှတ်းတမ်းတွေနဲ့သာ ရင်းနှီးနေပြီး ABSDF ပြန်ကြားရေးဌာန ကိုယ်တိုင်ကလည်း ဗဟိုသတင်းစဉ်နဲ့ သိပ်မကွာတဲ့ ရုပ်သံတွေ ရိုက်ကူးနေဆဲ။ ကျနော့် အရင် ပြန်ကြားရေးတာဝန်ယူခဲ့တဲ့ ဦးဟန်လင်းကိုယ်တိုင်လည်း မင်းသမီးခစန်းအကြောင်း ရုပ်သံရိုက်တဲ့အခါ ဒီလိုဖြစ်ရပ်မှန်တွေ၊ အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို ရှောင်ပြီး အားသာချက်တွေကိုသာ ဦးစားပေးတဲ့၊ တကယ့်ဖြစ်ရပ်ထက် လိုတဲ့အကွက်တွေကိုသာ ဆင်ပြီးရိုက်ခဲ့တာကိုသာ မြင်ဖူးတဲ့ ကျနော်အဖို့ မောင်ဒေးဗစ်ရဲ့ ရုပ်သံက တမျိုးကြီး ဖြစ်နေပါတယ်။
အစည်းဝေးနဲ့ ဆွေးနွေးပွဲအဖုံဖုံကို သတင်းတပတ်ကြာ လုပ်ပြီးတဲ့အခါမှာတော့ ကျနော်တို့အဖွဲ့ ရှေ့တန်း တကယ်ထွက်ဖို့ ပြင်ပါတယ်။ တောင်ပိုင်းစစ်ဒေသ အဖွဲ့ဝင်ဖြစ်တဲ့ ကျနော်က စစ်ကြောင်းမှူးတာဝန် ယူရပြီး မြောက်ပိုင်းကနေ ရောက်နေတဲ့ အပြောအဟောကောင်းတဲ့ ကချင်-ကိုကျော်ကျော်က စည်းရုံးရေးမှူးဖြစ်ပါတယ် (ABSDF ဗဟိုမှာ ကျော်ကျော် ၂ ဦးရှိတဲ့အတွက် ဒု ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကျော်ကျော်ကို VC ကျော်ကျော်၊ မြောက်ပိုင်းက ပုဂ္ဂိုလ်ကိုတော့ ကချင်-ကျော်ကျော်လို့ ခေါ်ကြပါတယ်။ မိသားစု အမည်မရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ထူးခြားတဲ့အမည်ပေးမှုလို့ ဆိုနိုင်ပါတယ်။ ကချင်-ကျော်ကျော်ဟာ အခုချိန်အထိ မြောက်ပိုင်း ABSDF မှာ တာဝန်ထမ်းနေဆဲ ဖြစ်ပါတယ်)။ ကျနော့်ရုံးအဖွဲ့မှာ ပါဝင်သူတွေကတော့ ပြန်ကြားရေးဌနမှ ကိုမင်းဇော်ရွှေ (ယခု နယူးဇီလန်)၊ ဆက်သွယ်ရေးမှ ကိုမျိုးမျိုးဦး (ယခု သြစတေးလျ)၊ ဆေးအဖွဲ့မှ ကိုမျိုးနိုင် (ယခု အမေရိကန်)၊ လုံခြုံရေးအဖြစ် ကိုမြင့်အောင်နဲ့ ကိုဝင်းဌေး (၂ ဦးစလုံး ယခု အမေရိကန်) တို့ ဖြစ်ပါတယ်။ ကိုကျော်ကျော်က ကာဘိုင်သေနတ်ကိုင်ပြီး ကျန်တဲ့ ရဲဘော်တွေက M 16 နဲ့ AK သေနတ်တွေ ကိုင်ကြပေမယ့် စစ်ကြောင်းမှူး ကျနော်ကတော့ ပစ္စတိုကိုင် ရမလားဆိုပြီး စောင့်ရင်းစောင့်ရင်းနဲ့ ရှေ့တန်းရောက်တဲ့အထိ ဘာသေနတ်မှ မကိုင်ဖြစ်ဘဲ ကင်မရာ တလုံးလွယ်ရင်းနဲ့ပဲ သေနတ်မပါတဲ့ စစ်ကြောင်းမှူးအဖြစ် အမည်တွင်သွားခဲ့ပါတယ်။
နိုင်ငံခြားသတင်းထောက်ရဲ့ မှတ်တမ်းတင်ပုံအကြောင်းကို ဆက်ပြောရမယ်ဆိုရင် ကျနော်တို့ ၇ ဦးနဲ့အတူ လှေစီးပြီး ခရီးထွက်လာတဲ့ မောင်ဒေးဗစ်ဟာ တွေ့သမျှ၊ အားမနာတမ်း တည့်တည့်ပြောရမယ်ဆိုရင် သတင်းထောက်တွေရဲ့ ထုံးစံအတိုင်း ဒုက္ခဖြစ်တဲ့နေရာမျိုး၊ ပြဿနာဖြစ်နိုင်တဲ့နေရာမျိုးကို လုံး၀ အလွတ်မပေးဘဲ မှတ်တမ်းတင်တာကို ကျနော် သတိပြုမိပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း မင်းသမီးကနေ ပြည်ခြား လမ်းခွဲအထိ လှေစီးသွားရတဲ့ တနင်္သာရီမြစ်ဟာ ရေစီးအလွန်သန်ပြီး ကျောက်ဆောင်တွေများလွန်းလို့ မကြာခန လှေမှောက်တာ၊ လှေဆင်းတွန်းရတာတွေ ဖြစ်လေ့ရှိပါတယ်။ ကျောက်ဆောင်ပေါပြီး ရေစီးကြမ်းလွန်းလို့ လှေမှောက်တော့မလိုလို ဖြစ်နေလို့ အားလုံးဆင်းပြေးပြီး လှေဆင်းတွန်းချိန်မှာ ဒီပုဂ္ဂိုလ်က လုံးဝမကြောက်မရွံ့၊ လှေပေါ်က လုံးဝမဆင်းဘဲ လှေနစ်တဲ့ပုံကို ရအောင် မှတ်တမ်းတင်နေပြန်ပါတယ်။
တနင်္သာရီမြစ်နဲ့ ပြည်ခြားရွာအကြား သွားရတဲ့ တညအိပ် နှစ်ရက်ခရီးစဉ်မှာလည်း မိုးကရွာ၊ ကျွတ်ကတွယ်၊ လမ်းကချော။ ယူနီဖောင်း ဘောင်းဘီကို ချွတ်ပြီး အတွင်းခံဘောင်းဘီတိုနဲ့ လမ်းလျှောက်နေရတဲ့ ပုံတွေကိုလည်း သူက လုံး၀ အလွတ်မပေး၊ အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တခါ ကျနော်တို့ ရှေ့တန်း တပ်ခွဲအခြေစိုက်ရာ ငါးတတ်ကျေးရွာ တောအုပ်ထဲက တပ်ခွဲမှူး ဗိုလ်လှဦး (ယခု အမေရိကန်) အိမ်ရောက်တဲ့ အခါမှာလည်း သူက တခုမှ အလွတ်မပေး။
တပ်ခွဲ ရှေ့တန်းအစည်းဝေးအတွင်း အမျိုးသား ညီလာခံကို အဆင့်တိုင်းအဆင့်တိုင်းမှာ ဘယ်လိုဘယ်ပုံ တိုက်ဖျက်ရမယ်လို့ ကိုကျော်ကျော်က အားရပါးရ ဟောနေချိန်မှာ အနောက်ဘက်က ရဲဘော်တွေက အချင်းချင်း ဆော့ကစားနေတဲ့ပုံ၊ နောက်တခါ KNU က ငှားလိုက်တဲ့ ၆၀ မမ လက်နက်ကြီးကို ရှေ့တန်းမထွက်ခင် ကျနော်တို့ အစမ်းပစ်ကြည့်တဲ့အခါ ထည့်သမျှကျည် တလုံးမှ မပေါက်လို့ ကျောင်းသားတွေ စိတ်ပျက်လက်ပျက် ခေါင်းခါနေတဲ့ ပုံတွေကိုလည်း သူက အမိအရ ရိုက်ကူးထားခဲ့ပါတယ်။ အဆိုးဆုံးလို့ ကျနော်ထင်တဲ့ အကွက်ကတော့ အသက် ၁၅၊ ၁၆ အရွယ်သာရှိသေးတဲ့ ကျနော်တို့တပ်ထဲက ရဲဘော်ဘော်လေးတွေရဲ့ပုံကို ပြည်ခြားရွာက ခရစ္စမတ်ပွဲမှာ တွေ့ရတဲ့ ကလေးငယ်တွေရဲ့ မျက်နှာနဲ့ယှဉ်ပြပြီး ABSDF, KNU အပါဝင် နယ်စပ်ကအဖွဲ့တွေဟာလည်း နဝတစစ်အစိုးရလိုပဲ ကလေးစစ်သားတွေ သုံးနေဆဲဖြစ်ပါတယ်၊ ကွာခြားတာဆိုလို့ နဝတက အတင်း အဓမ္မ ဖမ်းဆီးစုဆောင်းပြီး တော်လှန်ရေးအဖွဲ့တွေကတော့ စေတနာ့ဝန်ထမ်း ဝင်လာတဲ့ လူငယ်တွေကို အသက် ၁၈ နှစ် မပြည့်သေးလည်း လက်ခံထားတယ်ဆိုပြီး သူရဲ့ မှတ်တမ်းထဲမှာ ထည့်ပြောထားတဲ့အချက် ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်မှာ သြစတေးလျ တီဗီလိုင်းတခုကနေ ထုတ်လွှင့်ခဲ့တယ်လို့ သိရတဲ့ ”Knife to knife, lance to lance” (ဓား ဓားချင်း၊ လှံ လှံချင်း) လို့ အမည်ပေးထားတဲ့ တနာရီစာ ဒီရုပ်သံမှတ်တမ်းပါ ဖော်ပြချက်တွေဟာ သတင်းတန်ဖိုးအရ၊ ရုပ်သံမှတ်တမ်း သဘောအရ အားသာချက်တွေဖြစ်ပေမယ့် အဲဒီကာလက သတင်းထောက်ဖြစ်ကာစ ကျနော်အဖို့ လုံး၀ လက်မခံနိုင်ပါ။ ဒီလိုအချက်တွေဟာ အဖွဲ့အစည်းကို သိက္ခာကျစေနိုင်တယ်လို့ ယူဆနေဆဲ ဖြစ်ပါတယ်။ သတင်းထောက်တာဝန် ယူထားတဲ့ ကျနော်တောင် အဲဒီလို ယူဆနေတယ်ဆိုရင် ကျန်တဲ့ရဲဘော်တွေ ဘယ်လို ယူဆကြမလဲဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အခု အနှစ် ၂၀ လောက်ကြာပြီးတဲ့အချိန်၊ သတင်းသမား သက်တမ်း ၁၇ နှစ်လောက် ရှိပြီးတဲ့ အချိန်မှာတော့ အဲဒီလို အရှိကိုအရှိအတိုင်း မကွက်မဝှက် ဖော်ပြရဲတဲ့ မောင်ဒေးဗစ်ကို ကျနော် လေးစားနေမိပါတယ်။ တခါ မောင်ဒေးဗစ် အပါအဝင် မြန်မာနိုင်ငံ နယ်စပ်တောတောင်တွေထဲက စစ်မြေပြင်အထိလာပြီး စွန့်စွန့်စားစား လနဲ့ချီ သတင်းလာယူကြတဲ့ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း ကျနော် အံသြနေမိပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံက စစ်မြေပြင်မှာ နိုင်ငံခြား သတင်းထောက်တွေကိုသာ တွေ့ဖူးပြီး မြန်မာ သတင်းထောက်တွေကို တယောက်မှ မတွေ့ဖူးတဲ့အပေါ်လည်း ကျနော်စဉ်းစားနေမိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးကာလ မီဒီယာလွတ်လပ်ခွင့် မရှိခင်က မတွေ့မိတာကို ထားပါတော့။ အခု မီဒီယာ ပွင့်လင်းကာစ၊ ကချင်ပြည်နယ်အပါဝင် နယ်မြေတချို့မှာ စစ်ပွဲတွေဖြစ်နေစဉ်မှာလည်း ပြည်တွင်းပြည်ပ မြန်မာသတင်းထောက်တွေ စစ်မြေပြင်အထိ သွားပြီးသတင်းယူတာ၊ စစ်မြေပြင်ကနေ သတင်းပို့တာမျိုး မကြားမိသေးပါ။ ၂ ဖက်တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းပွဲတွေ၊ ဒုက္ခသည်စခန်းတွေဆီသွားပြီး သတင်းပို့တာတွေ၊ အထူးသဖြင့် တယ်လီဖုန်းနဲ့မေးပြီး သတင်းပေးပို့ နေတာတွေကိုသာ အရင်ခေတ်ကနဲ့ ထူးမခြားနား တွေ့နေရဆဲဖြစ်ပါတယ်။
စစ်ရေးနဲ့ အလှမ်းဝေးတဲ့ တခြားသတင်းသမားတွေကို ထားပါဦး၊ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးက ABSDF တာဝန်ရှိသူတဦး၊ DVB အတွက် တော်လှန်ရေး သတင်းသမားတဦးအနေနဲ့ ဒီလို တောတောင်တွေထဲက စစ်မြေပြင်ဆီအထိ မကြောက်မရွံ့ သွားရဲခဲ့တဲ့ ကျနော်ကိုယ်တိုင်လည်း အခုချိန်မှာ နယ်စပ်က တော်လှန်ရေးတပ်တွေနဲ့အတူ စစ်မြေပြင်ဆီသွားပြီး သတင်းယူခိုင်းမယ်ဆိုရင်၊ ဒါမှမဟုတ် ကိုယ့်အသိနဲ့ကိုယ် သတင်းသွားယူရမယ်ဆိုရင် အရင်လို သွားရဲပါတော့မလားဆိုတာ မသေချာတော့ပါ။ ဆိုတော့ နိုင်ငံတကာ သတင်းထောက်တွေနဲ့ မြန်မာသတင်းထောက်တွေ စွန့်လွှတ်စွန့်စားတဲ့နေရာမှာ ဘာကြောင့် ဒီလို ကွာခြားနေသလဲဆိုပြီး ကိုယ်ဘာသာ မေးခွန်းထုတ်နေမိပါတယ်။