အချိန်က ၂၀၀၀ ခုနှစ် ဝန်းကျင်ပါ။ မှတ်တမ်းရုပ်ရှင် (Documentary) ရိုက်ကူးသူ အင်္ဂလိပ်-မြန်မာကပြား တယောက်နဲ့ အဖွဲ့ဟာ နတ်ကတော်တွေ အကြောင်း ရိုက်ကူးဖို့ဆိုပြီး မြန်မာပြည်အလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ နေရာတခုဖြစ်တဲ့ ပုပ္ပါးတောင်ကို ခရီးထွက်ခဲ့ ကြပါတယ်။ ဒီခရီးစဉ်မှာ သူတို့ကို မေးခွန်းတွေ အများကြီးမေးဖို့ စိတ်အားထက်သန်နေကြတဲ့ မြန်မာလူငယ်တစုနဲ့ နောက်ဆုံးတွေ့ရလိမ့်မယ်လို့လည်း မျှော်လင့်ထားခဲ့ကြတာပါ။ သွားရည်ကျစရာ ကောင်းလှတဲ့ သူတို့ရဲ့ ၆၀ မီလီမီတာ ကင်မရာကြီးကိုကိုင်လို့ အိုက်စပ်စပ် နေရောင်အောက်မှာ တနေကုန်ခြေကျင်လျှောက်ပြီး မောလို့ထိုင်နေကြတဲ့ နိုင်ငံခြား သားတွေက အနားကို ကပ်လာကြပြီး တယောက်က သူတို့ကို လှမ်းအော်မေးလိုက်ပါတယ်။ “ခင်ဗျားတို့ ဒီကင်မရာကြီးနဲ့ ဘာလုပ်နေကြတာလဲ” တဲ့။
မေးခွန်းကို ဖြေတောင် မဖြေရသေးခင် နောက်မေးခွန်းတခု ထပ်အမေးခံရပြန်ပါတယ်။ “ကင်မရာကို ဘယ်လိုသုံးသလဲ” တဲ့။ အဲ့ဒါပြီးတဲ့နောက် မြန်မာတွေဆီက မေးခွန်းတွေ တရစပ် လာတော့တာပါပဲ။
“မေးခွန်းတွေက ရာနဲ့ချီတယ်” လို့ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် လင်ဆေး မဲရစ်ဆင် (Lindsey Merrison) က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
အဲ့ဒီအချိန်တုန်းက “ဘယ်လိုလဲ”၊ “ဘာလဲ” ဆိုတဲ့ မေးခွန်းတွေကို မဖြေနိုင်တော့တဲ့ နောက်ဆုံးမှာ သူက “ဒီပစ္စည်းတွေ ဘယ်လိုသုံးရတယ် ဆိုတာကို တညတည်းနဲ့ ဘယ်လိုမှ ရှင်းပြလို့ ရမယ်မထင်ဘူး။ ရှင်တို့ လေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျမတို့ပြန်လာပြီး ဆွေးနွေးပွဲ (Workshop) တခု လုပ်ပေးမယ်” ပြောခဲ့ရတယ်လို့ ဆိုပါတယ်။
“အဲ့ဒီတုန်းကတော့ စဉ်းစားတဲ့အဆင့်ပဲ ရှိတာပါ” လို့ ရန်ကုန် ရုပ်ရှင်ပညာသင်ကျောင်း (Yangon Film School – YFS) စထောင်ဖို့ ဘယ်အရာတွေက သူ့ကို လှုံ့ဆော်ခဲ့တယ်ဆိုတာ ရှင်းပြရင်း သူက ဆက်ပြောပါတယ်။ မြန်မာပြည်မှာက ထိုးထွင်းဉာဏ်ရှိတဲ့လူငယ်တွေ အပြည့်ရှိတယ်၊ ဒါပေမယ့် သူတို့ရဲ့ အနုပညာအရည်အသွေးကို တိုးတက်အောင်လုပ်ဖို့ မျှော်လင့်ချက်မဲ့နေကြတာလို့လည်း သူက ပြောပါသေးတယ်။
လင်ဆေး မဲရစ်ဆင်ဟာ သူ ကတိပေးခဲ့တဲ့အတိုင်း ၂၀၀၄ ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာခဲ့တာပါ။ ပြီးတော့ မိတ်ဆွေတွေ အကူအညီနဲ့ ဘယ်သူတွေ မှတ်တမ်းရုပ်ရှင်ရိုက်တာကို တကယ်စိတ်ဝင်စားသလဲလို့ စပြီး လိုက်မေးပါတယ်။ လူအ တော်များများနဲ့ (အထူးသဖြင့် ရန်ကုန်က အနုပညာသည်တွေ ကျက်စားရာ လက်ဖက်ရည်ဆိုင်တွေမှာ) ပြောဆိုဆွေးနွေးပြီးတဲ့ အခါမှာတော့ ရုပ်ရှင်ပညာသင်ကျောင်း ထောင်မယ့် သူ့ရဲ့စဉ်းစားချက်က စတင် အကောင်အထည် ပေါ်လာပါတော့တယ်။
ကျောင်းထောင်တဲ့အခါ ကျောင်းသားရှာရတဲ့ အခက်အခဲအပြင် တခြား အခက်အခဲတွေလည်း ကြုံရတယ်လို့ သူက ဆိုပါတယ်။
“အဆိုးဆုံးကတော့ အစိုးရဆီက ခွင့်ပြုချက် ယူရတာပါပဲ။ ခွင့်ပြုချက်ရဖို့ ၃ လ ၄ လ ကြာတဲ့အပြင် စာရွက်စာတမ်းလည်း အကုန်တင်ရတယ်။ အခုထိ စာရွက်စာတမ်းတွေ တင်နေရတုန်းပဲ” လို့ လင်ဆေး မဲရစ်ဆင်က ပြောပါတယ်။
“ကျမတို့ကို သူတို့ (အစိုးရ) ဘာလို့ ခွင့်ပြုတာလဲဆိုတဲ့ အချက်တချက်က ဒီက ရုပ်ရှင်လုပ်ငန်းမှာ နည်းပညာ အားနည်းနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သဘောပေါက်မိတာရယ်၊ ပြီးတော့ ကျမတို့အနေနဲ့ ရုပ်ရှင်လုပ်ငန်းကို တိုးတက်အောင် တစုံတရာ လုပ်ပေးနိုင်လိမ့်မယ်လို့ သူစဉ်းစားမိတာရယ်ကြောင့်လို့ ကျမထင်တယ်” လို့လည်း သူက ဖြည့်ပြောပါတယ်။
တခြား အခက်အခဲတခုကတော့ ငွေရှာရတာပါတဲ့။
“မြန်မာပြည်က တကယ့်ဘဝတွေအကြောင်း ရိုက်ကူးဖို့ ဆွေးနွေးပွဲ လုပ်ချင်တယ်၊ ဟုတ်လား။ လက်ရှိ အစိုးရအောက်မှာ မဖြစ်နိုင်ဘူးလို့ အလှူရှင်တွေ အကုန်လုံးက ကျမကို ပြောပါတယ်။ လုပ်နိုင်တဲ့နည်းလမ်းတွေ တွေ့မှာပါဆိုတာကို သူတို့လက်ခံအောင် ကျမ တကယ် နားချခဲ့ရတာ” လို့ YFS တည်ထောင်သူက ပြောပါတယ်။
နောက်တနှစ်အကြာမှာတော့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုနဲ့ပတ်သက်တဲ့ အခြေခံ ဆွေးနွေးပွဲတခုကို ရန်ကုန်မှာ သူ စီစဉ်ကျင်းပနိုင်ခဲ့ပြီး ၃ ပတ်ကြာခဲ့တဲ့ ဒီသင်တန်းကို “အတော်လေး မယုံနိုင်စရာကောင်းမှန်း” သူ တွေ့ရှိခဲ့ရပါတယ်။
ကိုမျိုးမင်းခင်ဟာ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ပါတဲ့ အဲ့ဒီဆွေးနွေးပွဲကို တက်ခဲ့သူတယောက် ဖြစ်ပါတယ်။
သူက “ဟိုတယ်မှာ အခန်း ၁၅ ခန်းကနေ အခန်း ၂၀ လောက် တလငှားပြီး ကျောင်းသားတွေရော၊ ဆရာရော အတူနေကြတာ။ ဆွေးနွေးပွဲမှာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုနဲ့ ပတ်သက်တဲ့အခြေခံတွေ၊ သီအိုရီပိုင်း လက်တွေ့ပိုင်း စသဖြင့် လေ့လာရတယ်။ တကယ်ကို အားစိုက်ရတဲ့ သင်ခန်းစာမျိုးတွေပါ” လို့ ပြောပါတယ်။ သူက ထုတ်လုပ်ရေး နောက်ဆုံးအဆင့် အယ်ဒီတာ (Post-production editor) အဖြစ်နဲ့ YFS မှာ လောလောဆယ် အလုပ်လုပ်နေသူပါ။
“ဒီ့ထက်ပိုလေ့လာချင်သေးရင်တော့ အခုဆို ဇာတ်ညွှန်းရေးတာ၊ တည်းဖြတ်တာ၊ လေ့လာဆန်းစစ်တာ (Film analysis)၊ အသံဒီဇိုင်းနဲ့ တခြားသင်ခန်းစာတွေပါ ရှိနေပြီ” လို့လည်း သူက ဖြည့်ပြောပါတယ်။
ကာကွယ်ရေးအသုံးစရိတ်က အခြားကဏ္ဍတွေရဲ့ ဘတ်ဂျက်တွေထက် ထိပ်ဆုံးမှာရှိပြီး စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် ၅၀ နီးပါးနေခဲ့ရတဲ့ နိုင်ငံတခုမှာ တီထွင်ဖန်တီးရတဲ့ လုပ်ငန်းတွေဟာ အစိုးရအထောက်အပံ့မရှိဘဲ ညှိုးနွမ်းခဲ့ရတာပါ။
ရုပ်ရှင်ရိုက်ကူးသူအများစုက နှစ် ၄၀၊ ၅၀ ကြာနေပြီဖြစ်တဲ့ ကင်မရာအိုကြီးတွေကို ချော့မော့သုံးပြီး အလုပ်လုပ်ရတယ်။ ခေတ်မီရိုက်ကူးရေးနည်းပညာနဲ့ အကျွမ်းတဝင်ရှိတဲ့ အရည်အချင်း ပြည့်ဝသူတွေလည်း ရှားပါးတယ်လို့ မြန်မာ့ရုပ်ရှင် လုပ်ငန်း (Myanmar Motion Picture Enterprise) ရဲ့ အငြိမ်းစား ဒါရိုက်တာ ဦးမြင့်သိန်းဖေက ဆိုပါတယ်။ သူက လောလောဆယ် ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်မှာ ရုပ်ရှင်ရိုက်ကူးရေးပညာ (Cinematography) နဲ့ ပတ်သက်ပြီး အချိန်ပိုင်း ပါမောက္ခအဖြစ် တာဝန်ထမ်းနေသူဖြစ်ပါတယ်။
“နည်းပညာနဲ့ သီအိုရီ အပိုင်း ၂ ခုစလုံးမှာ YFS က အတော်လေး အထောက်အကူပေးပါတယ်။ ဒီလို အကူအညီပေးတာဟာ ကျောင်းသားတွေအတွက် သိပ်ကောင်းပါတယ်။ စဖွဲ့ကတည်းက စောင့်ကြည့်နေခဲ့တာဆိုတော့ YFS အကြောင်း ကောင်းကောင်းသိပါတယ်” လို့လည်း သူက ပြောပါသေးတယ်။
ပထမဆုံး ဆွေးနွေးပွဲ ပြီးတဲ့အခါမှာ ဒါနဲ့ မလုံလောက်ဘူးလို့ မြန်မြန်ဆန်ဆန်ပဲ လင်ဆေး မဲရစ်ဆင် သဘောပေါက်မိခဲ့ပါ တယ်။ ဒါကြောင့် မြန်မာပြည်ကို နောက်တခေါက်ပြန်လာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သူနဲ့ သူ့အဖွဲ့မှာရှိတဲ့ အရည်အသွေးတွေကို ရေရှည်ကာလတခုကြာအောင် လက်ဆင့်ကမ်းနိုင်မှပဲ သူတို့ရဲ့ အားထုတ်မှုက အရာရောက်မယ်ဆိုတာ သိတာကိုး။
“ဒါကြောင့် ကျမတို့ အမြဲတမ်း ပြန်လာနေတာပေါ့။ အရင်ကဆိုရင် အခြေခံဆွေးနွေးပွဲတွေကို ၂ နှစ် တခါလုပ်တယ်။ ဒါပေမယ့် သင်တန်းသားအရေအတွက်က အဆနဲ့တက်လာတာမို့ ဒီနှစ်ကစပြီး အခြေခံဆွေးနွေးပွဲကို နှစ်တိုင်း လုပ်သွားမယ်” လို့ သူက ပြောပြပါတယ်။
မီဒီယာနဲ့ပတ်သက်ပြီး အရင်က နည်းနည်း ဒါမှမဟုတ် လုံးဝ အတွေ့အကြုံ မရှိခဲ့သူတွေကိုတောင်ပဲ YFS က ကြိုဆိုလျက် ရှိပါတယ်။ ဒါပေမယ့် သင်တန်းသားအဖြစ် လက်ခံဖို့အတွက်တော့ သတ်မှတ်ချက် (Criteria) တွေ ထားထားပါတယ်။
“ကျမတို့ တကယ်လိုချင်တာက စိတ်အားထက်သန်မှု (Passion) ရှိသူတွေပါ။ ဒါကြောင့် ရိုက်ကူးသူ တကယ် ဖြစ်လာနိုင်တယ်၊ သင်ခန်းစာတွေကနေ တစုံတရာ ဆက်လုပ်နိုင်တယ်လို့ ယူဆသူတွေကိုပဲ ကျမတို့ ရွေးပါတယ်။ အခြားသူတွေ ထက်စာရင် အခွင့်အလမ်းပိုနည်းပါးသူတွေ၊ စီးပွားရေးအရ မချောင်လည်သူတွေ၊ ပြီးတော့ ဒီနိုင်ငံမှာပဲနေမယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေကို ကျမတို့ ရှာနေပါတယ်” လို့ လင်ဆေး မဲရစ်ဆင်က ပြောပါတယ်။
ဘာဖြစ်လို့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးမှုက YFS ရဲ့ အခရာဖြစ်ရတာလဲလို့ မေးကြည့်တော့ သူက ချက်ချင်းပဲ “မှတ်တမ်း ရုပ်ရှင်က သိပ်စစ်မှန်တာကိုး” လို့ ပြောပါတယ်။
“ဇာတ်ညွှန်းရေးတာ၊ ထုတ်လုပ်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ ကျမတို့ လုပ်ပါတယ်။ ဒါပေမယ့် မှတ်တမ်းရုပ်ရှင်ကတော့ ကျမတို့အတွက် အဓိကအရင်းခံ တွန်းအားပါ။ မှတ်တမ်းရုပ်ရှင် ဆိုတာဟာ တကယ့်ဘဝ၊ တကယ့်လူတွေနဲ့ တကယ့်လူတွေရဲ့အကြောင်းတွေဖြစ်ပါတယ်။ စိတ်ခံစားမှုနဲ့ဆိုင်တယ်၊ ကဗျာဆန်တယ်၊ အားလုံးပဲလေ။ ရှင်ဟာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဆိုရင် ဘဝကို မှတ်တမ်းတင်ရုံ သက်သက်မဟုတ်ဘဲ ဘာသာပြန် ပုံဖော်နေတာဖြစ်ပါတယ်။ လူတိုင်းနီးပါးမှာ သူတို့ဘဝအကြောင်းနဲ့ ပတ်သက်ပြီးတော့ဖြစ်စေ သူတို့လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေနဲ့ ပတ်သက်ပြီးတော့ဖြစ်စေ ဝေငှစရာ တစုံတရာ ရှိကြတာပါပဲ။ ဒါပေမယ့် မှတ်တမ်းရုပ်ရှင်ရိုက် ကူးသူက သူ့အလုပ်သူလုပ်ပြီး အဲ့ဒါတွေကို သိရအောင ်မကြိုးစားသရွေ့ အဲ့ဒီဝေငှစရာတွေကို သူတို့ သိချင်မှ သိပါလိမ့်မယ်” လို့လည်း သူက ရှင်းပြပါတယ်။
YFS ရဲ့ ကျောင်းသူဟောင်းဖြစ်ပြီး ဝဿန်ဖလင်ပွဲတော်ကို တည်ထောင်သူတယောက်ဖြစ်တဲ့ မသူသူရှိန်ကတော့ မှတ်တမ်းရုပ်ရှင် ယဉ်ကျေးမှုအပေါ် ပြည်သူလူထုရဲ့အသိက အတော်လေး နုနယ်သေးတယ်လို့ ဆိုပါတယ်။
“မနှစ်က ကျမတို့ ပထမဆုံးကျင်းပတဲ့ ဖလင်ပွဲတော်မှာ မြန်မာတွေရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတို ၂၀ ကျော်ကို ပြသခဲ့ပါတယ်။ လူထုရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပါတယ်။ အရင်တုန်းကဆိုရင် သူတို့ရဲ့ မှတ်တမ်း ရုပ်ရှင်တွေကို လူထုက ကြည့်ခွင့်ရနိုင်တဲ့ နေရာမရှိဘူးလေ” လို့ မသူသူရှိန်က ပြောပါတယ်။ သူက နိုင်ငံတကာဆု ရထားတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူပါ။
ကွန်ပျူတာနည်းပညာတွေ၊ ၁၉၉၀ ခုနှစ်တွေမှာ အနောက်နိုင်ငံတချို့က တခါတရံ ကမကထပြု စီစဉ်ပေးခဲ့တဲ့ မှတ်တမ်း ရုပ်ရှင်ရိုက်ကူးမှုဆိုင်ရာ သင်တန်းတိုတွေ၊ ပြီးတော့ YFS ရဲ့ ဆွေးနွေးပွဲတွေက လူငယ်တွေ သူ့တို့ကိုယ်တိုင် မှတ်တမ်း ရုပ်ရှင်ရိုက်ကူးနိုင်တဲ့ အခွင့်အလမ်းရလာအောင် အထောက်အကူ ဖြစ်စေခဲ့တယ်လို့လည်း ဦးမြင့်သိန်းဖေက ပြောပါတယ်။
မှတ်တမ်းရုပ်ရှင်တွေက ယနေ့ မြန်မာပြည်မှာ သိပ်လူကြိုက် မများသေးပေမယ့် မြန်မာတွေကတော့ မှတ်တမ်းရုပ်ရှင်နဲ့ မစိမ်းတော့ဘူးလို့ သူက ဆိုပါသေးတယ်။
“မြန်မာရုပ်/သံဌာနတွေက ကနေ့ ထုတ်လွှင့်တာ အများစုဟာ သတင်းတွေ သက်သက်ပါပဲ။ ၁၉၇၀ ခုနှစ်တွေ အစောပိုင်းတုန်းကတော့ အစိုးရက မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးထုတ်လွှင့်ခဲ့ဖူးတယ်။ အဲ့ဒါတွေထဲမှာ မြန်မာ့မီးရထား နှစ် ၁၀၀ ပြည့်အကြောင်း၊ ပြီးတော့ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနဲ့ အခြား အကြောင်းအရာတချို့ ပါတယ်” လို့ ဦးမြင့်သိန်းဖေက ထပ်ပြောပါတယ်။ သူက တချို့ကိစ္စတွေ ရိုက်ကူးထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်ခဲ့သူပါ။
သူက ဆက်ပြီး “ဝမ်းနည်းစရာကောင်းတာကတော့ နောက်ပိုင်းမှာ ဘတ်ဂျက်တွေ အလျှော့ခံရပြီး ဖလင် မဝယ်နိုင်တော့တာပါပဲ။ ဒီလိုနဲ့ မှတ်တမ်းရုပ်ရှင် စီမံကိန်းတွေ ရပ်ဆိုင်းခဲ့ရပြီး ကျနော်တို့ လုပ်နိုင်တာဆိုလို့ နိုင်ငံတော် အကြီးအကဲတွေရဲ့ ခရီးစဉ်တွေကို ကင်မရာနဲ့ မှတ်တမ်းတင်တာပဲ ရှိပါတယ်” တဲ့။
မှတ်တမ်းရုပ်ရှင်တွေဟာ စီးပွားရေးအရ အကျိုးအမြတ် မရှိတဲ့အတွက် ပုဂ္ဂလိကကဏ္ဍမှာဆိုရင် အဲ့ဒီရုပ်ရှင်တွေ ရိုက်ကူး ဖို့ စိတ်ဝင်စားတဲ့သူ အနည်းငယ်ပဲ ရှိတယ်လို့လည်း သူက ဖြည့်ပြောပါသေးတယ်။
“ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင်မှပဲ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတွေက သူတို့အလုပ်တွေ လုပ်နိုင်ဖို့ ငွေကြေး အကူအညီတွေအပေါ် မှီခိုနေရတာပါ။ ဆိုတော့ အရင်းအမြစ်အရ သိပ်အကန့်အသတ်ရှိပြီး စိတ်ကူးယဉ်ဇာတ်လမ်း ရိုက်ကူးမှုက အရမ်းကို ပိုပြီးလူကြိုက်များနေတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ တိုးတက်အောင်မြင်တဲ့ မှတ်တမ်းရုပ်ရှင် ယဉ်ကျေးမှုတခု ဖန်တီးဖို့ အချိန်ယူရမှာကတော့ အသေအချာပါပဲ” လို့ ဦးမြင့်သိန်းဖေက ဆိုပါတယ်။
ထူးဆန်းတာကတော့ YFS ကျောင်းသားတွေ ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်အများစုကို မြန်မာပြည်မှာ လူအများကြီး မသိကြပေမယ့် တချို့ရုပ်ရှင်တွေကို ကမ္ဘာတလွှားက နိုင်ငံတကာ ဖလင်ပွဲတော်တွေမှာ ပြသခဲ့ပြီး ဇာတ်လမ်း ၃ ခုက ဆုတွေ ရခဲ့တယ်ဆိုတာပါပဲ။ အဲ့ဒီဆုတွေထဲမှာ ၂၀၀၈ ခုနှစ် အကောင်းဆုံးဇာတ်လမ်းတိုအတွက် National Geographic Allroads Award လည်း ပါဝင်ပါတယ်။
၂၀၀၉ ခုနှစ်အကုန်မှာ YFS က ပထမဆုံး မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းရှည်ကို ထုတ်လုပ်ခဲ့ပါတယ်။ “ပင့်သက် မရှုနိုင်ချိန် (When Time Stops Breathing)” လို့ အမည်ရတဲ့ ပြသချိန် ၁ နာရီခွဲကြာတဲ့ ဒီဇာတ်လမ်းဟာ ၂၀၀၈ ခုနှစ်တုန်းက ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ လူအနည်းဆုံး ၁၃၈၀၀၀ သေစေခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းဟာ မြန်မာတွေ မြန်မာပြည်မှာ ရိုက်ကူးတဲ့ ပထမဆုံး မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းရှည်လည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကစလို့ (မြန်မာပြည်မှာ မပြရသေးပေမယ့်) ဒီဇာတ်ကားကို နိုင်ငံတ ကာမှာ ပြသခဲ့ပြီး လောလောဆယ် ဆု ၆ ဆု ရရှိထားပြီးပါပြီ။
“ဒီဇာတ်ကားက ဆုတဆု ထပ်ရပြန်ပြီလို့ သိရတိုင်း ကျမ ကြေကွဲရတယ်” လို့ ရှင်ဒေဝီက ဆိုပါတယ်။ သူက YFS ရဲ့ သင်တန်းဆရာနဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတယောက်ဖြစ်ပြီး “ပင့်သက် မရှုနိုင်ချိန်” ရိုက်ကူး ရေးအဖွဲမှာ ပါခဲ့သူပါ။
“ကျနော်လည်း ဒီအတိုင်းပဲ ခံစားရတယ်” လို့ ကိုမျိုးမင်းခင်ကလည်း ပြောပါတယ်။
သူတို့နာမည်တွေ ဒါမှမဟုတ်လည်း တခြားအဖွဲ့သားတွေရဲ့ နာမည်တွေကို ဒီဇာတ်ကားကို ဘယ်သူတွေ ရိုက်ကူးတင် ဆက်တယ်ဆိုတဲ့စာရင်းမှာ ရှာလို့ရမှာ မဟုတ်ပါဘူး။
“ဘယ်လောက်ထိ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို ထုတ်ဖော်တဲ့အတွက် အစိုးရက အရေးယူမှာကို ကြောက်တာမို့ ကျမတို့အားလုံး နာမည်အတုတွေ သုံးခဲ့ပါတယ်” လို့ ရှင်ဒေဝီက ဆိုပါတယ်။
“ဒီဇာတ်ကားက ကျမတို့ ကျောင်းကိုလည်း ထိခိုက်နိုင်သေးတယ်လေ။ အစိုးရက ကျမတို့ကို ဆက်ခွင့်မပြုတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဆွေးနွေးမှုတွေကို ပိတ်လိုက်တယ်ဆိုရင်ရော။ ကျမတို့ကို အနုပညာရှင်တွေပါ၊ ကျမတို့ဖန်တီးတဲ့အရာတွေမှာ ကျမတို့နာမည်တွေကို မြင်ချင်တာပေါ့။ ဒါပေမယ့် ကျောင်းရှေ့ရေးကို အသေအချာ ထည့်သွင်းစဉ်းစား ပြီး နာမည်ဝှက်တွေသုံးဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ သူက ရှင်းပြပါသေးတယ်။
ကိုမျိုးမင်းခင်ကတော့ အခုအချိန်ဟာ ဒီဇာတ်ကားနောက်ကွယ်မှာ ဘယ်သူတွေပါတယ်ဆိုတာကို ထုတ်ပြောသင့်တဲ့ အချိန်ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ မီဒီယာနဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေကို လျှော့ချခဲ့တဲ့ အစိုးရသစ် ရှိနေပြီလေလို့ ပြောပါတယ်။ ရှေ့လ ရန်ကုန်မှာကျင်းပမယ့် ဝဿန်ဖလင်ပွဲတော်မှာ ဒီဇာတ်ကားကို ပထဆုံးအကြိမ် ပြသမှာဖြစ်ပါတယ်။
ဒါပေမယ့် လင်ဆေး မဲရစ်ဆင်အတွက်တော့ အစိုးရအနေနဲ့ အခုထိ ရုပ်သံဆင်ဆာဥပဒေကို မပြဌာန်းသေးတာမို့ နိုင်ငံမှာ စစ်မှန်တဲ့တိုးတက်မှု တစုံတရာ မြင်ရပြီလို့ အသေအချာပြောဖို့ ခက်လှပါတယ်။
“အစိုးရ ကိုယ်စားလှယ်တွေနဲ့ ရုပ်ရှင်လုပ်ငန်းက ကိုယ်စားလှယ်တွေပါတဲ့ ဆင်ဆာဘုတ်အဖွဲ့ဖွဲမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ကျမကို ပြောပြပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို ပုံနှိပ်မီဒီယာလိုပဲ လျှော့ချသွားမယ်လို့ ပြောပေမယ့် ဘယ်လို လျှော့ချသွားမယ်ဆိုတာကိုတော့ သူမပြောနိုင်ပါဘူး။ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းအသားပေးဖော်ပြမှုတွေ (Pornography) ကိုတော့ ဆင်ဆာလုပ်ကို လုပ်ရမှာပေါ့။ ဒါပေမယ့် အခြားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျမ မသိဘူး” လို့ သူက ဆိုပါတယ်။
အစိုးရအနေနဲ့ အခုဆိုရင် ဆင်ဆာလုပ်တာတွေကို စတင်လျှော့ချနေပါပြီလို့ အရင်က အချိန်အကြာကြီး တားမြစ်ခဲ့တဲ့ သရဲကားတွေ ပြန်ရိုက်ခွင့်ပြုတာကို ဥပမာပေးပြီး ဦးမြင့်သိန်းဖေက ပြောပါတယ်။
“အခုဆိုရင် အစိုးရက အရင်ကထက် ပိုပျော့ပြောင်းနေပါပြီ၊ အရင်ကလောက် မတင်းကျပ်တော့ပါဘူး။ ဒါပေမယ့် တီထွင်ဖန်တီးမှုကို အားပေးအားမြှောက်ပြုဖို့အတွက် ကိုယ့်တီထွင်မှုက အမျိုးသားစည်းလုံးညီညွတ်မှု၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို မထိခိုက်သရွေ့ ဆင်ဆာလုပ်တာတွေကို အတတ်နိုင်ဆုံး မလုပ်ဖို့လိုတယ်။ တဖက်မှာလည်း တခုခု လုပ်မယ်ဆိုရင် လုပ်တဲ့သူက ကိုယ့်အလုပ်အပေါ် တာဝန်ယူရမှာဖြစ်တယ်” လို့ သူက ဆိုပါတယ်။
၂၀၀၇ ခုနှစ်မှာ YFS က အစိုးရဖက်စပ် တီဗီလိုင်းတခုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး YFS ရဲ့ ဇာတ်ကား ၂ ကား မြန်မာပြည်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ YFS အနေနဲ့ ဇာတ်ကားတွေကို အစိုးရက လက်ခံလာအောင် ဆွဲဆောင် စည်းရုံမှုတွေ ပိုလုပ်ရမှာဖြစ်တယ်လို့ လင်ဆေး မဲရစ်ဆင်က ပြောပါတယ်။
“ဒါကတော့ ကိုယ်နေရာရလာအောင် ဖန်တီးတာပါပဲ။ အပြုသဘောဆောင်တဲ့ အရာပါ။ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးတယ်လို့ ကျမထင်တယ်။ အထူးသဖြင့် အခုလို အသွင်ကူးပြောင်းချိန်ကာလမှာ ပိုထိထိရောက်ရောက် ဖြစ်အောင် ပူးပေါင်းအားထုတ်ကြဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” လို့ သူက ဆိုပါတယ်။
သူရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ မြန်မာပြည်မှာ မှတ်တမ်းရုပ်ရှင်ယဉ်ကျေးမှု ပြန့်ပွားလာအောင် နည်းလမ်းတွေ ရှာနေကြတဲ့ သူ့ကျောင်းသားတွေအတွက် သတင်းကောင်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
“မှတ်တမ်းရုပ်ရှင်က ရုပ်ရှင်ကြီးလောက် လူကြိုက် မများတာတော့ အမှန်ပါပဲ။ ဒါပေမယ့် တကယ့်ဘဝအကြောင်း အရှိကို အရှိအတိုင်းတင်ပြတာမို့ မှတ်တမ်းရုပ်ရှင်ကလည်း အရေးပါပါတယ်။ တဖက်မှာ စီးပွားအရေးအရ တွက်မယ်ဆိုရင် မှတ်တမ်းရုပ်ရှင်က လက်တွေ့မကျပါဘူး။ တကယ်လို့ တီဗီလိုင်းတွေက မှတ်တမ်းရုပ်ရှင်တွေလွှင့်ဖို့ စိတ်ဝင်စားတယ် ဆိုရင်တော့ ကျမတို့မှာ ပိုပြီးရိုက်ကူးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာမှာ အသေအချာပါပဲ” လို့ မကြည်ဖြူသျှင်က ပြောပါတယ်။ သူက ရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်ပြီး YFS ရဲ့ National Geographic Award ဆုရှင်ပါ။
“လူတွေက မှတ်တမ်းရုပ်ရှင်တွေကို ကိုရီယားဇာတ်လမ်းတွဲတွေလောက် စိတ်မဝင်စားကြတာတော့ သိပ်သိသာတယ်။ မှတ်တမ်းရုပ်ရှင်ဆိုတာက ဗီဒီယိုအခြေခံ ထုတ်ကုန်တခုပါ။ ကျနော့်အမြင်ကို ပြောရရင်တော့ လူတွေက မှတ်တမ်းရုပ်ရှင်တွေ တီဗီမှာ ပိုကြည့်ခွင့်ရလာမယ်ဆိုရင် အဲ့ဒါတွေကို တောင့်တလာမှာ အသေအချာပါပဲ” လို့ စိုင်းခွန်းခမ်က ဆိုပါတယ်။ သူက မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဖြစ်ပြီး YFS ရဲ့ ဝဿန်ဖလင်ပွဲတော်ဆုရှင်ပါ။
မြန်မာပြည်မှာ အခုဆိုရင် အစိုးရဖက်စပ် တီဗီလိုင်း ၅ လိုင်းရှိပါတယ်။ ဒါပေမယ့် မြန်မာတွေရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်တွေ တင်ဆက်ဖို့ စိတ်ဝင်စားမှု ရှိမရှိဆိုတဲ့ မေးခွန်းကိုတော့ မဖြေနိုင်ကြပါဘူး။
၇ နှစ်တာ လုပ်ငန်းဆောင်တာတွေ လုပ်ခဲ့ပြီးပေမယ့် လင်ဆေး မဲရစ်ဆင်ကတော့ YFS အနေနဲ့ အများကြီး ဆက်လုပ်ရဦးမယ်လို့ ထင်နေဆဲပါ။ YFS က အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ထောက်ခံတာမို့ သူ့အနေနဲ့ အမျိုးသမီးတွေ (အထူးသဖြင့် ကျေးလက်ဒေသက အမျိုးသမီးတွေ) ကို YFS မှာ ပိုပြီး လာရောက် သင်ယူစေချင်တာ ဖြစ်ပါတယ်။
“ကျမတို့ဆီမှာ အမျိုးသမီး ဒါရိုက်တာတွေ အများကြီးရှိပါတယ်။ သူတို့ကိုလည်း အမျိုးသားတွေနဲ့တန်းတူ ကျမတို့ အထောက်အကူပေးပါတယ်။ သင်တန်းတွေမှာ အမြဲတမ်း အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၆ ယောက် ပါပါတယ်။ တကယ်တမ်းကျတော့ အဲ့ဒီလိုဖြစ်အောင်စီစဉ်ရတာ မလွယ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ရိုက်တာကို အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုစိတ်ဝင်စားပုံပေါ်တာကိုး။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလည်း ကျမ မသိဘူး” လို့ သူက ပြောပါတယ်။
ပြီးတော့ YFS အနေနဲ့ မှတ်တမ်းရုပ်ရှင်ကို မြန်မာပြည်မှာ လူကြိုက်များလာအောင် တစုံတရာ လုပ်နိုင်ခဲ့တယ်၊ ဒါဟာ YFS ရဲ့ လက်ရှိ အောင်မြင်မှုတွေထဲက တခုဖြစ်တယ်လို့ သူက ယူဆထားတာပါ။
“အထူးသဖြင့် ဝဿန်နဲ့ လွတ်လပ်မှုအနုပညာ (Art of Freedom) လို ရုပ်ရှင်ပွဲတော်တွေမှာဆိုရင် ငါလည်း ဒီပွဲအတွက် ဇာတ်လမ်းတပုဒ် ရိုက်ချင်တယ်လို့ ပြောကြတဲ့သူတွေ အများကြီးပဲ။ တချို့က ကျမတို့ ကျောင်းသားတွေ ဖြစ်ပါတယ်။ အခုလို အများပြည်သူကို တင်ပြနိုင်တဲ့အပေါ် သူတို့အားလုံးက စိတ်လှုပ်ရှားနေကြတာပါ။ တကယ့် ဘဝအကြောင်း ရိုက်ကူးတင်ပြနိုင်တဲ့အပေါ် သူ့တို့ စိတ်လှုပ်ရှားနေကြတာပါ” လို့ လင်ဆေး မဲရစ်ဆင်က ပြောပါတယ်။
သူကဆက်ပြီး “၂၀၀၄ မှာ YFS ကို ကျမ စတင်တုန်းက အစီအစဉ် အကြီးကြီးမဟုတ်ပါဘူး။ ဆွေးနွေးပွဲတခုပဲ လုပ်ဖို့ပါ။ အခုတော့ YFS က ကြီးထွားလာခဲ့ပြီး အလုပ်အတူလုပ်နေကြသူတွေ တိုးတက်အောင်မြင်လာကြသလို ကျောင်းကလည်း တိုးတက်အောင်မြင်နေပါပြီ။ ဆိုတော့ ကျောင်းရဲ့အနာဂတ်က တကယ်တမ်း ကျမအပေါ် မူမတည် တော့ပါဘူး။ သူတို့အပေါ် မူတည်နေတာပါ။ YFS ကို သူတို့ ရှေ့ဆက်ပြီး သယ်ဆောင်သွားကြမှာပါ” တဲ့။