အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ပါဝင် လာတဲ့ အတွက် အခုလဆန်းက စခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေဟာ အရင်ကထက်သက်ဝင် လှုပ်ရှားမှု ရှိလာပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်မှု ဆိုင်ရာ ဥပဒေကြမ်း၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်း တဲ့ ပုဒ်မ ၅(ည) နဲ့ တရားရုံးဆိုင်ရာ ဥပဒေ တချို့ပယ်ဖျက်ပေးရေး၊ လာဘ်ပေး လာဘ်ယူမှု၊ ရခိုင်ဒေသတွင်း ပဋိပ က္ခတွေ နဲ့ ပတ်သက်တဲ့ မေးခွန်းနဲ့ အဆို တချို့ ဟာလည်းပဲ လွှတ်တော်မှာ အပြန်အလှန် ဆွေးနွေးငြင်းခုံမှု များတဲ့အကြောင်း အရာတွေ ဖြစ်ခဲ့ပါတယ်။
အလားတူ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ လယ်သမား၊ အလုပ်သမားတွေ နဲ့ ဆိုင်တဲ့ ဥပဒေ ကြမ်းတွေ၊ လူအများ စိတ်ဝင် စားနေကြတဲ့ ဒု သမ္မတ ရွေးချယ်ရေး နဲ့ ပြဌာန်းပြီး ဥပဒေတွေ အတွက် နည်းဥပဒေတွေ ထုတ်ပြန်ပေးရေး စတဲ့ ကိစ္စရပ် အများအပြားကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ က ဦးဆောင် ဆွေးနွေးသွားပါတယ်။
ဒါပေမယ့် လွှတ်တော်မှာ ဆွေးနွေး အတည်ပြု ပြီးဖြစ်တဲ့ ဥပဒေ တချို့ဟာ နည်းဥပဒေတွေ မထုတ်ပြန်သေးတဲ့ အတွက် လက်တွေ့ ကျင့်သုံး မရ ဖြစ်နေတာတွေ အများအပြား ရှိနေတယ်လို့လည်း လွှတ်တော် အပေါ်မှာ ဝေဖန်မှုတွေရှိ နေပါတယ်။
စီးပွားရေးပိတ်ဆို့ထားမှု အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့ အရေးကြီး အဆိုတင်သွင်းခြင်း ကဏ္ဍအနေနဲ့ အဆိုတခုကို ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ ၁၃ ရက်နေ့က တင်သွင်းလိုက်တာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ၊ မီဒီယာတွေ က စိတ်ဝင်စားခဲ့ကြတယ်။
“ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီ စနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံး ရုပ်သိမ်းပေးရန် လွှတ်တော်နှင့်ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည် သည့် နည်းလမ်းကို အသုံးပြု၍ ဖြစ်စေ ညှိနှှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို ရှမ်းပြည်နယ် ကွန်ဟိန်း မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု က တင်သွင်း ခဲ့တာပါ။
ဒီအဆိုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း တင်သွင်းတာ ဖြစ်တယ်၊ NLD ကိုယ်စားလှယ်တွေကို အကျပ်ရိုက်စေ ရေး အတွက် ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်ပိုင်းတွေ နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကိုယ်စားလှယ် ဒေါ်နန်းဝါနု တို့ ပူးပေါင်း ကြံစည်မှုလို့ ဝေဖန်သံတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။
ဒေါ်နန်းဝါနု တင်တာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ချက်ချင်းပဲ အတည်ပြု လိုက်တယ်လို့ NLD ကိုယ်စား လှယ်တွေက ပြောဆိုနေကြပါတယ်။ ဒေါ်နန်းဝါနု ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ဒီ အဆိုက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာ မဟုတ်ပါဘူး၊ လုပ်နိုင်သူ အားလုံးကို ရည်ရွယ်တာပါ၊ အဲဒီအထဲ မှာ လွှတ်တော် နဲ့ ဥက္ကဋ္ဌကြီး ၊ သမ္မတ နဲ့ အစိုးရ အဖွဲ့ စတဲ့ လုပ်နိုင်သူတွေကို ရည်ရွယ်ပြီး ကျမ တယောက်တည်း ဆုံးဖြတ်ချက်နဲ့ တင်လိုက်တာပါ” လို့ ဧရာဝတီ ကို ပြောပါတယ်။
ကြံ့ခိုင်ရေး ပါတီ နဲ့ ဒေါ်နန်းဝါနု အပေါ် မှာလည်း ဝေဖန်ထားတဲ့ ရေးသားချက်မျိုးစုံကို ဘလော့တွေ၊ ဖေ့စ်ဘုတ် စာမျက်နှာတွေမှာ တွေ့ရတယ်။ ဒေါ်နန်းဝါနု က တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက် မှ မပေးလိုဘူးလို့ ဆိုပါတယ်။
အမေရိကန် သံတမန်အသိုင်း အဝိုင်းနဲ့နီးစပ်တဲ့ မိတ်ဆွေတယောက်ဆီက စီးပွားရေး ပိတ်ဆို့မှုတွေ သက်တမ်းတိုးဖို့ ရှိတဲ့ အကြောင်း သူ့ကို ပြောလာတယ်လို့ ဆိုပါတယ်။ အဲဒီ ပုဂ္ဂိုလ် ဘယ်သူဆိုတာတော့ ပြောဖို့မသင့်ဘူးလို့လည်း ပြောပါတယ်။ ဒီတော့ အမေရိကန်ရဲ့ သက်တမ်းတိုးမှု ကိစ္စ မပေါ်ပေါက်ခင် လုပ်သင့်တယ် ထင်လို့ အရေးကြီးအဆို တင်လိုက်တာပါလို့ ရှင်းပြပါတယ်။
“ပိတ်ဆို့မှု သက်တမ်းတိုးမယ့် ရက်နဲ့က အရမ်းနီးကပ်မှ သိရတော့ အမြန်ဆုံးတင်မှ ဖြစ်တော့မယ် ဆိုပြီးတော့ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၁၃၃ မှာ ပါတဲ့ အရေးကြီး အဆို ကဏ္ဍအရ တင်လိုက်တာပါ”လို့ ဒေါ်နန်းဝါနုက ဆိုတယ်။
စီးပွားရေးပိတ်ဆို့ထားရတဲ့ အကြောင်းရင်းတွေကို ဆွေးနွေးဖို့ NLD ကိုယ်စားလှယ် ဦးဝင်းထိန်က နှစ်ကြိမ်အထိ ခွင့်တောင်းပေ မယ့် ဆွေးနွေးခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် NLD ကိုယ်စားလှယ်တချို့ကတော့ အဲဒီနေ့က ပါဝင် ဆွေးနွေးခွင့် ရခဲ့ပါ တယ်။ ဒီအဆိုဟာ အတည်ပြုချက်မရသေးတဲ့ အတွက် မကြာခင် ရက်ပိုင်းအတွင်း ထပ်မံ ဆွေးနွေးကြရ ဦးမှာပါ။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာပြီး နောက်ပိုင်းမှာတော့ လွှတ်တော် အစည်းအဝေးတွေအပေါ် ပြည်တွင်း၊
ပြည်ပ မီဒီယာတွေ သာမကဘဲ မြန်မာ ပြည်သူတွေ နဲ့ ကမာ့္ဘနိုင်ငံတွေ ကလည်း အာရုံစိုက်လာကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ကိုယ်စားလှယ်တွေ ဘာမေးခွန်းတွေ မေးမလဲ၊ ဘယ်လို အဆိုတွေ၊ ဘယ် ဥပဒေတွေ တင်သွင်းကြမလဲ ဆိုတာ ကို ပြည်သူတွေ စိတ်ဝင်စားနေကြတာတော့ အမှန်ပါပဲ။
NLD ပါတီခေါင်းဆောင် ဦးဝင်းတင် ကတော့ တခြားသူတွေ မတင်သေးတဲ့ အဆိုသစ်၊ ဥပဒေတွေ ရှိရင် ရှိလာမယ်၊ ဒါမှ မ ဟုတ် ရင်လည်းပဲ သူများတွေ တင်ထားတဲ့ ကိစ္စတွေကို ပါဝင်ဆွေးနွေးတာ၊ ဝေဖန်ထောက်ပြ တာတွေ လုပ်သွားဖို့ တိုက်တွန်း မယ့် အကြောင်းကို ပြောပါတယ်။
NLD ကိုယ်စားလှယ်တွေ အနေနဲ့ လူသစ်တွေဖြစ်ပေမယ့် စိတ်ဓာတ်ရှိပြီးသား ဖြစ်တဲ့အတွက် ကြိုးစားကြမယ်လို့ ယုံကြည် ကြောင်း၊ ဒီမိုကရက်တစ် တချို့နဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေဟာလည်းပဲ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ကျွမ်းကျင်မှု ရှိကြောင်း၊ ကိုယ်စားလှယ် အချင်းချင်းကြားမှာ ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပြီး ပြုပြင်ပြောင်းလဲရေး အဆိုတွေကို ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေက အဓိက လုပ်ဆောင်နေတယ်လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ဆိုပါတယ်။
နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကြမ်း အပါအဝင် လာဘ်ပေး၊ လာဘ်ယူမှု တွေကို အရေးယူနိုင်မယ့် ဥပဒေပြဌာန်း ပေးဖို့၊ လျှပ်စစ်မီး စတဲ့ အဆိုတွေနဲ့ မေးခွန်း အများအပြားကို ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။ ဒီတော့ ကြံ့ ခိုင်ရေးပါတီ က မတင်နိုင်သေးတဲ့ကိစ္စတွေ ကို ဒီမိုကရက်တစ်ပါတီ တွေဘက်က စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေ က တခုပြီးတခု အဆိုတင်တာ၊ ဥပဒေ တင်သွင်းတာတွေဟာ လွှတ်တော် စတင်ခဲ့စဉ်က ဒီမိုကရက်တစ် အင်အားစုတွေ တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ကိစ္စတွေ ပါနေတယ်လို့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။ ဥပမာ- လယ်ယာမြေ အသိမ်းခံရတာ တွေ၊ အလုပ်သမား လုပ်ခ လစာ တိုးမြှင့်ရေး ၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး တွေ က အစဖြစ်ပါတယ်။
ပြည်သူတွေကို အလေးမထားခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်တွေဟာ အခုအခါမှာတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ကို ရှေ့တန်းတင်လာတာ တွေ့ရတယ်၊ ပြည်သူတွေကို အလေးထားရကောင်းမှန်း သိလာတယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောပါတယ်။
“NLD ကိုယ်စားလှယ်တွေ ပါဝင်လာတဲ့ အတွက်ပဲ ဖြစ်ဖြစ်၊ အတိုက်အခံတွေ အင်အား စုစည်းလာလို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး အမြ တ် ထုတ်လို လို့ပဲ ဖြစ်ဖြစ် ပြည်သူတွေ အကျိုးရှိမယ့် ကိစ္စတွေကို အလေးထားလာတာ ကို ကြံ့ခိုင်ရေး က လုပ်ရင်လည်း ပဲ မူအား ဖြင့်တော့ ကြိုဆို ရမှာပါ”လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရဲ့ ကိုယ်စားလှယ် ဦးဘရှိန် က ဆိုပါ တယ်။
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ဟာလည်းပဲ ကြံ့ခိုင်ရေး ပါတီ အပေါ်မှာ ပြည်သူတွေက ဘယ်လိုသဘောရှိတယ်ဆိုတာ ပြသ လိုက်တာဖြစ်တယ်၊ ဒီတော့ ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိရေးအတွက် ကြံ့ခိုင်ရေးပါတီ က လုပ်ဆောင်လာတာကို လွှတ်တော် မှာရော လွှတ်တော် ပြင်ပမှာပါ တွေ့ရတယ်လို့လည်း ဆက်ပြောပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကတော့ ကိုယ်စားလှယ်တွေကို ပွင့်ပွင့်လင်းလင်း ရဲရဲ ဝံ့ဝံ့ သတ္တိရှိရှိ ပြောဆိုတာတွေ လို လားတယ်၊ ဖိတ်ခေါ်တဲ့ အကြောင်း ဇူလိုင်လ ၆ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့သလိုပဲ လွှတ်တော် ကို သိက္ခာ ကျစေမယ့် ဝေဖန်တာမျိုး မဖြစ်စေဖို့ အတွက် တာဝန်ရှိသူ ဥက္ကဋ္ဌ တယောက် အနေနဲ့ တင်ပြတဲ့ အကြောင်း ပြော ဆိုရင်း သတိပေးခဲ့သေးတယ်။
အစိုးရ အဖွဲ့ နဲ့ ဝန်ကြီးတွေ၊ အစိုးရ ဌာနတွေ၊ တခြား ကိစ္စတွေ ကိုတော့ လွှတ်တော် အသီးသီး ရဲ့ အစည်းအဝေးတွေ မှာ ဝေ ဖန် ထောက်ပြမှု တချို့ကိုလည်း တွေ့နေရပါတယ်။ လွှတ်တော်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကိုတော့ လွှတ်တော်ပြင်ပ က လွဲပြီး လွှတ်တော်ထဲမှာ ဝေ ဖန် ထောက်ပြ တဲ့ အသံတွေ မကြားရသေးပါဘူး။
ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေဟာ လက်ညှိုးထောင်၊ ခေါင်းညိတ် သူတွေလို့ ဝေဖန်ခဲ့တဲ့ လယ်ဆည်ဝန်ကြီး ဦးမြင့် လှှိုင် ဝန်ချတောင်းပန်ခဲ့ရတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။
လွှတ်တော်မှာ ရှိတဲ့ စည်းကမ်းတွေကို သိထားရုံမက လိုက်နာဖို့လည်း လိုပါတယ်၊ လွှတ်တော်ဟာ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ လုပ်နေတဲ့ အကြောင်း၊ ပုဂ္ဂိုလ်တယောက်၊ အဖွဲ့တခု၊ အစိုးရ အဖွဲ့တို့ရဲ့ မျက်နှာကို မကြည့်ဘဲ ပြည်သူ အတွက်သာ အလုပ်လုပ်ကြဖို့ကိုလည်း ဦးရွှေမန်း က ပြောခဲ့ပါသေးတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က တော့ လွှတ်တော်မှာ အချိန်ကုန်မနေကြဘဲ ပြည်သူတွေ နဲ့ လည်းပဲ ထိတွေ့ ကြဖို့ NLD ကိုယ်စားလှယ်တွေကို လမ်းညွှန် ထားတယ်လို့ သိရတယ်။
လွှတ်တော်ကိုယ်စားလှယ် တချို့ဟာ ပြည်သူတွေနဲ့ ကင်းကွာ သလိုပဲ လွှတ်တော်ရဲ့ လုပ်ဆောင်မှု တချို့ လွဲချော်နေတာလဲ
တွေ့ရပါတယ်။ သတင်းစာကတဆင့် တရားဝင်ကြေညာပြီးဖြစ်တဲ့ နည်းဥပဒေ တွေကို ကိုယ်စားလှယ်တွေဆီ ဖြန့်ပေးဖို့၊ တရားဝင် ကြေညာပေးဖို့ တောင်းဆိုတာတွေကို ဇူလိုင် ၁၄ ရက်ထုတ် အစိုးရ သတင်းစာတွေ မှာဖော်ပြ ထားပါတယ်။
တကယ်တော့ ဒီမေးခွန်းတွေဟာ တင်ထားတာကြာပြီ ဖြစ်တဲ့အကြောင်း၊ ထုတ်ပြန်ပြီးတဲ့ မေးခွန်းတွေ၊ အဆိုတွေကို ပြန်လည် စိစစ်မှုတွေ လုပ်ပေးသင့်ကြောင်း၊ လွှတ်တော်စတင်ခဲ့စဉ်က လွဲမှားမှုတွေ၊ အားနည်းချက် လိုအပ်ချက်တွေ ရှိခဲ့ပေမယ့် ဒီအချိန် မှာ မဖြစ်သင့်တာတွေ မဖြစ်စေချင်တော့တဲ့ အကြောင်း၊ တချို့ အလွဲတွေဟာ လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေ အပေါ်မှာ ပြည် သူတွေ ရဲ့ ယုံကြည်မှု ကို လျော့ကျစေတယ်လို့ ကိုယ်စားလှယ်တွေ က သုံးသပ်ကြ ပါတယ်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေဟာ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး တွေကိုလည်းပဲ ဦးစားပေး လုပ်ဆောင် လာတာ၊ တင်ပြဆွေးနွေးလာတာ တွေ့ရတယ်။ ဒါပေမယ့် အဲဒီကိစ္စတွေဟာ အတိုက်အခံ အင်အားစုတွေ၊ ပြည်သူတွေ ရဲ့ ဆန္ဒအတိုင်း အပြည့်အဝမဟုတ်ဘဲ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အပေါ် အခြေခံတာဖြစ်လို့ လူအများက သဘောမကျ ပါဘူး။
စီးပွားရေး ပိတ်ဆို့ထားမှု ရုပ်သိမ်းရေး အဆိုကို မကြာခင် ဆွေးနွေးကြမှာ ဖြစ်သလို တိုင်းရင်းသားအရေး နဲ့ ပတ်သက်ပြီး တော့ လည်း “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုဟာလည်းပဲ အကြိတ် အနယ် ဆွေးနွေးရမယ့် အဆိုတခု ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီအဆိုကိုပါဝင်ဆွေးနွေးပေးဖို့ လွှတ်တော်ထဲက အတိုက်အခံအင်အားစုတွေက တိုက်တွန်း ထားပါတယ်။ အဲဒီ အဆိုဟာ တိုင်းရင်းသားများ အားလုံးကို ကိုယ်စားမပြုဘဲ ကြံ့ခိုင်ရေး ပါတီရဲ့ ကွတ်ခိုင်မဲဆန္ဒနယ် က ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့ တာလို့ တိုင်းရင်းသား ပါတီတွေက ပြောဆိုထားပါတယ်။
NLD ပါတီ ကိုယ်စားလှယ်တွေ၊ အတိုက်အခံ အင်အားစုတွေ၊ ကြံ့ခိုင်ရေးနဲ့ စစ်တပ် ကိုယ်စားလှယ်တွေ ပါဝင် ဆွေးနွေး ကြ မယ့် အဲဒီ အဆိုတွေ၊ ဥပဒေ တွေဟာ ဘယ်လိုရလဒ်မျိုးတွေ ထွက်လာမလဲ ဆိုတာတော့ လူအများက စိတ်ဝင်စားမှု ရှိနေပါတယ်။
NLD ပါတီ ကိုယ်စားလှယ်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတဲ့ အတွက် လွှတ်တော်ထဲမှာ အားပြိုင်မှုတွေ ရှိလာနိုင် တယ် လို့လည်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ် နေကြပါတယ်။
ဧရာဝတီ သတင်းထောက် လင်းသန့် ပူးပေါင်း ရေးသားသည်။