[irrawaddy_gallery]
သံဆူးကြိုးတွေကာရံထားပြီး ဗွက်ထနေတဲ့ မြေသား လမ်းတွေရှိနေတဲ့ မြေကွက်လပ်ကြီး တခုထဲ နောက်ဆုံးပေါ် ခေတ်မီကားတွေ ဈေးခင်းထားတယ်။ တိုယိုတာ၊ နစ်ဆန်း၊ မစ်ဆူဘီရှိ၊ ဆူဇူကီး ကား မျိုးစုံ ပုံစံမျိုးစုံပါပဲ။
ကားသစ်တွေမကဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က ကားအိုကားဟောင်းတွေ၊ ပြည်တွင်းဖြစ် လေးဘီးကားတွေလည်း ရောထွေးနေပြီး အရောင်အသွေး ကာလာသာမက သက်တမ်းလည်း စုံပါတယ်။ လူ ၁၂ ယောက်အထိ စီးနိုင်တဲ့ ခေတ်မီဇိမ်ခံကားကြီးတွေက စလို့ လူ ၂ ဦးသာစီးနိုင်တဲ့ ကားကလေးအထိ အရွယ်စုံ ဆိုက်စုံလည်း ရှိတယ်။
နိုင်ငံတကာမှာလို ခေတ်မီတိုက်တာ အဆောက်အအုံတွေနဲ့ဖွင့်လှစ်ထားတဲ့ ကားအရောင်းပြခန်းတစ်ခု မဟုတ်ပေမယ့် ဒီမြေကွက်လပ်မှာ ကားအမျိုးအစား မြောက်မြားစွာကိုတွေ့မြင်နိုင်တယ်။
ဒီမြေကွက်လပ်က ဟံသာဝတီကားဈေးကွက်လို့ ခေါ်ဆိုကြတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော ကားဈေးကွက်ကြီးပါပဲ။ ဒီကားပွဲစားဝင်း ခေါ် ကားဈေးကွက်ကြီးက အရင်က ကြံတောသုသာန်လို့ အမည်တွင်တဲ့ သမိုင်းဝင် သချုၤ ိင်းတစ်ခုဖြစ်ခဲ့တယ်။
အရင် စစ်အစိုးရ လက်ထက် ၁၉၉၀ ပြည့်နှစ်အလွန်မှာ ထင်ရှားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ မြှုပ်နှံ သဂြိုလ်ထားတဲ့ ကြံတော သုသာန်ကို ရွေ့ပြောင်း ဖျက်သိမ်းခဲ့ပြီး ကားအဝယ်အရောင်း လုပ်ကိုင်နိုင်တဲ့ ကားပွဲစားဝင်းကြီးအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။
အခုအချိန်မှာတော့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ပတ်ဝန်းကျင်မှာ လူနေတိုက်တာအဆောက်အဦးတွေနဲ့ စည်ကားနေတဲ့ ကားဈေးကွက်ကြီးဖြစ်နေပြီး အများစုက သုသာန်မြေဆိုတာတောင် မေ့နေကြပါပြီ။
အခြားနိုင်ငံတွေနဲ့မတူဘဲ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကားတွေရဲ့ဈေးနှုန်းကို ဒီဟံသာဝတီကားဈေးကွက်က သတ်မှတ်ပါတယ်။ ဒီကားဈေးကွက်မှာ ဖြစ်တဲ့ အရောင်းအဝယ်နဲ့ ဈေးနှုန်းတွေက တနိုင်ငံလုံးကားအရောင်း အဝယ်နဲ့ ဈေးနှုန်းတွေကို ကိုယ်စားပြုတာကြောင့် ဘယ်နိုင်ငံနဲ့မှ မတူ၊ ဆန်းပြားတဲ့ ကားဈေးကွက်ပုံစံတစ်ခုဆိုရင် မမှားနိုင်ပါဘူး။
ကားသစ်တွေတင်သွင်းမှုကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရလက်ထက်က ဟံသာဝတီကားဈေးကွက်မှာ ကားတစီးရဲ့ အနည်းဆုံးတန်ဖိုးက သိန်းနှစ်ရာ နီးပါးရှိခဲ့ပြီး အများဆုံး သိန်းလေးထောင်အထိ ဈေးရှိခဲ့တယ်။ ငွေတတ်နိုင်သူတွေ အများစု အရောင်းအဝယ် လုပ်ရာ၊ ကိုယ်ပိုင်ဆိုင်တဲ့ငွေကြေးကို အသွင်ပြောင်းရာ စုဆောင်းရာ စတော့ရှယ်ယာဈေးကွက်အလား ဟံသာဝတီကားဈေးကွက်က အသွင်ဆောင်ခဲ့တယ်။
အဲဒီအချိန်က နေ့စဉ်ရောင်းသူ၊ ဝယ်သူတွေနဲ့ စည်ကား အလုပ်ဖြစ်လွန်းတာကြောင့် ကားပွဲစားဆိုတဲ့ ငွေကို ရေလိုသုံးနိုင်တဲ့ လူတန်းစားတစ်ရပ်ကလည်း ခိုင်ခိုင်မာမာပေါ်ထွက်ခဲ့တယ်။ နိုင်ငံတကာမှာ ဒေါ်လာထောင်ဂဏန်း ဝန်းကျင်မျှသာရှိတဲ့ ကားတွေက မြန်မာနိုင်ငံမှာ သိန်းရာချီ၊ ထောင်ချီ အမေရိကန်ဒေါ်လာနဲ့ပြောမယ်ဆိုရင်တော့ ဒေါ်လာသောင်းချီ၊ သိန်းချီ ဈေးပေါက်ခဲ့ပါတယ်။
သာမန်ဝင်ငွေနည်းပြည်သူတွေအများစုက ဒီဟံသာဝတီကားဈေးကွက်မှာ ကားဝယ်ဖို့ အိပ်မက်တောင် မမက်ရဲတဲ့အခြေအနေမျိုးပါပဲ။ ဒါပေမဲ့ အဲဒီအခြေအနေတွေအားလုံး လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာပဲ ပျောက်ပျက်သွားပြီး ဟံသာဝတီကားဈေးကွက်က သာမန်လူလတ်တန်းစားတွေ ဝင်နိုင်၊ ထွက်နိုင်တဲ့ အရောင်းအဝယ် ဈေးကွက်တခုအသွင်ပြောင်းသွားခဲ့ပါပြီ။
၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်အစိုးရ အာဏာရလာပြီးတဲ့နောက်မှာ ဟံသာဝတီကားဈေးကွက်ရဲ့ စတင်ပျက်ယွင်းခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးသမားလို့ နိုင်ငံတကာက ခေါ်ဆိုသုံးနှုန်းနေတဲ့ သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကားအိုကားဟောင်းလဲလှယ်ရေး အစီအစဉ်တစ်ရပ်ကို စတင်အကောင်အထည်ဖော်ပြီး မြင့်တက်နေတဲ့ ကားဈေးနှုန်းကို စတင်ရိုက်ချိုးလိုက်တယ်။
နှစ် ၃၀ ကျော၊် နှစ် ၂၀ ကျော် မိမိပိုင်ဆိုင်တဲ့ကားအို၊ ကားဟောင်းတွေကို အပ်နှံပြီး ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ခုနှစ်မော်ဒယ်အထိ တပတ်ရစ် ဂျပန်ကားဟောင်း တွေ တင်သွင်းခွင့်ပြုခဲ့တာကြောင့် ကားဈေးကွက်မှာ ဈေးနှုန်းတွေ တရှိန်ထိုးစတင်ကျဆင်းပါတော့တယ်။
အရင် သိန်းရှစ်ရာအထိ ဈေးပေါက်ခဲ့တဲ့ ၂၀၀၂ မော်ဒယ် တိုယိုတာမတ်တူး အမျိုးအစားကားတွေက အနိမ့်ဆုံး သိန်းတစ်ရာ့ငါးဆယ်ဝန်းကျင်အထိ ဈေးထိုးဆင်းသွားတယ်။ သိန်းတစ်ထောင်ကျော်ပေါက်ခဲ့တဲ့ တိုယိုတာလင့်ခရူဆာတွေကလည်း သိန်း၂၅၀ ဝန်းကျင်အထိ ထိုးဆင်းသွားတယ်။
နိုင်ငံတကာဈေးကွက်ပုံစံဖော်ဆောင်ချင်တာကြောင့် ကားမှာယူတင်သွင်းနိုင်တဲ့ ကုမ္ပဏီတွေကို ကားအရောင်းပြခန်းတွေ၊ ကားအရောင်းစင်တာတွေကိုလည်း ဖွင့်လှစ်ခွင့်ပြုလိုက်ပြီး ဒီနေ့အထိ ကားအရောင်းပြခန်း တစ်ရာကျော်အထိ ရှိလာပြီလို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတစ်ဦးက ဆိုပါတယ်။
၂၀၁၂ ခုနှစ်၊ မေလမှာတော့ သမ္မတဦးသိန်းစိန်က လူတိုင်း၊ ဘဏ်မှာ ငွေရှိသူတိုင်း ၂၀၀၇ မော်ဒယ်ကနေ နောက်ဆုံးမော်ဒယ်အထိ ပါမစ်မလိုဘဲ ကားတင်သွင်းခွင့်ပြုကြောင်း ထပ်မံကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်အပြီးတော့ ပြည်တွင်းကားဈေးကွက်တွေ အားလုံးမှာ အရောင်းအဝယ် မရှိသလောက်ဖြစ်ပြီး ဈေးနှုန်းတွေထိုးဆင်းသွားပါတယ်။ ယခင်က သိန်းရာချီဈေးရှိခဲ့တဲ့ ကားဟောင်းတွေက အနိမ့်ဆုံး တစ်စီးကို သိန်း ၅၀ အထိဈေးထိုးဆင်းသွားပါတယ်။
ယခင်က ကားဆိုတာ ငွေဖြစ်လွယ်တဲ့ ရင်းနှီးစုဆောင်းစရာ ကုန်ပစ္စည်းတခုအဖြစ် အသွင်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကားဝယ်ရင် ရှုံးမယ်ဆိုတဲ့ နိုင်ငံတကာပုံစံ ဈေးကွက်အခြေအနေမျိုးဖြစ်ပေါ်လာပါတယ်။
“လူတိုင်းကားသွင်းခွင့်ရှိလာတယ်၊ ကားအိုကားဟောင်းရှိတဲ့သူကလည်း ကိုယ့်ကားကို အပ်ပြီး ကားသစ်သွင်းလို့ရတော့ ကားဈေးကွက်ထဲမှာ လာပြီး ကားဝယ်တဲ့သူ အတော်ကို နည်းသွားတယ်။ ကားရောင်းချင်တဲ့သူပဲများတယ်။ ဈေးကွက်ပျက်တယ်လို့လဲ ပြောလို့ရတယ်။ အရောင်းအဝယ်က တော့ အတော်ကို ပါးပါတယ်။ ဈေးကလည်း ကျပြီးရင်း ကျဖြစ်နေတယ်” လို့ ဟံသာဝတီ ကားဈေးကွက်က ဝါရင့်ကားပွဲစားက ဆိုပါတယ်။
ကားဈေးကွက်ပျက်နေတဲ့အတွက် ယခင် ငွေကို ရေလိုသုံးနိုင်တဲ့ ကားပွဲစားလူတန်းစားလည်း အလုပ်အကိုင် သိပ်မဖြစ်တော့ဘဲ တက္ကစီမောင်းသူမောင်း၊ ကုမ္ပဏီမှာ ဝင်လုပ်သူလုပ်နဲ့ ပွဲစားအရေအတွက် အတော်ကို လျော့ကျသွားတယ်လို့ ကားပွဲစားတွေက ဆိုကြတယ်။
“တနေ့တနေ့ ကားဝိုင်းထဲသာ လာနေရတာ။ အလုပ်မဖြစ်ဘူး။ ကားတစီး အရောင်းအဝယ် ဖြစ်ရင်လည်း ပွဲစားချည်းပဲ လေးငါးယောက်ဆိုတော့ ပွဲစားခ ခွဲယူရတာနဲ့ဆိုရင် သိပ်ပြီးတွက်ခြေမကိုက်ဘူး။ ပွဲစား လူတန်းစားတော့ ပျောက်မှာမတော့ မဟုတ်ဘူး။ ဒါပေမယ့် နည်းသွားတာတော့ အသေအချာပဲ” လို့ ဟံသာဝတီကားပွဲစားက ဆိုပါတယ်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ၂၀၁၁ ခုနှစ် စက်တင်ဘာလကနေပြီး ၂၀၁၂ ခုနှစ် မေအထိ ကားအိုကားဟောင်း ငါးသောင်းကို အပ်နှံစေပြီး ကားသစ်တွေနဲ့ လဲလှယ်ခွင့်ပြုခဲ့ကာ ကားသစ်စီးရေ သုံးသောင်းနီးပါးကို တင်သွင်းခွင့်ပြုတယ်လို့ သိရပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှာ အစိုးရက ကားမူဝါဒသစ်တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီး အဲဒီမူဝါဒသစ်အရ ကားအိုကားဟောင်းတွေအားလုံး အစိုးရထံအပ်နှံရမှာဖြစ်ပြီး လာမယ့် မြန်မာနိုင်ငံရဲ့ ကားမူဝါဒနဲ့ ဈေးကွက်ပုံစံက နိုင်ငံတကာပုံစံသွားမယ့်အကြောင်း၊ တက္ကစီကားတွေကိုလည်း ကားသစ်တွေနဲ့ အစားထိုးပြီး AA၊ BB၊ CC ကားနံပါတ်တွေထုတ်ပေးမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်ထွက်ပေါ်ပြီးတဲ့နောက် ကားဈေးနှုန်းတွေထပ်ထိုးကျခဲ့ပြီး AA နံပါတ်နဲ့ ပြေးဆွဲနေတဲ့ တက္ကစီကားသစ်တွေလည်း ရန်ကုန်မြို့မှာပေါ်ထွက်လာခဲ့ပါတယ်။ အခုဆိုရင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက AA နံပါတ်နဲ့ ပြေးဆွဲခွင့်ပြုလိုက်တဲ့ တက္ကစီ ကားသစ်တွေ ၁၂၀၀ နီးပါးရှိလာပြီလို့ သိရပါတယ်။
ကားသစ်တွေတင်သွင်းခွင့်ပြုလိုက်ပြီပေမယ့် အများပြည်သူတွေ နေ့တိုင်းထိတွေ့စီးနင်းနေရတဲ့ လိုင်းကားတွေ၊ ဘတ်စ်ကားလိုင်းတွေမှာတော့ ကားအိုကားဟောင်းတွေနဲ့သာ ဆက်လက်သွားနေရဆဲ ဖြစ်တယ်။ အစိုးရက ဒါကို ဖြေရှင်းဖို့ အများပိုင် ဘတ်စ်ကားလိုင်းကုမ္ပဏီတွေ ထူထောင်ခွင့်ပြုပြီး ဘတ်စ်ကားအသစ်တွေ အမြောက်အမြားတင်သွင်းခွင့်ပြုမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
လာမယ့် နှစ်ကုန်ပိုင်းမှာ ဂျပန်နိုင်ငံက ဘတ်စ်ကား ၃၀၀၀ တင်သွင်းပြီး အိုဟောင်းနေတဲ့ လိုင်းကားတွေနေရာမှာ အစားထိုးမယ်လို့ စက်မှုဝန်ကြီးဦးစိုးသိန်းက ဇွန်လအတွင်း ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
နိုင်ငံတကာ ပုံစံသွားမယ်ဆိုပေမယ့် မြန်မာ့ကားဈေးကွက်မှာ ကားဈေးနှုန်းတွေက နိုင်ငံတကာ ဈေးနှုန်းထက် မြင့်မားနေဆဲဖြစ်တယ်။ အစိုးရက ကားသစ်တစ်စီးတင်သွင်းတိုင်း အကောက်ခွန် ၂၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၄၀ ရာခိုင်နှုန်း၊ ယာဉ်မှတ်ပုံတင်ခ အခွန် ၁၀၀ ရာခိုင်နှုန်းစုစုပေါင်း ကားတစီးအတွက် အခွန် ၁၆၅ ရာခိုင်နှုန်းကောက်ခံနေတာကြောင့် ကားဈေးနှုန်းက ကျသင့်သလောက် မကျသေးပါဘူး။
လတ်တလော မြန်မာ့ကားဈေးကွက်အတွင်းကို အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားသစ်ကလေးတွေ ထောင်နဲ့ချီဝင်ရောက်နေပြီး အဲဒီကားတွေရဲ့ ဈေးနှုန်းက အနည်းဆုံး သိန်းတစ်ရာဝန်းကျင်မှာ ရှိနေတယ်။ ဟံသာဝတီကားဈေးကွက်မှာ တနေ့တခြား လာရောက်ရောင်းချတဲ့ ကားသစ်တွေများလာပေမယ့် အရောင်းအဝယ်မဖြစ်ဘဲ တန်းစီရပ်ထားတဲ့ ကားသစ်အရေအတွက်က တိုးပွားလို့ လာနေတယ်။
ကားသစ်တွေဘေးမှာ ထိုင်နေကြတဲ့ ကားပိုင်ရှင်၊ ကားပွဲစားတွေတွေကတော့ ကားဝယ်သူများလာလေမလား ဆိုတဲ့ မျက်ဝန်းတွေနဲ့။